News @ M-Media

Author: Ko Lay

  • ဒုက္ခသည်စခန်းသို့ဝင်ရောက်၍ ပါလက်စတိုင်း ၂ ဦးကို အစ္စရေး ပစ်သတ်

    ဒုက္ခသည်စခန်းသို့ဝင်ရောက်၍ ပါလက်စတိုင်း ၂ ဦးကို အစ္စရေး ပစ်သတ်

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ကွာလန်ဒီယာ ဒုက္ခသည်စခန်းတွင် ယမန်နေ့မနက် အာရုဏ်တက်အချိန်က ပါလက်စတိုင်းနှစ်ဦးကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူများမှာ အသက် ၂၈ နှစ်အရွယ် အဟ်မဒ် အဘူ အလ်-အီရှ်နှင့် ၂၁ နှစ်အရွယ် လာအစ် မာနာဆရာတို့ ဖြစ်ကြပြီး ထိုပစ်ခတ်မှုအတွက် အခြားတစ်ဦးလည်း ဒဏ်ရာရရှိကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

    ဂျေရုစလင်မြောက်ပိုင်းရှိ အဆိုပါဒုက္ခသည်စခန်းသို့ ရာနှင့်ချီသော အစ္စရေးစစ်သားများနှင့် အထူးတပ်ဖွဲ့ဝင်များမှာ ၀င်ရောက်စီးနင်းခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ အစ္စရေးတပ်ဖွဲ့များမှာ ဇူလိုင်လက ပါလက်စတိုင်းပိုင်နက်အတွင်းရှိ တရားမ၀င်ခြေချအိမ်ယာတွင် နေထိုင်သည့် ဂျူးတစ်ဦးကို ပစ်ခတ်မှုကြောင့် လက်ရှိအတွင် ဖမ်ဆီးခံထားရသည့် မိုဟာမက် အဘူ ရှာဟင်၏ နေအိမ်ကိုလည်း ဖြိုချဖျက်ဆီးခဲ့သည်။

    ဖာတာအဖွဲ့ကို သစ္စာခံသော အလ်-အက်ဆွာ အာဇာနည်တပ်ဖွဲ့နှင့် ဒုက္ခည်စခန်းကို ၀င်ရောက်စီးနင်းသည့် အစ္စရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများမှာ ၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အစ္စရေး သတင်းရင်းမြစ်များကမူ ၎င်းတို့၏ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အဘူရှာဟင်၏ နေအိမ်အား ဖြိုချရန် အစ္စရေးစစ်တပ်က ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကြိုးစားခဲ့သော်လည်း ကွာလန်ဒီယာ ဒုက္ခသည်စခန်းမှ ဒေသခံများက ဆန့်ကျင်ဆန္ဒပြမှုခဲ့ကြောင့် မဆောင်ရွက်နိုင်ခဲ့ပေ။

    ယခုအချိန်တွင် ဆာဟင်၏ မိသားစုများကို နေအိမ်မှာ အတင်းမောင်းထုတ်ကာ နေအိမ်အား ဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထိုဖောက်ခွဲမှုကြောင့် အနီးရှိ နေအိမ်များတွင်လည်း ဆိုးဆိုးရွားရွား ပျက်ဆီးမှုများ ရှိခဲ့သည်။

    အစ္စရေး၏ ထိုကဲ့သို့ စီးနင်းဝင်ရောက်မှုအတွင်း ပါလက်စတိုင်းလူငယ်မျာမှာ ဒုက္ခသည်စခန်းမှထွက်ကာ ဆန္ဒပြ၍ ကျောက်ခဲဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့များက ပြန်လည် ပစ်ခတ်ခဲ့သည်။

    Ref: Aljazeera

  • Anonymous က IS ကို စစ်ကြေငြာ

    Anonymous က IS ကို စစ်ကြေငြာ

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    anny

    – ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်သော Anonymous မှာ IS အကြမ်းဖက်အဖွဲ့အား ဆိုက်ဘာစစ်ပွဲ ဆင်နွှဲသွားမည်ဟု ယနေ့မနက်တွင် ကြေငြာလိုက်သည်။

    YouTube တွင် ဗီဒီယိုလွှင့်တင်ကာ ကြေငြာခဲ့ခြင်းဖြစ်ပြီး အွန်လိုင်း၌ IS အား ထောက်ခံသူ တစ်ဦးချင်းကို ရှာဖွေ၍ တိုက်ခိုက်သွားမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

    “စစ်ကြေငြာလိုက်ပါပြီ။ ပြင်ဆင်ထားပါတော့။ ပြင်သစ်ပြည်သူတွေဟာ ခင်ဗျားတို့ထက် ပိုတောင့်တင်းတယ်။ ဒီကြမ်းကြုတ်မှုကြောင့် ပိုလို့တောင် စိတ်ဓာတ်ကြံ့ခိုင်လာပါလိမ့်မယ်” ဟု Anonymous မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    “တစ်ကမ္ဘာလုံးက Anonymous အဖွဲ့တွေဟာ ခင်ဗျားတို့ကို မြေလှန်ရှာမှာပါ။ ကျွန်တော်တို့ဟာ ခင်ဗျားတို့ကို ရှာတွေ့မှာဖြစ်ပြီး အလွတ်ပေးသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း ခင်ဗျားတို့ သိထားလိုက်ပါ”

    ထိုအဖွဲ့မှာ ယခုနှစ်အစပိုင်းမှစ၍ IS အဖွဲ့၏ ဆိုရှယ်မီဒီယာအကောင့် ထောင်ပေါင်းများစွာကို ထိုးဖောက် ရယူနိုင်ခဲ့ပြီး ၀ဘ်ဆိုက်ပေါင်း ၁၄၉ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။

