News @ M-Media

Author: Ko Lay

  • အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဖီးနစ်မြို့မှ အရှေ့ပိုင်း ဘော်စတွန်မြို့သို့ ယမန်နေ့က ပျံသန်းလာသည့် American Airlines မှ လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ်မှူး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

    ခရီးသည် ၁၄၇ ဦးနှင့် လေယာဉ်အမှူထမ်း ၅ ဦးကို တင်ဆောင်ကာ ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စတင်ထွက်ခွာလာသည့် အဆိုပါ Aribus A320 လေယာဉ် ပျံသန်းနေခိုက် လေယာဉ်မှူးမှာ လဲကျသွားသောကြောင့် နယူးယောက်ရှိ လေယာဉ်ကွင်းတစ်ခုတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။

    ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ လေယာဉ်မှူး၏အလောင်းအား ကနဦးစစ်ဆေးချက်အရ အဆိပ်အတောက်ဖြစ်မှုကို တွေ့ရှိခဲ့ရပြီး သာမန်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လေယာဉ်မှူးများ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေမှာ ဖြစ်ခဲပြီး သေဆုံးမှုမှာမူ မရှိသလောက် ရှားပါးသည်။

    Ref: CNN

  • ၂၀၁၆ တွင် Facebook က ဂြိုဟ်တုလွှတ်၍ အင်တာနက်ပေးမည်

    ၂၀၁၆ တွင် Facebook က ဂြိုဟ်တုလွှတ်၍ အင်တာနက်ပေးမည်

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    face

    – အာဖရိကတိုက်ရှိ ဝေးလံခေါင်ဖျားသော ဒေသများတွင် အင်တာနက်အသုံးပြုနိုင်စေမည့် ဂြိုဟ်တုတစ်ခုကို လွှတ်တင်သွားမည်ဟု Facebook တည်ထောင်သူ မာ့ခ် ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။

    ပြင်သစ်အခြေစိုက် Eutelsat နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းကာ ထိုအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် လွှတ်တင်သွားမည်ဟု ဆိုသည်။

    “ကမ္ဘာတစ်ခုလုံးကို ချိတ်ဆက်ဖို့ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို ထွက်ကြည့်တယ်လို့ အဓိပ္ပါယ်ရတာပေါ့” ဟု ဇူကာဘာ့ဂ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    အဆိုပါ အစီအစဉ်မှာ အချို့သောနိုင်ငံများတွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ခံနေရသည့် Facebook ၏ Internet.org စီမံကိန်းမှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ အထူးသဖြင့် အိန္ဒိယတွင် စီးပွားရေးလုပ်ငန်းရှင်များက ထိုစီမံကိန်းကို ဒေါသတကြီး တုန့်ပြန်ကြပြီး ဖွံ့ဖြိုးလာသော အင်တာနက်ဈေးကွက်တွင် Facebook နှင့် ၎င်း၏ မိတ်ဖက်များ၏ မမျှတသော အမြတ်ထုတ်မှုဟု စောဒက
    တက်ခဲ့ကြသည်။

    Internet.org အစီအစဉ်မှာ ဝေးလံခေါင်ဖျားသော ဒေသများအား နည်းလမ်းပေါင်းစုံဖြင့် အင်တာနက်ဝန်ဆောင်မှုပေးရန် စမ်းသပ်နေသော လုပ်ငန်းလည်းဖြစ်သည်။ မကြာသေးမီကပင် Facbook က အင်တာနက်ဆက်သွယ်မှု ဖြန့်ဖြူးပေးရန် တီထွင်ဖန်တီးထားသာ ဒရုန်းလေယာဉ်များကို မည်ကဲ့သို့ အသုံးပြုမည်ဆိုသည့် အစီအစဉ်ကိုလည်း ချပြခဲ့သည်။

