News @ M-Media

Author: Ko Lay

  • ကမ္ဘာ့ သြဇာအလွှမ်းမိုးဆုံးစာရင်းတွင် ပူတင် ၃ နှစ်ဆက် ထိပ်ဆုံး၌ရှိနေ

    ကမ္ဘာ့ သြဇာအလွှမ်းမိုးဆုံးစာရင်းတွင် ပူတင် ၃ နှစ်ဆက် ထိပ်ဆုံး၌ရှိနေ

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    putin

    – ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်စာရင်းကို နာမည်ကြီး Forbes မဂ္ဂဇင်းက နိုဝင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်က နံပါတ် ၁ နေရာတွင် ရှိနေခဲ့ပြီး ၃ နှစ်ဆက်တိုက် ထိုနေရာကို ရရှိခဲ့ခြင်းဖြစ်သည်။

    “သူဖြစ်ချင်တာကိုလုပ်ဖို့ ကမ္ဘာပေါ်မှာ ပါဝါအာဏာ လုံလုံလောက်လောက် ရှိတဲ့သူတွေအထဲမှာ သူလည်း တစ်ဦးအပါအ၀င်ဖြစ်တယ်ဆိုတာ ပူတင်က ဆက်လက် သက်သေပြခဲ့ပါတယ်” ဟု မဂ္ဂဇင်းက ရေးသားဖော်ပြခဲ့သည်။

    ဒုတိယနေရာတွင် ဥရောပ၏ စီးပွာရေးအကြီးဆုံး ဂျာမနီနိုင်ငံ၏ ၀န်ကြီးချုပ်မာကဲလ် ရှိနေပြီး၊ ကမ္ဘာပေါ်တွင် စစ်အင်အား အတောင့်တင်းဆုံးဟု သတ်မှတ်ခံထားရသည့် အမေရိကန် သမ္မတ ဘာရက်အိုဘားမားက တတိယနေရာတွင် ရှိနေသည်။

    ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်မှု၊ ယူကရိန်းအရှေ့ပိုင်း မငြိမ်သက်မှုတို့နှင့် ပတ်သက်၍ အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ကာ ရုရှား၏ စီးပွားရေးကို ကျဆင်းအောင် ဆောင်ရွက်ခဲ့သော်လည်း ပူတင်ဦးဆောင်သည့် အစိုးရမှာ ကြံ့ကြံ့ခံ ရင်ဆိုင်ထားနိုင်သည်။

    ထို့ပြင် ဆီးရီးယားတွင် အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးများကို ရုရှားက လုပ်ဆောင်ကာ အရှေ့အလယ်ပိုင်း ဒေသအတွင်း အမေရိကန်နှင့် နေတိုးအဖွဲ့တို့ကို အားနည်းစေပြီး နိုင်ငံရပ်ခြားတွင် ရုရှား၏သြဇာ ကြီးမားရေးကို အထောက်အကူဖြစ်စေခဲ့သည်ဟု Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

    အိန်ဂျလာမာကဲလ်ကမူ ကမ္ဘာပေါ်တွင် သြဇာအကြီးမားဆုံး အမျိုးသမီးဖြစ်သည်ဟု မဂ္ဂဇင်းက သတ်မှတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်များစာရင်း၌ အဆင့် ၅ နေရာတွင် ရှိနေသော်လည်း ဆီးရီးယားဒုက္ခသည်များကိစ္စနှင့် ဂရိ၏ ဘဏ္ဍာရေးအကြပ်အတည်း ကိစ္စများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခြင်းကြောင့် ယခုနှစ်တွင် ဒုတိယနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ကမ္ဘာပေါ်တွင် သြဇာအလွှမ်းမိုးဆုံး ပုဂ္ဂိုလ်များစာရင်းကို Forbes မဂ္ဂဇင်းက စံနှုန်း ၄ ခုဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ပြည်သူများ၏ အခြေအနေအပေါ် လွှမ်းမိုးမှု၊ ၎င်းဦးဆောင်သည့် နိုင်ငံ၊ သို့မဟုတ် အဖွဲ့အစည်းအတွက် ဘဏ္ဍာရေး အကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ပေးနိုင်မှု၊ အခြားသော နယ်ပယ်များတွင် လွှမ်းမိုးမှုနှင့် မိမိတွင် ရှိနေသည့် သြဇာအာဏာအား မည်ကဲ့သို့ ထိထိရောက်ရောက် အသုံးချမှုတို့ ဖြစ်သည်။

