News @ M-Media

Author: Ko Lay

  • မိုဇမ်ဘစ် တက္ကစီဒရိုင်ဘာ သေဆုံးမှု တောင်အာဖရိကရဲများ အနည်းဆုံး ထောင် ၁၅ နှစ် ကျခံရဖွယ်ရှိ

    မိုဇမ်ဘစ် တက္ကစီဒရိုင်ဘာ သေဆုံးမှု တောင်အာဖရိကရဲများ အနည်းဆုံး ထောင် ၁၅ နှစ် ကျခံရဖွယ်ရှိ

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    south

    – လွန်ခဲ့သည့် ၂ နှစ်အရင်က ရဲကားအနောက်မှ ကြိုးဖြင့် တရွတ်တိုက်ဆွဲခေါ်ခံခဲ့ရကာ သေဆုံးသွားခဲ့သည့် မိုဇမ်ဘတ် တက္ကစီဒရိုင်ဘာအမှုအတွက် တောင်အာဖရိက ရဲတပ်ဖွဲ့ဝင် ၈ ဦးမှာ အပြစ်ရှိကြာင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    သေဆုံးသွားသူမှာ အသက် ၂၇ နှစ်အရွယ် မီဒို မာစီယာဆိုသူဖြစ်ပြီး လမ်းမတွင် နေရာမှာယွင်း၍ ပါကင်ထိုးမှုကြောင့် အဖမ်းခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းမှုအောက်၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

    မာစီယာမသေဆုံးမီ မြို့တော် ဂျိုဟန်နစ္စဘတ်အရှေ့ပိုင်းတွင် လက်ထိပ်ခတ်ထားသော မာစီယာကို ရဲတပ်ဖွဲ့ ဗန်ကား၏ အနောက်တွင် ကြိုးဖြင့်ချည်ကာ မီတာရာပေါင်းများစွာအထိ တရွတ်တိုက် ဆွဲခေါ်သွားသည်ကို ဘေးတွင်ကြည့်သူများက ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ ထို့နောက် ၂ နာရီခန့်အကြာ၌ အချုပ်ခန်းထဲတွင် မာစီယာမှာ သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

    ပရီထရိုရီယာရှိ တရားရုံးတွင် တရားသူကြီး ဘာ့တ်ဘမ်က ဗီဒီယိုမှတ်တမ်း၌ ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၈ ဦးစလုံးကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီး၊ မာစီယာမှာ ဖမ်းဆီးမှုကို ခုခံခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သည်ဟု ၎င်းတို့ လျှောက်လဲမှုကို ပယ်ချခဲ့သည်။

    ကားမောင်းသူကမူ ပတ်ဝန်းကျင်ရှိ ဒေါသထွက်နေသော လူအုပ်ကြီးမှ လွတ်မြောက်ရန် ကားကို မောင်းပြေးခဲ့ခြင်းဖြစ်ပြီး မာစီယာ အနောက်တွင် ရှိနေသည်ကို မသိခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

    သို့သော်လည်း ဖမ်းဆီးခဲ့သည့်ရဲအား ဆဲဆိုမှုအတွက် သင်ခန်းစာပေးရန် ထိုသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးက ယူဆခဲ့ပြီး၊ မာစီယာမှာ လမ်းစည်းကမ်းချိုးဖောက်မှုအတွက် ဥပဒေပ ဖမ်းဆီးခံခဲ့ရခြင်းကြောင့် ၎င်းတို့အား ခုခံသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့နောက် မာစီယာမှာ အချုပ်ခန်းထဲတွင် ထပ်မံ၍ ငြှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရပြီး၊ အလောင်းအား စစ်ဆေးမှုများအရ ဦးခေါင်းတွင် ပေါက်ပြဲပဲရွဲ့ဒဏ်ရာအများအပြားကို တွေ့ခဲ့ရဟုလည်း ဘမ်က ပြောကြားခဲ့သည်။

