News @ M-Media

Author: Ko Lay

  • မိမိ၏အခြေအနေအတွက် စိုးရိမ်စရာမရှိဟု မော်ရင်ဟိုပြော

    မိမိ၏အခြေအနေအတွက် စိုးရိမ်စရာမရှိဟု မော်ရင်ဟိုပြော

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    mrh

    – မိမိမှာ အင်္ဂလန်၏ လက်ရှိချန်ပီယံဖြစ်ပြီး ရာထူးနှင့်ပတ်သက်၍ မည်သည့်ပြဿနာမှ မရှိဟု မော်ရင်ဟိုက ဝေဖန်မှုများကို တုန့်ပြန် ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ယခုနှစ်ဘောလုံးရာသီအတွင်း ကစားခဲ့သော ပွဲအားလုံး၌ ၁ ပွဲသာ အနိုင်ရထားပြီး ပရီးမီးယားလိဂ်တွင် ၃ ပွဲအထိ ရှုံးနိမ့်ထားကာ အဆင့် ၁၇ နေရာသို့ ရောက်ရှိနေသည်။ ထို့ကြောင့် မော်ရင်ဟိုမှာ ဝေဖန်မှုများခံနေရပြီး ရာထူးနေရာအတွက် မသေချာတော့ဟု သတင်းများ ထွက်ပေါ်နေသည်။

    သို့သော်လည်း မော်ရင်ဟိုက ထိုသတင်းများကို ငြင်းဆိုခဲ့သည်။

    “ကျွန်တော်ဟာ လက်ရှိ အင်္ဂလန်ချန်ပီယံပါပဲ။ ဘာ့ကြောင့် ပြဿနာရှိရမှာလဲ။ ဒါဟာ (ချန်ပီယံလိဂ်ဟာ) ပြိုင်ပွဲသစ်တစ်ခုပါ။ အိမ်ကွင်းမှာ အစကောင်းဖို့က အရေးကြီးပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပထမဆုံးပွဲကို ကျွန်တော်တို့ ရှုံးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က သရေကျတယ်။ ဒါ့ကြောင့် တစ်ကယ်လို့ ကျွန်တော်တို့နိုင်ရင် ပိုကောင်းတဲ့နေရာမှာ ရှိမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်အဖြစ် မနက်ဖြန်တွင် အစ္စရေးကလပ် မက်ကာဘီ တဲလ်အဗီးနှင့် ကစားရမည်ဖြစ်ပြီး မော်ရင်ဟိုကမူ အသင်းအား ပြောင်းလဲသွားမည်ဟု မော်ရင်ဟိုက ဆိုသည်။

    “မတူညီတဲ့ လှုပ်ရှားမှုကို စမ်းကြည့်ရမှာကြောင့် ကျွန်တော်ဟာ အပြောင်းအလဲနှစ်ခုကို ပြုလုပ်သွားမှာပါ။ မကစားရသေးတဲ့သူတွေကို ကျွန်တော် အခွင့်အရေး ပေးရပါမယ်။ ဒီအတွက် အကျိုးဆက်ကို ကျွန်တော်သိပါတယ်။ နှစ်နေရာလောက် အပြောင်းအလဲလုပ်တာဟာ ကစားသားတွေကို အခွင့်အရေး ပေးချင်လို့ပါပဲ”

    Ref: Dailymail

  • ပြီးခဲ့သည့်နှစ် မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံက အောင်မြင်မှုမရှိ

    ပြီးခဲ့သည့်နှစ် မူးယစ်မှောင်ခိုမှု တိုက်ဖျက်ရာတွင် မြန်မာနိုင်ငံက အောင်မြင်မှုမရှိ

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    my

    – ပြီးခဲ့သည့်နှစ်က နိုင်ငံအတွင်း မူယစ်မှောင်ခိုမှုများကို တိုက်ဖျက်ရာတွင် မြန်မာ၊ ဘိုလီဗီယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှာ သက်သေပြလောက်စရာ အောင်မြင်မှုမျိုး မရှိဟု အမေရိကန်က ပြောကြားလိုက်သည်။