    Ref: RT

  • အနာဂတ်တွင် ၎င်းကဲ့သို့ အောင်မြင်မည့် ကစားသမား ၅ ဦးကို ရော်နယ်ဒို ရွေးချယ်

    အနာဂတ်တွင် ၎င်းကဲ့သို့ အောင်မြင်မည့် ကစားသမား ၅ ဦးကို ရော်နယ်ဒို ရွေးချယ်

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    ronal

    – အနာတ်ဘောလုံးလောကတွင် မိမိ၏ အောင်မြင်မှုများအား အစားထိုးရယူမည့် ကစားသမား ၅ ဦးကို ရော်နယ်ဒိုက ရွေးထုတ်ခဲ့ပြီး ထိုအထဲတွင် ပြိုင်ဘက် ဘာစီလိုနာအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေးမာလည်း ပါဝင်ခဲ့သည်။

    ဖေဖော်ဝါရီတွင် အသက် ၃၀ ပြည့်တော့မည့် ရော်နယ်ဒိုမှာ ဆယ်ကျော်သက်အရွယ် ၂၀၀၃ ခုနှစ်တွင် မန်ယူသို့ ရောက်ရှိလာပြီးနောက် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး မန်ယူနှင့် ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံးကို ရယူနိုင်ခဲ့သည်။

    ထို့နောက် ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့ပြီး အကောင်းဆုံးခြေစွမ်းကို ထပ်မံပြသ၍ ချန်ပီယံလိဂ်နှင့် လာလီဂါဖလားများ ရရှိခဲ့သည်။ ထို့ပြင် မက်ဆီ၊ ဂျိုဟန်ခရိုက်ဖ်၊ မိုက်ကယ် ပလာတီနှင့် မာကို ဗန် ဘက်စ်တန်တို့၏ အကောင်းဆုံးကစားသမား အုပ်စုဝင်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံး Ballon d’Or ဆုကိုလည်း ၃ ကြိမ်တိုင်တိုင် ရရှိခဲ့သည်။

    BT Sport နှင့် အင်တာဗျူးတွင် ရော်နယ်ဒိုက ရီးယဲလ်မှ အသက် ၁၆ နှစ်အရွယ် မာတင် အိုဒီဂါ့ဒ်၊ ချယ်ဆီးမှ ဟဇာ့ဒ်၊ မန်ယူမှ ဒီပိုင်း၊ ဂျူဗင်တပ်စ်မှ ပေါ့ဘာနှင့် ဘာစီလိုနာမှ နေးမာတို့ကို ၎င်း၏ ခြေရာအတိုင်း လိုက်နင်း၍ အနာဂတ်တွင် ကျော်ကြားလာမည့် ကစားသမား ၅ ဦးအဖြစ် ရွေးချယ်ခဲ့သည်။

    Ref: Goal

  • ဘရာဇီးလ်မိုင်းတွင်း၌ ရေဆိုးသိုလှောင်ထားသည့်တမံ ကျိုးပေါက်

    ဘရာဇီးလ်မိုင်းတွင်း၌ ရေဆိုးသိုလှောင်ထားသည့်တမံ ကျိုးပေါက်

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    brazil

    – ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်း မာရီယာနာမြို့ရှိ မိုင်းတွင်းတစ်ခုတွင် ယမန်နေ့က ရေဆိုးများ သိုလှောင်ထားသည့် တမံတစ်ခု ပေါက်ကွဲကျိုးကျမှုကြောင့် အနီးရှိမြို့များတွင်ပါ ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံ လူ ၁ ဦး သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ပျောက်ဆုံးနေသည်ဟု သတင်းများက ဖော်ပြကြသည်။

