News @ M-Media

Author: Ko Lay

  • ဖီဖာအရှုပ်တော်ပုံအတွက် ထပ်မံဖမ်းဆီးမှုများ ရှိလာနိုင်

    ဖီဖာအရှုပ်တော်ပုံအတွက် ထပ်မံဖမ်းဆီးမှုများ ရှိလာနိုင်

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    fifa

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအတွင်း ချစားမှုကိစ္စနှင့် ပတ်သက်၍ အမေရိကန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုကို ချဲ့ထွင်လိုက်ပြီး ထပ်မံတရားစွဲဆိုမှုများ ရှိလာနိုင်သည်ဟု အမေရိကန် တရားသူကြီးချုပ် လော်ရက်တာ လင့်ခ်ျက ပြောကြားခဲ့သည်။

    ယခုနှစ်မေလက ဆွဇ်ဇာလန်နိုင်ငံ၌ ဖီဖာ၏ အစည်းအဝေး မတိုင်ခင် ဖီဖာမှအကြီးတန်း အရာရှိ ၇ ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး အမေရိကန်သို့ လွှဲပြောင်းပို့ဆောင်ကာ တရားစွဲဆို ခံနေရသည်။ ဆွစ်ဇာလန် အာဏာပိုင်များကလည်း ၂၀၁၈နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် လာဘ်ပေး၊ လာဘ်ယူမှုများ ရှိခဲ့လားဆိုသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    “အခုဆောင်ရွက်နေတဲ့ တရားစွဲဆိုမှုကလွဲလို့ ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ အသက်ဝင်ပြီး၊ ဆက်လက်လုပ်ဆောင်နေတယ် ဆိုတာပါပဲ။ တကယ်တော့ မေလကတည်းက ချဲ့ထွင် စုံစမ်းနေတာပါ” ဟု လင့်ခ်ျက ဆွစ်ဇ် တရားသူကြီးချုပ် မီခေးလ် လောင်ဘာနှင့်အတူ ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “(ဆွစ်ဇ်အာဏာပိုင်တွေနဲ့) ပူးပေါင်းဆောင်ရွက်မှုနဲ့ သက်သေအထောက်အထား အသစ်တွေအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ဟာ လူတစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့တွေကို တရားစွဲဆိုမှု အသစ်တွေလုပ်ဖို့ လိုက်နေပါတယ်”

    ထိုစုံစမ်းမှုများတွင် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာအား ပစ်မှတ်ထားခြင်း ရှိ၊ မရှိကို လင့်ခ်ျက ပြောကြားခဲ့ခြင်း မရှိချေ။

    ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုတွင် ငွေကြေးခ၀ါချခြင်းအတွက် ဆွစ်ဇာလန်က ပြုလုပ်နေသည့် စုံစမ်းစစ်ဆေးမှုများအတွင်း အဲလ်ပ်စ် တောင်တန်းရှိ နေအိမ်များမှ ပစ္စည်းများကို အစိုးရက သိမ်းယူခဲ့သည်။ လောင်ဘာကမူ နိုင်ငံအနောက်ပိုင်းရှိ အိမ်များကို ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး၊ သက်သေအထောက်အထားများကို သိမ်းဆည်းနိုင်ခဲ့ကာ ဘဏ်အကောင့် ၁၂၁ ခုမှာ သံသယဖြစ်ဖွယ်အနေအထား ရှိသည်ဟု ထောက်လှမ်းရေးဌာနက သတင်းပို့ထားကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • သြစတေးလျ ၀န်ကြီးချုပ်သစ် စီးပွားရေးတိုးတက်ရန် အာရုံစိုက်မည်

    သြစတေးလျ ၀န်ကြီးချုပ်သစ် စီးပွားရေးတိုးတက်ရန် အာရုံစိုက်မည်

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    Aus

    – အာဏာရ လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ် တင်မြှောက်ခံရပြီးနောက် သြစတေးလျ ၀န်ကြီးချုပ် ဖြစ်လာသည့် မဲလ်ကွမ် တန်ဘူးလ်က နိုင်ငံ၏ မတည်ငြိမ်သော စီးပွားရေး တိုးတက်ရန်အတွက် အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ၎င်း၏ ပထမဆုံး တာဝန်ထမ်းဆောင်သည့်နေ့တွင် ပြောကြားခဲ့သည်။

