News @ M-Media

Author: Ko Lay

  • မက်ဆီနှင့် ရော်နယ်ဒိုပြီးလျှင် အဂူရိုအကောင်းဆုံးဟု ပယ်လီဂရီနီပြော

    မက်ဆီနှင့် ရော်နယ်ဒိုပြီးလျှင် အဂူရိုအကောင်းဆုံးဟု ပယ်လီဂရီနီပြော

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    manci

    – မိမိအသင်း၏ အားထားရသည့် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုထက် ပိုကောင်းသူမှာ မက်ဆီနှင့် ရော်နယ်ဒိုသာ ရှိတော့သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက ဂိုးအများဆုံးသွင်း၍ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရခဲ့သည့် အဂူရိုမှာ စနေနေ့က နယူးကာဆယ်အား ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ၅ ဂိုး သွင်းယူပေးခဲ့ပြီး ယခုနှစ် ဂိုးအများဆုံးသွင်းသူများ စာရင်းတွင် ၆ ဂိုးဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

    “အဂူရိုဟာ တကယ့်ကို အဲဒီအဆင့်မှာရှိတယ်ဆိုတာ (နယူးကာဆယ်နဲ့ပွဲမှာ) ကျွန်တော့်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပြီးတဲ့နောက်မှာတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ သူ့တစ်ယောက်တည်း အတွက်သာမက အသင်းအတွက် အရေးကြီးတာက ကျွန်တော်တို့ မဖြစ်မနေ ဆက်လက်တိုးတက်သွားရမယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တွေကို ဗိုလ်စွဲဖို့လိုအပ်တယ်။ ဘာ့ကြောင့်လည်းဆိုတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ အဲဒီပြိုင်ပွဲမှာ အမြဲလိုလိုပါနေပြီး
    ကစားသမားတစ်ယောက်အတွက်လည်း အရမ်းအရေးကြီးပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာတစ်ဝှမ်း ဆင်းရဲမွဲတွေမှု ပထမဆုံးအကြိမ် ၁၀ ရာခိုင်နှုန်းအောက်ရောက်မည်

    ကမ္ဘာတစ်ဝှမ်း ဆင်းရဲမွဲတွေမှု ပထမဆုံးအကြိမ် ၁၀ ရာခိုင်နှုန်းအောက်ရောက်မည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    pover

    – ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အလွန်အမင်း ဆင်းရဲမွဲတေသူ အရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းမည်ဖြစ်သော်လည်း အာဖရိကတွင် သန်းနှင့်ချီ၍ ရှိနေခြင်းမှာ အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ဒီနေ့ခေတ် ကမ္ဘာကြီးမှာ ဒါဟာ အကောင်းဆုံး ကိစ္စတစ်ခုပါ။ ဒီရလဒ်တွေက ကျွန်တော်တို့ဟာ လူ့သမိုင်းမှာ အလွန်အမင်း ဆင်းရဲမွဲတေမှုကို အဆုံးသတ်နိုင်တဲ့ ပထမဆုံးမျိုးဆက် ဖြစ်တယ်ဆိုတာ ပြသလိုက်တာပါပဲ” ဟု ကမ္ဘာ့ဘဏ်ဥက္ကဌ ကင် ဂျင်မ်ယန်က ပြောကြားခဲ့သည်။

    ကမ္ဘာ့ဘဏ်၏ ကိန်ဂဏန်းများအရ ယခုနှစ်တွင် ကမ္ဘာ့တစ်ဝှမ်းမှ လူဦးရေ ၇၀၂ သန်း (၉.၆ ရာခိုင်နှုန်း)မှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် ရှိနေမည်ဖြစ်ပြီး အများစုမှာ ဆဟာရဒေသနိုင်ငံများနှင့် အာရှနိုင်ငံများမှဖြစ်သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတွေသူများမှာ ၉၀၂ သန်း (၁၃ ရာခိုင်နှုန်း) ရှိခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင်မူ ၂၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

    ထိုကဲ့သို့ အလွန်အမင်း ဆင်းရဲမွဲတေမှု လျော့ကျခြင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီပွားရေးတိုးတက်မှု အရှိန်ရလာခြင်း၏ ရလဒ်ကြောင့်နှင့် ကျန်းမာရေးနှင့် ပညာရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု ကင်က ပြောကြားခဲ့သည်။ ထို့ပြင် လူမှုလုံခြုံရေးကလည်း သန်းနှင့်ချီသောလူများကို ဆင်းရဲတွင်းထဲသို့ ပြန်ရောက်ခြင်းမှ တားဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

