နိုဝင်ဘာ ၁၊ ၂၀၁၅
M-Media
– အစ္စလာမ်နှင့် ခရစ်ယာန်သာသနာတို့အား စော်ကားသည့် ကြော်ငြာဆိုင်းဘုတ်များကို ဖော်ပြပေးရန် သြစတေးလျရှိ ကြော်ငြာကုမ္ပဏီတစ်ခုက ငြင်းဆိုခဲ့ပြီး မွတ်စလင်နှင့် ခရစ်ယာန်လူ့အဖွဲ့အစည်းတို့၏ ချီးကျူးမှုကို ရရှိခဲ့သည်ဟု သိရသည်။
“မွတ်စလင်နဲ့ပတ်သက်တဲ့ ကြော်ငြာတစ်ခုက တကယ့်ကို စော်ကားထားတာပါ။ ပြီးတော့ ဒါဟာ တမင်ရည်ရွယ်ပြီးတော့ လုပ်တာပါ။ ယေရှုခရစ်နဲ့ ပတ်သက်တဲ့ တစ်ခုကတော့ ၉၀ ရာခိုင်နှုန်းသော ခရစ်ယာန်တွေကို ဒေါသဖြစ်စေမှာပါပဲ” ဟု ဘာသာပေါင်းစုံကောင်စီမှ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် အီယန် စမစ်သ်က အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
“လွတ်လပ်စွာဖော်ထုတ်မှုအတွက် ကျွန်တော် အပြည့်အ၀ ထောက်ခံပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှု၊ ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ဖြစ်လာဖို့ ပုံဖော်တာမျိုးကိုတော့ ကျွန်တော် လက်မခံပါဘူး။ ဒါတွေဟာ နားလည်မှုတွေ ပိုရှိဖို့ ဆောင်ရွက်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကြော်ငြာထည့်သူတွေအပေါ် တုန့်ပြန်လာအောင် လှုံ့ဆော်တဲ့ ကြော်ငြာမျိုး၊ အဖျက်သဘော ရည်ရွယ်တဲ့ အရေးအသားမျိုးတွေ ပါဝင်တဲ့ ကြော်ငြာမျိုးတွေကတော့ မသင့်လျော်ဘူးလို့ ကျွန်တော်ထင်ပါတယ်”
ကုန်အာန်ကျမ်းတော်မြတ်နှင့် ယေရှုခရစ်တော်အား စော်ကားထားသည့် အဆိုပါ ကြော်ငြာဆိုင်းဘုတ်များမှာ သြစတေးလျသို့ လာမည့်နှစ်ဇန်န၀ါရီတွင် လာရောက်ရန် ရှိနေသည့် ဘာသာမဲ့ အမေရိကန်စာရေးဆရာ ဆမ်ဟာရစ်ကို အားပေးရန် ရည်ရွယ်သည့် ကြော်ငြာများဖြစ်သည်။
သို့သော်လည်း APN ကြော်ငြာကုမ္ပဏီက ကန်ဒေါ်လာ ၂၀၀၀၀ တန်ဖိုးရှိ ထိုဆိုင်းဘုတ်များကို ကြော်ငြာပေးရန် ငြင်းဆိုခဲ့သည်။
ချီးကျူး
ကြော်ငြာကုမ္ပဏီ၏ ထိုဆုံးဖြတ်ချက်ကို မွတ်စလင်ခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။
“ဒီလိုကြော်ငြာမျိုးတွေဟာ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ နေရာမရှိတော့ပါဘူး။ ဘာ့ကြာင့်လည်းဆိုတော့ အဲဒီဆိုင်းဘုတ်တွေဟာ စော်ကားရုံသက်သက် ဖြစ်နေပြီး၊ သြစတေးလျမှာ ကျွန်တော်တို့ တည်ဆောက်နေတဲ့ သဟဇာတဖြစ်မှုကို ပျက်ဆီးစေလို့ပါပဲ” ဟု ဗစ်တိုးရီးယား အစ္စလာမ်ရေးရာကောင်စီမှ အတွင်းရေးမှူး ကူရန်ဒါ ဆယစ်က ပြောကြားခဲ့သည်။
အစ္စလာမ်ဘာသာဝင်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက သြစတေးလျနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နိုင်ငံ၏ သန်း ၂၀ သောလူဦးရေတွင် ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။
Ref: Onislam