    အမေရိကန်ဥပဒေအရ သမ္မတအိုဘားမားမှာ တရားမ၀င် မူးယစ်ဆေးဝါးများ၏ ရင်းမြစ်အဖြစ် သတ်မှတ်ခြင်းခံထားရသော အဆိုပါနိုင်ငံများ၏ အပြုအမူအား ၎င်း၏ အစိုးရက မည်ကဲ့သို့ ဆုံးဖြတ်သည်ကို နှစ်စဉ် အထက်လွှတ်တော်သို့ တင်ပြရန် လိုအပ်သည်။

    ထိုကဲ့သို့ တရားမ၀င် မူးယစ်မှောင်ခိုမှုကို တားဆီးရန် ကြိုးပမ်းမှု၌ သက်သေပြလောက်သော အောင်မြင်မှုမျိုး မရှိသည့် နိုင်ငံမှာ သဘောတရားအားဖြင့် ပိတ်ဆို့မှုများ ရင်ဆိုင်ရနိုင်သည်။ သို့သော်လည်း ယခုနှစ်တွင် မြန်မာနှင့် ဗင်နီဇွဲလားနိုင်ငံကို မည်သည့်အရေးယူမှုမှ မလုပ်ရန် အိုဘားမားက ဆုံးဖြတ်ခဲ့သည်။

    အမေရိကန်အစိုးရကလည်း မြန်မာနှင့် ဗင်နီဇွဲလား နိုင်ငံများတွင် ဒီမိုကရေစီကို အားပေးထောက်ပံ့ရန် အကူအညီပေးရေး အစီအစဉ်များမှာ အမေရိကန်၏ အမျိုးသားအကျိုးစီးပွားအတွက် ရေးပါနေဆဲဖြစ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    ကျန်တစ်နိုင်ငံဖြစ်သည့် ဘိုလီဗီးယားနိုင်ငံအား မည်သည့်အရေးယူမှု ပြုလုပ်မည်ဆိုသည်ကို အမေရိကန်က ပြောကြားခဲ့ခြင်းမရှိချေ။

    ကုလ၏ စာရင်းများအရ ကိုးကင်းအတွက် ကုန်ကြမ်းဖြစ်သော ကိုကာစိုက်ပျိုးသည့်ပမာဏမှာ ဘိုလီဗီးယားနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၀ ခုနှစ်မှ စတင်ရေတွက်ပါက သုံးပုံတစ်ပုံ ကျဆင်းခဲ့ခြင်းဖြစ်သည်။

    Ref: nationmultimedia.

  • နာမည်ကျော် ယေးလ်တက္ကသိုလ်တွင် အစ္စလာမ့်ဥပဒေရေးရာ ဘာသာရပ်ကို သင်ကြားမည်

    နာမည်ကျော် ယေးလ်တက္ကသိုလ်တွင် အစ္စလာမ့်ဥပဒေရေးရာ ဘာသာရပ်ကို သင်ကြားမည်

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    us

    – တိုးတက်လာသော မွတ်စလင်ကျောင်းသားများအတွက် အဆင်ပြေစေရန် နာမည်ကျော် ယေးလ်တက္ကသိုလ်မှာ လာမည့် ၂ နှစ်အတွင်း အစ္စလာမ့် ဥပဒေနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ လေ့လာမှုစင်တာတစ်ခုကို ဖွင့်လှစ်သွားမည်ဟု သိရသည်။

