News @ M-Media
Author: Ko Lay
  • တရုတ်စတော့ဈေးကွက် ကျဆင်းမှု အာရှ အချမ်းသာဆုံးသူဌေး ဒေါ်လာ ၃.၆ ဘီလီယံ ဆုံးရှုံး
    တရုတ်စတော့ဈေးကွက် ကျဆင်းမှု အာရှ အချမ်းသာဆုံးသူဌေး ဒေါ်လာ ၃.၆ ဘီလီယံ ဆုံးရှုံး
    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media
    – တရုတ်စတော့ဈေးကွက်မှာ ၂၀၀၇ နှစ်နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုနှင့် ရင်ဆိုင်ရသည့် ယမန်နေ့တွင် အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သူ တရုတ်သူဌေးတစ်ဦးမှာ ကန်ဒေါ်လာ ၃.၆ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု သိရသည်။
    တရုတ်အစိုးရ၏ ဆောင်ရွက်ချက်များမှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှုအတွင်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် မစွမ်းဆောင်နိုင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ရှယ်ယာဈေးကွက်မှာ တနင်္လာနေ့တွင် အလွန်အမင်း ကျဆင်းခဲ့သည်။ ထိုအရှိန်ကြောင့် အာရှတစ်ဝှမ်းနှင့် နိုင်ငံတကာမှ ရှယ်ယာဈေးကွက်များပါ အနည်းနှင့်အများ ထိခိုက်ခဲ့သည်။
    ထိုကဲ့သို့ ရှယ်ယာဈေးကျဆင်းမှုကြောင့် ကမ္ဘာ့အချမ်းသာဆုံး လူ ၄၀၀ တွင် ဆုံးရှုံးမှုများမှာ ကန်ဒေါ်လာ ၁၂၄ ဘီလီယံအထိ ရှိခဲ့သည်။ တရုတ် စတော့ဈေးကွက်များမှာ ယနေ့တွင်လည်း ထပ်မံကျဆင်းခဲ့ပြီး အာရှရှိ ချမ်းသာသူများတွင် ဆုံးရှုံးမှုများ ပိုမိုများပြားခဲ့သည်။
    တနင်္လာနေ့ တရုတ်စတော့ဈေးကွက် ကျဆင်းမှုအတွင်း ကမ္ဘာ့ဘီလီယံနာ ၂၄ ဦးမှာ ကန်ဒေါ်လာ ၁ ဘီယီယံကျော်စီ ဆုံးရှုံးခဲ့ကြပြီး ထိုအထဲတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ်လည်း ပါဝင်ခဲ့ကာ ကန်ဒေါ်လာ ၃.၂ ဘီလီယံ ဆုံးရှုံးခဲ့သည်။
    စတော့ဈေးကွက် မတည်ငြိမ်မှုကြောင့် အာရှဘီလီယံနာများမှာ ပြီးခဲ့သည့် ၃ လအတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှုများမှ ၅ ပုံ ၁ ပုံ ဆုံးရှုံးခဲ့ပြီး၊ သောကြာနေ့ ဈေးကွက်ဖွင့်ချိန်မှစ၍ ယမန်နေ့ ဈေးကွက်ပိတ်ချိန်အထိ ဆုံးရှုံးမှုမှာ ကန်ဒေါ်လာ ၅၄ ဘီလီယံရှိနေသည်။
    Ref: Arabnews
  • ဟဂ်ျပြုရန်လာကြသူများအတွက် ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဆော်ဒီ စီစဉ်ထား
    ဟဂ်ျပြုရန်လာကြသူများအတွက် ပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဆော်ဒီ စီစဉ်ထား
    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media
    saudi
    – ယခုနှစ် ဟဂ်ျရာသီအတွင်း လာရောက်ကြသည့် ခရီးသည်များအနေဖြင့် ကျန်းမာရေးနှင်ညီညွတ်ပြီး ရောဂါဘယကင်းစင်သော ၀န်းကျင်တွင် ၎င်းတို့၏ ဘာသာရေးတာဝန်ဝန်တ္တရားများကို ကျေပွန်စေနိုင်ရန်အတွက် ပြည့်စုံသော ကျန်းမာရေးအစီအစဉ်များကို ဆောင်ရွက်ထားသည်ဟု မဒီနာရှိ ကျန်းမာရေးဆိုင်ရာ အထွေထွေဒါရိုက်တာဖြစ်သူ ခါလစ် အလ်-မီရ်ဂါလာနီက ပြောကြားလိုက်သည်။