    Ref: BBC

  • လေပိုင်နက် ကျော်လွန်ဝင်ရောက်မှု ရုရှားကို တူရကီသတိပေး

    လေပိုင်နက် ကျော်လွန်ဝင်ရောက်မှု ရုရှားကို တူရကီသတိပေး

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    turkey

    – ဆီးရီးယားတွင် ရုရှားက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်စဉ်အတွင်း တူရကီလေပိုင်နက်ထဲသို့ ကျော်လွန်ဝင်ရောက်လာမှုအတွက် တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက သတိပေးလိုက်ပြီး မည်သည့်ဝင်ရောက်မှုမျိုးကိုမဆို ရှင်းလင်းသွားရန် စစ်တပ်အား ညွှန်ကြားထားသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှားလေယာဉ်များမှာ တူရကီလေပိုင်နက်ထဲသို့ စနေနေ့က ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး တူရကီမှ F-16 တိုက်လေယာဉ် ၂ စင်းက ပျံတက်ကာ သတိပေးခဲ့ရသည်။ တူရကီဝန်ကြီးချုပ်ကမူ မိမိတို့၏ မဟာမိတ်များနှင့် ရန်သူများအနေဖြင့် လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် သတိပေးခဲ့သော်လည်း ဆီးရီးယားပြဿနာကြောင့် မိမိတို့နှင့် ရုရှားမှာ မည်သည့်တင်းမာမှုမှမရှိဟု ဆိုသည်။

    တူရကီမှာ နေတိုးအဖွဲ့ဝင် ၂၈ နိုင်ငံထဲတွင် ပါဝင်သောကြောင့် ယခုကိစ္စအား ဖြေရှင်းရန်အတွက် နေတိုးအဖွဲ့ စစ်ဘက်ဆိုင်ရာ သံတမန်များ ယနေ့နေ့လည်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဂျန့်စ် စတိုလ်တန်ဘာ့ဂ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ယခုနှစ်တွင် ဂျာမနီမှလက်ခံမည့် ဒုက္ခသည်ဦးရေ ၁.၅ သန်း ရှိမည်

    ယခုနှစ်တွင် ဂျာမနီမှလက်ခံမည့် ဒုက္ခသည်ဦးရေ ၁.၅ သန်း ရှိမည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    ref

    – ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း ဒုက္ခသည် ၁.၅ သန်းခန့် လက်ခံမည့်အစီအစဉ် ရှိနေသည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်ကို ကိုးကား၍ ဂျာမန်သတင်းစာ Bild က ဖော်ပြလိုက်ပြီး တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုများပြားနေသည်။

    အာဏာပိုင်များကမူ ဥရောပ၏ စီးပွားရေးအကြီးဆုံးဖြစ်သော ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း စံချိန်တင် ပမာဏအဖြစ် ဒုက္ခသည် ၈ သိန်းမှ တစ်သန်းကြားအထိ လက်ခံမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း Blid ၏ ဖော်ပြမှုတွင် လာမည့် ၃ လအတွင်း ဒုက္ခသည်အရေအတွက် ၉၂၀၀၀၀ လက်ခံရန်ရှိနေပြီး နှစ်ကုန်တွင် ၁.၅ သန်း ရောက်လာမည်ဟု တွက်ချက်ထားသည်။

    ရောက်ရှိလာသူများမှာ ဒုက္ခသည်အဖြစ် နိုင်ငံအတွင်း နေုထိုင်ခွင့်ရမည်ဖြစ်ပြီး တစ်ဦးလျှင် မိသားစုဝင် ၄ ဦးမှ ၈ ဦးအထိ ခေါ်ဆောင်ခွင့်ရှိမည်ဖြစ်သောကြောင့် ကနဦးရောက်လာသည့် ၉၂၀၀၀၀ နှင့်ဆက်စပ်၍ လူပေါင်း ၇.၃၆ သန်းခန့်မှာ ဂျာမနီသို့ ရွှေ့ပြောင်းနေထိုင်ခွင့် ရမည်ဖြစ်သည်။

    ဥရောပနိုင်ငံတစ်ချို့က ဒုက္ခသည်များအား လက်ခံရေး ငြင်းဆန်ကြသော်လည်း ဂျာမနီနိုင်ငံက အဆီးအတားမရှိ လက်ခံခဲ့သည့်အတွက် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်ကို ကမ္ဘာ့ခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။

    Ref: Aljazeera

  • စတိုင်ကျသည့် ဟီဂျဘ်နှင့် အိနြေ္ဒရှိသည့် အစ္စလာမ့်ဖက်ရှင်များ မလေးရှားတွင် တောင်းဆိုမှုမြင့်မား

    စတိုင်ကျသည့် ဟီဂျဘ်နှင့် အိနြေ္ဒရှိသည့် အစ္စလာမ့်ဖက်ရှင်များ မလေးရှားတွင် တောင်းဆိုမှုမြင့်မား

