News @ M-Media

Author: Ko Lay

  • ရုရှားသမ္မတပူတင် လိင်တူအခွင့်အရေးအကြောင်း နာမည်ကျော်အဆိုတော်နှင့် ဆွေးနွေးမည်

    ရုရှားသမ္မတပူတင် လိင်တူအခွင့်အရေးအကြောင်း နာမည်ကျော်အဆိုတော်နှင့် ဆွေးနွေးမည်

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    – နိုင်ငံအတွင်းရှိ လိင်တူချစ်သူများနှင့် ပတ်သက်သည့် အခွင့်အရေးအား ဆွေးနွေးရန်အတွက် ရုရှားသမ္မတ ပလာဒီမီရ်ပူတင်မှာ နာမည်ကျော် လိင်တူချစ်သူ အဆိုတော် အဲလ်တန်ဂျွန်နှင့် တွေ့ဆုံသွားမည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က ရုရှားမှ လိင်တူချစ်သူ လူရွှင်တော် ၂ နှစ်ဦးမှာ အသက် ၆၈ နှစ်အရွယ်ရှိ အင်္ဂလိပ်တေးရေးဆရာနှင့် အဆိုတော် ဂျွန်ကို သမ္မတပူတင် ဖုန်းခေါ်ဟန်ဖြင့် နောက်ပြောင်ခဲ့သည်။ အဲလ်တန်ဂျွန်ကလည်း ထို အရွှန်းဖောက်မှုအတွက် ရယ်မောခဲ့ပြီး ထိုဖြစ်ရပ်က လိင်တူချစ်သူများအပေါ် ပြုလုပ်သည့် ခွဲခြားဆက်ဆံမှုများကို မီးမောင်းထိုးပြခြင်း ဖြစ်မည်ဟု မျှော်လင့်ကြောင်း ၎င်းက
    ပြောကြားခဲ့သည်။

    လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အဲလ်တန်ဂျွန်မှာ ရုရှားနိုင်ငံတွင် လိင်တူချစ်သူများအား ဆက်ဆံမှုနှင့်ပတ်သက်၍ ယခင်က ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရုရှားမှာ လူငယ်များအကြား လိင်တူချစ်သူစိတ်ဓာတ် ၀ါဒဖြန့်မှုအား ပိတ်ပင်သည့် ဥပဒေကို ထုတ်ပြန်ခဲ့ပြီး ဂျွန်က ထိုအတွက် ရုရှားအစိုးရကို အားမနာပ ပြောဆိုခဲ့သည်။

    ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကမူ ထိုအရွှန်းဖောက်မှု ပြုလုပ်ခဲ့ပြီးနောက် ပူတင်မှာ အလ်တန်ဂျွန်သို့ အမှန်တကယ်ပင် ဖုန်းခေါ်ဆိုခဲ့ပြီး ၎င်းအနေဖြင့် လိင်တူချစ်သူများ အခွင့်အရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ပူတင်က သူ့ကို ဖုန်းခေါ်ခဲ့ပါတယ်။ ပြီးတော့ ‘တစ်ချို့ လိင်တူချစ်သူတွေက ဖုန်းကနေတစ်ဆင့် ခင်ဗျားကို လှည့်စားခဲ့တယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် စိတ်မဆိုးပါနဲ့။ သူတို့ ဒီလိုလုပ်ပေမယ့် ထိခိုက်စေလိုတဲ့ဆန္ဒ မရှိပါဘူး’ လို့ ပူတင်က ပြောခဲ့ပါတယ်” ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဂျွန်မှာ လူကြိုက်များသည့် အနုပညာရှင်တစ်ဦးဖြစ်ပြီး အကယ်၍ ၎င်းတို့နှစ်ဦး တွေ့ဆုံရန်အချိန် အဆင်ပြေပါက ဂျွန်စိတ်ဝင်စားသည့်ကိစ္စအား မိမိက ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု ပူတင်က ဖုန်းခေါ်ဆိုမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အဲလ်တန်ဂျွန်မှာလည်း လိင်တူချစ်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ကျော်ကြားမှုကို အသုံးပြု၍ ကမ္ဘာတစ်ဝှမ်း လိင်တူချစ်သူများအတွက် တူညီသော အခွင့်အရေး ရရှိအောင် ဆောင်ရွက်နေသူဖြစ်သည်။