    “ဟဂ်ျဘုရားဖူး လာရောက်ကြသူတွေ၊ အလုပ်သမားတွေနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး ၀န်ဆောင်မှု အကောင်းဆုံးအဆင့်ရရှိဖို့၊ ကုသမှု၊ ကာကွယ်မှုနဲ့ လူနာသယ်ယူပို့ဆောင်ရေး အစီအစဉ်တွေကနေ တစ်ဆင့် ပြီးပြည့်စုံတဲ့ ကျန်းမာရေး ၀န်ဆောင်မှု အစီအစဉ်တွေကို ကျွန်တော်တို့ အပြည့်အ၀ စီစဉ်ထားပါတယ်” ဟု အလ်-မီရ်ဂါလာနီက Arab News သို့
    တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
    ထိုကဲ့သို့ ၀န်ဆောင်မှုများကို မက္ကာဟ်မြို့တွင်လည်း စီစဉ်ထားပြီး မက္ကာနှင့် မဒီနာမြို့ရှိ အခြားသော အရေးပါသည့် နေရာများဖြစ်သော မီနာ၊ အာရာဖတ်နှင့် မွဇ်ဒါလီဖာဒေသများတွင်လည်း စီမံထားသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    ယခုနှစ်တွင် ဆော်ဒီအာရေဗျသို့ ဟဂ်ျဘုရားဖူးခရီးစဉ် လာရောက်ကြမည့်သူများနှင့် မြင့်မြတ်ရာနေရာများတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအတွက် ဦးနှောက်အမှေးရောင်ကာကွယ်ဆေးကို မဖြစ်မနေ ထိုးရမည်ဟု အလ်-မီရ်ဂါလာနီက ဆိုသည်။
    “ဘုရားဖူးတွေအတွက် လိုအပ်တဲ့ တုပ်ကွေးပျောက်ဆေးတွေလည်း ကျွန်တော်တို့မှာ အလုံအလောက် ရှိပါတယ်”
    ကျန်းမာရေးဝန်ဆောင်မှုများနှင့် ကာကွယ်ရေး၊ ကုသရေး ၀န်ဆောင်မှုများကို ဆော်ဒီနိုင်ငံအတွင်းသို့ ရေလမ်း၊ လေကြောင်းလမ်းနှင့် ကုန်းလမ်းတို့မှ ၀င်ရောက်လာသည့် ဟဂ်ျခရီးသွားများနှင့် အခြားခရီးသည်များအတွက် ဆော်ဒီအစိုးရက အပြည့်အ၀ စီစဉ်ထားသည်။
    ဟဂ်ျဘုရားဖူးလာရောက်ကြသော ခရီးသည်များကို ကျန်းမာရေးဝန်ဆောင်မှုပေးရန်အတွက် မက္ကာနှင့် မဒီနာမြို့များတွင် ကုတင်တစ်ထောင်ဆန့်ဆေးရုံ ၇ ရုံရှိပြီး အထူးကြပ်မတ်ကုသဆောင်နှင့် အရေးပေါ်ကုသဆောင်များမှာ ၁၃၅ ခု ရှိနေသည်။
    မဒီနာရှိ Prince Mohammed bin Abdul Aziz လေဆိပ်၊ ယန်ဘူရှိ Prince Abdul Mohsen Bin Abdul Aziz Airport လေဆိပ်နှင့် ယန်ဘူ သင်္ဘောဆိပ်တို့တွင် ကပ်ရောဂါ စောင့်ကြည့်ရေးစင်တာ ၃ ခုရှိပြီး နေမကောင်းသူများနှင့် ဒဏ်ရာရရှိသူများကို အနီးဆုံးရှိ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ရေးအတွက် လူနာတင်ယာဉ်အုပ်စု ၂၅ စု ရှိနေသည်။
    ဟဂ်ျဘုရားဖူး ခရီးသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အစိုးရ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆော်ဒီ လခြမ်းနီအဖွဲ့၊ လူမှုကာကွယ်ရေးအဖွဲ့များက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
    Ref: Arabnews
  • ပြိုင်ဘက်၏ချစ်သူအကြောင်း မကောင်းပြောသည့် သြစတေးလျတင်းနစ်သမား ပွဲပယ်ပြစ်ဒဏ် ကျခံရ