    “ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာပါ။ ဒီရည်ရွယ်ချက်နဲ့ ဒီအဆောက်အဦးဖြစ်လာဖို့အတွက် အချိန်တစ်ချို့နဲ့ အစီအစဉ်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ဒီနှစ် နှောင်းပိုင်းမှာ အဓိက အစိတ်အပိုင်းတွေကို ဆောင်ရွက်ဖို့ဖြစ်ပြီး ကျန်တာတွေကတော့ နောက်မှ အစဉ်အတိုင်း လိုက်လာပါလိမ့်မယ်” ဟု ခရစ်ယာန် ဘုန်းတော်ကြီးဟောင်းဖြစ်ပြီး
    ယေးလ်တက္ကသိုလ်၏ အကြီးတန်း ပါမောက္ခဖြစ်သူ အန်ထော်နီ ကရွန်မန်က Yale Daily News သို့ ပြောကြားခဲ့သည်။

    “အစ္စလာမ့်ဥပဒေနှင့် လူ့အဖွဲ့အစည်း လေ့လာမှုဆိုင်ရာ စင်တာ” ဟု အမည်ပေးမည့် အဆိုပါ စင်တာကို ၂ နှစ်အတွင်း ဆောက်လုပ်သွားရန် စီစဉ်ထားသည်။ ယေးလ်တက္ကသိုလ်၏ လက်အောက်တွင်ရှိမည့် အဆိုပါ စင်တာတွင် အစ္စလာမ့် ဥပဒေရေးရာ ပညာရှင်များကို ခေါ်ယူကာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ဟောပြောပွဲများကိုလည်း စီစဉ်သွားမည်ဖြစ်သည်။

    ထိုစင်တာအတွက် ဆော်ဒီအခြေစိုက် ဘဏ်လုပ်ငန်းနှင့် အိမ်ခြံမြေကုမ္ပဏီ၏ အမှုဆောင် အကြီးအကဲဖြစ်သူ အဘ်ဒါလာဟ် ကာမဲလ်က ငွေကြေးစိုက်ထုတ်မည်ဖြစ်ပြီး၊ ၎င်း၏ အမည်ဖြင့် ထိုစင်တာကို မှည့်ခေါ်သွားမည်ဖြစ်သည်။

    သုတေသနလုပ်ငန်းများ၊ အစ္စလာမ့် ဥပဒေပညာရပ်နယ်မှ ပါမောက္ခမျာအား ဧည့်သည်တော်အဖြစ် ခေါ်ယူခြင်းများကိုလည်း ထိုစင်တာက ဆောင်ရွက်သွားရန် ရှိနေသည်။

    “ယေးလ်တက္ကသိုလ်က ဆောင်ရွက်မှုတိုင်း၊ အစီအစဉ်တိုင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း ကျွန်တော်တို့ ဒီလိုမျိုးပဲ ရည်ရွယ်ပါတယ်” ဟု ကရွန်မန်က ပြောကြားခဲ့သည်။ ကရွန်မန်မှာ အဆိုပါစင်တာ၏ ပူးတွဲဒါရိုက်တာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

    ကြိုဆိုကြ

    အစ္စလာမ့်ဥပဒေပညာရပ်များကို သင်ကြားပေးမည့် အဆိုပါစင်တာ ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းအတွက် ယေးလ်တက္ကသိုလ်မှ ကျောင်းသားများကလည်း ချီးကျူးပြောဆိုခဲ့ကြသည်။

    “ဒီလိုစင်တာမျိုး တည်ဆောက်ဖို့ ယေးလ်က ဆောင်ရွက်တာကို ကျွန်မ စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ အချိန်နဲ့အမျှ ဘယ်လိုတိုးတက်လာမလဲဆိုတာကို စောင့်ကြည့်ဖို့လည်း စိတ်ဝင်စားပါတယ်” ဟု အသက် ၁၈ နှစ်အရွယ် ကျောင်းသူ မာဂရက် မိုးရ်က ပြောကြားခဲ့သည်။

