News @ M-Media

Author: Ko Lay

  • ဘေရွတ်မှ ပါလက်စတိုင်းဒုက္ခသည် သားအဖအတွက် အလှူငွေ ၂ ရက်အတွင်း ဒေါ်လာ ၁ သိန်းကျော်ရ

    ဘေရွတ်မှ ပါလက်စတိုင်းဒုက္ခသည် သားအဖအတွက် အလှူငွေ ၂ ရက်အတွင်း ဒေါ်လာ ၁ သိန်းကျော်ရ

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    ples

    – အိပ်နေတဲ့သမီးငယ်လေးကို ကျောပိုးလို့ ဘေရွတ်မြို့လမ်းမတွေပေါ်မှာ တစ်ဝမ်းတစ်ခါးအတွက် ဘောပင်လိုက်ရောင်းနေရတဲ့ ပါလက်စတိုင်းဒုက္ခသည် သားအဖနှစ်ဦးရဲ့ ဂရုဏာသက်ဖွယ် ဓာတ်ပုံတစ်ခု အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် သူတို့ ဘ၀သစ်စတင်ဖို့အတွက် စေတနာရှင်တွေရဲ့ လှူဒါန်းငွေဟာ ၂ ရက်အတွင်း ကန်ဒေါ်လာ ၁ သိန်း ၃ သောင်းကျော် ရှိခဲ့ပါတယ်။

    Help Abdul and Reem start a new life (အဘ်ဒူလ်နဲ့ ရီမ်တို့ ဘ၀အသစ်စဖို့အတွက် ကူညီပါ) ဆိုတဲ့ ခေါင်းစဉ်နဲ့ အလှူငွေရရှိရေး လှုပ်ရှားမှုကို အိုက်စလန် ဂျာနယ်လစ်နဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဂီဆော် ဆီမိုနာဆန်က ကြာသာပတေးနေ့မှာ ဆိုရှယ်မီဒီယာကနေတစ်ဆင့် စတင်ခဲ့တာဖြစ်ပါတယ်။

    ဆီမိုနာဆန်ဟာ Conflict လို့ခေါ်တဲ့ သတင်းဝဘ်ဆိုက်ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး အဘ်ဒူလ် ဟာလင်အတ္တာရ်တို့ သားအဖနှစ်ဦးကို လက်ဘနွန်မြို့တော် ဘေရွတ်မြို့ရဲ့ လမ်းတွေပေါ်မှာ ဘောပင်လိုက်ရောင်းနေတာကို တွေ့ခဲ့ပြီး ဂရုဏာသက်ခဲ့တာ ဖြစ်ပါတယ်။

    အဘ်ဒူလ်ဟာ ကလေးနှစ်ယောက် ဖခင်ဖြစ်ပြီး ဆီးရီးယားနိုင်ငံ ဒမတ်စကတ်က ယာရ်မွတ် ဒုက္ခသည်စခန်းမှာ အရင်က နေခဲ့ရပေမယ့် အဲဒီနေရာမှာ မတည်မငြိမ် ဖြစ်လာတာကြောင့် လက်ဘနွန်ကို ပြောင်းရွှေ့ခဲ့ရသူပါ။

    သူတို့သားအဖ ဘယ်မှာနေလဲဆိုတာကိုသိဖို့ ဆီမိုနာဆန်ဟာ ၂ ရက်လောက် လိုက်ရှာခဲ့ရပြီး အတ္တာရ်ရဲ့ တစ်လမ်းဝင်တစ်လမ်းထွက် ဘောပင်ရောင်းနေရတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပြီး Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

    pal

    အဲဒီရန်ပုံငွေရရှိရေး လှုပ်ရှားမှုကို ကန်ဒေါ်လာ ၅၀၀၀ လောက်ရဖို့ စတင်ခဲ့တာဖြစ်ပေမယ့် သူတို့သားအဖရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး ကမ္ဘာတစ်ဝှမ်းက အလှူရှင်တွေက ဆက်သွယ်လှူဒါန်းခဲ့တာကြောင့် ၂ ရက်အတွင်းမှာပဲ ကန်ဒေါ်လာ ၁ သိန်း ၃ သောင်းလောက် ရခဲ့ပါတယ်။

