News @ M-Media

Author: Ko Lay

  • အီရန်၏ နျူသဘောတူညီချက်အတွက် အထက်လွှတ်တော်တွင် အိုဘားမား ဗီတိုသုံး၍ ရပြီ

    အီရန်၏ နျူသဘောတူညီချက်အတွက် အထက်လွှတ်တော်တွင် အိုဘားမား ဗီတိုသုံး၍ ရပြီ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    obama

    – အီရန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ ရခဲ့သည့် နျူအရေး သဘောတူညီချက်အား အထက်လွှတ်တော်မှ ဆန့်ကျင်မှုကို ဗီတိုသုံး၍ ပယ်ချရန် အမေရိကန်သမ္မတ အိုဘားမားမှာ လုံလောက်သည့် ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။

    မေရီလန်းပြည်နယ်မှ အထက်လွှတ်တော်အမတ် ဘာဘရာ မီကူလ်စကီးမှာ အဆိုပါ နျူအရေးသဘောတူညီချက်ကို ထောက်ခံကြောင်း ယမန်နေ့က ပြောဆိုခဲ့ပြီး သဘောတူညီချက်ကို ထောက်ခံသည့် ၃၄ ဦးမြောက် အထက်လွှတ်တော်အမတ်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် အထက်လွှတ်တော်မှာ အဆိုပါ သဘောတူညီချက်ကို ပယ်ချနိုင်တော့မည်ဟုတ်ပေ။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သည့် နျူအရေးသဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားစီအစဉ် တိုးတက်အောင် လုပ်ဆောင်မှုကို ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံများကလည်း အီရန်အပေါ် ပြုလုပ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများအားလုံးကိုလည်း ဖယ်ရှားပေးရမည်ဖြစ်သည်။

    ထိုသဘောတူညီချက်အား အမေရိကန်အထက်လွှတ်တော်နှင့် အီရန်ပါလီမန်တို့က အတည်ပြုရမည်ဖြစ်ကာ ထို့နောက်တွင်မှ သက်ရောက်မှုရှိမည်ဖြစ်သည်။ အထက်လွှတ်တော်တွင် အများစုဖြစ်သော ရီပက်ဘလစ်ကန်များကမူ အီရန်မှာ နျူးကလီးယားဗုံး လုပ်ရန်အတွက် ယခုနည်းလမ်းဖြင့် လိမ်ညာခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။ အီရန်ကမူ ယခင်ကတည်းက ၎င်းတို့၏
    နျူအစီအစဉ်မှာ အရက်ဖက်အတွက် အသုံးပြုရန်ဖြစ်သည်ဟု တစ်စိုက်မတ်မတ် ပြောဆိုထားသည်။

    အမေရိကန် အထက်လွှတ်တော်အနေဖြင့် အဆိုပါသဘောတူညီချက်ကို လက်မခံလျှင် အိုဘားမားက ဗီတိုသုံး၍ ငြင်းဆိုမှုကို ပယ်ချနိုင်သော်လည်း ဗီတိုအသုံးပြုရန်အတွက် အထက်လွှတ်တော် အမတ်များမှ ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုကို လိုအပ်သည်။ မီကူလ်စကီး၏ ထောက်ခံမှုကြောင့် အိုဘားမားလိုအပ်သော အမတ်အရေအတွက်မှာ ပြည့်သွားပြီဖြစ်သည်။ အထက်လွှတ်တော်မှာ ထိုသဘောတူညီချက်နှင့်ပတ်သက်၍ ယခုလနှောင်းပိုင်းတွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: Aljazeera

  • ဟဂ်ျနှင့်ပတ်သက်သည့် စမတ်ဖုန်း App နှစ်ခုကို ဆော်ဒီဖြန့်ချီ

    ဟဂ်ျနှင့်ပတ်သက်သည့် စမတ်ဖုန်း App နှစ်ခုကို ဆော်ဒီဖြန့်ချီ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    hajj

    – ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ လာရောက်ဟဂ်ျပြုကြမည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်များ ဟဂ်ျနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်ရန်အတွက် ဘာသာစကားပေါင်းစုံဖြင့် အသုံးပြုနိုင်မည့် ဖုန်းအက်ပလီကေးရှင်းနှစ်ခုကို ဆော်ဒီက ဖြန့်ချီလိုက်သည်ဟု သိရသည်။