    အခြား ဥပဒေကျောင်းသားတစ်ဦးဖြစ်သူ မတ်ကမ့်ပ်ကလည်း အဆိုပါ စင်တာတွင် သင်ကြားမည့် ဘာသာရပ်က သင်ရိုးညွှန်းတမ်းအတွင်း ကောင်းမွန်သော ထည့်သွင်းမှု ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူကြိုက်များလိမ့်မည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ် မတ်လက စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က အသိအမှတ်ပြုလက်မှတ် ရခဲ့သည့် ဇေတူနာ မွတ်စလင်ကောလိပ်မှာ အမေရိကန်နိုင်ငံတွင် အဆင်မြင့်ပညာရေးသင်ကြားမှုအတွက် ပထမဆုံး အသိအမှတ်ပြုခံရသည့် အစ္စလာမ့်တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။

    အဆိုပါ ကောလိပ်ကို ၂၀၁၀ ခုနှစ် သြဂုတ်လက ခရစ်ယာန် နှစ်ခြင်းဘာသာရေးကျောင်းတွင် နေရာငှားကာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်က အာရဘီ ဘာသာစကား၊ အစ္စလာမ့်ဥပဒေနှင့် အယူဝါဒ စသည့် ဘာသာရပ်နှစ်ခုကိုသာ စတင်သင်ကြားခဲ့သည်။

    ယခုအချိန်တွင်မူ အဆိုပါဇေတူနာကောလိပ်မှာ ကောင်းမွန်သည့် ပညာရေးဌာနတစ်ခုအဖြစ် နာမည်ကျော်လာခဲ့ပြီး ကက်သလစ် နာမည်ကြီးကျောင်းများဖြစ်သော ဂျော့တောင်း၊ နိုထရီဒိမ်းတို့နှင့် ယှဉ်လာနိုင်ပြီဖြစ်သည်။

    Ref: Onislam

  • တောင်တရုတ်ပင်လယ်တွင် တရုတ်က တတိယမြောက် လေယာဉ်ဆင်းကွင်း ဆောက်လုပ်

    တောင်တရုတ်ပင်လယ်တွင် တရုတ်က တတိယမြောက် လေယာဉ်ဆင်းကွင်း ဆောက်လုပ်

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    china

    – တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသော ဒေသတွင် တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်ဆင်းကွင်းကို ဆောက်လုပ်နေသည်ဟု ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ အမေရိကန်မှ ကျွမ်းကျင်သူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဓာတ်ပုံများကို ၀ါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံရေးရာ လေ့လာမှုစင်တာ CSIS အတွက် စက်တင်ဘာ ၈ ရက်နေ့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး Mischief သန္တာကျောက်တန်း၌ အဆိုပါ လေယာဉ်ကွင်း ဆောက်လုပ်နေမှုများကို တွေ့ရှိခဲ့ရသည်။ ထိုသန္တာကျောက်တန်းမှာ စပရက်လေကျွန်းစုတွင် တရုတ်နိုင်ငံမှ ဖန်တီးထားသည့် ကျွန်းတုများမှ တစ်ခုလည်းဖြစ်သည်။

    ထိုလေယာဉ်ကွင်းမှာ ထောင့်မှန်စတုဂံပုံဖြစ်ပြီး မီတာ ၃၀၀၀ ခန့် ရှည်လျားကာ အခြား သန္တာကျောက်တန်း နှစ်ခုဖြစ်သော ဆူဘီနှင့် ဖိုင်ယာရီခရော့စ်တို့တွင် ဆောက်လုပ်ထားသည့် လေယာဉ်ကွင်းများနှင့် ပုံစံတူဖြစ်သည်ဟု CSIS ၏ အာရှရေကြောင်း ပွင့်လင်းမြင်သာမှု ရှေ့ဆောင်အဖွဲ့ AMTI မှ ဒါရိုက်တာဖြစ်သူ ဂရက်ဂ်ျ ပိုလင်းက ပြောကြားခဲ့သည်။

    အမေရိကန် ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူး ဘီလ်အာဘန်ကမူ ပိုလင်း၏ ထိုပြောကြားမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး တင်းမာမှုများ လျော့ကျရန်နှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းခွင့် ဖန်တီးရန်တို့အတွက် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်ကြောင်း ကြေငြာခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်များ ဆောင်ရွက်ခြင်းတို့ကို ရပ်တန့်ရန် အမေရိကန်က ထပ်မံ တိုက်တွန်းလိုက်သည်ဟု ပြောကြားခဲ့သည်။