    ကုသမဂ္ဂ အထွေထွေညီလာခံမှ ချမှတ်သော ၁၅ နှစ်တာ ရည်ရွယ်ချက်များတွင် အလွန်းအမင်း ဆင်းရဲမွဲတွေမှုကို အဆုံးသတ်ရန်လည်း ပါဝင်ပြီး ကမ္ဘာ့ခေါင်းဆောင်များကလည်း အကောင်အထည်ဖော်ရန် ကတိပြုခဲ့ကြသည်။ ထို့ပြင် ဖွံဖြိုးရေး ရန်ပုံငွေကို ဒေါ်လာ ထရီလီယံနှင့်ချီ၍ ကုလက သတ်မှတ်ပေးခဲ့သည်။

    ကမ္ဘာ့ဘဏ်ကမူ ၂၀၃၀ ခုနှစ်တွင် ဆင်းရဲမွဲတေမှု အဆုံးသတ်ရေး ရည်မှန်းချက်၌ အဓိက အခက်အခဲများရှိနေသည်ဟုလည်း သတိပေးခဲ့သည်။

    “ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုဟာ ဆာဟာရနိုင်ငံတွေမှာ သွားစုနေတာ တော်တော်စိုးရိမ်စရာပါပဲ။ တစ်ချို့သော အာဖရိကနိုင်ငံတွေက ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ သိသာတဲ့အောင်မြင်မှုတွေ တွေ့နေရပေမယ့် အာဖရိက ဒေသတစ်ခုလုံးကတော့ ဆင်းရဲမွဲတေမှု လျှော့ချရေး ခြေလှမ်းတွေမှာ ကျန်ကမ္ဘာ့နိုင်ငံတွေထက် နှေးကွေးနေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    အာဖရိကမှ မာဒါစကာနိုင်ငံနှင့် ကွန်ဂိုနိုင်ငံတို့ကို စိုးရိမ်စရာကောင်းသည့် နိုင်ငံများအဖြစ် ထိုကြေငြာချက်တွင် ဖော်ပြထားပြီး အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံတစ်ချို့မှာ ဆင်းရဲမွဲတေမှုများကြောင့် အချက်အလက်များ မရရှိဟု ဆိုသည်။

    Ref: Channelnewsasia

  • မလေးရှား Maybank မြန်မာနိုင်ငံတွင် ဖွင့်ပြီ

    မလေးရှား Maybank မြန်မာနိုင်ငံတွင် ဖွင့်ပြီ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    may

    – မလေးရှားအခြေစိုက် Malayan Banking Bhd (Maybank) ၏ မြန်မာနိုင်ငံ ဘဏ်ခွဲကို ယနေ့တွင် ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်လိုက်ပြီး ဘဏ်လုပ်ငန်းများ၊ ငွေချေးလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများကို ပေးအပ်သွာမည်ဟု သိရသည်။

    အဆိုပါဘဏ်ခွဲကို အသားတင်ငွေသားပမာဏ ကန်ဒေါ်လာ ၇၅ သန်းဖြင့် စတင်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစက်အောင်နှင့် မလေးရှားဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဒါတွတ် မိုဟာမက် အီဘရာဟင်မ်တို့ တက်ရောက်ခဲ့ကြသည်။

    ထို့ပြင် Maybank ဥက္ကဌ တန်ဆရီ မီဂတ် ဇာဟာရူဒင် မီဂတ် မိုဟာမက် နူရ်၊ စီအီးအို ပိုလီဆင်းမ်၊ မြန်မာ့စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် မိုဟာမက် ဟာနစ်ဖ် အဘ်ဒူလ် ရဟ်မန်တို့လည်း တက်ရောက်ခဲ့သည်။

    မီဂတ် ဇာရာရူဒင်က မိမိတို့မှာ မြန်မာနိုင်ငံနှင့် ဒေသတွင်းအလားအလာများကို ယုံကြည်သည်ဟု ပြောကြားခဲ့သည်။ Maybank မှာ အဆီယံဒေသ ၁၀ နိုင်ငံစလုံးတွင် ဖွင့်လှစ်ထားပြီး၊ ဒေသအတွင်း ဈေးကွက်တန်ဖိုးနှင့် ပိုင်ဆိုင်မှုအမြင့်ဆုံး ထိပ်တန်းဘဏ်လုပ်ငန်းလေးခုတွင် တစ်ခုအပါအ၀င်လည်း ဖြစ်သည်။