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    malay

    – ဟိဂျဘ်ဝတ်ဆင်သည့် မွတ်စလင်အမျိုးသမီး အများအပြားရှိသည့် မလေးရှားနိုင်ငံတွင် စတိုင်ရှိပြီး ဖက်ရှင်ကျသည့် ဟီဂျဘ်များအား တောင်းဆိုမှုများမှာလည်း မြင့်မားလာသည်ဟု သိရသည်။

    “မိမိရဲ့ ဦးခေါင်းကို ဖုံးအုပ်တာဟာ အမျိုးသမီးတွေအပေါ် စိတ်ဖိစီးမှုတွေ ဖန်တီးတာမျိုး မဟုတ်ပါဘူး” ဟု ဒီဇိုင်နာတစ်ဦးဖြစ်ပြီး Mimpikita ဖက်ရှင်ဆိုင်ကို တည်တောင်ထားသည် နူရူလ် ဇူလ်ကီဖလီက ပြောကြားခဲ့သည်။

    အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဇူလ်ကီဖလီက မလေးရှားတွင် လူကြိုက်များသော အိနြေ္ဒသိက္ခာရှိသည့် ဖက်ရှင်များက ဟီဂျဘ်ဝတ်ဆင်သည့် အမျိုးသမီးများအတွက် အထောက်အကူဖြစ်စေပြီး စွန့်စားတီထွင်လိုသူများအတွက်လည်း ကောင်းမွန်သောဈေးကွက်တစ်ခုကို ဖန်တီးပေးသည်ဟု ပြောကြားခဲ့သည်။

    မလေးရှားရှိ အစ္စလာမ်ဘာသာဝင်အမျိုးသမီး ၅ သန်းခန့်မှာ အစ္စလာမ်ကနည်းကျ အိနြေ္ဒသိက္ခာရှိရှိ ၀တ်ဆင်ကြပြီး ဟီဂျဘ်များကိုလည်း ဆင်ယင်ကြသည်ဟု Moslema In Style ဖက်ရှင်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ အီမီ ယုဇ်လီဗာ ယဟ်ယာက ပြောကြားခဲ့သည်။

    “ကျွန်မတို့မှာ ဟီဂျဘ်နဲ့ မွတ်စလက်ဖက်ရှင်ပေါင်း ၅၀၀ လောက်ရှိပါတယ်” ဟု အီမီ ယုဇ်လီဇာက ဆိုပြီး ၎င်းတို့ ကုမ္ပဏီမှာ အစ္စလာမ့်ဖက်ရှင်ရှိုးများကို စီစဉ်ကျင်းပပေးနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယခုနှစ်နိုဝင်ဘာလတွင် ကွာလာလမ်ပူ၌ Moslema In Style Fashion Forward 2015 ဖက်ရှင်ရှိုး ကျင်းပရန်ရှိနေပြီး ယူကေ၊ ဥရောပ၊ တူရကီ၊ အရှေ့အလယ်ပိုင်း၊ ဘရူးနိုင်း၊ အီဂျစ်နှင့် အင်ဒိုနီးရှားတို့မှ အစ္စလာမ့် ဖက်ရှင်ဒီဇိုင်နာများ ပါဝင်ပြသကြမည် ဖြစ်သည်။

    “မလေးရှားဟာ ပိုရိုးရှင်းပြီး၊ အိနြေ္ဒရှိပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    Reuters သတင်းဌာနက ထုတ်ပြန်သည့် ၂၀၁၄-၁၅ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေး အစီရင်ခံစာတွင် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်စားသုံးသူများ အ၀တ်အစားနှင့် ဖိနပ်တို့တွင် သုံးစွဲမှုမှာ ၂၀၁၉ ခုနှစ်အရောက်တွင် ကန်ဒေါ်လာ ၄၇၄ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပြီး ထိုပမာဏက ၂၀၁၃ ခုနှစ်ကထက်စာလျှင် ၈၂ ရာခိုင်နှုန်း တက်လာခြင်း ဖြစ်မည်ဖြစ်သည်။

    မွတ်စလင်မဟုတ်သူများလည်း ကြိုက်နှစ်သက်

    အိနြေ္ဒသိက္ခာရှိပြီး သက်တောင့်သက်သာဖြစ်ကာ ဖက်ရှင်ကြသည့် အဆိုပါ ဒီဇိုင်များကို မွတ်စလင်မဟုတ်သူများလည်း နှစ်ခြိုက်ကြသည်။