    လစ်ဘရယ်ပါတီဝင်များမှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် လျှို့ဝှက် မဲပေးမှုအတွင်း ၀န်ကြီးချုပ်ဟောင်း တိုနီအက်ဘော့အား ဖြုတ်ချကာ နည်းပညာလုပ်ငန်းဖြင့် ချမ်းသာလာသော ဘီလီယံနာ တန်ဘူးလ်အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ အကောင်းမြင်စိတ် အပြည့်ရှိပြီး နောင်အနာဂတ်မှာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကြီးပွားချမ်းသာမှုကို သေချာစေဖို့ လာမယ့်သီတင်းပတ်တွေမှာ အခြေခံအုတ်မြစ်တွေကို ပိုမို ချမှတ်သွားမှာပါ” ဟု ပါလီမန်သို့ ရောက်ရှိလာခဲ့သည့် တန်ဘူးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ တန်ဘူးလ်မှာ ယနေ့တွင် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်သည်။

    ၂၀၀၉ ခုနှစ်က တန်ဘူးလ်ကို ဖြုတ်ချကာ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည့် တိုနီအက်ဘော့မှာ နိုင်ငံ၏ ၁.၅ ထရီလီယံတန်ဖိုးရှိ စီးပွားရေး ကျဆင်းမှုအတွက် နောက်ပိုင်းတွင် လူကြိုက်နည်းလာခဲ့သည်။ သို့သော်လည်း တန်ဘူးလ်၏ လိင်တူလက်ထပ်မှုနှင့် ကာဘွန်ရောင်းဝယ်မှုတို့အား ထောက်ခံခြင်းကို ပါတီအတွင်းရှိ လက်ယာယိမ်း အဖွဲ့ဝင်များက ကြိုက်နှစ်သက်ခြင်း မရှိချေ။

    တန်ဘူးလ်မှာ ၎င်း၏ ၀န်ကြီးအဖွဲ့ကို ယခုတစ်ပတ်နှောင်းပိုင်းတွင် ထုတ်ပြန်ရန် ရှိနေပြီး လက်ရှိ ကာကွယ်ရေးဝန်ကြီးနှင့် ဝေဖန်မှုများ ကြုံတွေ့နေရသည့် ဘဏ္ဍာရေးဝန်ကြီးတို့မှာ အစားထိုးခံရဖွယ် ရှိနေသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့မှာလည်း ဒုတိယ၀န်ကြီးချုပ်ရာထူး ရရှိဖွယ်ရှိနေသည်။

    အတိုက်အခံ လေဘာပါတီကမူ ဘီလီယံနာ သူဌေးကြီး တန်ဘူးလ်မှာ သြစတေးလျပြည်သူများ၏ နေ့စဉ်ဘ၀နှင့် ကင်းကွာနေသည်ဟု ဝေဖန်ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ရှုံးပွဲမရှိ ၇ သင်းနဲ့အတူ အကြိတ်အနယ်ရှိတဲ့ လာလီဂါ ပွဲစဉ် ၃

    ရှုံးပွဲမရှိ ၇ သင်းနဲ့အတူ အကြိတ်အနယ်ရှိတဲ့ လာလီဂါ ပွဲစဉ် ၃

    စက်တင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    laliga 1

    – ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၃ မှာ ဘာစီလိုနာက တောင်အမေရိက တိုက်စစ်အတွဲ နေးမာနဲ့ မက်ဆီတို့ရဲ့ ဒုတိယပိုင်းဂိုးတွေနဲ့ အက်သလက်တီကိုကို အဝေးကွင်းမှာ အနိုင်ကစားက ၃ မှတ် ယူနိုင်ခဲ့ပါတယ်။ ကစားကွက်အသာရခဲ့တဲ့ ဘာကာဟာ ဒုတိယပိုင်းအစမှာ ဦးဆောင်ဂိုး အရင်ပေးလိုက်ရတာပါ။ ရီးယဲလ်ကတော့ အက်စ်ပန်ညိုကွင်းမှာ ၆ ဂိုးပြတ်ခဲ့ပြီး ရော်နယ်ဒိုက ၅ ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် ရော်နယ်ဒိုဟာ ရီးယဲလ်ဂန္တ၀င်တိုက်စစ်မှူး ရာအူးလ်ရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က အဆင့် ၁ နေရာမှာရှိခဲ့တဲ့ ဆဲလ်တာဗီဂိုဟာ ပထမပိုင်း မိနစ် ၂၀ မှာပဲ ၂ ဂိုးပြတ်နဲ့ တစ်ယောက်အသာ ကစားခဲ့ရပေမယ့် မထိန်းနိုင်တာကြောင့် တန်းတက် လက်စ်ပါလ်းမက်နဲ့ ၃ ဂိုးစီ သရေကျခဲ့ပါတယ်။

