News @ M-Media

Author: Ko Lay

  • အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုမိုတိုးမြှင့်ရန် G20 ခေါင်းဆောင်များ သဘောတူ

    အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုမိုတိုးမြှင့်ရန် G20 ခေါင်းဆောင်များ သဘောတူ

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    g20

    – IS အဖွဲ့ကို တိုက်ဖျက်ရေးအတွက် နယ်စပ်ဒေသများ ပိုမိုထိန်းချုပ်ရေး၊ ထောက်လှမ်းရေးသတင်းများ မျှဝေရေးနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုများကို ဖြတ်တောက်ရေးတို့အတွက် တူရကီ G20 ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များက သဘောတူညီခဲ့သည်ဟု သိရသည်။

    ကမ်းရိုးတမ်းပြည်နယ်ဖြစ်သော အန်တာလ်ယာတွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ထိပ်သီးအစည်းဝေးသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ အပါအ၀င် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုကိစ္စက ထိုအစည်းအဝေးတွင် လွှမ်းမိုးခဲ့သည်။

    “နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေ တိုးတက်လာတာနဲ့ မူရင်းနိုင်ငံ၊ နောက်ဆုံးရောက်ရှိတဲ့နိုင်ငံ၊ ဖြတ်သွားဖြတ်လာလုပ်တဲ့ နိုင်ငံတွေအပေါ်မှာရှိတဲ့ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေအတွက် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒီခြိမ်းခြောက်မှုကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း၊ သတင်းအချက်အလက်မျှဝေတာ၊ ခရီးသွားလာမှုကို သိရှိဖို့ နယ်စပ်ရေးရာ စီမံခန့်ခွဲမှုတွေလုပ်တာ၊ ကာကွယ်ရေး ဆောင်ရွက်မှုတွေ၊ သင့်လျော်တဲ့ တရားရေးဆိုင်ရာ တုန့်ပြန်မှုတွေ ဆောင်ရွက်တာတွေ အပါအ၀င် အခြေအနေကို
    တားဆီးတွန်းလှန်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ ” ဟု အစည်းအဝေးမှ ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    တနင်္လာနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက မဟာမိတ်တပ်ဖွဲ့များမှာ IS အဖွဲ့အပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်နေပြီး အဖွဲ့ခေါင်းဆောင်ကို ပစ်မှတ်ထားနေသော်လည်း ဆီးရီးယားနှင့် အီရတ်တို့ကသာ IS ၏ ခြိမ်းခြောက်မှုကို ခံနေရသည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ G20ေါင်းဆောင်များမှာ အကြမ်းဖက်များ မှီခိုနေရသည့် ဘဏ္ဍာရေးအထောက်အပံ့များကို ဖြတ်တောက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က ထောက်လှမ်းရေးသတင်းများ မျှဝေခြင်းကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး အကြမ်းဖက်ဝါဒမှာ အစ္စလာမ်နှင့် ပတ်သက်နေသည်ဆိုသည့် အမြင်များကို ချေဖျက်ရန်အတွက် မွတ်စလင်ကမ္ဘာမှာ ပိုမို၍ ဆောင်ရွက်ရည်မည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပဲရစ်ဂယက်ကြောင့် ဆီးရီးယားဒုက္ခသည်များကို အမေရိကန်မှ ပြည်နယ်များ လက်မခံလိုကြ

    ပဲရစ်ဂယက်ကြောင့် ဆီးရီးယားဒုက္ခသည်များကို အမေရိကန်မှ ပြည်နယ်များ လက်မခံလိုကြ

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    syria

    – ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်း အစ္စလာမ်ကြောက်ရာဂါ မြင့်တက်လာသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ ပြည်နယ်များတွင် ဆီးရီးယားဒုက္ခသည်များကို နေရာချထားပေးမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    လက်ယာယိမ်း ရီပက်ဘလစ်ကန်ပါတီမှ အနည်းဆုံး ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၆ ဦးက တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပဲရစ်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူတစ်ဦး၏ အလောင်းနားတွင် ဆီးရီးယား နိုင်ငံကူးလက်မှတ် တွေ့ရှိရမှုကို ထောက်ပြခဲ့ကြသည်။

    ဆီးရီးယားဒုက္ခသည်များအား လက်မခံလိုသည့် ပြည်နယ်များမှာ တက္ကဆက်၊ ဂျော်ဂျီယာ၊ အိုဟိုင်းယိုး၊ မက်ဆာချူးဆက်၊ အလာဘားမား၊ မီချီဂန်၊ လူဝီစီယားနား၊ အင်ဒီယားနား၊ ဖလော်ရီဒါ၊ မစ္စစီပီ၊ အရီဇိုနား၊ အီလီနွိုက်စ်၊ မြောက်ကယ်ရိုလိုင်းနား၊ ၀စ်ကွန်ဆင်နှင့် အာရကန်းနက်စ် ပြည်နယ်များ ဖြစ်ကြသည်။