    ပြိုင်ဘက်၏ချစ်သူအကြောင်း မကောင်းပြောသည့် သြစတေးလျတင်းနစ်သမား ပွဲပယ်ပြစ်ဒဏ် ကျခံရ
    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media
    roger
    – Rogers Cup တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက်ကစားသမား၏ ချစ်သူအကြောင်း ထိခိုက်နစ်နာအောင် ပြောဆိုခဲ့သည့် သြစတေးလျ တင်းနစ်သမား နစ်က် ကီရ်ဂီယော့စ်ကို ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားများအဖွဲ့ ATP က ဆိုင်းငံ တစ်လပွဲပယ်ပြစ်ဒဏ်နှင့် ထပ်ဆောင်း ဒဏ်ငွေ ချမှတ်လိုက်သည်ဟု သိရသည်။
    ကနေဒါတွင် ယခုလအစောပိုင်းမှ စတင်ပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ်တွင် ကမ္ဘာ့အဆင့် ၃၇ ရှိ ကီရ်ဂီယော့စ်မှာ ပြင်သစ်အိုးပင်းချန်ပီယံ စတာ ၀ါဝရင်ကာနှင့် တွေ့ဆုံခဲ့ပြီး ထိုပွဲတွင် ပိုက်နားသို့သွား၍
    “ခင်ဗျားချစ်သူကို ကိုကီနာကစ်က အုပ်နေတယ်…. ပြောရတာစိတ်မကောင်းဘူးဗျာ” ဟု ၀ါဝရင်ကာ၏ ချစ်သူ ဗီကစ်မှာ သြစတေးလျမှ အသက် ၁၉ နှစ်အရွယ် တင်းနစ်သမား ကိုကီနာကစ်နှင့် ညိစွန်းနေကြောင်း စော်ကားသည့် သဘောမျိုးဖြင့် ပြောကြားခဲ့သည်။ ထိုသို့ပြောကြားမှုမှာ တင်းနစ်ပွဲအား အသံဖမ်းသည့်စနစ်အတွင်းသို့ ၀င်ရောက်သွားခဲ့သည်။
    ကီရ်ဂီယာ့စ်၏ ထိုအပြုအမူအတွက် ATP အဖွဲ့က ကနဦးတွင် ဒေါ်လာ ၁၀၀၀၀ ဒဏ်ငွေရိုက်ခဲ့သည်။ သို့သော်လည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကီရ်ဂီယာ့စ်မှာ ပြိုင်ဘက်အား အနှောက်အယှက်ဖြစ်စေသာ အပြုအမူကို ကျူးလွန်သည်ဟု တွေ့ရှိခဲ့သည်။
    ထို့ကြောင့် တင်းနစ်ကစားခွင့် ၂၈ ရက်တာ ပိတ်ပင်မှုနှင့် ထပ်ဆောင်းဒဏ်ငွေ ဒေါ်လာ ၂၅၀၀၀ ထပ်မံချမှတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ ပြစ်ဒဏ်များကို နောက်ထပ် ၆ လအတွင်း ATP မှ ကျင်းပပြုလုပ်သော ပြိုင်ပွဲများ၌ “နှုတ်ဖြင့် သို့မဟုတ် ကိုယ်ဖြင့် စော်ကားမှုကြောင့် ဒဏ်ငွေပေးဆောင်ရခြင်း၊ သို့မဟုတ် စုစုပေါင်း ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ထပ်ကျော်၍ ပေးဆောင်ရသည့် အခြားပြစ်မှုများကို ကျူးလွန်ခြင်း စသည့် အခြေအနေနှစ်ခုထဲမှ တစ်ခုခုကို ပြုလုပ်မှသာလျှင် ကျခံရမည်ဖြစ်သည်။
    ထိုလုပ်ရပ်အတွက် ဝေဖန်မှုများ မြင့်တက်လာပြီးနောက် ကီရ်ဂီယာ့စ်ကလည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့သည်။
    Ref: Dailymail
  • နေးမာကို အသင်း၌ပင် အနားယူစေချင်သည်ဟု ဘာကာဥက္ကဌဆို
    နေးမာကို အသင်း၌ပင် အနားယူစေချင်သည်ဟု ဘာကာဥက္ကဌဆို
    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media
    naymar
    – မန်ယူက ခေါ်ယူရန် အလွန်အမင်း စိတ်ဝင်စားနေသည့် နေးမာအား အသင်းတွင်ပင် ကစားသမားဘ၀ကို အဆုံးသတ်စေချင်သည်ဟု ဘာစီလိုနာဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ပြောကြားလိုက်သည်။
    နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မန်ယူမှာ နေးမာအား စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စဉ်းစားနေပြီး နေးမာကလည်း အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည်ဟု သတင်းများက ဖော်ပြကြသည်။
    သို့သော်လည်း ဘာတိုမြူကမူ မိမိတို့မှာ ပြီးခဲ့သည့်နှစ် ဖလားသုံးလုံးရခဲ့မှုအတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော နေးမာအား ရောင်းချရန် စိတ်ကူးမရှိဘဲ မကြာမီ နေးမာအား ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမည်ဟု ဆိုသည်။
    “နေးမာ အသင်းကထွက်ခွာသွားတာကို ကျွန်တော်တို့ မလိုချင်ပါဘူး။ သူက ငယ်သေးပြီး အသင်းမှာပဲ ကစားသမားဘ၀ အဆုံးသတ်စေချင်ပါတယ်။ လာမယ့်လပိုင်းအချိန်လောက်မှာ ကျွန်တော်တို့ဟာ နေးမာကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးသွားမှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူ ဒီမှာ ရှိကိုရှိနေရမှာပါ။ နောက်ထပ် ၃ နှစ်မဟုတ်ပါဘူး၊ လေးငါးဆယ်နှစ်လောက်ပါ” ဟု ဘာတိုမြူက Radio Catalunya သို့ ပြောကြားခဲ့သည်။
    နေးမာမှာ ဘာစီလိုနာသို့ ၂၀၁၃ ခုနှစ်က ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြဿနာနှင့် အပြောင်းအရွှေ့အရှုပ်အထွေး ပြဿနာများကို ရင်ဆိုင်ခဲ့ရသည့် နေးမာမှာ ပထမဆုံးရာသီတွင် အကောင်းဆုံးပုံစံပြသရန် ရုန်းကန်ခဲ့ရသည်။
    သို့သော်လည်း ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ထင်ရှားသည့်ကစားသမား ဖြစ်လာခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ဘာစီလိုနာအတွက် ၅၁ ပွဲကစားကာ ၃၉ ဂိုး သွင်းယူနိုင်ခဲ့သည်။
    Ref: Goal
  • ရွေးကောက်ပွဲကာလ သတင်းအမှားများကို တားဆီးရန် Facebook နှင့် မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မည်
    ရွေးကောက်ပွဲကာလ သတင်းအမှားများကို တားဆီးရန် Facebook နှင့် မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မည်
    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media
    1_Wira_Thu_-_2014-07-02_02.37.562
    ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ မန္တလေးမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားစေခဲ့သည့် ဦးဝီရသူရဲ့ လုပ်ကြံဝါဒဖြန့်ချိမှု
    – လာမည့်ရွေး ကောက်ပွဲကျင်းပမည့်ကာလအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်သော မည်သည့်ပို့စ်ကိုမဆို ဖယ်ရှားရန်အတွက် မြန်မာအစိုးရမှာ Facebook နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