    အာဏာပိုင်များကမူ ထိခိုက်ဒဏ်ရာရမှု စာရင်းကို အတည်မပြုရသေးဘဲ ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။ စစ်တပ်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးရန် အဆင်သင့်ရှိနေပြီး မာရီယာနာမြို့တွင် လူပေါင်း ၆၀၀ ခန့်ကို ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းသို့ ပို့ဆောင်ပေးထားသည်။

    မိုင်းတွင်း ကုမ္ပဏီဖြစ်သည့် Samarco က ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါတမံမှာ အဘယ့်ကြောင့် ပေါက်ကွဲ ကျိုးကြရခြင်းနှင့် ပျက်စီးဆုံးရှုံးမှု ပမာဏ မည်မျှရှိနေသည်ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။ တမံတွင်သိုလှောင်ထားသည့် ရေများမှာ သတ္တုသန့်စင်ရာတွင် အသုံးပြုထားသည့် ရေဆိုးများ၊ ဓာတုဗေဒပါဝင်သည့် ရေများ ဖြစ်သည်။

    Ref: Aljazeera

  • အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး ယနေ့တွင် စတင်

    အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး ယနေ့တွင် စတင်

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    asean

    – ၂၀၁၅ ခုနှစ် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ရက်တာ ကြာမြင့်မည်ဟု သိရသည်။

    အဆိုပါ အစည်းအဝေးတွင် ၂၀၁၆ မှ ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည့် ဒေသတွင်း ပို့ဆောင်ရေး စီမံကိန်းဖြစ်သော ကွာလာလမ်ပူ ပို့ဆောင်ရေး မဟာဗျူဟာအစီအစဉ် (KLTSP) ကို နောက်ဆုံး သဘောတူညီချက် ရယူမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်မှာ အာဆီယံ ပို့ဆောင်ရေးစနစ်တွင် ဆက်သွယ်မှု၊ စိတ်ချရမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် ရေရှည်တည်တံ့ရေးတို့ကို တိုးတက်အောင် ဆောင်ရွက်မည့် စီမံကိန်းလည်းဖြစ်သည်။

    အာဆီယံနိုင်ငံများ၏ ထိုအစည်းအဝေးကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကလည်း တက်ရောက်မည်ဖြစ်ပြီး ဒေသတွင်း မာစတာပလန်များကို လေ့လာသွားမည်ဖြစ်သည်။ အစည်းအဝေးတွင် အာဆီယံဒေသ လေပိုင်နက်နှင့် လေကြောင်းဈေးကွက် တစ်ခုတည်းဖြစ်ရေး၊ အဆီယံ အဝေးပြေးလမ်းမ ကွန်ယက်၊ စင်ကာပူ-ကူမင်း ရထားလမ်းကြောင်း စီမံကိန်း စသည်တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်သည်။

    Ref: Channelnewsasisa

  • ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ

    ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    ar

    – ပြီးခဲ့သည့် နှစ်များအတွင်း ဆော်ဒီရှိ သဲကန္တာရ ခရီးသွားခြင်းလုပ်ငန်းမှာ ပြည်တွင်းနှင့် ပြည်ပတွင် လူကြိုက်များမှု မြင့်တက်လာခဲ့ပြီး နိုင်ငံစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်ဟု သိရသည်။

    အဆိုပါ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေသော Al-Sunaidi Company for Supply Trips ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ အဘ်ဒူလ်ရဟ်မန် အလ်-ဆူနိုင်ဒီကမူ ထိုကဏ္ဍမှာ မကြာမီကာလကပင် ကြီးထွားလာခဲ့ပြီး တစ်နှစ်လျှင် ဆော်ဒီရီယဲလ် ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီအစိုးရကလည်း ထိုလုပ်ငန်းအတွက် တစ်နှစ်လျှင် ရီယဲလ် သန်း ၈၀၀ ခန့် သုံးစွဲနေပြီး၊ ဆော်ဒီနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် သဲကန္တာရ ခရီးသွားမှု အမြင့်ဆုံးကာလမှ နိုဝင်ဘာလမှ ဧပြီလအထိဖြစ်သည်။ ဒေသတွင်းမှ အဆိုပါလုပ်ငန်း လုပ်ကိုင်သူများမှာ ဆော်ဒီဈေးကွက်ကို မှီခိုနေရသည်။

    Ref: Arabnews