    ခြေစွမ်းကောင်ြးlaliga 3ပနေတဲ့ တန်းတက်အိုက်ဘာကတော့ မာလာဂါကို အဝေးကွင်းမှာ ခံစစ်အားပြုကစားခဲ့ပြီး သရေကျခဲ့တဲ့အတွက် ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ လာလီဂါ ၃ ပွဲအပြီးမှာ ထိပ်ဆုံးက ၅ သင်းနဲ့ ဒီပို့တီဗို၊ ဗလင်စီယာတို့ ရှုံးပွဲမရှိသေးဘဲ အကြိတ်အနယ်ရှိနေပါတယ်။

    လာလီဂါ ပွဲစဉ် ၃ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    လီဗန်တေး ၁-၁ ဆီးဗီးလား
    အက်စပန်ညို ၀-၆ ရီးယဲလ်
    စပို့တင်းဂီဂျွန် ၀-၁ ဗလင်စီယာ
    အက်သလက်တီကို ၁-၂ ဘာစီလိုနာ
    ရီးယဲလ်ဘက်တစ် ၁-၀ ဆိုစီဒက်
    ဂရာနာဒါ ၁-၃ ဗီလာရီးယဲလ်
    ဘီဘာအို ၃-၁ ဂီတာဖေး
    ဆဲလ်တာဗီဂို ၃-၃ လက်စ်ပါးလ်မက်စ်
    မာလာဂါ ၀-၀ အိုက်ဘာ
    ဗယ်လက်ကာနို ၁-၃ ဒီပို့တီဗို

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၀၁၅)

    စက်တင်ဘာ ၂၀၁၅
    M-Media

    အီဂျစ်လုံခြုံရေးတပ်ဖွဲ့၏ မှားယွင်းပစ်ခတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည်များ သေဆုံး
    ……………………………………
    အီဂျစ်နိုင်ငံအနောက်ပိုင်းရှိ သဲကန္တာရတစ်ခုတွင် စစ်သွေးကြွများအား ရှာဖွေနေစဉ် လုံခြုံရေးတပ်ဖွဲ့များက ကမ္ဘာလှည့်ခရီးသွား အုပ်စုအား မှားယွင်း ပစ်ခတ်မှုကြောင့် မက္ကဆီကိုနိုင်ငံသား ၈ ဦးနှင့် အီဂျစ်နိုင်ငံသား ၄ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အခြား မက္ကဆီကိုနိုင်ငံသား ၈ ဦးနှင့် အီဂျစ် ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

    တောမီးကြောင့် အင်ဒိုနီးရှား ပြည်နယ်တစ်ခု အရေးပေါ်အခြေအနေ ကြေငြာခဲ့ရ
    ……………………………………………
    တောမီးလောင်မှုကြောင့် ဖြစ်လာသော မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေသည့် ဆူမားတြားကျွန်းမှ ရီအူပြည်နယ်ကို အင်ဒိုနီးရှားအစိုးရက ယနေ့တွင် အရေးပေါ်အခြေအနေ ကြေငြာခဲ့သည်။ တောမီးလောင်မှုမှာ ပြင်းထန်လာသောကြောင့် ရေပါသည့်ဗုံးများကြဲချရန်နှင့် ဓာတုဗေဒနည်းဖြင့် မိုးတိမ်တုဖန်တီးကာ မိုးရွာချရန် အင်ဒိုနီးရှားက ပြင်ဆင်နေသည်။ အဆိုပါတောမီးမှ မီးခိုးများမှာ အိမ်နီးချင်း မလေးရှားနှင့် စင်ကာပူတို့ကိုပါ ပြန့်နှံ့ခဲ့ပြီး စင်ကာပူတွင် ပြုလုပ်မည့် ဂရင်းပရီ ကားမောင်းပြိုင်ပွဲကိုပါ ထိခိုက်နိုင်ဖွယ် ရှိနေသည်။