    နိုင်ငံတစ်ဝှမ်းနှင့် Facebook နှင့် မိုဘိုင်းဖုန်းအသုံးပြုသူ မြင့်တက်လာသည့်အတွက်ကြောင့် လာမည့်လတွင် မဲဆွယ်မှုစတင်ပြီး ရွေးကောက်ပွဲနောက်ဆုံးကာလများ၌ အဆိုပါကြားခံကို အသုံးပြုကာ နိုင်ငံသားအချို့မှာ တိကျမှုမရှိသော သတင်းအချက်အလက်များကို ပြန့်နှံ့စေရန် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်ဟု မြန်မာအာဏာပိုင်များက ပြောကြားခဲ့သည်။
    “၂၀၁၂ နဲ့ ၂၀၁၃ မှာ ကျွန်တော်တို့ဆီမှာ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ Facebook နဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ရွေးကောက်ပွဲကာလမှာ ဒီလို ပူးပေါင်းမှုကို ဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားတာပါ။ သတင်းအချက်အလက် လွတ်လပ်မှုကို ထိန်းချုပ်တာမျိုးမဟုတ်ဘဲ အမုန်းစကားတွေနဲ့ အကြမ်းဖက်မှု ဒါမှမဟုတ် လူမျိုးရေးအကြမ်းဖက်မှုကို လှုံ့ဆော်တာမျိုးတွေကို တားဆီးဖို့ပါပဲ” ဟုန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
    သို့သော်လည်း ထိုသို့ပူးပေါင်းဆောင်ရွက်မှုအတွက် လူမှုအဖွဲ့အစည်းများက စိုးရိမ်မှုများရှိနေသည်။
    “ပထမဆုံး စိုးရိမ်မိတာက အစိုးရနဲ့ Facebook ဟာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မလဲ၊ ဘယ်သူက (အမုန်းစကားကို) အဓိပ္ပါယ်သတ်မှတ်မှာလဲ၊ ဘာတွေကို ဘယ်သူက တာဝန်ယူ ဖြုတ်ချမှာလဲ၊ Facebook မှာ ဘာတွေကိုခွင့်ပြုပြီး ဘာတွေကိုခွင့်မပြုမှာလဲ ဆိုတာတွေပါပဲ” ဟု မြန်မာ အိုစီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ပရိုဂရမ်မန်နေဂျာဖြစ်သူ ထိုက်ထိုက်အောင်က ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲမှုမှာ ၂၀၁၄ ခုနှစ် မတ်လမှ ၂၀၁၅ ခုနှစ် မတ်လအတွင်း ၂ ဆနီးပါး တိုးလာခဲ့သည်ဟု အစိုးရနှင့် ပုဂ္ဂလိက အော်ပရေတာများ၏ စာရင်းအရ သိရသည်။
    သုံးစွဲသူများ မြင့်တက်လာခြင်းနှင့်အတူ သတင်းအချက်အလက်များ လျှင်မြန်စွာ ပြန့်နှံလာနိုင်ကာ မဲဆွယ်မှုကာလအတွင်း ကောလဟာလများ တိုးလာခြင်းကို သတိပြုရမည်ဟု အစိုးရက ပြောကြားခဲ့သည်။
    ထို့ကြောင့် မဲဆွယ်မှုကာလအတွင်း ပြန့်နှံကောင်းပြန့်နှံလာနိုင်သည့် သတင်းအချက်အလက်အမှားကို ပြန်လည်ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့လူ့အဖွဲ့အစည်းက ရွေးကောက်ပွဲ စောင့်ကြည့်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေကြသည်။
    “ဥပမာအားဖြင့် Facebook မှာ ကောလဟာလတစ်ခုခု ထွက်ပေါ်လာပြီဆိုရင် ဒါကိုကြည့်ပြီး တကယ့် သတင်းအချက်အလက်က ဘာလဲဆိုတာ ဆန်းစစ်သွားမှာပါ” ဟု ထိုက်ထိုက်အောင်က ဆိုပြီး ထိုစောင့်ကြည့်အဖွဲ့မှာ သတင်းအချက်အလက်အမှန်ကို ပြည်သူများသိအောင် ချပြသွားမည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှာ ၅ သန်းခန့်ရှိနေမှုနှင့်အတူ အကြောင်းအရာများကို စေ့စေ့စပ်စပ် နောက်ကြောင်းလိုက်ရန်မှာ မဖြစ်နိုင်ပေ။
    Ref: Channelnewsasia