    အမှုတွင်ပါဝင်သူမှာ ၉ ဦးဖြစ်ပြီး တစ်ဦးကို ယခင်က တရားသေလွှတ်ပေးခဲ့သည်။ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည့် ၈ ဦးကို လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ် ကျခံရဖွယ်ရှိနေသည်။

    Ref: Aljazeera

  • မလေးရှားသို့ တရားမ၀င် ၀င်ရောက်မည့် မြန်မာနိုင်ငံသားများကို ထိုင်းဖမ်းဆီး

    မလေးရှားသို့ တရားမ၀င် ၀င်ရောက်မည့် မြန်မာနိုင်ငံသားများကို ထိုင်းဖမ်းဆီး

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    – ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ရန် ကြိုးစားနေသည့် မြန်မာနိုင်ငံသား ၅ ဦးနှင့် လူကုန်ကူးသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို ထိုင်းတောင်ပိုင်း နာရာသီဝပ် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    နာရာသီဝပ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး အကြီးတန်းတာဝန်ရှိသူ ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး သက်ချိုင်း ပစ်တာနီလာလွတ်က ၎င်းတို့ဌာနမှာ မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းဘက်ခြမ်းရှိ အိမ်တစ်အိမ်၌ မြန်မာနိုင်ငံသား အုပ်စုတစ်စု ပုန်းအောင်းနေသည်ဟု ထောက်လှမ်းရေးသတင်း ရခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် ရဲတပ်ဖွဲ့က အဆိုပါအိမ်အား ၀င်ရောက်စီးနင်းခဲ့ရာတွင် အသက် ၁၉ နှစ်မှ ၂၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ အိတ် ၅ လုံး၊ သက်တမ်းလွန်နေပြီဖြစ်သော ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့် အထောက်အထားများကို သိမ်းဆည်းရမိခဲ့သည်။

    ၎င်းတို့ ၅ ဦးအပြင် အသက် ၃၀ အရွယ် ထိုင်းနိုင်ငံသား ချီ ဘာကာ ချီ မူဒါကိုလည်း မေးမြန်းမှုများပြုလုပ်ရန် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ချီဘာကာကမူ အဆိုပါအိမ်မှာ လူကုန်ကူးသူ အေးဂျင့်နှစ်ယောက်က ပို့ဆောင်ပေးမည့် မြန်မာနိုင်ငံသားများအတွက် လမ်းခုလတ် နားခိုရာနေရာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံသားများကို ထိုင်း-မလေးရှားနယ်စပ်ရှိ တောလမ်းကြောင်းမှတစ်ဆင့် မလေးရှားသို့ ခေါ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

    ၎င်းတို့အုပ်စုကို လက်ရှိအချိတွင် ဆွန်ဂိုင်း ဂိုလော့ရဲစခန်း၌ ထိန်းသိမ်းထားပြီး နာရာသီဝပ် ပြည်နယ်တရားရုံးသို့ ပို့ဆောင်ကာ တရားစွဲဆိုသွားမည်ဖြစ်သည်။

    Ref: The Malaysian Insider

  • မန်ယူမှာ ဘောလုံးမရသည့်အချိန်တွင် ပိုကောင်းသည်ဟု ဗန်ဂါးလ်ပြော

    မန်ယူမှာ ဘောလုံးမရသည့်အချိန်တွင် ပိုကောင်းသည်ဟု ဗန်ဂါးလ်ပြော

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    mu

    – မိမိအသင်း၏ ခံစစ်နှင့် တိုက်စစ်မှာ ဘောလုံးမရှိသည့်အချိန်တွင် ပို၍ ကောင်းမွန်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်သို့ ရောက်ရေးမှာလည်း အလွန် အရေးကြီးသည်ဟု ဆိုသည်။