    ပူတင်ကမူ ၎င်းမှာ လိင်တူချစ်သူများအပေါ် မနှစ်မြို့သည့် သဘောထားများမရှိဟု ပြောကြားထားသော်လည်း တက်ကြွလှုပ်ရှားသူများက လိင်တူချစ်သူများနှင့်ပတ်သက်၍ ပူတင်ပြောကြားလေ့ရှိသည့် မှတ်ချက်များမှာ အငြင်းပွားဖွယ်များ ဖြစ်နေပြီး၊ စော်ကားသည့်သဘောများ ပါဝင်သည်ဟု ပြောကြားမှုများ ရှိနေသည်။

    ပူတင်၏ ဖုန်းခေါ်ဆိုမှုကိစ္စအတွက် အဲလ်တန်ဂျွန်ဘက်က မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    Ref: Aljazeera

  • ဟဂ်ျကျင့်စဉ်အတွင်း စုပြုံတိုးဝှေ့မှုကြောင့် အသက်ဆုံးရှုံးရခြင်းအတွက် မွတ်စလင်များနည်းတူ ကြေကွဲရသည်ဟု ပုပ်ရဟန်းမင်းကြီးပြော

    ဟဂ်ျကျင့်စဉ်အတွင်း စုပြုံတိုးဝှေ့မှုကြောင့် အသက်ဆုံးရှုံးရခြင်းအတွက် မွတ်စလင်များနည်းတူ ကြေကွဲရသည်ဟု ပုပ်ရဟန်းမင်းကြီးပြော

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    pope

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် လူစုပြုံတိုးဝှေ့မှုကြောင့် ဟဂ်ျဘုရားဖူးခရီးသည်များ သေဆုံးရခြင်းအတွက် ကမ္ဘာ့မွတ်စလင်များနည်းတူ ကြေကွဲဝမ်းနည်းရသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်သည်။

    မက္ကာမြို့အပြင်ဘက် မီနာဒေသတွင် သန်းနှင့်ချီသော ဘုရားဖူးများမှာ ဟဂ်ျကျင့်စဉ်များကို ကျင့်မူနေခိုက် တိုးဝှေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်ကြောင့် လူ ၇၀၀ ကျော် သေဆုံးခဲ့ကာ ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကမူ ယမန်နေ့ညနေပိုင်းတွင် ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းမှု၌ ထိုဖြစ်ရပ်ဆိုးကြီးကြောင့် ထိခိုက်ခံစားရသော မွတ်စလင်များနှင့်အတူ မိမိ၏မှာလည်း စိတ်မကောင်းဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

    “ဒီဆုတောင်းပွဲအခါသမယမှာ ကြီးကျယ်မြင့်မြတ်တော်မူသော၊ သနားကြင်နာတော်မူသော ကျွန်ုပ်တို့ အဖဘုရားသခင်ရဲ့ အထံတော်အပါး သင်တို့အားလုံးအတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ဆော်ဒီတာဝန်ရှိသူများကမူ ထိုအဖြစ်အပျက်မှာ ဘုရားဖူးများက ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဆိုသည်။

    ဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်က အဆိုပါအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ဟဂ်ျအစီအစဉ်များကို ပြန်လည် သုံးသပ်နေသည်ဟု ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် မက္ကာမြို့အပြင်ဘက် မီနာဒေသ၌ ရှိုင်တွာန်မာနတ်အား ခဲဖြင့်ပေါက်သည့် ကျင့်စဉ်သို့ သွားသော လူအုပ်ကြီးနှင့် ထိုမှ ပြန်လာသော လူအုပ်ကြီးတို့ တွေ့ဆုံခိုက် စုပြုံတိုးဝှေ့မှု
    ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

