News @ M-Media

Author: Ko Lay

  • လီဗာပူးလ် တိုက်စစ်မှူးဘာလော့တယ်လီ အေစီမီလန်သို့ အငှားဖြင့်ပြန်ရောက်

    လီဗာပူးလ် တိုက်စစ်မှူးဘာလော့တယ်လီ အေစီမီလန်သို့ အငှားဖြင့်ပြန်ရောက်

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    bel

    – လီဗာပူးလ်အသင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် အီတလီတိုက်စစ်မှူး ဘာလော့တယ်လီမှာ စီးရီးအေကလပ် အေစီမီလန်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြန်လည် ပြောင်းရွှေ့သွားခဲ့သည်ဟု သိရသည်။

    အသက် ၂၅ နှစ်အရွယ်ရှိ ဘာလော့တယ်လီမှာ အင်္ဂါနေ့ နံနက်ပိုင်းက ဆန်စီရိုသို့ ရောက်ရှိလာခဲ့ပြီး လီဗာပူးလ်နှင့် အေစီမီလန် နှစ်သင်းစလုံးကလည်း ၎င်း၏ အပြောင်းအရွှေ့အတွက် အတည်ပြုခဲ့သည်။

    ပြီးခဲ့သည့်နှစ် သြဂုတ်လက အေစီမီလန်မှ လီဗာပူးလ်သို့ ပေါင် ၁၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် ၎င်းမှာ ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိခဲ့ဘဲ ပရီးမီးယားလိဂ်တွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

    “ပြန်ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ ကျွန်တော် ကြံ့ခိုင်နေပြီး အသင်းဖော်တွေနဲ့ အလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ စကားတော့ သိပ်အများကြီး မပြောချင်ပါဘူး။ အလုပ်ကြိုးစားလုပ်ဖို့ပဲ အာရုံထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ကောင်းမွန်တဲ့ရာသီကို လိုချင်လို့ပါပဲ” ဟု လာမာဒိုနီယာ ဆေးခန်းတွင် ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက်များအား ဘာလော့တယ်လီက ပြောကြားခဲ့သည်။

    အီတလီဝါရင့်ကစားသမား မာကိုမာတာရာဇီကမူ ဘာလော့တယ်လီမှာ နည်းပြ မီဟိုင်းလိုဗစ်ခ်ျ၏ ခေါင်းဆောင်မှုအောက်တွင် အေစီမီလန်အား တိုးတက်စေမည်ဖြစ်ပြီး လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာထက် မီဟိုင်းလိုဗစ်ခ်ျနှင့် ပို၍ ဆက်ဆံရေးကောင်းလိ့မ်မည်ဟု ပြောကြားခဲ့သည်။

    ဘာလော့တယ်လီမှာ ၂၀၁၃ ခုနှစ်က အေစီမီလန်သို့ ရောက်ရှိလာခဲ့ပြီး ပထမဆုံး ၁၃ ပွဲတွင် ၁၂ ဂိုး သွင်းယူနိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့သည်။

    ပြီးခဲ့သည့်နှစ်က အဆင့် ၁၀ နေရာဖြင့် ရာသီသိမ်းခဲ့သည့် အေစီမီလန်မှာ ယခုနှစ်တွင် အသင်းအား ပြန်လည်တည်ဆောက်နေပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ကို ခေါ်ယူ၍ မရခဲ့သောကြောင့် ဘာလော့တယ်လီအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    အေစီမီလန် စီအီးအို အက်ဒရီယာနို ဂါလီယာနီကမူ ဘာလော့တယ်အား ၎င်း၏တန်ဖိုးကို သက်သေပြရန် နောက်ဆုံး အခွင့်အရေးပေးခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “သူ့ကိုပြန်ခေါ်ဖို့ ဘာလော့တယ်လီက ကျွန်တော်တို့ကို စည်းရုံးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို နောက်ဆုံးအခွင့်အရေး ပေးတယ်ဆိုတာလည်း သူသိပါတယ်”

    Ref: Goal

  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ဆော်ဒီရုပ်သံတွင် တင်ဆက်မည်

    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ဆော်ဒီရုပ်သံတွင် တင်ဆက်မည်

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    saudi
    အစီအစဉ်တင်ဆက်မည့် အလ်-ဟာဆန်