    ဒုက္ခသည်များအား ၎င်းတို့၏ ပြည်နယ်များအတွင်း နေရာချထာပေးရေးကို ပြည်နယ်အစိုးရက တာဆီးနိုင်သည့် အခွင့်အာဏာ မရှိသော်လည်း ဒေသတွင်းရှိ ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အဖွဲ့များကို ဖက်ဒရယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အမိန့်ပေးနိုင်သည်။

    သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ကမူ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ ထိုကဲ့သို့ ကြေငြာမှုမှာ အမေရိကန်ရှိ လူများစုကြားတွင် အစ္စလာမ်ကြောက်ရောဂါ ကြီးထွားလာမှုကို ညွှန်ပြနေခြင်းဖြစ်သည်ဟု ဆိုသည်။

    အမေရိကန်မှာ ယနေ့အချိန်အထိ ဆီးရီးယားဒုက္ခသည် ၁၅၀၀ ကိုသာ လက်ခံရသေးပြီး အိမ်ဖြူတော်ကမူ လာမည့် ၁၂ လတာ ကာလအတွင်း နောက်ထပ် ၁၀၀၀၀ ကို ထပ်မံလက်ခံမည်ဟု ယခုနှစ် အစောပိုင်းက ပြောကြားခဲ့သည်။ အချို့သော ရီပက်ဘလစ်ကန် တာဝန်ရှိသူများကမူ အမေရိကန်အနေဖြင့် ဆီးရီးယားမှ ခရစ်ယာန်ဒုက္ခသည်များကိုသာ လက်ခံသင့်သည်ဟု ဆိုသည်။

    လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ဥရောပတွင် ဒုက္ခသည်ဆန့်ကျင်ရေး သဘောထားများ ပိုမိုကြီးထွားလာခဲ့ပြီး ပြင်သစ်တွင် ဆီးရီးယားဒုက္ခသည်များ၏ စခန်းများကို မီးရှို့မှုပင် ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  • ယူရိုခြေစစ်ပွဲ အောင်မြင်ခြင်းအတွက် နည်းပြများကို အိုင်ယာလန်တိုက်စစ်မှူး ချီးကျူး

    ယူရိုခြေစစ်ပွဲ အောင်မြင်ခြင်းအတွက် နည်းပြများကို အိုင်ယာလန်တိုက်စစ်မှူး ချီးကျူး

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    ireland

    – အိုင်ယာလန်အသင်း ယူရိုခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမှာ နည်းပြ အိုနေးလ်နှင့် လက်ထောက်နည်းပြ ရွိုင်ကိန်းတို့ကြောင့် ဖြစ်သည်ဟု တိုစစ်မှူး ဂျိုနသန် ဝေါလ်တာက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်တွင် အိုင်ယာလန်မှာ ဝေါလ်တာ၏ သွင်းဂိုး နှစ်ဂိုးကြောင့် ဘော့စနီးယားအသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးဖြင့် ယူရိုနောက်ဆုံးအဆင့်သို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ အိုင်ယာလန်မှာ ယူရို ၂၀၁၂ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသည်။

    “အသင်းမှာရှိတဲ့ ကစားသမားအားလုံးဟာ သူရဲကောင်းတွေပါပဲ။ လူတိုင်းအတွက် ဒါဟာ မယုံနိုင်စရာပါ။ ကျွန်တော်တို့ တော်တော်လေးကို ကြိုးစားအားထုတ်ခဲ့ရပြီး ဒီအဆင့်ကို ရောက်ရှိခဲ့တာပါ။ ဒီလိုအချိန်မျိုးတွေက တော်ရုံနဲ့ မလာနိုင်တာကြောင့် ကျွန်တော်ကတော့ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။ ခြေစစ်ပွဲတစ်လျှောက်လုံးမှာ သူတို့ (အိုနေးလ်နဲ့ ကိန်း)တို့ဟာ တော်တော်လေး ကောင်းခဲ့ပါတယ်။ ရှည်လျားပြီး ခက်ခဲတဲ့ ၂ နှစ်ဖြစ်ပေမယ့် နောက်ဆုံးတော့ ကျွန်တော်တို့ အရောက်လှမ်းနိုင်ခဲ့ပါတယ်” ဟု ဝေါလ်တာက ပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာအစိုးရစစ်တပ်၏ ထိုးစစ်ကြောင့် တိုင်းရင်းသားဒေသများတွင် လူထောင်ပေါင်းများစွာ ထွက်ပြေးနေရ

    မြန်မာအစိုးရစစ်တပ်၏ ထိုးစစ်ကြောင့် တိုင်းရင်းသားဒေသများတွင် လူထောင်ပေါင်းများစွာ ထွက်ပြေးနေရ

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    myanmar

    – မြန်မာအစိုးရတပ်များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်မှုများ ပြုလုပ်နေကာ ထောင်နှင့်ချီသော ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု သိရသည်။