    “aere ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးတဲ့အခါ ကျွန်မအတွက် အဓိကထားကြည့်တာက သက်တောင့်သာရှိတာ၊ အသုံးဝင်တာ ပြီးတော့ တကယ့်ကို စတိုင်ကျတာမျိုးပါပဲ။ ကျွန်မဟာ များသောအားဖြင့် ပွပွတွေ၊ ချောင်ချောင်ချိချိရှိတာတွေ၊ လက်ရှည်၊ စကတ်အရှည်၊ ဘောင်းဘီအရှည်တွေနဲ့ ဖန်တီးပါတယ်။ ဒါတွေက လက်ရှိအချိန်မှာ ရှာဖွေဖို့ ခက်တဲ့ ဒီဇိုင်းတွေပါ။ ပြီးတော့ aere ဖက်ရှင်က လူတွေကို
    တော်တော်ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု aere ဖက်ရှင်ကို စတင်ဖန်တီးခဲ့သူ ရာဂျာ နာဒီယာ ဆာဘရီနာက ပြောကြားခဲ့သည်။

    aere ဖက်ရှင်မှာ သဘာဝကျမှုနှင့် မျှတမှုတို့ကို ကျက်သရေ၊ အိနြေ္ဒရှိမှုတို့ဖြင့် ပေါင်းစပ်ကာ တီထွင်ထားသည့် ဖက်ရှင်ဒီဇိုင်းမျိုး ဖြစ်သည်။

    အနောက်တိုင်း ဒီဇိုင်နာများနှင့် မင်းသမီးများမှာ အိနြေ္ဒရှိသည့် အ၀တ်အစားများကို ပိုမိုကြိုက်နှစ်သက်မှုအား ထောက်ပြက ၎င်းက “ဒါဟာ မွတ်စလင်သီးသန့် ဈေးကွက်မဟုတ်တော့ပါဘူး။ မွတ်စလင်မဟုတ်သူတွေက aere ဒီဇိုင်းတွေကို ၀ယ်ယူဝတ်ဆင်ခြင်းအားဖြင့် ဒီ ဖက်ရှင်ကို အားပေးလာတာ မြင်ရတဲ့ ကျွန်မ ပျော်ရွှင်မိပါတယ်။ aere ဒီဇိုင်းတွေဟာ သင်တို့ရဲ့ အ၀တ်ဘီရိုတွေမှာ ရှိနေပြီးတဲ့ အ၀တ်အထည်တွေနဲ့ တော်တော်လေး လိုက်ဖက်အောင် ဖန်တီးထားတာပါ” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    ခေတ်ပေါ်ဟီဂျဘ်များကို ပိုမိုရွေးချယ်လျက် အမျိုးသမီးငယ်များမှာ အာရပ်ခြုံထည်ဖြစ်သော ဂျူဘာဟ်အစား ရှည်လျား၍ ပွယောင်းသည့် လက်ရှည်ဘလောက်စ်အင်္ကျီများ၊ ခြေမျက်စိဖုံးသည့် စကတ်အရှည်များ ၀တ်ဆင်ရသည်ကို ပိုမို နှစ်သက်ကြသည်။

    “ဒီလိုဒီဇိုင်းမျိုး ဖန်တီးရတာ ပိုပြီး ပျော်စရာကောင်းတယ်လို့ ကျွန်မ ခံစားရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဟီဂျဘ်တွေ၊ အ၀တ်အစားတွေ၊ အခြားသော တောက်တိုမယ်ရ ပစ္စည်းတွေနဲ့ ထိတွေ့နေရလို့ပါပဲ” ဟု ဆာဘရီနာက ထပ်လောင်းပြောကြားခဲ့သည်။

    အစ္စလာမ်မှာ ဟိဂျဘ်ကို မွတ်စလင်အမျိုးသမီးတိုင်း ဆင်ယင်ရမည့်အရာအဖြစ် သတ်မှတ်ထားသော်လည်း တစ်ဦးတစ်ယောက်၏ ဘာသာအယူဝါဒကို ဖော်ပြသည့်ပုံစံမျိုး မဟုတ်ချေ။

    မလေးရှားနိုင်ငံ၏ ၂၆ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၆၀ ရာခိုင်နှုန်းနီးပါး ရှိပြီး အများစုမှာ မလေးလူမျိုးများ ဖြစ်ကြကာ၊ အိန္ဒိယ၊ တရုတ်နှင့် အခြားလူမျိုး အစ္စလာမ်ဘာသာဝင်များလည်း ရှိကြသည်။

    Ref: Onislam