    – အကြမ်းဖက်ဝါဒအား တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်သည့် အစီအစဉ်ကို ဆော်ဒီတီဗီချန်နယ်တစ်ခုက လာမည့် စက်တင်ဘာပထမအပတ်တွင် ထုတ်လွှင့်သွားမည်ဟု သိရသည်။

    Security of the Kingdom ဟု အမည်ရသည့် အဆိုပါအစီအစဉ်ကို ဆော်ဒီရှိ Tabah ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်မှာ အရေးပါသည်ဟု အစီအစဉ်တင်ဆက်မည့် ဒေါက်တာ မိုရှင် ရှိုက်ခ် အလ်-ဟာဆန်က ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်က အရေးကြီးပြီး အချိန်သင့်အခါသင့်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ Daesh (IS) နဲ့ အလယ်ကိုင်းဒါးလို အကြမ်းဖက်အုပ်စုတွေက အကြမ်းဖက်ဝါဒကို ပေါက်ဖွားစေလို့ပါပဲ” ဟု အလ်-ဟာဆန်က ဆိုသည်။

    အလ်-ဟာဆန်၏ ယခင်တင်ဆက်သည့် အစီအစဉ်များမှာ လူကြိုက်များကာ အောင်မြင်မှုရရှိခဲ့ပြီး အကြမ်းဖက်ဝါဒကို တန်ပြန်တိုက်ဖျက်မည့် အဆိုပါအစီအစဉ်မှာလည်း ပရိတ်သတ်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

    ထိုအစီအစဉ်ကို တစ်ပတ်လျှင် တစ်ရက် တစ်နာရီကြာ ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး ဆော်ဒီပြည်သူများ စိုးရိမ်သော လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကာ အဓိကရည်ရွယ်ချက်မှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ပေါက်ဖွားလာရန်ဖြစ်သည်ဟု ဆိုသည်။

    “ကနဦးမှာ ဒီအစီအစဉ်ဟာ မူကြိုအရွယ်ကလေးတွေကို အဓိကအာရုံထားပြီး လုပ်ဆာင်သွားမှာပါ။ ပြီးတော့ သူတို့လေးတွေ တိုင်းပြည်ကိုချစ်ဖို့ သင်ပေးသွားပါမယ်” ဟု အလ်-ဟာဆန်က ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် ကလေးငယ်များမှာ ငယ်ရွယ်ပြီး စူစမ်းချင်စိတ်ရှိသောကြောင့် နိုင်ငံချစ်စိတ်ကဲ့သို့ စိတ်ဓာတ်ကောင်းများကို သွတ်သွင်းပေးရန် လွယ်ကူကြောင်း၊ လူငယ်များအား တပ်သားသစ်အဖြစ် စုဆောင်းနေသည့် IS နှင့် အလ်ကိုင်းဒါးကဲ့သို့သော အဖွဲ့များ၏ ဗျူဟာကို တန်ပြန်ဆန့်ကျင်ရန် မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အဲဒီအုပ်စုတွေက Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် အပြစ်မဲ့တဲ့ ကလေးတွေကို စုဆောင်းနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဒီကလေးတွေကို ဦးနှောက်ကျင်းပြီး အကြမ်းဖက်အယူအဆတွေကို ရိုက်သွင်းတော့တာပါပဲ”

    စီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတသမားများနှင့် ပညာရေးသမားများက စပွန်ဆာပေးသော အဆိုပါ အစီအစဉ်တွင် အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများအတွက် ရည်ရွယ်သည့် တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်သည်။

    “ဒီခေတ်မှာဖြစ်ပျက်နေတာတွေနဲ့ ဆက်စပ်ပြီး ကြည့်တဲ့အတွက်ကြောင့် သူတို့ထဲက အများစုဟာ ဒီအယူအဆကို သဘောခွေ့ကြပါတယ်။ အကြမ်းဖက်သမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုကို ရိုက်သွင်းပေးပါတယ်” ဟု အလ်-ဟာဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arab News

  • မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု မစ်ဒယ်ဝိတ်ချန်ပီယံ ကော့တိုပြော

    မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု မစ်ဒယ်ဝိတ်ချန်ပီယံ ကော့တိုပြော

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    box

    – WBC ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံ မီဂွဲလ် ကော့တိုက မိမိအနေဖြင့် ဖလွိုက်မေ၀ယ်သာနှင့် မကျေပွဲ ထပ်နွှဲချင်သည်ဟု ပြောကြားလိုက်သည်။

