News @ M-Media

Author: Ko Lay

  • ဥရောပသို့ လူကုန်ကူးသူများကို စစ်ရေးဖြင့် တစ်ဆင့်တက် နှိမ်နင်းတော့မည်

    ဥရောပသို့ လူကုန်ကူးသူများကို စစ်ရေးဖြင့် တစ်ဆင့်တက် နှိမ်နင်းတော့မည်

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    – မြေထဲပင်လယ်အတွင်း လူကုန်ကူးသူများအား စစ်ရေးအရ အရေးယူခြင်း ဒုတိယအဆင့် တိုးမြှင့်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက အတည်ပြုလိုက်ပြီဟု AFP သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    ပြောင်းရွှေ့အခြေချသူများအား တရားမ၀င် ပို့ဆောင်သူ သို့မဟုတ် လူကုန်ကူးသူများ အသုံးပြုနေသော၊ သို့မဟုတ် အသုံးပြုနေသည်ဟု သံသယရှိသော သင်္ဘောများနှင့် အထောက်အပံ့ပစ္စည်များကို ရှာဖွေ၊ ဖမ်းဆီး၊ ဖယ်ရှားရန်အတွက် ဥရောပမှာ ဇွန်လအတွင်းက “မြေထဲပင်လယ်ဒေသ ဥရောပရေတပ်” EUNAVFOR Med ကို စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

    ယခုကဲ့သို့ ဒုတိယအဆင့်ကို အတည်ပြုခဲ့ခြင်းအတွက် အဆိုပါရေတပ်မှာ မြေထဲပင်လယ်အတွင်းရှိ သံသယရှိသော သင်္ဘောများကို ရပ်တန့်ခွင့် ရမည်ဖြစ်ပြီး လိုအပ်ပါက ပြောင်းရွှေ့ အခြေချသူများအား တရားမ၀င် သယ်ဆောင်လေ့ရှိသော သင်္ဘောများကို ဖျက်ဆီးခွင့်ရမည်ဖြစ်သည်။

    အာဏာပိုင်များကလည်း စစ်ဖြစ်ပွားနေသော လစ်ဗျားရှိ လူကုန်ကူးကွန်ယက်များကို ဖြိုခွဲရန်အတွက် ၎င်းတို့၏ သင်္ဘောများအား ရှာဖွေဖျက်ဆီးခြင်းကို ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်သည်။

    ဒုတိယအဆင့် စစ်ဆင်ရေး လုပ်ငန်းအသစ် ဆောင်ရွက်ရန်အတွက် အခြေအနေများအားလုံး ပြည့်မီနေပြီဟု ဥရောပ သံတမန်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ သို့သော်လည်း ယနေ့တွင် အတည်ပြုလိုက်သည့် အဆိုပါအဆင့်ကို နိုင်ငံတကာရေပိုင်နက်တွင် ဆောင်ရွက်ခွင့်ရမည် မဟုတ်ချေ။

    စစ်ရေးအရ အရေးယူမှု တတိယအဆင့်တွင် လစ်ဗျားနိုင်ငံ၏ ရေပိုင်နက်အတွင်းသို့ ၀င်ရောက်၍ လူကုန်ကူးသူများကို နှိမ်နင်းခြင်း ပါဝင်မည်ဖြစ်ပြီး ၎င်းတို့ ပင်လယ်ထဲသို့ သင်္ဘောများ မောင်းမထွက်ခင်အချိန်တွင် ထိုသင်္ဘောများအား ဖျက်ဆီးရန်နှင့် လူကုန်ကူးကွန်ယက်များကို ဖြိုခွဲရန် ရည်ရွယ်ခြင်းဖြစ်သည်။

    နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများအဖွဲ့ IOM ကမူ ယခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ ၀င်ရောက်လာကြသူများ အရေအတွက်မှာ စံချိန်တင် မြင့်မားခဲ့ပြီး ၄ သိန်းကျော်ရှိခဲ့ကာ ၂၀၁၄ ခုနှစ်က အရေအတွက်ထက် ၂ ဆ ကျော် မြင့်မားနေသည်ဟု ပြောကြားခဲ့သည်။