    မမျှော်လင့်ဘဲ ဘ၀သစ်စတင်ဖို့ အခွင့်အရေးရခဲ့တဲ့ အတ္တာရ်တစ်ယောက် ၀မ်းသာလုံးဆို့နေပြီး သူရရှိတဲ့ အလှူငွေတွေနဲ့ ဘ၀တူ ဒုက္ခသည်တွေအတွက် ကူညီချင်သလို ကလေးနှစ်ယောက်ကိုလည်း ကျောင်းပို့ချင်တယ်လို့ ပြောခဲ့ကြောင်း ဆီမိုနာဆန်က Twitter စာမျက်နှာမှာ ထပ်မံ ရေးသားဖော်ပြခဲ့ပါတယ်။

    အတ္တာရ်တို့ သားအဖတွေဟာ ယာရ်မွတ်ဒုက္ခသည်စခန်းက ထောင်ပေါင်းများစွာသော ပါလက်စတိုင်း ဒုက္ခသည်တွေထဲက မိသားစုတစ်စုသာ ဖြစ်ပါတယ်။ ဆီးရီးယားမတည်ငြိမ်မှုကြောင့် လက်ဘနွန်ကို ပြောင်းရွှေ့လာရတဲ့ အဲဒီဒုက္ခသည်တွေဟာ လက်ဘနွန်အစိုးရရဲ့ ထောက်ပံ့မှုအနည်းငယ်သာ ရရှိပြီး အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရပါတယ်။

    Ref: Aljazeera

  • ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    ခြေစွမ်းပြနိုင်သည့် တိုက်စစ်မှူးသစ် ဆာခိုအား ပါဂျူး ချီးကျူး

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    dako

    – ယခုနှစ်မှ ရောက်ရှိလာခဲ့သည့် တောင်ပံကစားသမားသစ် ဘေကရီ ဆာခိုအား ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ချီးကျူးလိုက်ပြီး ၎င်းမှာ အသင်းအား အသွင်တစ်မျိုးဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    မာလီကစားသမား ဆာခိုမှာ ချန်ပီယံရှစ်အသင်းဖြစ်သော ၀ုလ်ဗ်မှ ခရစ္စတယ်ပဲလေ့စ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသင်းနှင့် အလျင်အမြန် အထိုင်ကျခဲ့ကာ ပြီးခဲ့သည့်တစ်ပတ် အက်စတွန်ဗီလာပွဲနှင့် ယခုတစ်ပတ် ချယ်ဆီးအပေါ် သမိုင်းဝင်နိုင်ပွဲတို့တွင် ခြေစွမ်းပြကာ တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။

    ပါဂျူးကမူ ဆာခိုအား ချီးကျူးခဲ့ပြီး ၎င်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှုနှင့် ဂိုးကန်သွင်းမှုများတွင် အသင်းရှိ အခြားသောတိုက်စစ်မှူးများထက်ပို၍ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်နေသည်။

    “သူက ကျွန်တော်တို့အတွက် တကယ့် အင်အားတစ်ခုပါ။ (ပြီးခဲ့တဲ့တစ်ပတ်) အက်စတွန်ဗီလာပွဲနဲ့ ချယ်ဆီးပွဲတွေမှာ သူမပါဘဲ ကျွန်တော်တို့ အနိုင်မရနိုင်ပါဘူး။ သူကစားတဲ့ပုံစံကို ကြည့်တာနဲ့ သူဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ အံကိုက်ပဲလို့ ကျွန်တော်တို့ ခံစားရပါတယ်။ ဒါပေမယ့် သူက ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ပြီး ကျွန်တော်တို့ အမြဲတမ်း အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဇာဟာနဲ့ ဘိုလာစီတို့ဟာ
    ဂိုးလုံလုံလောက်လောက် ရကြပါဘူး။ ဒါပေမယ့် သူ(ဆာခိုက)ကတော့ ရပါလိမ့်မယ်” ဟု ပါဂျူးက ပွဲအပြီးတွင် ချီးကျူးခဲ့သည်။