    အခင်းဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများက အခြေအနေအား ထိန်းသိမ်းမှု မရှိခဲ့ခြင်းအတွက် ဆော်ဒီအစိုးရကို ပြစ်တင်ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီနောက် သန်းနှင့်ချီသော ဘုရားဖူးများကို ဟဂ်ျကျင့်စဉ်များကို ပုံမှန်ဆောင်ရွက်လျက် ရှိနေသည်။

    Ref: Aljazeera

  • ခိုတောင်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြရန် ရှေ့နေက အချိန်ပိုမိုတောင်းဆို

    ခိုတောင်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြရန် ရှေ့နေက အချိန်ပိုမိုတောင်းဆို

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    thai

    – ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန် ကမ္ဘာလှည့်ခရီးသည် နှစ်ဦးအား သတ်ဖြတ်သည်ဟု စွပ်စွဲခံရကာ တရားရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ ရှေ့နေက ၎င်း၏ အမှုသည်များမှာ ဓားစားခံများဖြစ်ပြီး အပြစ်မဲ့များဖြစ်သည်ဆိုသည်ကို သက်သေပြရန်အတွက် အချိန်ပိုပေးရန် ယနေ့တွင် ပြုလုပ်သည့် ကြားနာမှုတွင် တောင်းဆိုလိုက်သည်။

    အသက် ၂၀ ကျော်အရွယ်ရှိသည့် ဟန်နာ ၀ှိုက်ရစ်ဂ်ျနှင့် ဒေးဗစ်မီလာတို့မှာ လွန်ခဲ့သည် တစ်နှစ်ခန့်က ခိုတောင်ကျွန်းတွင် ဆိုးဆိုးဝါးဝါး ရိုက်နှက်သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ပြီး အလောင်းအား စစ်ဆေးမှုများအရ ၀ှိုက်ရစ်ဂ်ျမှာ အဓ္ဓမပြုကျင့် ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရသည်။

    ထိုအမှုအတွက် မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးဖြစ်သော ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့မှာ တရားခံများအဖြစ် ဖြောင့်ချက်ပေးထားသည်ဟု ကြေငြာခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားစီးပွားရေး ပုံရိပ်ကို ထိခိုက်စေပြီး နိုင်ငံတကာက အာရုံစိုက်လာသည့် ထိုအမှုအား ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံသားနှစ်ဦးမှာ ဓားစားခံဖြစ်ခဲ့ရသည်ဟု သတင်းများ
    ထွက်ပေါ်ခဲ့သည်။

    စွပ်စွဲခံထားရသည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကလည်း ၎င်းတို့မှာ ရဲတပ်ဖွဲ့၏ ဖိအားပေးမှုကြောင့် ဖြောင့်ချက်ပေးခဲ့ရခြင်း ဖြစ်သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ ထိုလူသတ်မှုကို ကျူးလွန်သူများမဟုတ်ဘဲ ဓားစားခံများ ဖြစ်သည်ကို သက်သေပြရန်အတွက် စက်တင်ဘာ ၂၅ ရက်၊ သောကြာနေ့အထိသာ အချိန်ရမည်ဖြစ်ပြီး ရှေ့နေဖြစ်သူ နာခွန် ခွမ်ဖူပတ်က ပြဿနာအချို့ ရှိနေသည်ဟု ဆိုသည်။

    “(သောကြာနေ့ မတိုင်ခင်) သက်သေတွေအားလုံးရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ကို သတင်းပေးတဲ့သူတွေက သက်သေအဖြစ် ဆောင်ရွက်ပေးဖို့ မ၀ံ့ရဲတဲ့ ပြဿနာ ရှိနေပါတယ်။ ဘာ့ကြောင့်လည်းဆိုတေ့ သူတို့ထဲကတစ်ချို့ဟာ ခိုတောင်ကျွန်းမှာပဲ ဆက်ပြီး အလုပ်လုပ်နေရတာကိုး” ဟု ခွမ်ဖူပတ်က ပြောကြားခဲ့သည်။