    “သတင်းအချက်အလက်တွေကို ဖြန့်ဝေဖို့အတွက် ဒီနေ့ခေတ်မှာ အင်တာနက်ဟာ အရာရောက်တဲ့ ကိရိယာတစ်ခုပါ။ အဲဒီအင်တာနက်ကို ပညာရေး ရည်ရွယ်ချက်အတွက်၊ အစ္စလာမ့်တရားဒေသနာတွေ ဟောကြားဖို့အတွက်၊ အစ္စလာမ်၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ ယူဆချက်အမှားတွေကို ဖယ်ရှားဖို့အတွက် စတဲ့ စတဲ့ နေရာတွေမှာ အသုံးပြုလို့ရပါတယ်” ဟု ဂျာမီယာ မီလီယာ အစ္စလာမီ အလူမ်နီအသင်းအား တည်ထောင်သူ ဒေါက်တာ ရှာဖာသွလ္လာဟ်ခန်းက စက်တင်ဘာ ၂ ရက်နေ့တွင် Saudi Gazette သို့ ပြောကြားခဲ့သည်။

    “အခြားနည်းပညာသစ်တစ်ခု အစားမထိုးနိုင်မချင်း ကျွန်တော်တို့ နေ့စဉ်ဘ၀တွေမှာ အင်တာနက်ဟာ ဆက်လက်ပြီး အကျိုးသက်ရောက်မှု ရှိနေမှာပါ။ သာမန်လူတန်းစားတွေကို အစ္စလာမ့်ရဲ့ သင်ကြားမှုတွေ ဖြန့်ချီရာမှာ ဒီအင်တာနက်ကို အဆုံးစွန်ဆုံး ကျွန်တော်တို့ အသုံးချဖို့ လိုပါတယ်”

    ယခုဖြန့်ချီလိုက်သည့် အက်ပလီကေးရှင်းကို Haj e Mabroor ဟု အမည်ပေးထားပြီး ဟဂ်ျ၊ အွမ္မရာဟ်ပြုခြင်းနှင့် ပတ်သက်၍ စာအုပ် ၃ အုပ်၊ တရားဒေသနာ ၉ ခု၊ ဆောင်းပါ ၂၁ ပုဒ်၊ ဟဂ်ျနှင့် အွမ္မရာဟ် ပြုနည်းများ ပါဝင်သည်။

    အဆိုပါအက်ပလီကေးရှင်းကို အင်္ဂလိပ်၊ အူရဒူ၊ ဟင်ဒီ ဘာသာစကားများဖြင့် အသုံးပြုနိုင်ပြီး ဒေါက်တာ နဂျီဘ် ကွာစ်မီက စီစဉ်ပေးကာ နာမည်ကျော် ဟဒီးဆ်ပညာရှင်နှင့် ဘုရင်ဖိုက်ဆယ်ဆုရ ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ထုတ်ဝေဖြန့်ချီခြင်းဖြစ်သည်။အက်ပလီကေးရှင်းတွင် ပါဝင်သော စာအုပ်များနှင့် ဆောင်းပါးများဖတ်ခြင်း၊ အမေးအဖြေကဏ္ဍများအတွက် အသုံးပြုသူများမှာ အင်တာနက်ကွန်နက်ရှင် မလိုအပ်ပေ။

    ယခုနှစ် ဟဂ်ျကာလမှာ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး အစ္စလာမ့် ပြက္ခဒိန်၏ ၁၂ လမြောက်ဖြစ်သော ဇွလ်ဟဂ်ျလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိဖြစ်သည်။

    Deen e Islam

    Haj e Mabroor အက်ပလီကေးရှင်းအပြင် ဟဂ်ျနှင့် အွမ္မရာဟ်အတွက် သတင်းအချက်အလက်များကို ရယူနိုင်ပြီး ဘာသာစကားသုံးမျိုးဖြင့် အသုံးပြုနိုင်သော Deen e Islam အက်ပလီကေးရှင်းကိုလည်း ထုတ်လုပ်ဖြန့်ချီခဲ့သည်။

    အဆိုပါ အက်ပလီကေးရှင်းတွင် ဘာသာရေးကဏ္ဍ ၂၁ ခုပါဝင်ပြီး၊ ဘ၀ရှင်သန်မှုအတွက် လမ်းညွှန်ပေးထားသော ဆောင်ပါး ၁၇၅ ပုဒ်၊ တရားဒေသနာ ၇၅ ပုဒ်နှင့် စာအုပ် ၇ အုပ်တို့ ပါဝင်သည်။

    ထိုအက်ပလီကေးရှင်းများကို Play Store နှင့် App Store နှစ်ခုစလုံးတွင် ရရှိနိုင်ပြီး ၂ မိနစ်အတွင်း ဖုန်းအတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်သည်။