    ဆာခိုမှာ ချယ်ဆီးအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ယမန်နေ့ပွဲတွင် ဒုတိယပိုင်း မိနစ် ၆၀ ကျော်၌ အသင်းအတွက် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ပွဲပြီးကာနီး ဂျိုးလ် ၀ါ့ဒ် ခေါင်းတိုက်သွင်းယူသည့် အနိုင်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။

    “ကျွန်တ်ာတို့ အရမ်းကောင်းခဲ့ပါတယ်။ ဒီပွဲဟာ သိပ်ကောင်းတဲ့ ပရီးမီးယားလိဂ်ပွဲပါပဲ။ ချယ်ဆီးကလည်း သူတို့ဟာသူတို့ ကစားပါတယ်။ ကျွန်တော်ကတော့ သူတို့ကောင်းတယ်လို့ထင်ပါတယ်” ဟု ပါဂျူးက နိုင်ပွဲ ရရှိမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal

  • ဒုက္ခသည်များအား ကြိုဆိုသည့်အနေဖြင့် ချီတက်ဆန္ဒပြမှုကို ဂျာမန်ပြည်သူများ ပြုလုပ်

    ဒုက္ခသည်များအား ကြိုဆိုသည့်အနေဖြင့် ချီတက်ဆန္ဒပြမှုကို ဂျာမန်ပြည်သူများ ပြုလုပ်

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    german

    – ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေကြသော ဒုက္ခသည်များအား မိမိတို့နိုင်ငံမှ ကြိုဆိုသည်ဆိုသော သတင်းစကားပေးရန်အတွက် ဂျာမန်ပြည်သူ ထောင်ပေါင်းများစွာက နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့တွင် ယမန်နေ့က လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဒုက္ခသည်များအား ကယ်ဆယ်စောင့်ရှောက်ပေးရေးကို ထောက်ခံသော ပိုစတာများကို ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့၏ အစောင့်ရှောက်အောက်တွင် လူအုပ်ကြီးမှာ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြခြင်းဖြစ်ပြီး “ကျယ်ကျယ်ပြော၊ ရှင်ရှင်းပြော၊ ဒုက္ခသည်တွေကို ဒီကနေကြိုဆိုတယ်” ဟူသည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    နာဇီဆန့်ကျင်ရေး ချီတက်ပွဲဟု အမည်ပေးထားသည့် အဆိုပါဆန္ဒပြပွဲသို့ လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ပွဲစီစဉ်သူများကမူ တက်ရောက်လာသူဦးရေမှာ ၅၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ ဆန္ဒပြပွဲကျင်းပရာ ဒရက်စ်ဒန်မြို့မှာ အစ္စလာမ်ဆန့်ကျင်ရေးအဖွဲ့ဖြစ်သော လက်ယာစွန်းရောက် PEGIDA အဖွဲ့၏ အမာခံဒေသဖြစ်သည်။

    ဒရက်စ်ဒန်မြို့တည်ရှိရာ ဆာဇိုနီပြည်နယ်မှာ ပြောင်းရွှေ့အခြေချသူများနှင့် ဒုက္ခသည်များအား ဆိုးဆိုးရွားရွား ဆန့်ကျင်ဆန္ဒပြသော ဒေသလည်းဖြစ်ပြီး၊ ဒရက်စ်ဒန်မြို့အနီး ဟိုင်ဒီနူဒေသရှိ ဒုက္ခသည်စခန်းမှာ လက်ယာစွန်းရောက်များ၏ ပစ်မှတ်ထားဆန္ဒပြရာနေရာ ဖြစ်လာခဲ့ကာ ပြီးခဲ့သည့် တစ်ပတ်အတွင်း ဆန္ဒပြမှုများ၌ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

    ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ အဆိုပါဒုက္ခသည်စခန်းသို့ ယခုတစ်ပတ်တွင် သွားရောက်လည်ပတ်ခဲ့ပြီး လက်ယာစွန်းရောက်များမှာ ၎င်းကိုပင် လှောင်ပြောင်ခဲ့ကြသည်။ မာကဲလ်ကမူ ဒုက္ခသည်ဆန့်ကျင်ရေး အကြမ်းဖက်မှုကို လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    စစ်တမ်းကောက်ယူမှုများအရ ဂျာမန်ပြည်သူများ၏ ၆၀ ရာခိုင်နှုန်းမှာ မာကဲလ်၏သဘောထားအား ထောက်ခံကြသည်။ ဂျာမနီမှာ ယခုနှစ်တွင် ဒုက္ခသည် ၈ သိန်းအထိ လက်ခံရန် စီစဉ်ထားပြီး စံချိန်တင် ပမာဏလည်းဖြစ်သည်။

    Ref: Channelnewsasia

  • တိုက်စစ်မှူး ရော်ဒရီဂက်စ်ကို ရီးယဲလ်နည်းပြ ချီးကျူးခဲ့ပြီး ရော်နယ်ဒိုကို ကာကွယ်

    တိုက်စစ်မှူး ရော်ဒရီဂက်စ်ကို ရီးယဲလ်နည်းပြ ချီးကျူးခဲ့ပြီး ရော်နယ်ဒိုကို ကာကွယ်

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    real

    – ရီးယဲလ်ဘက်တစ်အသင်းအား ဂိုးပြတ်နှင့် အနိုင်ရခဲ့သည့်ပွဲတွင် ခြေစွမ်းပြခဲ့သော ရီးယဲလ်တိုက်စစ်မှူး ဂျိမ်းစ်ရော်ဒရီဂက်စ်ကို နည်းပြ ဘန်နီတက်ဇ်က ချီးကျူးလိုက်ပြီး ရော်နယ်ဒို၏ ဂိုးမသွင်းနိုင်မှုကိုလည်း ကာကွယ်ပြောဆိုခဲ့သည်။

    လာလီဂါအဖွင့်ပွဲတွင် တန်းတက် စပို့တင်းဂီဂျွန်အသင်းအား ဂိုးမရှိသရေသာ ရခဲ့သည့် ရီးယဲလ်မှာ ယမန်နေ့က ဘက်တစ်အား ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲတွင် ရော်ဒရီဂက်စ်မှာ ဒုတိယမြောက်ဂိုးကို ဖရီးကစ်မှတစ်ဆင့် တိကျစွာ သွင်းယူပေးခဲ့ပြီး စတုတ္ထမြောက်ဂိုးကိုလည်း ဘိုင်စကယ်ကန်ချက်ဖြင့် လှလှပပ သွင်းယူပေးခဲ့သည်။

    တိုက်စစ်မှူးဘေးလ်လည်း ၂ ဂိုးသွင်းယူပေးခဲ့ပြီး၊ ဘင်ဇီမာက တစ်ဂိုးသွင်းယူပေးခဲ့ကာ ပြီးခဲ့သည့်ရာသီက ဂိုးသွင်းစက်ဖြစ်ခဲ့သည့် ရော်နယ်ဒိုမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိချေ။ ဘင်နီတက်ဇ်ကမှာ ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူးများကို ချီးကျူးခဲ့သည်။

    “ဂျိမ်းစ်ဟာ အခြားအသင်းဖော်တွေရဲ့ ကြံ့ခိုင်မှုမျိုးကို ရရှိနေပါပြီ။ သူ့ရဲ့ စွမ်းရည်ကို ငြင်းပယ်လို့ မရပါဘူး။ ဒီကောင်လေး ကစားနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ငြင်းခုံစရာမရှိပါဘူး” ဟု ဘင်နီတက်ဇ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ရာသီသစ်တွင် ဂိုးပေါက်ပျောက်နေသည့် တိုက်စစ်မှူးရော်နယ်ဒိုကိုလည်း ၎င်းက ကာကွယ်ပြောကြားခဲ့သည်။

    “ရော်နယ်ဒိုဟာ ဂိုးပေါက်ကို ကန်သွင်းမှုအများဆုံး လုပ်တဲ့သူတစ်ယောက်ပါ။ တကယ်လို့ အသင်းဟာ အခွင့်အရေးတွေအများကြီးကို ဆက်လက်ဖန်တီးမယ်ဆိုရင် မကြာခင်သူဟာ ဂိုးလုံလုံလောက်လောက် သွင်းနိုင်မှာပါ”

    အန်ဆယ်လော့တီအား ထုတ်ပယ်ခဲ့ပြီးနောက် ခန့်အပ်ခဲ့သော်လည်း ရီးယဲလ်ပရိတ်သတ်များအကြား ကြိုက်နှစ်သက်မှုနည်းပါးသည့် ဘင်နီတက်ဇ်အတွက် ယခုနိုင်ပွဲမှာ ဖိအားလျော့ကျစေသည့် နိုင်ပွဲလည်းဖြစ်သည်။

    Ref: Goal

  • အိန္ဒိယတွင် ဇာတ်မြင့်အမျိုးသမီးကိုယူသည့် ဇာတ်နိမ့်အမျိုးသား၏ အမနှင့် ညီမကို မုဒိမ်းကျင့်ရန် ကျေးရွာကောင်စီက အမိန့်ပေး

    အိန္ဒိယတွင် ဇာတ်မြင့်အမျိုးသမီးကိုယူသည့် ဇာတ်နိမ့်အမျိုးသား၏ အမနှင့် ညီမကို မုဒိမ်းကျင့်ရန် ကျေးရွာကောင်စီက အမိန့်ပေး

    သြဂုတ် ၃၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံတွင် ဇာတ်နိမ့်အမျိုးသားတစ်ဦးက အိမ်ထောင်ရှိ ဇာတ်မြင့်အမျိုးသမီးတစ်ဦးကို ခိုးပြေးသွားသောကြောင့် ကျေးရွာကောင်စီက ထိုအမျိုးသား၏ အစ်မနှင့် ညီမနှစ်ဦးအား မုဒိမ်းကျင့်ရန်နှင့် ၀တ်လစ်စလစ်ဖြင့် ရွာတစ်ပတ်လျှောက်သွားရန် အမိန့်ချခဲ့သည်ဟု သိရသည်။

    အူတာပရာဒက်ရှ်ပြည်နယ်ရှိ ဘာဂ်ပတ်ရွာတွင် ဇူလိုင် ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွေးကောက် တင်မြှောက်ထားခြင်းမရှိဘဲ အမျိုးသားများသာ ပါဝင်သည့် ကျေးရွာကောင်စီက ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ခိုးပြေးသွားသော အမျိုးသားမှာ ဇာတ်နိမ့် ဒါလစ် မျိုးနွယ်မှဖြစ်ပြီး ထိုကျေးရွာတွင် နေထိုင်သူအများစုမှာ ဂျတ် မျိုးနွယ်များဖြစ်ကာ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ အသက် ၂၃ နှစ်နှင့်
    အသက် ၁၅ နှစ်အရွယ်သာ ရှိသေးသည်။

    ဒါလစ်ဇာတ်နိမ့်မျိုးနွယ်မှဖြစ်သော အဆိုပါ ညီအမနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုများမှာ ထိုအဖြစ်အပျက်ပြီးကတည်းက ရွာမှထွက်ပြေးကာ နယူးဒေလီတွင် ပုန်းအောင်းနေကြသည်။

    ယခုလအစောပိုင်းတွင် ၎င်းတို့ညီအမနှစ်ဦးထဲမှ အကြီးဖြစ်သူမှာ အိန္ဒိယတရားရုံးချုပ်သို့ အသနားခံစာတစ်စောင် တင်သွင်းခဲ့ပြီး နေအိမ်သို့ ပြန်နိုင်ရေးအတွက် ကာကွယ်မှုပေးရန် တောင်းဆိုခဲ့သည်။ အဆိုပါ အသနားခံစာကို စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ဖြေကြားရန်အတွက် သြဂုတ်လ ၁၈ ရက်နေ့တွင် တရားရုံးချုပ်က အူတာပရာဒက်ရှ် အာဏာပိုင်များအား အမိန့်ပေးခဲ့သည်။