    Ref: Press TV

  • ပြင်သစ်နှင့် ဘယ်လ်ဂျီယံတွင် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်

    ပြင်သစ်နှင့် ဘယ်လ်ဂျီယံတွင် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    france

    – ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံအတွင်း အကြမ်းဖက်တိုက်ဖျက်ရေး စီနင်းမှုပေါင်း ၁၅၀ ကို လုံခြုံရေးတပ်ဖွဲ့များက ပြုလုပ်ခဲ့ပြီး ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွယ်သည့် အနည်းဆုံး လူ ၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ပြင်သစ်နိုင်ငံရှိ တူးလော့စ်၊ ပဲရစ်၊ ဂျူမွန်နှင့် ဂရီနိုဘဲလ်မြို့များနှင့် အခြေားနေရာများတွင် ယနေ့မနက် အစောပိုင်းက စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လိုင်ယွန်မြို့တွင်မူ စီးနင်းမှုပေါင်း ၁၃ ခု ပြုလုပ်ခဲ့ပြီး ဒုံးကျည်လောင်ချာ တစ်ခုနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဘရပ်ဆဲလ်မြို့တွင်လည်း ယနေ့မနက်ပိုင်း၌ ဘလ်ဂျီယံရဲတပ်ဖွဲ့များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတစ်ဝှမ်း အမြင့်ဆုံးအဆင့် တပ်လှန့်ထားသည်။

    ပြင်သစ်ဝန်ကြီးချုပ် မန်နျူယဲလ် ဗားလ်စ်ကမူ စီးနင်းဖမ်းဆီးမှုများမှာ သောကြောနေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနှင့် ဆက်စပ်နေပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ဥရောပတစ်ဝှမ်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတိပေးခဲ့သည်။

    Ref: Aljazeera

  • ပြစ်မှုမရှိဘဲ ဂွာနာမိုတွင် ၁၀ နှစ်ကြာ ထိန်းသိမ်းထားသည့် ယီမင် ၅ ဦးကို အမေရိကန် ပြန်လွှတ်ပေး

    ပြစ်မှုမရှိဘဲ ဂွာနာမိုတွင် ၁၀ နှစ်ကြာ ထိန်းသိမ်းထားသည့် ယီမင် ၅ ဦးကို အမေရိကန် ပြန်လွှတ်ပေး

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    us

    – ကျူးဘားနိုင်ငံ ဂွာတာနာမိုအကျဉ်းစခန်းတွင် ဆယ်စုနှစ်တစ်ခုကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ယီမင်နိုင်ငံသား ၅ ဦးကို လွှတ်ပေးလိုက်သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ၎င်းတို့၏ ၀ဘ်ဆိုက်၌ ကြေငြာခဲ့သည်။

    အဆိုပါ ၅ ဦးမှာ အလီ အလ်-ရာဇီဟီ၊ ခါလစ် အလ်-ကွာဒါစီ၊ အဒီလ် အလ်-ဘူဆေးစ်၊ ဆူလေမန် အလ်-နဟ်ဒီနှင့် ဖဟ်မီ အလ်-အေဆာနီတို့ဖြစ်ပြီး ယူအေအီးနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးအား မည်သည့် ရာဇ၀တ်မှုစွဲချက်မှ မတင်နိုင်ခဲ့ဘဲ ၁၀ စုတစ်ခုကြာ ဂွာတာနာမိုတွင် ကုန်ဆုံးခဲ့ရခြင်းဖြစ်သည်။

    ပင်တဂွန်ကမူ လွှဲပြောင်းပေးအပ်မှုကို လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှု နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် ယူအေအီးအစိုးရကိုလည်း ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။ ဂွာတာမိုအကျဉ်းစခန်းတွင် ထိန်းသိမ်းထားသူ ၁၀၇ ဦးရှိနေသးသည်ဟု အမေရိကန်က ပြောကြားထားသည်။

    Ref: Aljazeera

  • ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    far

    – ဘောလုံးသမားဘ၀ စတင်ရာ ဘာစီလိုနာအသင်းမှ ထွက်ခွာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပရိတ်သတ်များကြောင့် ဖြစ်သည်ဟု ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်က ပြောကြားလိုက်သည်။

    လူငယ်ဘ၀နှင့် အာဆင်နယ်သို့ ပြောင်းရွှေ့ကာ နာမည်ကျော်ကြားလာပြီးနောက် ဖာဘရီဂက်စ်မှာ ဘာစီလိုနာသို့ ၂၀၁၁ ခုနှစ်က ပြန်လည်ရောက်ရှိခဲ့ကာ ၃ ရာသီကြာ ကစားခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ချယ်ဆီးသို့ ပေါင် သန်း ၃၀ ဖြင့် အံအားသင့်ဖွယ် ပြောင်းရွှေ့လာခဲ့သည်။

    ဘာစီလိုနာတွင် ပွဲပေါင်း ၁၅၁ ပွဲ ကစားပေးခဲ့ပြီး ၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ဖာဘရီဂက်စ်က မိမိ၏ စွမ်းဆောင်ရည် ဘာကာပရိတ်သတ်များအပေါ် လွှမ်းမိုးမှုမရခြင်းမှာ အသင်းမှ ထွက်ခွာရမှု၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဆိုသည်။

    “ဘာစီလိုနာပြည်သူတွေကို ကျွန်တော် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာ ကျွန်တော်သိလိုက်ရတာက ဘာစီလိုနာပရိတ်သတ်အများစုက ကျွန်တော့်ကို မကြိုက်ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ထွက်ခွာဖို့ လုပ်ခဲ့တာပေါ့” ဟု ဖာဘရီဂတ်စ်က Marca သတင်းစာသို့ ပြောကြားခဲ့သည်။

    Ref: Goal