    “ဒီခေတ်မှာ အစ္စလာမ်ဆန့်ကျင်ရေး အုပ်စုတွေဟာ အစ္စလာမ်ကို ဝေဖန်နေကြပြီး၊ အစ္စလာမ်ရဲ့ အရင်းမူလ၊ ကုရ်အာန်၊ ဟဒီးဆ်တို့ရဲ့ စစ်မှန်မှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဝင်လာအောင် ကြိုးပမ်းနေကြပါတယ်။ အစ္စလာမ်နဲ့ ကုရ်အာန်အပေါ် ဒီလုပ်ကြံမှုတွေကို ဥရောပ ဘာသာစကားအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပြီး ကျွန်တော်တို့ အစ္စလာမ့် ဓမ္မပညာရှင်တွေက ဒါကို သတိမထားမိကြပါဘူး” ဟု ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ပြောကြားခဲ့သည်

    “ကုရ်အာန်ရဲ့ စုစည်းမှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဖြစ်အောင်လုပ်တဲ့၊ အစ္စလာမ့်ရင်းမြစ်တွေရဲ့ စစ်မှန်မှုမှာ ယုံကြည်မှုနည်းသွားအောင်လုပ်တဲ့ နှစ် ၂၀ စီမံကိန်းကို လက်ရှိ ဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ ဂျာမနီတစ်နိုင်ငံတည်းမှာတင် အဖွဲ့ ၇၀ လောက်ရှိပါတယ်”

    ဟဂ်ျနှင့်ပတ်သက်၍ ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေသော အက်ပလီကေးရှင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ချေ။ ၂၀၁၂ ခုနှစ်က ဂျာမန်မွတ်စလင် ကွန်ပျူတာပညာရှင်တစ်ဦးက ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် ရည်ရွယ်သည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဂျစ်ဒါရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ဟဂ်ျလမ်းညွှန် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့ပြီး၊ မကြာသေးမီကပင် ဆော်ဒီရှိတက္ကသိုလ်တစ်ခုက ဟဂ်ျနှင့် အွမ်ရာပြုသည့်အချိန် ကအ်ဘာကျောင်းတော်ကို သ၀ါ့ဖ်လှည့်သည့် အကြိမ်အရေအတွက်ကို အလိုအလျောက် မှတ်သားထားပေးမည့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေ ဖြန့်ချီခဲ့သည်။

    Ref: Onislam

  • တစ်နှစ်အတွင်း အပြောင်းအရွှေ့အတွက် ငွေကြေးသုံးစွဲမှု ပရီးမီးယားလိဂ်တွင် စံချိန်တင်

    တစ်နှစ်အတွင်း အပြောင်းအရွှေ့အတွက် ငွေကြေးသုံးစွဲမှု ပရီးမီးယားလိဂ်တွင် စံချိန်တင်

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    ep

    – ၂၀၁၅ ခုနှစ်အတွင်း ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် ၁ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    နွေရာသီအပြောင်းအရွှေ့မှာ ယမန်နေ့က ပိတ်သွားခဲ့ပြီး၊ ထိုကာလတစ်ခုတည်းမှာပင် ပရီးမီးယားလိဂ်အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် သန်း ၈၇၀ ရှိခဲ့သည်ဟု အကြံပေးလုပ်ငန်း Deloittle က ပြောကြားခဲ့သည်။

    အဆိုပါပမာဏမှာ ၂၀၁၄ ခုနှစ်က ပေါင်း ၈၃၅ သန်းထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး၊ ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်းများသုံးစွဲခဲ့သည့် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ ကို ပေါင်းထည့်ပါက ယခုနှစ်အတွင်း အပြောင်းအရွှေ့အသုံးစားရိတ် စုစုပေါင်းမှာ ပေါင် ၁ ဘီလီယံအထိ ရှိခဲ့သည်။ ထိုပမာဏမှာ ပရီးမီးယားလိဂ်တွင် ပြက္ခဒိန်တစ်နှစ်အတွင်း ပြောင်းရွှေ့ကြေးပမာဏ စံချိန်သစ်တစ်ခုလည်း ဖြစ်ခဲ့သည်။