    မန်ယူမှာ ယခုနှစ်ရာသီအစတွင် ကစားခဲ့သည့် လေးပွဲစလုံး၌ ရှုံးပွဲမရှိသေးသော်လည်း တိုက်စစ်ပိုင်းတွင် ပြဿနာရှိနေပြီး ဂိုးရရန်ခက်ခဲနေကာ ပရီးမီးယားလိဂ်တွင် ၂ ဂိုးသာ သွင်းယူထားနိုင်သည်။ ထို့ကြောင့် အဓိက တိုက်စစ်မှူးဖြစ်သူ ၀ိန်းရူနီမှာ ဝေဖန်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ခံနေရသည်။ ဗန်ဂါးလ်ကလည်း အသင်း၏ ခံစစ်ကစားသမားများမှာ ချီးကျူးမှုနှင့် ပိုထိုက်တန်သည်ဟု ဆိုသည်။

    ယခုနှစ် အသင်းအခြေအနေနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုရှိလားဟု မေးမြန်းရာ ဗန်ဂါးလ်က

    “အခုအချိန်အထိတော့ ကျွန်တော်တို့ ခံစစ်အုပ်စုကိုပဲ ကြိုက်ပါသေးတယ်။ ဘောလုံးကို အဓိကကာလ လေးခုခွဲပြီး၊ ကျွန်တော်တို့မှာ ၂ ခုရှိပါတယ်။ အဲဒါကတော့ ပြိုင်ဘက်က ဘောလုံးရနေချိန်မှာ ကျွန်တော်တို့က ပိုကောင်းတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒါကို ကျွန်တော်တို့ သက်သေပြခဲ့ပြီး အခုနှစ်မှာလည်း Clean Sheet တော်တော်များများနဲ့ ကျွန်တော်တို့ ဆက်လက် သက်သေပြနေပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ဒါပေမယ့် ဘောလုံးရတဲ့အချိန် တိုးတက်လာအောင် ကျွန်တော်တို့ လုပ်ရပါမယ်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်

    မန်ယူမှာ ယနေ့ညတွင် ချန်ပီယံလိဂ် ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ဘရုဂျက်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ပထမအကျော့တွင် ၃ ဂိုး ၁ ဂိုးဖြင့်နိုင်ထားပြီး အခြေအနေ ကောင်းနေသော်လည်း ဗန်ဂါးလ်မူ ထိုပွဲမှာ အသင်းအတွက် အရေးပါဆုံးပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဟုတ်ပါတယ်။ ဒါက ယူနိုက်တက်အတွက် အရေးပါဆုံးပွဲပါ။ တစ်နှစ်ကျော်ပြီးတဲ့အချိန် ချန်ပီယံလိဂ်မှာ ၀င်ခွင့်ရဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါ။ ပြီးတော့ ကျွန်တော်တို့ ပါဝင်ခွင့် မရသေးပါဘူး။ သိပ်အရေးပါပါတယ်။ ပြိုက်ဘက်ထက် ဂိုးပိုများများနဲ့ အဆုံးသတ်အောင် ကျွန်တော်တို့ ကစားရပါမယ်။ အဲဒီနောက်မှသာ ကျွန်တော်တို့ (ချန်ပီယံလိဂ်ကို) ၀င်ကစားရမှာပါ”

    Ref: Goal

  • ယူကရိန်း ရုပ်ရှင်ဒါရိုက်တာကို အကြမ်းဖက်မှုဖြင့် ရုရှားက ထောင်ဒဏ် နှစ် ၂၀ ချ

    ယူကရိန်း ရုပ်ရှင်ဒါရိုက်တာကို အကြမ်းဖက်မှုဖြင့် ရုရှားက ထောင်ဒဏ် နှစ် ၂၀ ချ

    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media

    ukarine

    – ခရိုင်းမီးယားကျွန်းဆွယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ယူကရိန်း ရုပ်ရှင်ဒါရိုက်တာဖြစ်သူ အိုလက်ဂ် ဆန့်ဆော့ဗ်ကို ရုရှားတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု RIA သတင်းဌာနက ဖော်ပြခဲ့သည်။

    နိုင်ငံအနောက်တောင်ပိုင်း ရို့စ်တော့ဗ်မြို့ရှိ စစ်ခုံရုံးတွင် တရားစွဲဆိုကြားနာကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးဖြစ်သူ အလက်ဇန်ဒါ ကိုလ်ရှန်ကို ကိုလည်း ၁၀ နှစ် ချမှတ်ခဲ့သည်။ အစိုးရရှေ့နေများကမူ ဆန့်ဆော့ဗ်အား ထောင်ဒဏ် ၂၃ နှစ်နှင့် ကိုလ်ရှန်ကိုအား ၁၂ နှစ်ချမှတ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    ခရိုင်းမီးယားဇာတိဖြစ်သူ ဆန့်ဆော့ဗ်ကမူ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပြီး ယူကရိန်းပြဿနာအတွက် ရုရှားနှင့် အနောက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာသည့်အချိန်တွင် နိုင်ငံရေးအရ ထိုတရားစွဲဆိုမှုကို ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကာ ရှုတ်ချခဲ့သည်။

    ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်ပြီးနောက်ပိုင်း ထိုသိမ်းပိုက်မှုမှ လွတ်မြောက်ရေးအတွက် ခရိုင်းမီးယားတွင် အကြမ်းဖက်အဖွဲ့ ဖွဲ့စည်းမှုဖြင့် ရုရှား၏ အစိုးရရှေ့နေများက ဆန့်ဆော့ဗ်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    ရုရှားစုံစမ်းစစ်ဆေးသူများကမူ ၎င်းတို့နှစ်ဦးမှာ ၂၀၁၄ ခုနှစ် ဧပြီနှင့် မေကြားတွင် ခရိုးမီးယားရှိ ရုံးနှစ်ရုံးကို မီးရှို့ခဲ့ပြီး တစ်ခုမှာ ရုရှားအာဏာရပါတီ၏ ယူနိုက်တက်ရုရှား၏ ရုံးခန်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုကမူ ဆန့်ဆော့ဗ်တို့နှစ်ဦးအား ရုရှားက တရားစွဲဆိုခြင်းမှာ မည်သည့်အဓိပ္ပါယ်မှမရှိဟု ပြောကြားခဲ့သည်။

    “တောင့်ထားပါ အိုလက်ဂ်။ ဒီတရားစွဲဆိုမှုကို စီစဉ်ခဲ့တဲ့သူတွေ ကိုယ်တိုင် (တရားရုံးက) သံသယရှိသူ ခုံတန်းမှာ ထိုင်ရတဲ့အချိန်ဆိုတာ ရောက်လာဦးမှာပါ” ဟု ပိုရိုရှန်ကိုက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။

    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International ကလည်း အဆိုပါ တရားစွဲဆိုမှုအား ရှုတ်ချခဲ့သည်။

    “ဒီလူတွေဟာ ခရိုင်းမီးယားကို ရုရှားက ကျူးကျော်သိမ်းပိုက်တာကို ဆန့်ကျင်မှုနဲ့ ပတ်သက်ပြီး “အကြမ်းဖက်” စွဲချက်တွေနဲ့ တရားမဲ့စွာ စွဲဆိုခံရတာပါ။ စစ်ဘက်ကြားနားမှုဟာ ပုံမှန်မဟုတ်တာတွေ များပြားပါတယ်။ ငြှင်းပန်းနှိပ်စက်မှု၊ သက်သေထွက်ဖို့ အခြား ဆိုးရွားတဲ့ဆက်ဆံမှုတွေကို အသုံးပြုတယ်ဆိုတဲ့ တုန်လှုပ်စရာ ဖော်ထုတ်မှုတွေလည်း ရှိနေပါတယ်” ဟု Amnesty International က ပြောကြားခဲ့သည်။