    Ref: RT

  • အာဖဂန်ရှိ အကျဉ်းထောင်ကို တာလီဘန်များက ၀င်ရောက်စီးနင်း

    အာဖဂန်ရှိ အကျဉ်းထောင်ကို တာလီဘန်များက ၀င်ရောက်စီးနင်း

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    taliban

    – အာဖန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဂါဇ်နီမြို့ရှိ အကျဉ်းထောင်တစ်ခုကို တာလီဘန်များက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် အကျဉ်းထောင်တာဝန်ရှိသူ ၃ ဦး သေဆုံးခဲ့ပြီး အကျဉ်းသား အမြောက်အများ လွတ်မြောက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ဒေသစံတော်ချိန် ယနေ့ နံနက်စောစော ၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာလီဘန်များမှာ စစ်ဝတ်စုံများ ၀တ်ထားကာ အကျဉ်းထောင်၏ ဂိတ်ဝ၌ ကားဗုံးခွဲ၍ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြယ်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက်အလီ အဟ်မာဒီက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အာရ်ပီဂျီ လောင်ချာများဖြင့်လည်း ပစ်ခတ်ခဲ့သည်။

    အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနကမူ ထိုအကျဉ်းထောင်ရှိ အကျဉ်းသား ၄၃၆ ဦးအနက် ၃၅၅ ဦး လွတ်မြောက်သွားခဲ့ပြီး အများစုမှာ အမျိုးသားလုံခြုံရေး ရာဇ၀တ်မှုနှင့် အခြားသော ရာဇ၀တ်မှုများဖြင့် ထောင်ကျနေသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွလ္လာဟ် မူဂျာဟစ်ဒ်ကမူ ထိုတိုက်ခိုက်မှုကို မိမိတို့က ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုကာ လွတ်မြောက်သွားသည့် အကျဉ်းသားများကို ၎င်းတို့က ခေါ်ဆောင်သွားသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်ကလည်း ကန်ဒါဟာပြည်နယ်ရှိ အကျဉ်းထောင် ဖောက်ပြေးမှုတွင် တာလီဘန် တိုက်ခိုက်ရေးသမား ၅၀၀ နီးပါး လွတ်မြောက်သွားခဲ့ပြီး အစိုးရတာဝန်ရှိသူများက ထိုအဖြစ်အပျက်ကို လုံခြုံရေး ဘေးအန္တရာယ်ကျရောက်ခြင်းဟု ခေါ်ဆိုခဲ့သည်။

    ခေါင်းဆောင် မွလ္လာဟ်အိုမာ သေဆုံးသွားပြီးနောက် ခေါင်းဆောင်သစ်တင်မြှောက်မှုတွင် တာလီဘန်အဖွဲ့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသော်လည်း ယခုနောက်ပိုင်းတွင် ၎င်းတို့မှာ တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်။

    Ref: Aljazeera

  • အာဆင်နယ်အား ပြိုင်ဘက်များက ပိုကြောက်ရတော့မည်ဟု ဝေါလ်ကော့ပြော

    အာဆင်နယ်အား ပြိုင်ဘက်များက ပိုကြောက်ရတော့မည်ဟု ဝေါလ်ကော့ပြော

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    ars

    – ပုံစံကောင်းများ ပြသနေသည့် မိမိတို့အသင်းအား ပြိုင်ဘက်များက ပို၍ ပို၍ စိုးရိမ်ရလိမ့်မည်ဟု အာဆင်နယ်အသင်း တိုက်စစ်မှူး သီယိုဝေါလ်ကော့က ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့်ပွဲတွင် စတုတ်စီးတီးအသင်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ၅ ပွဲတွင် အာဆင်နယ်မှာ ၃ ပွဲနိုင်ထားပြီး တတိယနေရာမှ မန်ယူအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် စတုတ္ထနေရာတွင် ရှိနေသည်။