    ဂျပန်စစ်သားများအတွက် ဥပဒေအသစ် ပြည်သူထက်ဝက်ကျော် ကန့်ကွက်
    ………………………………………
    ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအဖြစ် ဂျပန်စစ်တပ်များ နိုင်ငံရပ်ခြားတွင် သွားရောက်တိုက်ခိုက်မှုကို ခွင့်ပြုမည့် ဥပဒေကို ဂျပန်နိုင်ငံသား ထက်ဝက်ကျော် ၅၄ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့သည်ဟု ပြီးခဲ့သည့် နှစ်ရက်အတွင်း Asahi Shimbun သတင်းစာမှ စစ်တမ်းကောက်ယူမှုအရ သိရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ စက်တင်ဘာ ၂၇ ရက်နေ့တွင် အဆုံးသတ်မည့် ပါလီမန်အစည်းအဝေးအတွင်း အဆိုပါ ဥပဒေကို ပြဌာန်းချင်နေသည်။ မဲပေးမှုတွင် ပြည်သူများ၏ ၂၉ ရာခိုင်နှုန်းသာ ထောက်ခံခဲ့သည်။

    Ref: News Agencies

  • နီပေါအား ဟိန္ဒူနိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုချက်ကို လွှတ်တော် ပယ်ချ

    နီပေါအား ဟိန္ဒူနိုင်ငံအဖြစ် သတ်မှတ်ရန် အဆိုပြုချက်ကို လွှတ်တော် ပယ်ချ

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    nepal

    – ဟိမ၀န္တာ နိုင်ငံတစ်ခုဖြစ်သည့် နီပေါနိုင်ငံအား ဟိန္ဒူနိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ရေး အဆိုပြုချက်ကို နီပေါ တိုင်းပြုပြည်ပြုလွှတ်တော် အမတ်များက ယနေ့တွင် ပယ်ချလိုက်ပြီး လွန်ခဲ့သည့် ၇ နှစ်က စတင်ခဲ့သည့် လောကီသီးသန့်နိုင်ငံအဖြစ် ပိုမိုခိုင်မာစေခဲ့သည်။

    နီပေါမှာ ၂၀၀၈ ခုနှစ် မေလက တိုင်းပြည်အား လောကီသီးသန့်နိုင်ငံအဖြစ် သတ်မှတ်မှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းခဲ့သည်။ ယခုတွင်မူ တိုင်းပြုပြည်ပြု လွှတ်တော်မှာ အခြေခံဥပဒေ၏ တစ်ပိုဒ်ချင်းစီကို သုံးသပ်ကာ ပြင်ဆင်အစားထိုးမှုများ ပြုလုပ်နေသည်။

    ထို့ကြောင့် ဘုရင်စနစ်လိုလားသော Rastriya Prajatantra Party-Nepal ပါတီ ဥက္ကဌ ကမာလ် သာပါနှင့် Rastriya Prajatantra ပါတီမှ အမ်ရစ်တ် အိုဟိုရာတို့က နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ လောကီသီးသန့်နိုင်ငံ သတ်မှတ်ထားမှုကို ဖယ်ရှားကာ ဟိန္ဒူနိုင်ငံအဖြစ် အစားထိုးရန် တောင်းဆိုခဲ့ကြသည်။

    ၎င်းတို့ ပါတီနှစ်ခု၏ အဆိုပြုချက်ကို လွှတ်တော်ဥက္ကဌ ဆူဘက်စ် ချန်ဒရာ နမ်ဘန်းက ပယ်ချခဲ့သောကြောင့် ကမာလ် သာပါက တိုင်းပြုပြည်ပြု လွှတ်တော်တွင် မဲခွဲရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် မဲခွဲခြင်း ပြုရန်၊ မပြုရန် ကိစ္စကို ၆၀၁ ဦးသော လွှတ်တော်အမတ်များက ဆန္ဒပြုခဲ့ရာ မဲခွဲရန်ထောက်ခံသူမှာ ၂၁ ဦးသာ ရှိခဲ့သည်။ နီပေါ လွှတ်တော်၏ ဥပဒေရအတွက် ပါလီမန်အမတ်များမှ အနည်းဆုံး ၆၁ ဦးက ထောက်ခံမှသာ ထိုအဆိုပြုချက်အား မဲခွဲနိုင်မည်ဖြစ်သည်။

    နီပေါမှာ ဘုရင်စနစ်ကျင့်သုံးသည့်အချိန်က ရာစုနှစ်ပေါင်းများစွာ ဟိန္ဒူနိုင်ငံအဖြစ် ရှိခဲ့ပြီး ၂၀၀၆ ခုနှစ် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက်ပိုင်း လောကီသီးသန့်နိုင်ငံ ဖြစ်လာခဲ့သည်။

    Ref: northeasttoday