    ၂၀၁၂ ခုနှစ် မေလက လက်စ်ဗီးဂက်စ်တွင် ထိုးသတ်ခဲ့သော ၎င်းတို့နှစ်ဦး၏ ပွဲတွင် ကော့တိုမှာ ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရပြီး မေ၀ယ်သာကလည်း ကော့တိုမှာ ၎င်းထိုးသတ်ခဲ့ရသူများတွင် အခက်ခဲဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မေ၀ယ်သာမှာ လက်ရှိတွင် တစ်နိုင်ငံတည်းသား အန်ဒရေဘာတိုနှင့် ၎င်း၏ လက်ဝှေ့သက်တမ်း နောက်ဆုံးပွဲကို စက်တင်ဘာတွင် ထိုးသတ်ရန် စီစဉ်ထားသည်။

    ကာနီလို အလ်ဗာရက်ဇ် နှင့် လာမည့် နိုဝင်ဘာတွင် ထိုးသတ်မည့်ပွဲအတွက် ယမန်နေ့က နယူးယောက်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပေါ်တိုရီကို လက်ဝှေ့သမား ကော့တိုက အကယ်၍ မေ၀ယ်သာအနေဖြင့် ပွဲ ၅၀ မြောက် ထပ်မံထိုးသတ်ရန် ရှိပါက မိမိမှာ မကျေပွဲနွှဲချင်သည်ဟု ပြောကြားခဲ့သည်။

    “ဒီပွဲပြီးရင် အနားယူတော့မယ်လို့ မေ၀ယ်သာက ပြောခဲ့ပါတယ်။ ကြိုးဝိုင်းထဲမှာ ထပ်မရှိတော့မယ့် သူတစ်ယောက်ကို ကျွန်တော် မညွှန်းချင်ပါဘူး။ ဒါပေမယ့် သူက ဒီပွဲအပြီး လက်ဝှေ့လောကထဲ ဆက်ရှိနေမယ်ဆိုရင်တော့ ဒီ (၎င်းနှင့်ထိုးသတ်မည့်ပွဲ) ဟာ လူတွေ့စောင့်ကြည့်ရမယ့်ပွဲလို့ ကျွန်တော်ထင်သလို၊ သိလည်းသိပါတယ်” ဟု ကော်တိုက ဆိုသည်။

    အောက်တိုဘာတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် ကော့တိုက ၎င်းမှာ အသက် ၂၅ နှစ်အရွယ် အလ်ဗာရက်ဇ်ကို အနိုင်ရမည်ဟု ယုံကြည်နေသည်။ ၎င်းတို့၏ပွဲကို လက်စ်ဗီးဂက်စ်ရှိ Mandalay Bay တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    “ထိုးမယ့်ညမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကာနီလို ဘယ်လိုလာလာ ကျွန်တော် ကိုယ်တွယ်နိုင်ပါတယ်။ အလဲထိုးမယ်လို့ ကျွန်တော် ဘယ်တော့မှ မပြောပါဘူး။ ခက်ခဲတဲ့ပွဲအတွက် ကျွန်တော့်ကိုကျွန်တော် ပြင်ဆင်နေပါတယ်”

    Ref: Dailymail

  • ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်ဆူဒန်သမ္မတ လက်မှတ်ထိုး

    ငြိမ်းချမ်းရေးသဘောတူညီချက်ကို တောင်ဆူဒန်သမ္မတ လက်မှတ်ထိုး

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    sudan

    – တောင်ဆူဒန်သမ္မတ ဆာလ်ဗာ ကီရ်မှာ သူပုန်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ယမန်နေ့က မြို့တော် ဂျူဘာတွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါအခမ်းအနားသို့ အာဖရိက ဒေသတွင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    သူပုန်ခေါင်းဆောင် ရီက် မာချာမှာ အဆိုပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အီသီယိုပီးယားတွင် ပြီးခဲ့သည့်တစ်ပတ်က လက်မှတ်ရေးထိုးခဲ့သော်လည်း ဆာလ်ဗာ ကီရ်ကမူ ထိုသဘောတူညီချက်အား လေ့လာရန် အချိန်ယူရမည်ဟု ပြောဆိုခဲ့ကာ လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။