    Mischief သန္တာကျောက်တန်းတွင် ဆောက်လုပ်နေသည့် အဆိုပါ လေယာဉ်ကွင်းမှာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်ကြောင်း ကြေငြာထားသည့် နိုင်ငံများ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဖြစ်သည်။

    ထိုလေယာဉ်ကွင်းကြောင့် တရုတ်မှာ ဖိလစ်ပိုင်က ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေနေသော နေရာအနီးတွင် လှည့်လည် စောင့်ကြပ်မှုများ တိုးမြှင့်ပြုလုပ်နိုင်လိမ့်မည်ဟု ပိုလင်းက ပြောကြားခဲ့သည်။ ထို့ပြင် အငြင်းပွားဖွယ်ရာ ကျွန်းစုရှိ လေယာဉ်ဆင်းကွင်း ၃ ကွင်းစလုံး ပြီးစီးသွားပါက တောင်တရုတ်ပင်လယ်အတွင်းရှိ လေကြောင်းသွားလာမှုကို တရုတ်က ခြိမ်းခြောက်နိုင်မည်ဖြစ်ပြီး၊
    လေကြောင်းကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်မည်ဖြစ်ကာ စိုးရိမ်စရာဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    တရုတ်သမ္မတ ဇီကျင်ပင်းမှာ လာမည့် သီတင်းပတ်တွင် ၀ါရှင်တန်သို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်ကိစ္စမှာ အမေရိကန်နှင့် ဆွေးနွေးမည့် ကိစ္စများတွင် ထိပ်ဆုံး၌ ပါဝင်မည်ဟု မျှော်လင့်ရသည်။

    Ref: Channelnewsaisa

  • ပြောင်းရွှေ့အခြေချသူများကို ဆန့်ကျင်မှုမှာ အမေရိကန်ဖြစ်ခြင်းနှင့် ဆန့်ကျင်နေသည်ဟု အိုဘားမားပြော

    ပြောင်းရွှေ့အခြေချသူများကို ဆန့်ကျင်မှုမှာ အမေရိကန်ဖြစ်ခြင်းနှင့် ဆန့်ကျင်နေသည်ဟု အိုဘားမားပြော

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    obama

    – ရီပက်ဘလစ်ကန် သမ္မတလောင်းများ၏ မဲဆွယ်မှုတွင် ပြောင်းရွှေ့အခြေသူများအား ဆန့်ကျင်သည့် ပြောကြားမှုမှာ အမေရိကန်ဖြစ်ခြင်းနှင့် ဆန့်ကျင်သည်ဟု သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အိမ်ခြံမြေလုပ်ငန်းရှင်ဖြစ်ပြီး ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်ခံရရန် တစ်ပြေးနေသည့် ဒေါ်နယ် ထရမ့်မှာ မဲဆွယ်မှု စတင်ကတည်းက ပြောင်းရွှေ့အခြေချသူများအား ဆန့်ကျင်သည့် ပြင်းထန်သော ပြောကြားမှုများ ရှိခဲ့ပြီး မက္ကဆီကန်များမှာ ရာဇ၀တ်ကောင်များ၊ မုဒိမ်းကောင်များ ဖြစ်သည်ဟု ပြောကြားခဲ့သောကြောင့် ဝေဖန်မှုများ ခံနေရသူဖြစ်သည်။