    ၁၉၉၄ ခုနှစ်မှစ၍ ကိုယ်စားလှယ်ရုံးခန်းတစ်ခုကို မြန်မာနိုင်ငံတွင် Maybank က ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှုအတွက် ကူညီပံ့ပိုးပေးရာတွင် မိမိတို့မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု စီအီးအို အမျိုးသမီး ပိုလီဆင်းမ်က ပြောကြားခဲ့သည်။

    Ref: Thestar

  • ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    ကစားသမားများက မယုံလျှင် မော်ရင်ဟို ချယ်ဆီးမှထွက်မည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    mrh

    – အသင်းက ထုတ်ပယ်ရန် အစီအစဉ်မရှိသော်လည်း ကစားသမားများထံမှ ယုံကြည်မှု ဆုံးရှုံးသွားပါက မိမိအနေဖြင့် ထွက်ခွာသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲမှာ ယခုနှစ် ပရီးမီးယားလိဂ်၌ ချယ်ဆီး၏ စတုတ္ထမြောက် ရှုံးပွဲဖြစ်ပြီး အသင်းမှာလည်း အဆင့် ၁၆ သို့ ရောက်ရှိနေသည်။ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ထိုရလဒ်များအတွက် အလွန်အမင်း စိတ်ပျက်နေသော်လည်း မော်ရင်ဟိုအား ထုတ်ပယ်ရန် အလားအလာမရှိပေ။

    “ကစားသမားတွေဆီကို ဒဲ့သွားလိုက်ပါ။ တကယ်လို့များ သူတို့က ကျွန်တော့်ကို မယုံကြည်တော့ဘူးလို့ ပြောလာရင် ကျွန်တော်တစ်ခုတည်းသော လုပ်ရမှာက နှုတ်ထွက်ဖို့ပါပဲ။ ကစားသမားတွေကိုမေးပါ။ အလိမ်အညာသတင်းတွေနောက်ကို မလိုက်ပါနဲ့။ ကစားသမားက သူ့သူငယ်ချင်းကိုပြောတယ်။ သူ့သူငယ်ချင်းက အေးဂျင့်ကိုပြောမယ်။ ကျွန်တော်က သူ့ကစားသမားကိုမသုံးလို့ အေးဂျင့်က စိတ်မချမ်းမသာဖြစ်တယ်။ ဒါမျိုးတွေပေါ့” ဟု ၎င်း၏ ရာထူးနေရာနှင့်ပတ်သက်၍ မော်ရင်ဟိုက ဆောက်သက်တမ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Dailymail

  • ပစိဖိတ် ကုန်သွယ်ရေးဇုန်ကိစ္စ အဖွဲ့ဝင်နိုင်ငံများ မူအားဖြင့် သဘောတူညီ

    ပစိဖိတ် ကုန်သွယ်ရေးဇုန်ကိစ္စ အဖွဲ့ဝင်နိုင်ငံများ မူအားဖြင့် သဘောတူညီ

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    japan

    – ကမ္ဘာပေါ်တွင် အကြီးဆုံးကုန်သွယ်ရေးဇုန် ဖြစ်လာမည့် ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီချက်ကို မူအားဖြင့် သဘောတူညီခဲ့ပြီဟု ဂျပန်စီးပွားရေးဝန်ကြီး အာကီရာ အေမာရီက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားလိုက်သည်။

    ပစိဖိတ်ဒေသ အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံမှာ နောက်ဆုံးကွဲလွဲမှုများအတွက် သဘောတူညီချက်ရရန် ဆွေးနွေးမှုကို ပြီးခဲ့သည့် ရက်ပိုင်းကတည်းက အပြင်းအထန်ပြုလုပ်နေခြင်းဖြစ်ပြီး ယမန်နေ့ မနက်ပိုင်း ဆွေးနွေးမှုများတွင် တိုးတက်မှုများ ရရှိခဲ့သည်ဟု အေမာရီက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ပစိဖိတ်ကုန်သွယ်ရေးဇုန် ဖြစ်လာပါက ကမ္ဘာ့စီပွားရေး၏ ၄၀ ရာခိုင်နှုန်းရှိသော ဒေသတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ပြည့်ဝသော သဘောတူညီချက်ရရှိ အဖွဲ့ဝင်နိုင်ငံများက ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

    Ref: channelnewsasia