    သို့သော်လည်း ကင်ညာနှင့် ယူဂန်ဒါ သမ္မတများ၊ အီသီယိုးပီးယားမှ ၀န်ကြီးချုပ်တို့က ကြားဝင် ညှိနှိုင်းပေးခဲ့သောကြောင့် ယမန်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ကီရ်အနေဖြင့် ယမန်နေ့တွင် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါက အရေးယူရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    တောင်ဆူဒန်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ သမ္မတ ဆာလ်ဗာ ကီရ်နှင့် ယခင်ဒုတိယ သမ္မတဖြစ်ခဲ့သူ ရီက်မက်ချာတို့အား သစ္စာခံသူများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် တိုင်းပြည်မငြိမ်မသက်ဖြစ်လာကာ လူမျိုးစုနှစ်ခုအကြား တိုက်ခိုက်သည့် ပြည်တွင်းစစ်အသွင်သို့ ပြောင်းသွားခဲ့သည်။

    ကုလသမ္မဂ၏ ကျွမ်းကျင်သူများအဖွဲ့မှ အင်္ဂါနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် နှစ်ဖက်စလုံးမှာ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း ၎င်းတို့၏ အဖွဲ့ဝင်နှစ်ဦးမှာ ပြီးခဲ့သည့် သီတင်းပတ်က အသတ်ခံခဲ့ရသည်ဟု ဆိုသည်။

    တောင်ဆူဒန်၏ အဆိုပါပြည်တွင်းစစ်အတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၁.၆ သန်းခန့်မှာလည်း အိမ်အိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref: Aljazeera

  • ဂိုးမိုးခေါင်မှု အဆုံးသတ်နိုင်ခြင်းအတွက် ရူနီကျေနပ်

    ဂိုးမိုးခေါင်မှု အဆုံးသတ်နိုင်ခြင်းအတွက် ရူနီကျေနပ်

    သြဂုတ် ၂၈၊ ၂၀၁၅
    M-Media

    mu

    – ဘရုဂျက်နှင့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်သည့်အတွက် ပျော်ရွှင်မိသည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ခြေစစ်ပွဲဒုတိယအကျော့တွင် မန်ယူမှာ ဘရုဂျက်အား ရူနီ၏ ဟက်ထရစ်နှင့်အတူ ၄ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်းရလဒ်က ၇ ဂိုး ၁ ဂိုးဖြင့် အုပ်စုအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။

    ထိုဂိုးများမှာ ရူနီ၏ ၁၀ ပွဲဆက်တိုက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်လိုက်ခြင်းလည်းဖြစ်ပြီး ၎င်းကမူ ထိုအတွက် ပျော်ရွှင်ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    “ဂိုးတွေရတာ ကျွန်တော်ဝမ်းသာပါတယ်။ ပြီးတော့ ပိုပြီးအရေးကြီးတာက အုပ်စုအဆင့်ကို ကောင်းကောင်းမွန်မွန် တက်သွားတာပါပဲ။ တစ်ကယ်လို့ ကျွန်တော့်မှာ ပုံစံကောင်းမရှိဘူးဆိုရင် ကျွန်တော့်ကိုပဲ ထိခိုက်မှာပါ။ ဒါပေမယ့် ကျွန်တော့် အရည်အချင်းနဲ့ အသင်းကို ဘာပေးဆပ်ခဲ့လည်းဆိုတာ ကျွန်တော်သိပါတယ်။ ဂိုးမ၀င်လည်း အသင်းဖော်တွေအတွက် ဆက်လက် လုပ်ပေးသွားမှာပါ” ဟု BT Sport သို့ ရူနီက ပြောကြားခဲ့သည်။

    ထို့ပြင် ဂိုးမသွင်းနိုင်မှုအတွက် မိမိမှာ သောကမရောက်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးသွင်းချင်တာ ဓမ္မတာပါပဲ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီကို လူတိုင်းက ပြန်ကြည့်ပြီး “ခင်ဗျား ပွဲတော်တော်များများ ဂိုးမသွင်းနိုင်ခဲ့ဘူးနော်” လို့ပြောပြီး အကြီးကြီး လုပ်ပစ်လိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော့်လိုလူမျိုးကို ပိုပြီး လူပြောသူပြောများတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်အလုပ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ဒါကိုလက်ခံရပါမယ်”

    နည်းပြဗန်ဂါးလ်ကမူ ရူနီမှာ ၎င်း၏ စွမ်းရည်ကို သက်သေပြခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ရူနီနှင့် မိမိတို့အသင်း၏ ရှေ့ဆက်သွားရမည့်ခရီးမှာ ရှည်လျားသည်ဟု ဆိုသည်။

    Ref: Goal