    “အခုအချိန် ကျွန်တော်တို့ရဲ့ နိုင်ငံရေးမှာ ဖြစ်နေတဲ့ ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်မှုကြီး တစ်ခုလုံးဟာ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုနဲ့ ဆန့်ကျင်နေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ခင်ဗျားရဲ့ မိသားစုဟာ တစ်ခြားတစ်နေရာကနေ ရောက်လာပြီး ခင်ဗျားကိုယ်တိုင်က ဌာနေအမေရိကန်တစ်ယောက် မဟုတ်လို့ပါပဲ” ဟု အိုဘားမားက အိုင်အိုဝါရှိ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ပညာရေးပေါ်လစီ အဆိုပြုချက် အသစ်များအား ဆွေးနွေးရန် အိုဘားမားမှာ အိုင်အိုဝါသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲအတွက် အမေးအဖြေ ကဏ္ဍကိုလည်း ပြည်သူများနှင့် ပြုလုပ်ခဲ့သည်။

    ထရမ့်မှာ တရားမ၀င် ပြောင်းရွှေ့အခြေချသူများကို နိုင်ငံအတွင်းမှ နှင်ထုတ်ရန်နှင့် အမေရိကန်မြေတွင် မွေးဖွားသူတိုင်းကို အမေရိကန်နိုင်ငံသား ဖြစ်စေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သတ်မှတ်ချက်အား ပယ်ဖျက်ရန် ဆော်သြထားသည်။

    ရီပက်ဘလစ်ကန်ကိုယ်စားပြု သမ္မတလောင်းအဖြစ် ထရမ့်နှင့်အတူ ယှဉ်ပြိုင်နေရသည့် ပါတီဝင်များကလည်း ၎င်း၏ ပြောကြားမှုကို အရှိန်မြင့်အောင် ပြုလုပ်ခဲ့ကြသည်။ အိုဘားမားကမူ ထရမ့် သို့မဟုတ် ၎င်း၏ ပြိုင်ဘက်များ၏ အမည်ကို ထုတ်ဖော်ခြင်းမရှိဘဲ ထိုသဘောထားကို ရှုတ်ချခဲ့သည်။

    “တရားမျှတဲ့၊ စနစ်ကျတဲ့၊ တရားဝင်တဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဘယ်လိုသတ်မှတ်မရလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ တရားဝင် ဆွေးနွေးငြင်းခုံမှုတွေ ရှိရပါမယ်။ ဒါပေမယ့် ဒီ (ပြောင်းရွှေ့အခြေချသူ) ကလေးတွေဟာ ကျွန်တော်တို့ရဲ့ ကလေးတွေနဲ့ မတူဘူး၊ ဒါမှမဟုတ် ဘုရားသခင်ထံပါးမှာ တန်ဖိုးမရှိဘူး၊ သူတို့ဟာ ကျွန်တော်တိုရဲ့ လေးစားမှု၊ ထည့်သွင်းစဉ်းစားမှု၊
    စောင့်ရှောက်မှုတွေနဲ့ မထိုက်တန်ဘူးလို့ လူတစ်ချို့က ပြောတာကို ကျွန်တော် ကြားတဲ့အခါ – ဒါဟာ အမေရိကန်သဘာဝနဲ့ မကိုက်ညီဘူးလို့ ထင်ပါတယ်။ ဒါကို ကျွန်တော် မယုံကြည်ပါဘူး။ မှားတယ်လို့ ထင်ပါတယ်” ဟု အိုဘားမားက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    အိုဘားမားမှာ ၂၀၀၈ ခုနှစ် မဲဆွယ်ပွဲက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့သော်လည်း ၎င်း၏ အုပ်ချုပ်မှု အစောပိုင်း ကာလများတွင် အခြား ဦးစားပေး အကြောင်းအရာများကို အာရုံစိုက်ခဲ့ရပြီး မကြာသေးမီက စတင်ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ရီပက်ဘလစ်ကန်များ ကြီးစိုးသော အထက်လွှတ်တော်၏ ဟန့်တားမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

    အမေရိကန်နိုင်ငံတွင် မက္ကဆီကန်အများစုအပါအ၀င် လူပေါင်း ၁၁ သန်းခန့်မှာ တရားမ၀င် အလုပ်လုပ်ကိုင်နေသည်ဟု ယူဆရသည်။

    Ref: channelnewsasia