    ရှေ့နေအဖွဲ့မှာ စနစ်မကျသည့် စုံစမ်းစစ်ဆေးမှု၊ အငြင်းပွားဖွယ်ရာဖြစ်နေသည့် အလောင်းဆေးစစ်ချက်၊ အခင်းဖြစ်ပွားရာနေရာအား ပုံဖျက်ထားမှု၊ စွပ်စွဲမှုကို ထင်ရှားစေရန် လုံခြုံရေးကင်မရာမှ ဗီဒီယိုများကို ရွေးချယ်အသုံးပြုမှုများနှင့် ပတ်သက်၍ စောဒကတက်ခဲ့သည်။

    လူ့အခွင့်အရေး ကျွမ်းကျင်သူ တစ်ယောက်မှာလည်း ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုများအတွက် ယနေ့တွင် တရားရုံး၌ သက်သေထွက်ဆိုရန် ရှိနေပြီး ထိုစုံစမ်းမှုများအရ သံသယရှိသူများ စစ်ကြောမှုအတွင်း ရဲတပ်ဖွဲ့၏ ညှင်းပန်းမှုများ ခံခဲ့ရသည်ကို တွေ့ခဲ့ရသည်ဟု ရှေ့နေများက ဆိုသည်။ အခြား ရှေ့နေဟောင်းတစ်ဦးကလည်း သံသယရှိသူများမှာ အင်အားသုံးခြင်းကြောင့် ဖြောင့်ချက်ပေးခဲ့ရသည်ဟု ယနေ့တွင် သက်သေထွက်ဆိုမည် ဖြစ်သည်။

    ထိုင်းရဲတပ်ဖွဲ့ကမူ ၎င်း၏ စွပ်စွဲမှုအပေါ် အခိုင်အမာရပ်တည်နေပြီး ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုယ်တိုင်က ထိုကိစ္စတွင် ရဲတပ်ဖွဲ့၌ မည်သည့်မသာမှုမှ မရှိဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့၏ ညှင်းပန်းမှုနှင့် လုပ်ထုံးလုပ်နည်းမမှန်မှု စွပ်စွဲချက်များကြောင့် ဗြိတိန်တွင်လည်း မကျေနပ်မှုများ ရှိနေပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပရာယွတ်နှင့် တွေ့ဆုံစဉ် ထိုကိစ္စအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ပရာယွတ်ကလည်း ထိုအမှုအတွက် လန်ဒန်ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးခွင့် ပေးခဲ့သည်။

    သို့သော်လည်း နောက်ဆုံး ထုတ်ပြန်မည့် အစီရင်ခံစာကို သံသယရှိသူများ၏ မိသားစုများမှလွဲ၍ လူသိရှင်ကြား ထုတ်ပြန်ရန်အတွက်ကိုမူ ငြင်းဆိုခဲ့သည်။

    Ref: Channelnewsasia

  • မက္ကာတွင် ဟဂ်ျပြုသူများ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး လူ ၂၀၀ ကျော်သေဆုံး

    မက္ကာတွင် ဟဂ်ျပြုသူများ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး လူ ၂၀၀ ကျော်သေဆုံး

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    hagg

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့အပြင်ဘက် မီနာဒေသတွင် ဟဂ်ျပြုသူ လူအုပ်ကြီးအကြား တိုးဝှေ့မှု ဖြစ်ပွားသောကြောင့် အနည်းဆုံး လူပေါင်း ၂၂၀ ခန့် သေဆုံးခဲ့သည်ဟု ဆော်ဒီ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ပြောကြားလိုက်သည်။

    ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ၄၅၀ ခန့်ရှိသည်ဟု ဆိုသည်။ အင်္ဂါနေ့မှ စတင်ခဲ့သည့် ဟဂ်ျကျင့်စဉ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ လူပေါင်း ၂ သန်းခန့် ပါဝင်ခဲ့သည်။ လူအုပ်တိုးဝှေ့မှုမှာ မီနာမှ ဟဂ်ျပြုသူများ တည်းခိုရာ စခန်းများရှိ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရအတွက်မှာ တိုးလာနိုင်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • လင်းနို့လူသား ၀တ်စုံနဲ့ စတန့်ထွင်ခဲ့တဲ့ တိုင်ဆန်ဖျူရီ