    ကေအိုင်အိုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လာနန်းကမူ တိုက်ခိုက်မှုများမှာ စနေနေ့ကတတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့ အပြင်ဘက်တွင် စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    “နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကျွန်တော်တို့ရဲ့ စခန်းငယ်လေးတွေကို သူတို့က စတင်သိမ်းပိုက်ခဲ့ပြီး တိုက်ခိုက်မှုက ယမန်နေ့ (တနင်္ဂနွေနေ့) မှာ အရှိန်မြင့်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကြီးမားတဲ့ ထိုးစစ်ဆင်မှု ပြုလုပ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆက်သွယ်တာမျိုးတွေ၊ ဆွေးနွေးတာမျိုးတွေ မရှိသေးပါဘူး” ဟု လာနန်းက ပြောကြားခဲ့သည်။

    မျက်မြင်သက်သေများကလည်း အစိုးရတပ်မှာ မိုးညှင်းမြို့အနီးတွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရှိသည်ဟု ပြောကြားခဲ့သည်။

    ယခုအချိန်ထိ ထိခိုက်ဒဏ်ရာရမှုစာရင်းများကို မသိရှိရသေးပေ။ ကေအိုင်အိုအဖွဲ့မှာ အောက်တိုဘာ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။

    ရှမ်းပြည်နယ်အလယ်ပိုင်းရှိ ရှမ်းပြည်တပ်မတော်ကိုလည်း အစိုးရက တနင်္လာနေ့မှစ၍ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ရှမ်းပြည်တပ်မတော်၏ ဗိုလ်မှူး ဆိုင်းလကမူ ထိုတိုက်ခိုက်မှုမှာ မကြာသေးမီကာလအတွင်း “အပြင်းထန်ဆုံး တိုက်ခိုက်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဗုံးကြဲမှု၊ သေနတ်နဲ့ပစ်ခတ်မှုတွေနဲ့အတူ ရဟတ်ယာဉ် ၆ စင်းနဲ့ တိုက်လေယာဉ် ၃ စင်းကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်”

    ရှမ်းပြည်တပ်မတော်မှာလည်း အပစ်ရပ်ရေးတွင် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိပေ။ ရှမ်းလူအခွင့်အရေးဖောင်ဒေးရှင်းကမူ ထိုတိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသော ပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ပြောကြားခဲ့သည်။

    “နောက်ဆုံးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၂၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ထွက်ပြေးရသူ စုစုပေါင်း ၈၀၀၀၊ ၉၀၀၀ လောက် ရှိလာပါပြီ” ဟု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ယင်းဟန်ဖက ပြောကြားခဲ့သည်။

    Ref :VOA

  • IS အဖွဲ့က အစ္စလာမ်၊ မွတ်စလင်တို့နှင့် မပတ်သက်ဟု အိုဘားမားပြော

    IS အဖွဲ့က အစ္စလာမ်၊ မွတ်စလင်တို့နှင့် မပတ်သက်ဟု အိုဘားမားပြော

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    obama

    – တူရကီနိုင်ငံမှာ ပြုလုပ်နေတဲ့ G20 ထိပ်သီးအစည်းဝေးမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက IS အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုသလို မွတ်စလင်အများစုရဲ့ ပြုမူနေထိုင်ပုံတွေနဲ့လည်း ဘယ်လိုမှ မပတ်သက်ဘူးလို့ ပြောသွားခဲ့ပါတယ်။

    “ISIL (IS) အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး။ မွတ်စလင်အများစုရဲ့ ပြုမူနေထိုင်ပုံ ဘယ်လို သဘောထားတွေကိုမှလည်း သူတို့က ကိုယ်စားမပြုပါဘူး” လို့ အိုဘားမားက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် ယိုးစွပ်ပြောဆိုတာတွေကိုလည်းအိုဘားမားက ဆန့်ကျင်ခဲ့ပြီး ဒီလို ၀ါးလုံးသိမ်းရမ်းတာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ လူသစ်စုဆောင်းဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမယ်လို့လည်း အိုဘားမားက သတိပေးခဲ့ပါတယ်။

    “ပဲရစ်မှာဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ကိစ္စတွေကို အစ္စလာမ်ရဲ့ သွန်သင်မှုတွေနဲ့ တန်းတူပဲလို့ တစ်ယောက်ယောက်က သတ်မှတ်တာမျိုးနဲ့ ပတ်သက်ပြီး ပြောရရင်၊ ဒီလို ယူဆချက်အမှားတွေဟာ အကျိုးယုတ်စေမှာဖြစ်ပြီး အဲဒီလို သတ်မှတ်တာတွေဟာလည်း မှားယွင်းပါတယ်။ တကယ်လို့များ အကြမ်းဖက်ပြဿနာထက် မွတ်စလင်တွေရဲ့ ပြဿနာလို့ တစ်နည်းနည်းနဲ့ အဓိပ္ပါယ် သတ်မှတ်လိုက်တဲ့အခါ အဲဒါမျိုးတွေက အကြမ်းဖက်အဖွဲ့အစည်းတွေ လူသစ် ကောင်းကောင်းစုဆောင်းနိုင်ဖို့ ဦးတည်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”

    နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီး အာရပ်နိုင်ငံတွေက အပါအ၀င် မွတ်စလင်အများအပြားလည်း ပါဝင်ခဲ့ပါတယ်။