    Ref: Reuters

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၅၊ ၂၀၁၅)

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    တရုတ်စတော့ဈေးကွက် နှစ် ၂၀ အတွင်း အနိမ့်ဆုံးသို့ ကျဆင်း
    ………………………………………..
    ယမန်နေ့က ၈ ရာခိုင်နှုန်းအထိ ကျခဲ့သည့် တရုတ်စတော့ဈေးကွက်မှာ ယနေ့တွင်လည်း ၇.၆၃ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့ပြီး နှစ်ပေါင်း ၂၀ နီးပါးအတွင်း အနိမ့်ဆုံးအထိကို ရောက်ရှိသွားခဲ့သည်။ သြဂုတ်လ ၁၉ ရက်နေ့မှ စကြည့်လျှင် စတော့ဈေးကွက်မှာ ၂၂ ရာခိုင်နှုန်း လျော့ကျသွားခြင်းလည်းဖြစ်သည်။ ဈေးကွက်ကျဆင်းမှုကို ထိန်းသိမ်းရန် တရုတ်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသော်လည်း ပြန်တက်လာခြင်း မရှိခဲ့ပေ။ တနင်္လာနေ့က တရုတ်ဈေးကွက်ကျဆင်းမှုကြောင့် အာရှနိုင်ငံအချို့ရှိ ဈေးကွက်များမှာ ကျဆင်းခဲ့သော်လည်း ယနေ့တွင် ဂျပန်မှလွဲ၍ အခြားဈေးကွက်များမှာ အနည်းငယ် ပြန်တက်လာခဲ့သည်။

    ရာနှင့်ချီသော တရားမ၀င် ကိုလံဘီယာနိုင်ငံသားများကို ဗင်နီဇွဲလား နှင်ထုတ်
    ………………………………..
    ကိုလံဘီယာနယ်စပ်အနီးတွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားမှာ ရာနှင့်ချီသော ကိုလံဘီယာနိုင်ငံသားများကို နှင်ထုတ်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုလံဘီယာတွင် လှုပ်ရှားနေသော လက်နက်ကိုင်ဂိုဏ်းများက ပြုလုပ်သည်ဟု ယူဆရသော တိုက်ခိုက်မှုအတွင်း ဗင်နီဇွဲလားစစ်တပ်မှ အရာရှိ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် သမ္မတ မာဒူရိုမှာ နိုင်ငံအနောက်ပိုင်းရှိ မြို့အများအပြားတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ မှောင်ခိုသမားများနှင့် ရာဇ၀တ်ဂိုဏ်းများကို နှိမ်နှင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း
    တရားမ၀င်နေထိုင်သည့် ကိုလံဘီယာနိုင်ငံသားများကိုလည်း နှင်ထုတ်ခဲ့သည်။

    ဥရောပသို့ဝင်ရောက်သည့် ဒုက္ခသည်များ တိုးလာမည်
    ……………………………………..
    အီရတ်နှင့် ဆီးရီးယားတွင် တိုက်ခိုက်မှုများ ဖြစ်နေခြင်း၊ တူရကီ၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် အခြေအနေများ ဆိုးရွားနေခြင်းကြောင့် ဥရောပသို့ ၀င်ရောက်လာကြသည့် ဒုက္ခသည်အရေအတွက်မှာ လာမည့်ရက်များတွင်လည်း ဆက်လက်တိုးနေမည်ဟု UNHCR က ပြောကြားခဲ့သည်။ ထို့ပြင် ဥရောပနိုင်ငံများအနေဖြင့် မှန်ကန်သည့် စီမံဆောင်ရွက်မှုများကို ပြုလုပ်ပါက ထိုကိစ္စကို ကိုင်တွယ်နိုင်မည်ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ မီလီဆာ ဖလီးမင်းက ပြောကြားခဲ့သည်။

    Ref: News Agencies