    လင်းနို့လူသား ၀တ်စုံနဲ့ စတန့်ထွင်ခဲ့တဲ့ တိုင်ဆန်ဖျူရီ

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    box

    – ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီမှာ အောက်တိုဘာလတွင် ကလစ်ရှ်ုကိုနှင့် ထိုးသတ်မည့် လက်ဝှေ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲတွင် လင်းနို့လူသားဝတ်စုံဖြင့် စတန့်ထွင်ခဲ့သည်ဟု သိရသည်။

    ဗြိတိန် လက်ဝှေ့ချန်ပီယံဖြစ်သည့် ဖျူရီမှာ WBA၊ WBO နှင့် IBF ဟဲဗီးဝိတ်ချန်ပီယံ ယူကရိန်းနိုင်ငံသား ဗလာဒီမီရ် ကလစ်ရှ်ကိုအား စိန်ခေါ်သူဖြစ်ပြီး လာမည့် အောက်တိုဘာ ၂၄ ရက်တွင် ဂျာမနီနိုင်ငံ၌ ၎င်းတို့နှစ်ဦး ထိုးသတ်သွားမည်ဖြစ်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တိုင်ဆန်ဖျူရီမှာ လင်းနို့လူသားဝတ်စုံဖြင့် တက်ရောက်လာခဲ့ပြီး ကလစ်ရှ်ကိုထိုင်နေရာသို့ သွားရောက်ကာ လက်ညှိုးထိုး၍ “နောက်တစ်ခါ ခင်းဗျားအလှည့်” ဟု သုံးကြိမ်တိုင်တိုင် ဒေါသတစ်ကြီး ပြောကြားခဲ့သည်။

    ထို့နောက် သတင်းစာရှင်းလင်းပွဲလုပ်မည့်နေရာတွင် ၀င်ထိုင်ခဲ့ပြီး ရုပ်ရှင်ထဲမှ လင်းနို့လူသား၏ ရန်သူဖြစ်သူ ဂျိုကာမျက်နှာဖုံး ၀တ်ထားသည့် လူတစ်ဦး အရှေ့သို့ ထွက်လာသည့်အခါ ဖျူရီက စားပွဲပေါ်မှ ခုန်ကျော်ကာ ဂျိုကာအား ကြမ်းပြင်ပေါ်သို့ လှဲချခဲ့၍ ကလစ်ရှ်ကို၏ ချန်ပီယံ ခါးပတ်အချို့ကိုလည်း ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့သည်။

    ထိုစတန့်ထွင်မှုအပြီးတွင် ဖျူရီက ကလစ်ရှ်ကိုအား ဒေါသဖြစ်စေမည့် စကားအချို့ကို ပြောင်လှောင်သည့် သဘောဖြင့် ပြောကြားခဲ့ပြီး ကလစ်ရှ်ကိုကလည်း ဖျူရီကို လူရွှင်တော်ဟု သမုတ်ခဲ့သည်။

    နောက်ပိုင်းတွင် ဖျူရီမှာ ပုံမှန် ပွဲတက်အ၀တ်အစားဖြင့် သတင်းစာရှင်လင်းပွဲသို့ ပြန်လည် တက်ရောက်ခဲ့သည်။ ဖျူရီမှာ သတင်းစာရှင်းလင်းပွဲကို သတ်မှတ်ချိန်ထက် ၁၅ မိနစ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့သည်။

    သတင်းစာရှင်းလင်းပွဲမစခင် ၎င်းတို့နှစ်ဦးမှာ အပြန်အလှန် စကားစစ်ထိုးခဲ့ကြပြီး နောက်ဆုံးတွင် နွေထွေးစွာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

    Ref: Dailymail