    ရာသီအစတွင် အာဆင်နယ်အသင်းမှာ တိုက်စစ်ပြဿနာကြောင့် ဝေဖန်မှုများ ခံခဲ့ရသည်။ ဝေါလ်ကော့ကမူ ယခုအချိန်တွင် ရမှတ်သာ အရေးကြီပြီး၊ အာဆင်နယ်အသင်း၏ တိုးတက်လာသော ပုံစံကောင်းက ချန်ပီယံဘွဲ့ မျှော်လင့်နေသည့် အသင်းများအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဟု ဆိုသည်။

    “လူတွေက ကျွန်တော်တို့ ကစားပုံမကောင်းဘူးလို့ ပြောတော့ – ကျွန်တော်တို့ လိုချင်တဲ့နေရာကိုရောက်ဖို့ ကျွန်တော်တို့ စသွားနေတာပါ။ ပြီးတော့ ကျွန်တော်တို့ ဒီလိုသာဆက်သွားရင် လူတွေက ကျွန်တော်တို့ကို ပိုပိုပြီး စိုးရိမ်လာမှာပါ” ဟု ဝေါလ်ကော့က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အသင်း၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်မှုမရှိသည့် ပရိတ်သတ်များအတွက်လည်း ဝေါလ်ကော့က တုန့်ပြန်ပြောဆိုခဲ့ပြီး မိမိတို့မှာ ဂိုးမပေးရသည့်အခြေအနေကို ထိန်းသိမ်းထားနိုင်ကာ၊ အခွင့်အရေး များစွာကိုလည်း ဖန်းတီးနိုင်သည်ဟု ပြောကြားခဲ့သည်။

    “အထူးသဖြင့် ဂိုးမပေးရတဲ့ပွဲအတွက် ကျွန်တော်တို့ ကျေနပ်ပါတယ်။ ကျွန်တော်တို့ တော်တော်လေး တောင့်တင်းလာပါတယ်။ ပြီးတော့ အခွင့်အရေးတွေကို လက်လွတ်ခံမှာမဟုတ်ပါဘူး”

    အာဆင်နယ်မှာ ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အဝေးကွင်းတွင် ဒိုင်နမို ဇာဂရဘ်နှင့် ကစားရမည်ဖြစ်ပြီး စနေနေ့တွင် ချယ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ကို ကစားရမည်ဖြစ်သည်။

    Ref: Goal

  • ဂျူးနှစ်သစ်အတွက် အီရန်သမ္မတ ရူဟာနီ ဆုမွန်ကောင်းတောင်း

    ဂျူးနှစ်သစ်အတွက် အီရန်သမ္မတ ရူဟာနီ ဆုမွန်ကောင်းတောင်း

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    iran

    – စက်တင်ဘာ ၁၃ ရက်နေ့ နေ၀င်ပြီးနောက် ကျရောက်မည့် ဂျူးလူမျိုးများ၏ နှစ်သစ် (ရို့ရှ် ဟက်စ်ဟာနာ) တွင် နိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဂျူးလူမျိုးများအတွက် အီရန်သမ္မတ ဟာဆန် ရူဟာနီက ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

    ယမန်နေ့က Twitter စာမျက်နှာမှတစ်ဆင့် ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပေးခဲ့ခြင်းဖြစ်ပြီး တီဟီရန်မြို့ရှိ ဂျူးဘုရားကျောင်းတွင် ဂျူလူမျိုးများ ၀တ်ပြုဆုတောင်းနေသည့် ဓာတ်ပုံဖြင့် အီဗရာဟီမစ် ယုံကြည်မှုများအတွင်း လေးစားမှု၊ ငြိမ်းချမ်းမှုနှင့် အပြန်အလှန်နားလည်မှု ရှိပါစေကြောင်း ဆန္ဒပြုခဲ့သည်။

    ထို့ပြင် ဟီဘရူးအသံထွက်ဖြစ်သော L’Shanah Tovah (အလ်ရှာနာဟ် တိုဗာဟ်) ဖြင့်လည်း ဆုတောင်းပေးခဲ့ပြီး “ကောင်းမွန်သော နှစ်သစ်ဖြစ်ပါစေ” ဟု အဓိပ္ပါယ်ရသည်။

    “အီဗရာဟီမစ် သဘောတရားရင်းမြစ်တွေ မျှဝေကြတဲ့ ကျွတော်တို့ လေးစားမှု နက်ရှိုင်းပါစေ။ ငြိမ်းချမ်းမှုနဲ့ အပြန်အလှန်နားလည်မှုကိုလည်း ဆောင်ကျဉ်းနိုင်ပါစေ။ အလ်ရှာနာဟ် သိုဗာဟ်” ဟု ရူဟာနီက ၎င်း Twitter
    စာမျက်နှာတွင် ရေးသားခဲ့သည်။

    အီရန်နိုင်ငံတွင် ဂျူးလူမျိုး ၉၀၀၀ ခန့် နေထိုင်နေပြီး အများစုမှာ မြို့တော် တီဟီရန်၊ အစ္စဖာဟန်နှင့် ရှီရက်ဇ်မြို့များ တွင်ဖြစ်သည်။ အီရန် အစ္စလာမ့်မစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျူးလူမျိုးများမှာ ပါလီမန်တွင် ကိုယ်စားပြု ပါဝင်ခွင့် ရရှိသည်။

    Ref: Time, Press TV

  • ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ဗိုလ်စွဲ

    ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ် ဗိုလ်စွဲ

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    tennis

    – ကမ္ဘာ့အဆင့် ၁ တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်မှာ ကမ္ဘာ့အဆင့် ၂ ရော်ဂျာဖက်ဒါရာကို အနိုင်ယူကာ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည်။

    ယနေ့နံနက်က ကစားခဲ့သည့် ၎င်းတို့နှစ်ဦး၏ ဗိုလ်လုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဂျိုကိုဗစ်က ၆-၄၊ ၅-၇၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၃ နာရီ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည့် အဆိုပါပွဲကို မိုးရွာသွန်းမှုကြောင့် ၃ နာရီခန့် နောက်ဆုတ်ခဲ့ရသည်။

    ထိုပွဲကို အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း၊ မင်းသား လီယိုနာဒို ဒီကာပရီယိုတို့ အပါအ၀င် ကမ္ဘာကျော်များ လာရောက်ကြည့်ရှုခဲ့သည်။

    ဂျိုကိုဗစ်မှာ ၂၀၁၁ ခုနှစ်က ယူအက်စ်အိုးပင်းတွင် ဗိုလ်စွဲနိုင်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့ပြင် ထိုဆုဖလားက ၎င်း၏ ၁၀ ခုမြောက် ဂရန်းစလမ် ဖလားလည်းဖြစ်သည်။ ယခုနှစ်အတွင်း ဂျိုကိုဗစ်မှာ သြစတေးလျအိုးပင်း၊ ၀င်ဘယ်လ်ဒန်နှင့် ယူအက်စ်အိုးပင်း ဆုဖလားများကို ရယူနိုင်ခဲ့သည်။

    “ဒီပွဲက သိပ်ခက်တဲ့ပွဲပါ။ ကျွန်တော် ရော်ဂျာကို တော်တော်လေး လေးစားပြီး သမိုင်းက အကောင်းဆုံးကစားသမားနဲ့ ကစားရတာက ကျွန်တော့်ကို ဖိအားတွေ ဖြစ်စေခဲ့ပါတယ်” ဟု ဂျိုကိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဖက်ဒါရာမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ဂရန်းစလမ်ပွဲများတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်း မရှိတော့ချေ။

    “ပြီးခဲ့နှစ်ပတ်မှာ ကျွန်တော်ဟာ အံ့သြစရာကောင်းလောက်အောင် ကောင်းခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဒီပွဲအတွက် ကျေနပ်ပါတယ်။ နှစ်လည်းနှစ်သက်မိပြီး ပွဲကောင်းတစ်ပွဲ ဖြစ်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်” ဟု ဖက်ဒါရာက ပြောကြားခဲ့သည်။

    Ref: Dailymail