    Deloitte မှ အားကစားစီးပွားရေးဆိုင်ရာ အကြီးတန်းမန်နေဂျာဖြစ်သူ အဲလက်စ် သော်ပီက

    “ပရီးမီးယားလိဂ် အသင်း ၂၀ စလုံးဟာ တစ်ကမ္ဘာလုံးက အမြတ်အစွန်းရခဲ့တဲ့ ကလပ်အသင်းတွေရဲ့ ထိပ်ဆုံး ၄၀ အတွင်းမှာ ရှိနေပါတယ်။ ပြီးတော့ သူတို့တွေဟာ နိုင်ငံတကာက ပါရမီရှိ ကစားသမားတွေအတွက် ဈေးကွက်မှာ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်တာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းမှာ နွေရာသီအပြောင်းအရွှေ့တွင် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲခဲ့သည့်အသင်း ဖြစ်ခဲ့ပြီး၊ စတာလင်၊ အော့တာမန်ဒီ၊ ဒီဘရူနီတို့အား ခေါ်ယူခဲ့ရာတွင် ပေါင် သန်း ၁၆၀ ခန့် အသုံးပြုခဲ့သည်။

    သော်ပီကမူ နွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ နိုင်ငံခြားအသင်းများမှ ကစားသမားများအတွက် အသုံးပြုမှုမှာ ပေါင် သန်း ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။

    “ဥရောပတစ်လွှားကိုကြည့်ရင်၊ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဒီနွေရာသီအတွင်း အသားတင်သုံးစွဲမှုဟာ ဥရောပက အခြားသောလိဂ်တွေထက် ၂ ဆကျော်လောက် ရှိပါတယ်။ ဒါရဲ့ နောက်ကွယ်အကြောင်းအရင်းကတော့ ပရီးမီးယားလိဂ်ရဲ့ ရုပ်သံလွှင့်ခွင့်လုပ်ငန်း တိုးတက်ပြီး ပြန့်နှံ့လာမှုကြောင့် ဖြစ်ပါတယ်”

    ချန်ပီယံလိဂ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရထားသည့် ပရီးမီးယားလိဂ်မှ မန်စီးတီး၊ မန်ယူ၊ ချယ်ဆီးနှင့် အာဆင်နယ်တို့၏ စုစုပေါင်း ပြောင်းရွှေ့ကြေးသုံးစွဲမှုမှာ ပေါင်း သန်း ၃၄၀ ရှိခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများအားလုံး သုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်း ရှိနေသည်။

    ပရီးမီးယားလိဂ်ပြီးနောက် နွေရာသီဈေးကွက်တွင် ပြောင်းရွှေ့ကြေး ဒုတိယအများဆုံးသုံးသည့် လိဂ်မှာ စီးရီးအေဖြစ်ပြီး ပေါင်း ၄၀၅ သန်းရှိခဲ့ကာ၊ လာလီဂါက သန်း ၄၀၀ ရှိသည်။ ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးတို့မှာ ပေါင် သန်း ၂၉၀နှင့် ၂၂၀ အသီးသီး ရှိနေကြသည်။

    Ref: Goal

  • ရေနံသူခိုးများကို ဒရုန်းလေယာဉ်ဖြင့် နိုက်ဂျီးယား စောင့်ကြည့်သွားမည်

    ရေနံသူခိုးများကို ဒရုန်းလေယာဉ်ဖြင့် နိုက်ဂျီးယား စောင့်ကြည့်သွားမည်

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    nig

    – ရေနံခိုးယူမှုကို တိုက်ဖျက်ရန် ဆောင်ရွက်ချက်အဖြစ် နိုင်ငံ၏ရေလမ်းကြောင်းများတွင် သင်္ဘောများ လှုပ်ရှားသွားလာမှုကို ဒရုန်းများဖြင့် စောင့်ကြည့်သွားမည်ဟု နိုက်ဂျီးရီးယား နိုင်ငံပိုင် ရေနံကုမ္ပဏီ NNPC က ပြောကြားလိုက်သည်။

    ဂီနီပင်လယ်ကွေ့ လုံခြုံရေးနှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်ခဲ့သော အထူးညီလာခံတစ်ခုတွင် နိုက်ဂျီးရီးယား ရေနံကော်ပိုရေးရှင်း NNPC မှ မန်းနေးဂျင်းဒါရိုက်တာ အီဘေး ကာချစ်ဝူက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ရေပိုင်နက်အတွင်းမှာ သင်္ဘောတွေ လှုပ်ရှားမှုကို စစ်ဆေးဖို့ စစ်သင်္ဘောအုပ်စုတွေနဲ့ စောင့်ကြည့်တဲ့နည်းလမ်းကို ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီမှာ ဒရုန်းလေယာဉ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်မှာပါ” ဟု NNPC က တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ပတ္တယောင်လှည့်ရန်အတွက် နိုက်ဂျီးရီးယားရေတပ်တွင် ပစ္စည်းကိရိယာ မပြည့်စုံမှုကို ကူညီသွားရန်လည်း ကြိုးစားနေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထိုဆောင်ရွက်ချက်ဖြင့် လာမည့် ၈ လအတွင်း ရေနံခိုးယူသူများကို အဆုံးသတ်သွားရန် မျှော်လင့်သည်ဟု NNPC ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ကာချစ်ဝူကမူ ရေနံသူခိုးများကို စစ်ဆေးမှု မရှိပါက နိုင်ငံ၏ ရေနံသန့်စင်စက်ရုံ ၄ ခုကို လည်ပတ်ရန်မှာ NNPC အတွက် မဖြစ်နိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    နိုက်ဂျီးရီးယား နိုင်ငံတစ်ဝှမ်းရှိ ရေနံပိုက်လိုင်းများတွင် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၄ ခုနှစ် ဇွန်လအထိ တိုက်ခိုက်မှုပေါင်း ၄၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး၊ လွန်ခဲ့သည့် ၃ နှစ်အတွင်း NNPC အလုပ်သမား၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ စုစုပေါင်း ၃၅၀ ခန့်မှာ ရေနံသူခိုးများ၏ သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသည်။

