News @ M-Media

Author: Ko Lay

  • အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီဆိုတဲ့ မန်ယူလူငယ်ကစားသမား ပါရဲရား

    အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပြီဆိုတဲ့ မန်ယူလူငယ်ကစားသမား ပါရဲရား

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    mu

    – အသင်းနှင့် ပထမဆုံး ပွဲထွက်ခွင့်ရသည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမှာ အိပ်မက်များ အမှန်တစ်ကယ် ဖြစ်လာခြင်းဖြစ်သည်ဟု မန်ယူအသင်း၏ လူငယ်ကွင်းလယ်လူ အန်ဒရီယက်စ် ပါရဲရားက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အပ်စ်ဝစ်ခ်ျနှင့် လိဂ်ဖလားပြိုင်ပွဲတွင် မန်ယူမှာ ၃ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အသင်းနှင့် ပထမဆုံး ပွဲထွက်ခဲ့သည့် ပါရဲရားက ဖရီးကစ်မှတစ်ဆင့် ဒုတိယဂိုးကို လှပစွာ သွင်းယူပေးခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ် လူငယ်ကစားသမား ပါရဲရားမှာ မန်ယူ၏ ပွဲထွက်ကစားသမား ၁၁ ယောက်တွင် တစ်ဦးတည်းသော အကယ်ဒမီထွက် ကစားသမားဖြစ်သည်။

    “ဖရီးကစ်ကန်ဖို့ ဂျူအန် (မာတာ) ဆီကနေ ကျွန်တော် တောင်းခဲ့ပြီး သူကလည်း ကျွန်တော့်ကို ပေးခဲ့ပါတယ်။ ဖရီးကစ်ကန်တာကို ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ အတူကျင့်ခဲ့ပြီး သူက ကျွန်တော့်ကို ယုံကြည်ခဲ့ပါတယ်” ဟု ပါရဲရားက ပြောကြားခဲ့သည်။

    ပါရဲရားမှာ မန်ယူတွင် လူစားဝင်ကစားသမားအဖြစ် ၂ ပွဲသာ ကစားရသေးသည်။

    “ကျွန်တော်ကြိုးစားခဲ့သမျှတွေ အရာထင်လာတဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်။ စတန်းဖို့ဒ်အန့်မှာ ဖရီးကစ်နဲ့ ပထမဆုံး ဂိုးသွင်းနိုင်တာက အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာသလိုပါပဲ။ အခု ကျွန်တော် ဆက်ပြီးတော့ တိုးတက်ချင်ပါတယ်”

    နည်းပြဗန်ဂါးကလည်း ပါရဲရားအား ဆက်လက်ထိန်းသိမ်းသွားရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။

    “ဖရီးကစ်ကို လက်ဖျားခါလောက်တဲ့နည်းလမ်းနဲ့ သူ သွင်းနိုင်တဲ့အတွက်ကြောင့် သူဟာ တော်တော် အထင်ကြီးခံရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် သူ ကန်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိလို့ သူ ကန်ခွင့်ရတာပါ။ အခြားသူတွေက သူ့ထက်ပိုပြီး တိုးတက်တယ်ဆိုရင် အဲဒီကစားသမားတွေ ကန်ခွင့်ရမှာပါ။ သူဟာ ညာတောင်ပံ၊ ဘယ်တောင်ပံနဲ့ နံပါတ် ၁၀ နေရာတွေမှာ ကစားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ သူ ယှဉ်ပြိုင်ရမယ့်သူတွေက အက်ရှက်လေယန်း၊ ဒီပိုင်း၊ လင်ဂါ့ဒ်၊ မာတာနဲ့ အခြားသူတွေပါ။
    ဒီအကြောင်းကြောင့် ဒီကစားသမားအားလုံးကို ကျွန်တော်က ထိန်းထားတာပေါ့”

    ထိုပွဲတွင် စံချိန်တွင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် လူငယ်တိုက်စစ်မှူး အန်သိုနီမာရှယ်ကလည်း တစ်ဂိုးသွင်းယူပေးခဲ့ပြီး ၀ါရင့်တိုက်စစ်မှူး ရူနီက တစ်ဂိုး သွင်းပေးခဲ့သည်။

    Ref: Dailymail

  • အရှေ့အလယ်ပိုင်း ဒုက္ခသည်များအတွက် ဥရောပက ကန်ဒေါ်လာ ၁.၁ ဘီလီယံ ကူညီမည်

    အရှေ့အလယ်ပိုင်း ဒုက္ခသည်များအတွက် ဥရောပက ကန်ဒေါ်လာ ၁.၁ ဘီလီယံ ကူညီမည်

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    eu

    – အရှေ့အလယ်ပိုင်းဒေသမှ ဒုက္ခသည်များကို ကူညီရန်အတွက် ကုလသမဂ္ဂ အေဂျင်စီများသို့ အနည်းဆုံး ကန်ဒေါ်လာ ၁.၁ ဘီလီယံ ထောက်ပံ့ပေးသွားရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် ဥရောပခေါင်းဆောင်များက ကတိပြုခဲ့ပြီး ဥရောပသို့ ဒုက္ခသည်များ စီးဆင်းမှုရပ်တန့်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

    ဘရပ်ဆဲလ်မြို့တွင် ဥရောပခေါင်းဆောင်များ အရေးပေါ်ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေး၌ ဥရောပသမဂ္ဂ ဥက္ကဌ ဒေါ်နယ်လ် တက်စ်က မိမိတို့မျှော်လင့်ထားသည်ထက် ပို၍ သေချာစွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့် အလွန်ကောင်းမွန်သော အစည်းအဝေးဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယခုနှစ်နွေရာသီတွင် ဒုက္ခသည်ပြဿနာ အဆိုးဝါးဆုံး ခံစားနေရသည့် ဟန်ဂေရီနှင့် သြစတြီးယား ခေါင်းဆောင်များ အကြားတွင်လည်း အလွန်အရေးပါ၍ အားတက်စရာကောင်းသည့် ပြောဆိုမှုများကိုလည်း မိမိကြားခဲ့ရသည်ဟု တက်စ်က ဆိုသည်။

    “ဒီနေ့ အစည်းအဝေးနဲ့ ဒီအခြေအနေမျိုးဟာ အင်မတန် အပြုသဘောဆောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အတော်လေး အဓိပ္ပါယ်ရှိတဲ့အချိန်ဖြစ်ခဲ့ပြီး အန္တရာယ်ရှိတဲ့ အပြစ်တင်မှုတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ရပ်ပစ်လိုက်ပါပြီ” ဟု ပိုလန် ၀န်ကြီးချုပ်ဟောင်းဖြစ်သူ တက်စ်က ပြောကြားခဲ့သည်။

    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ ဒုက္ခသည်များအရေး ကိုင်တွယ်မှုညံ့ဖျင်းခဲ့သည့် ဥရောပ အရှေ့ပိုင်းနိုင်ငံများကို ဝေဖန်ခဲ့သည်။

    “ပြဿနာကို ဆုံးဖြတ်ချက်ချရုံနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်မတို့သိပါတယ်။ ဒါပေမယ့် လုပ်ဆောင်ရမယ့်အရာ အများကြီးထဲက တစ်ခုကို ကျွန်မတို့ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒီစမ်းသပ်မှုကို ကျွန်မတို့ အတူတကွ ရင်ဆိုင်ဖြေရှင်းချင်တယ်ဆိုတဲ့ ခံစားမှု ကျွန်မမှာ ရှိပါတယ်” ဟု မာကဲလ်က ပြောကြားခဲ့သည်။

    ဥရောပ ပြည်ထဲရေးဝန်ကြီးများမှာ အင်္ဂါနေ့ကလည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒုက္ခသည် ၁၂၀၀၀၀ ကို ခွဲဝေလက်ခံရန် သဘောတူခဲ့ကြသည်။

    Ref: Aljazeera

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၃၊ ၂၀၁၅)

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    ဂရိဝန်ကြီးချုပ် ကျမ်းသစ္စာကျိန်ဆို
    ……………………..
    နိုင်ငံ၏ အကြွေးပြဿနာ ဖြေရှင်းရေး ဆောင်ရွက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် တနင်္ဂနွေ ရွေးကောက်ပွဲတွင် ပြန်လည် အနိုင်ရရှိခဲ့သည့် ဂရိဝန်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်မှာ အစိုးရသစ်အတွက် ယနေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၎င်း၏ ၀န်ကြီးအဖွဲ့များတွင်လည်း မျက်နှာသစ်များ အများပြား ပါဝင်ခဲ့သည်။ ၎င်း၏ စီးပွားရေးအဖွဲ့တွင် တီစီပရက်စ်မှာ အကြွေးပြဿနာ ညှိနှိုင်းဆွေးနွေးခဲ့သူ နှစ်ဦးကို အကြီးအကဲဖြစ် ခန့်အပ်ခဲ့သည်။

    အမေရိကန်-တရုတ် ဆက်ဆံရေး ပုံစံသစ်ဖြစ်ရန် ဇီဂျင်ပင်း တောင်းဆို
    …………………………….
    မိမိတို့နှစ်နိုင်ငံ၏ မဟာဗျူဟာ သဘောထားများကို ပိုမိုနားလည်ရန် ဆောင်ရွက်ရမည်ဟု တရုတ်သမ္မတ ဇီဂျင်ပင်းက ဆီယက်တဲတွင်၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပြီး ပိုမိုနားလည်၍ သံသယနည်းသည့် ပုံစံမျိုးဖြင့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို တည်ဆောက်ရန်လည်း တောင်းဆိုလိုက်သည်။ ဇီဂျင်ပင်းမှာ အမေရိကန်တွင် တစ်ပတ်တာ ကြာမြင့်မည်ဖြစ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဆိုက်ဘာတိုက်ခိုက်မှုနှင့် လူ့အခွင့်အရေး ကိစ္စများကို အမေရိကန်နှင့်
    ဆွေးနွေးသွားမည်ဖြစ်သည်။

    Instagram သုံးစွဲသူအရေအတွက် Twitter ကို ကျော်တက်
    ………………………………..
    ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Instagram အား ပုံမှန်အသုံးပြုသူမှာ တစ်လလျှင် သန်း ၄၀၀ ကျော် ရှိလာခဲ့ပြီး ပြိုင်ဘက် Twitter ထက် သန်း ၈၀ ပိုများကာ ကျော်တက်သွားပြီဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်တာကာလက စတင်ပေါ်ပေါက်လာခဲ့သည့် အဆိုပါ Instagram မှာ အခြားသော ဆိုရှယ် အက်ပလီကေးရှင်းများထက် ပို၍ ရေပန်းစားလာခဲ့ပြီး အသုံးပြုသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အမေရိကန် ပြင်ပမှ ဖြစ်သည်။ Facebook မှာ ၂၀၁၂ ခုနှစ်က Instagram ကို ကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူခဲ့ပြီး
    တိုးချဲ့ခဲ့ကာ ၂၀၁၇ ခုနှစ်တွင် ကြော်ငြာထည့်သွင်းသည့် အမြတ်အစွန်းမှ ဒေါ်လာ ၂.၈ ဘီလီယံရမည်ဟု ခန့်မှန်းထားသည်။

    Ref: News Agencies

  • ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဗလီဝတ်ကျောင်းတော်သစ်ကြီးတစ်ခု ဖွင့်လှစ်

    ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဗလီဝတ်ကျောင်းတော်သစ်ကြီးတစ်ခု ဖွင့်လှစ်

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    russia 2

    – ၁၀ နှစ်ကြာ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီးနောက် ရုရှားနိုင်ငံ မော်စကိုမြို့၌ အဓိက ဗလီဝတ်ကျောင်းတော် တစ်လုံးကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျသည့် အဆိုပါ ကက်သဒရယ် ဗလီဝတ်ကျောင်းတော် ဖွင့်ပွဲအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်၊ တူရကီသမ္မတနှင့် ပါလက်စတိုင်းသမ္မတတို့ တက်ရောက်ခဲ့ကြသည်။ ရုရှားနိုင်ငံ၌ မနက်ဖြန်တွင် အစ္စလာမ်ဘာသာဝင်တို့၏ အီဒွလ်အသွဟာ စွန့်လှူဒါနပြုမှု ပွဲတော် ကျရောက်မည်ဖြစ်သည်။ ထိုပွဲတော်ကို ရုရှားတွင် ကိုရ်ဘာန် ဘိုင်ရမ်ဟု သိကြသည်။

    russia

    သမ္မတပူတင်ကမူ အစွန်းရောက် သဘောတရားများ ရုရှားမွတ်စလင်လူ့အဖွဲ့အစည်းအတွင်းသို့ ၀င်ရောက်မလာအောင် တားဆီးနိုင်ခဲ့သည့် ရုရှားမွတ်စလင်ခေါင်းဆောင်များကို ချီးကျူးခဲ့ပြီး နိုင်ငံအတွင်းရှိ ဘာသာရေးခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့သည်။

    “အစွန်းရောက်ဝါဒဖြန့်မှုတွေကို ခုခံတားဆီးဖို့ ရုရှားက မွတ်စလင်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြောင်မြောက်စွာ အသုံးချနေကြပါတယ်။ တကယ့်ကို သူရဲကောင်းဆန်တဲ့ အလုပ်တွေကို လုပ်ဆောင်နေကြတဲ့ အဲဒီခေါင်းဆောင်တွေကို အလွန်ပဲ လေးစားအားထားတယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ပူတင်က ဗလီဝတ်ကျောင်းတော် ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ ရုရှား၌ ဒုတိယအကြီးဆုံး ဘာသာတရားဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အစ္စလာမ်ကို သက်ဝင်ယုံကြည်သူ ဦရေ ၂၃ သန်းခန့်ရှိကာ အများစုမှာ နိုင်ငံမြောက်ပိုင်း ကော့ကေးရှပ်ဒေသတွင် နေထိုင်ကြသည်။ ရုရှားနိုင်ငံမြို့တော် မော်စကိုတွင် အစ္စလာမ်ဘာသာဝင် ၂ သန်းခန့် နေထိုင်လျက်ရှိနေသည်။

    နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့် ဗလီဝတ်ကျောင်းတော်မှာ ၂၀၁၁ ခုနှစ်က ဖြိုချခံရပြီးနောက် ထိုနေရာတွင် ပြန်လည်တည်ဆောက်ခဲ့သည့် အဆိုပါ ကက်ဒသရယ် ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၁၀၀၀၀ အထိ ၀င်ဆန့်ပြီး မော်စကိုမြို့၏ ဆဌမမြောက် ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။ ထိုဗလီဝတ်ကျောင်းတော်ကို အစ္စလာမ်ဘာသာဝင်များ၏ အလှူငွေ သက်သက်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် ဖွင့်လှစ်

    သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် ဖွင့်လှစ်

    စက်တင်ဘာ ၂၃၊ ၂၀၁၅

    M-Media

    mya

    – မြန်မာနိုင်ငံ မြို့တော်ရန်ကုန် တောင်ဘက်တွင် ဖော်ဆောင်နေသော သီလ၀ါ အထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဖြစ်သည့် ကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိသော စက်မှုဇုန်ကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    မြေဧက ၂၄၀၀၀ ဟက်တာ အကျယ်ရှိသည့် အဆိုပါ အထူးစီးပွားရေးဇုန်မှ စက်မှုဇုန် ဖွင့်ပွဲအခမ်းအနားကို ဒုတိယသမ္မတ ဦးဥာဏ်ထွန်းကိုယ်တိုင် တက်ရောက်ခဲ့သည်။ သီလ၀ါ အထူးစီးပွားရေးဇုန်ကို စက်ရုံပေါင်း ၁၀၀ ခန့်ဖွင့်လှစ်နိုင်ရန်နှင့် လူပေါင်း ၄၀၀၀၀ ကျော်ကို အလုပ်အကိုင်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

    အဆိုပါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်အစိုးရနှင့် ဂျပန်ကုမ္ပဏီများ ကျောထောက်နောက်ခံ ပြုပေးထားခြင်းဖြစ်ပြီး ဦးဥာဏ်ထွန်းကမူ ထိုစီးပွားရေးဇုန်မှာ မြန်မာနှင့် ဂျပန်နိုင်ငံတို့၏ ဆက်သွယ်မှုကို မြှင့်တင်ပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    ယခုဖွင့်လှစ်လိုက်သည့် စက်မှူဇုန် အကျယ်အ၀န်းမှာ ၄၀၀ ဟက်တာရှိပြီး ထိုမြေနေရာ၏ ၇၀ ရာခိုင်နှုန်းကျော်တွင် နိုင်ငံ ၁၃ နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုက လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

    လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၀၉-၂၀၁၀ ခုနှစ်က ကန်ဒေါ်လာ ၃၂၉.၅ သန်းရှိရာမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း ၈.၁ ဘီလီယံအထိ ခုန်တက်လာခဲ့သည်။

    နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကမူ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်တွင် ၈.၅ ရာခိုင်နှုန်း တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။

    မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့များတွင်လည်း အထူးစီးပွားရေး ဇုန်များကို ဖော်ဆောင်ရန် အစိုးရက စီစဉ်ထားပြီး၊ သီလ၀ါကိုမူ ဦးစားပေး သတ်မှတ်ထားသည်။

    Ref: Reuters