    “ကျွန်တော်တို့ တရားရုံးချုပ်ကို တက်ပြီးတဲ့နောက်ပိုင်းမှာ ရွာသားတွေက ပိုပြီး ရန်လိုလာပါတယ်။ ကျေးရွာကောင်စီမှာ ဂျတ် လူမျိုးတွေရဲ့ဆုံးဖြတ်ချက်က အတည်ပါပဲ။ ကျွန်တော်တို့စကားကို သူတို့ နားမထောင်ပါဘူး။ ရဲကလည်း ကျွန်တော်တို့ပြောတာကို လက်မခံပါဘူး။ ဘယ်သူမဆို အခုအချိန်မှာ အသတ် ခံရနိုင်တယ်လို့ ရဲက ပြောခဲ့ပါတယ်” ဟု ထိုအမျိုးသမီးနှစ်ဦး၏ အစ်ကိုဖြစ်သူကAmnesty သို့ ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International အဖွဲ့ကမူ မုဒိမ်းကျင့်ခံရသည့် ညီအမနှစ်ဦး၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသေအချာဆောင်ရွက်ပေးရန် အိန္ဒိယအာဏာပိုင်များသို့ တောင်းဆိုခဲ့သည်။ ထို့ပြင် ထိုကိစ္စအတွက် အရေးယူပေးရန် အစိုးရအား တောင်းဆိုသည့် စာတစ်စောင်ကို ရေးသားခဲ့ပြီး ထိုစာတွင် လက်မှတ်ရေးထိုးသူမှာ ၉ သောင်းကျော် ရှိပြီဖြစ်သည်။

    Hindustan Times သတင်းစာကမူ ခိုးပြေးသွားသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားနှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတို့မှာ လွန်ခဲ့သည့် ၃ နှစ်ကတည်းက ချစ်ကြိုက်နေကြခြင်း ဖြစ်သော်လည်း အမျိုးသမီး၏ မိဘများက ၎င်း၏ ဆန္ဒကို လွန်ဆန်ကာ ဂျတ်မျိုးနွယ်မှ အမျိုးသားတစ်ဦးနှင့် လက်ထပ်ပေးခဲ့သည်။

    လက်ထပ်ပြီး ၁ လခန့်အကြာတွင် ထိုအမျိုးသမီးမှာ ရည်းစားဟောင်းဖြစ်သော ဇာတ်နိမ့်အမျိုးသားနှင့် ခိုးရာလိုက်ခဲ့ပြီး မိသားစုများ နှိပ်စက်ခံရမှုကြောင့် ပြန်လည်အပ်နှံခဲ့ရသည်။ ထို့နောက် ထိုအမျိုးသားကို ဆေးမှုဖြင့် စွပ်စွဲကာ ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ အချုပ်ထဲတွင် ရှိနေသည်။

    မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီး ၂ ဦး၏ ဖခင်ဖြစ်သူကလည်း အမျိုးသားလူ့အခွင့်အရေးကောင်စီနှင့် ဇာနိမ့်များရေးရာ အမျိုးသားကော်မရှင်သို့ ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ တိုင်ကြားမှု ပြုလုပ်ထားပြီး ရဲတပ်ဖွဲ့နှင့် လူများစု ဂျတ် ဇာတ်မြင့်များမှာ မိမိတို့အား အရှက်တကွဲအကျိုးနည်းအောင် ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

    အိန္ဒိယပြည်နယ်များရှိ ရွာအများအပြားတွက် ခက်ပ် ပန်ချာယက်စ်ဟုခေါ်သည့် ကျေးရွာကောင်စီမှာ နာမည်ဆိုးဖြင့် ကျော်ကြားပြီး တရားဝင် ပြစ်ဒဏ်ချမှတ်ခွင့်မရှိသော်လည်း လူမှုရေးရာကိစ္စရပ်များအတွက် ၎င်းတို့က စီရင်ဆုံးဖြတ်နေကြသည်။

    ထို့ပြင် ထိုကောင်စီများက သတ်မှတ်ထားသည့် ဇာတ်နှင့် ယဉ်ကျေးမှုကန့်သတ်ချက်များအား ဖောက်ဖျက်မှုအတွက် “မြင့်မြတ်သော သတ်ဖြတ်ခြင်း” ဟု ဆိုကာ အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များအား သတ်ဖြတ်လျက်ရှိကြသည်။

    Ref: Aljazeera