    ထိုကဲသို့ ရေနံခိုးယူသူများကို နှိမ်နှင်းရန် အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အကူအညီကိုလည်း နိုက်ဂျီးရီးယားက ရယူသွားမည်ဖြစ်ပြီး အထူးသဖြင့် ခိုးယူထားသော ရေနံများ ပို့ဆောင်သည့် ကုန်တင်သင်္ဘောများကို လက်ခံသည့် နိုင်ငံများဖြစ်သည်။ နိုက်ဂျီးရီးယား နိုင်ငံခြားငွေရရှိမှု၏ ၉၀ ရာခိုင်နှုန်းမှာ ရေနံလုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    ဖိအားများကို ရင်ဆိုင်ရန်အသင့်ဟု မန်ယူ လူငယ်တိုက်စစ်မှူးသစ် မာရှယ် ပြော

    စက်တင်ဘာ ၂၊ ၂၀၁၅
    M-Media

    mu

    – အပြောင်းအရွှေ့ နောက်ဆုံးနေ့တွင် မန်ယူသို့ ရောက်ရှိလာခဲ့သည့် လူငယ်တိုက်စစ်မှူး အန်သိုနီမာရှယ်က မိမိအနေဖြင့် အသင်းတွင် ဖိအားများကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားလိုက်သည်။

    အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် မာရှယ်ကို မန်ယူက မိုနာကိုမှ ပေါင် ၅၈.၇ သန်းဖြင့် ယမန်နေ့တွင် ခေါ်ယူခဲ့ပြီး ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဆယ်ကျော်သက်ကစားသမားလည်း ဖြစ်လာခဲ့သည်။

    ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ယူရိုပါလိဂ်တွင် လိုင်ယွန်နှင့်အတူ ပထမဆုံး ပွဲထွက်ခဲ့သည့် မာရှယ်မှာ ပြင်သစ်လီဂူးတွင် ၅၂ ပွဲသာ ကစားရသေးသူဖြစ်သည်။ သို့သော်လည်း ပြင်သစ် ယူ ၂၁ ကစားသမား မာရှယ်က အိုးထရက်ဖို့တွင် စိန်ခေါ်မှုများအတွက် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဖိအားကို မခံစားပါဘူး။ ဖိအားရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အဲဒီအတွက် ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ” ဟု မာရှယ်က MUTV သို့ ပြောကြားခဲ့သည်။ ထို့ပြင် မန်ယူသို့ ပြောင်းရွှေ့ခဲ့ရသည့်အတွက် ပျော်ရွှင်မိသည်ဟုလည်း ၎င်းက ဆိုသည်။

    “မန်ယူဟာ အင်္ဂလန်မှာ အသင်းအကြီးတစ်သင်း ဖြစ်တာကြောင့် ကျွန်တော် အရမ်း ပျော်ရွင်ပါတယ်။ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ဒီအတွက် ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရတာကြောင့် အလွန် ပျော်ရွှင်မိပြီး၊ မိသားစုကလည်း တော်တော်ဝမ်းသာနေပါတယ်”

    ထို့ပြင် မိမိအနေဖြင့် နည်းပြဗန်ဂါးလ်ဖြင့် စကားပြောခဲ့ပြီး၊ အလွန်ကြိုးစားရမည်ကို သိရှိကြောင်း၊ မိမိမှာ လျင်မြန်သော ကစားသမားဖြစ်ကာ အသင်း၌ အရာအားလုံး အဆင်ပြေမည်ဟု မျှော်လင့်ကြောင့် မာရှယ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal