News @ M-Media

Author: Ko Lay

  • Mercy Malaysia မှ ရခိုင်အပါအ၀င် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေ

    Mercy Malaysia မှ ရခိုင်အပါအ၀င် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေ

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    malay 1
    Mercy Malaysia ၏ ပုံရိပ်တစ်ခု

    – မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများ၌ အတိဒုက္ခရောက်နေကြသူများအား ကူညီရေး ရန်ပုံငွေများ ထည့်ဝင်ကြရန် မလေးရှားအကူအညီပေးရေးအဖွဲ့ Mercy Malaysia က မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။

    Mercy Malaysia အဖွဲ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရွေ့လျား ဆေးပေးခန်းများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နေပြီး အစိုးရကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်။

    ၎င်းတို့၏ လေ့လာဆန်းစစ်ရေးအဖွဲ့မှာ အရေးပေါ် အကူအညီများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးသို့လည်း သွားရောက်ခဲ့ကြသည်။

    “အရေးပေါ်အကူအညီနဲ့ ပြန်လည်ထူထောင်ရေး အထောက်အပံ့တွေ လိုအပ်ချက်ဟာ ကြီးမားနေဆဲ ဖြစ်ပါတယ်” ဟု Mercy Malaysia အဖွဲ့၏ အကြီးအကဲဖြစ်သူ စအစ်ဒ် အလ်ဟုဒ်ဇာရီက ပြောကြားခဲ့သည်။

    မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၃၈ မြို့နယ်တွင် ကျန်းမာရေး အဆောက်အဦး ၂၈၅ ခု ပျက်ဆီးဆုံးရှုံးခဲ့သည်ဟု မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

    Mercy Malaysia ၏ အရေးပေါ် အကူအညီပေးရေးလုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံတွင် သီတင်းပတ် လေးပတ်တာ ကြာမြင့်မည်ဖြစ်သည်။

    စအစ်ဒ်ကမူ ဆန်းစစ်တွက်ချက်မှုများအရ မိမိတို့အဖွဲ့က ဦးတည်ထားသော ဒေသများ၌ အပြည့်အ၀ အကူအညီပေးရေး လုပ်ငန်းစဉ်များတွက် ရန်ပုံငွေမှာ ရင်းဂစ် ၁ သန်းခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း ပြောကြားခဲ့သည်။

    Ref: The Star

  • မြောက်ကိုရီးယား စစ်တပ်များကို အသင့်အနေအထားရှိရန် ကင်ဂျုံအန်က အမိန့်ပေး၊ တောင်ကိုရီးယားကိုလည်း ရာဇသံပေးထား

    မြောက်ကိုရီးယား စစ်တပ်များကို အသင့်အနေအထားရှိရန် ကင်ဂျုံအန်က အမိန့်ပေး၊ တောင်ကိုရီးယားကိုလည်း ရာဇသံပေးထား

    သြဂုတ် ၁၂၊ ၂၀၁၅
    M-Media

    nort

    – ယမန်နေ့က တောင်နှင့် မြောက်ကိုရီးယားတို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တင်းမာမှု မြင့်တက်လာပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ ၎င်း၏ ရှေ့တန်းစစ်တပ်များကို စစ်အတွင်းသို့ ခြေချရန် အမိန့်ပေးလိုက်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ယနေ့တွင် ဖော်ပြလိုက်သည်။

    ကင်ဂျုံအန် ဥက္ကဌအဖြစ်ဆောင်ရွက်သော ဗဟိုစစ်ကော်မရှင်က ယမန်နေ့ညပိုင်းတွင် အရေးအပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ကင်က ရှေ့တန်းစစ်မျက်နှာရှိ ကိုရီးယားပြည်သူ့တပ်မတော် KPA မှ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဒေသစံတော်ချိန် သောကြာနေ့ ညနေ ၅ နာရီအချိန်မှစ၍ စစ်ဖြစ်နေသည့် အခြေအနေအတွင်းသို့ ၀င်ရောက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    တပ်ဖွဲ့များမှာ မထင်မှတ်ထားသည့် စစ်ဆင်ရေးများ ဆင်နွှဲရန် တိုက်ပွဲဝင်အနေအထားဖြင့် အသင့်ရှိနေရမည်ဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးကိုလည်း စစ်ဖြစ်တော့မည့် အနေအထားအဖြစ် ထားရှိရမည်ဟု KCNA က ထည့်သွင်းဖော်ပြခဲ့သည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှာ အပစ်ရပ်ရေးစာချုပ်သာ ချုပ်ဆိုထားပြီး စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုထားခြင်း မရှိသောကြောင့် မူအရ စစ်ဖြစ်ဆဲ အနေအထားတွင်ပင် ရှိနေသည်။

    ယခုလအစောပိုင်းက နှစ်နိုင်ငံနယ်စပ်တွင် တောင်ကိုရီးယားတပ်ဖွဲ့ဝင်များ မိုင်းနင်းမိခဲ့ကာ ဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါမိုင်းမှာ မြောက်ကိုရီးယားမှ ထောင်သည်ဟု စွပ်စွဲ၍ တောင်ကိုရီးယားက မြောက်ကိုရီးယားဘက်သို့ အသံချဲ့စက်များဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။

    ယမန်နေ့တွင် အဆိုပါအသံချဲ့စက်များဘက်ကို မြောက်ကိုရီးယားက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယားဘက်ကလည်း ဒုံးကျည်လာသည်ဟု ယုံကြည်ရသော နေရာကို အမြောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

    မြောက်ကိုရီးယားမှာ စစ်ဘက်ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ဖုန်းခေါ်ကာ အဆိုပါ အသံချဲ့စက်များအား ၄၈ နာရီအတွင်း ဖယ်ရှားပေးရန်နှင့် သို့မဟုတ်ပါက စစ်ရေးအရ တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဟု တောင်ကိုရီးယားအား ရာဇသံပေးထားသည်။ အဆိုပါ ရာဇသံအချိန်မှာ စနေနေ့ညနေ ၅ နာရီတွင် ကုန်ဆုံးမည်ဖြစ်သည်။

    တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါခြိမ်းခြောက်မှုကို ပယ်ချခဲ့ပြီး အသံထုတ်လွှင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: channelnewsasia

  • ချက်ပဲဟေးလ်တွင် သေဆုံးသွားသည့် မွတ်စလင်လူငယ်၏ ပရဟိတဆန္ဒကို ဖခင်က ဖြည့်ဆီးပေး

    ချက်ပဲဟေးလ်တွင် သေဆုံးသွားသည့် မွတ်စလင်လူငယ်၏ ပရဟိတဆန္ဒကို ဖခင်က ဖြည့်ဆီးပေး

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    us 2
    ဒီယာဘရကသ်တို့ သားအဖနှစ်ဦး

    – ပြီးခဲ့သည့် ဖေဖော်ဝါရီက မြောက်ကယ်ရိုလိုင်းနားတွင် သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရသည့် မွတ်စလင်တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး၏ ပရဟိတဆန္ဒကို ၎င်း၏ ဖခင်ဖြစ်သူက ဖြည့်ဆည်းပေးခဲ့သည်ဟု သိရသည်။

    ဒီယာဘရကသ်ဟု အမည်ရသည့် သွားဘက်ဆိုင်ရာ ကျောင်းသားတစ်ဦး၏ ဖခင် ဘရကသ်ဆိုသူ ဖြစ်ပြီး သားဖြစ်သူ၏ ဆန္ဒကို ပြည့်ဆည်းပေးသည့်အနေဖြင့် ၎င်းနှင့် ဒေသတွင်း သွားဆရာဝန်၊ အခြားဆရာဝန်များအပါအ၀င် စေတနာ့ဝန်ထမ်း ၅၀ ခန့်မှာ ယခုလအတွင်း တူရကီနိုင်ငံသို့ သွားရောက်ခဲ့ပြီး သွားဆေးခန်းများဖွင့်ကာ ဆီးရီးယားဒုက္ခသည် ကလေးများအား တစ်ပတ်ကြာ ကုသပေးခဲ့သည်။

    အသက် ၂၃ နှစ်အရွယ် ဒီယာ ဘရကသ်၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မိုဟာမက် အဘူ ဆလ်ဟာနှင့် ဆလ်ဟာ၏ညီမ အသက် ၁၉ နှစ်အရွယ် ရာဇန်မိုဟာမက် အဘူဆလ်ဟာတို့မှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲဟေးလ်ရှိ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်အနီး ၎င်းတို့နေထိုင်ရာ ကွန်ဒိုတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

    သေနတ်သမားမှာ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်ဆိုသူ ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့သို့ သွားရောက် အဖမ်းခံခဲ့သည်။

    သွားဘက်ဆိုင်ရာ ကျောင်းသားတစ်ဦးဖြစ်သူ ဒီယာ ဘရကသ်မှာ တူရကီရှိ ဆီးရီးယားဒုက္ခသည် ကလေးငယ်များအား ကူညီရန် “Refugee Smiles” အမည်ဖြင့် ပရဟိတ စီမံကိန်းတစ်ခုကို ပြီးခဲ့သည့်နွေရာသီက စတင်ခဲ့သည်။ ထို့နောက် ထိုစီမံကိန်း၏ ခရီးစဉ်အဖြစ် တူရကီသို့သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း မသွားရောက်နိုင်ခင်မှာပင် ထိုကဲ့သို့ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

    သားဖြစ်သူ၏ကိုယ်စား သွားရောက်ခဲ့သည့် ထိုခရီးစဉ်အတွင်း ဘရကသ်တို့ဖွဲ့မှာ ကလေးငယ်အများစု အပါအ၀င် လူနာ ၈၀၀ ကျော်ကို ကုသပေးခဲ့ပြီး ၄ နှစ်ကြာဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း ထိခိုက်ခံစားခဲ့ရသူများ ဖြစ်ခဲ့ကြသည့် ဒုက္ခသည်များ၏ မျက်နှာများတွင် အပြုံးပန်းများ ဝေဆာစေခဲ့သည်။

    “ဖော်မပြနိုင်လောက်အောင်ပါပဲဗျာ။ သူတို့လေးတွေပြုံးနေတာကိုမြင်ရတဲ့အခါ ဒါမှမဟုတ် အားရပါးရလာဖက်ကြတဲ့အခါ ကမ္ဘာကြီးက ကျွန်တော့်ဆီကို ရောက်လာသလိုပါပဲ” ဟု ဘရကသ်က ၎င်း၏ ခံစားချက်ကို ပြောကြားခဲ့သည်။

    ဆန္ဒတွေ ဖြည့်ဆည်းခဲ့ပြီ

    အဆိုပါ ခရီးစဉ်မှ ပြန်လာသူ ဘရကသ်က ၎င်းမှာ သားဖြစ်သူ၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်ဟု ခံစားရကြောင်း ပြောကြားခဲ့သည်။

    “(တူရကီကနေ) ကျွန်တော်ပြန်ရောက်တဲ့နေ့က ညကြီးမိုးချုပ် ဖြစ်နေပါပြီ။ နောက်နေ့မှာ (ဒီယာရဲ့ အုတ်ဂူရှိရာကို) ကျွန်တော် သွားခဲ့ပါတယ်။ အတော်ပီတိဖြစ်ရပါတယ်။ အနည်းဆုံးတော့ သားလေးလုပ်ချင်တာကို ကျွန်တော်တို့ လုပ်ပေးခဲ့တဲ့အတွက် ဒါနဲ့ပတ်သက်လို့ တော်တော် ကျေနပ်ပါတယ်။ အကောင်းဆုံးတော့ မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်”

    ဒီယာဘရကသ်မှာ အသတ်မခံရခင်တွင် ပရဟိတ ၀ဘ်ဆိုက်တစ်ခုဖြစ်သော youcaring.com မှ ၎င်း၏ ပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၀၀၀၀ ကြားအထိ ရှာနိုင်ခဲ့ပြီး ၎င်း သေဆုံးခဲ့သည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၃ ရက်အတွင်းမှာပင် လှူဒါန်းမှုများမှာ ဒေါ်လာ ၃ သိန်းအထိ မြင့်တက်လာခဲ့ပြီး၊ ရက်အနည်းငယ်အကြာတွင် ၅ သိန်း ၁ သောင်းအထိ ရောက်ရှိခဲ့သည်။

    အဆိုပါရန်ပုံငွေများကို အခြားနေရာများမှ ရရှိသည့် လှူဒါန်းငွေ ဒေါ်လာ ၉ သိန်းနီးပါးနှင့်အတူ တူရကီတွင် ဒီယာ ဦးစီးကာ ဖွင့်လှစ်ထားသော သွားဆေးခန်းများနှင့် အနာဂတ်တွင် ဖြစ်လာမည့် အခြားသော ၀န်ဆောင်မှုလုပ်ငန်းများအတွက် ထောက်ပံ့ပေးနေသည့် “Our Three Winners Trust” အဖွဲ့သို့ ပေးအပ်ခဲ့သည်။

    Ref: Onislam

  • အစိုးရကျောထောက်နောက်ခံရှိသည့် မြန်မာဘီယာကုမ္ပဏီမှ ရှယ်ယာများကို ဂျပန်ကုမ္ပဏီ ၀ယ်ယူ

    အစိုးရကျောထောက်နောက်ခံရှိသည့် မြန်မာဘီယာကုမ္ပဏီမှ ရှယ်ယာများကို ဂျပန်ကုမ္ပဏီ ၀ယ်ယူ

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    – မြန်မာဘီယာကို ထုတ်လုပ်နေသာ Myanmar Brewery ကုမ္ပဏီတွင် စင်ကာပူအခြေစိုက် Fraser and Neave (F&N) ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော Kirin Holdings က ကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် ၀ယ်ယူလိုက်ပြီး မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်ကို လွှမ်းမိုးရန် လမ်းခင်းလိုက်ခြင်းလည်းဖြစ်သည်။

    ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဘီယာကုမ္ပဏီဖြစ်သည့် Kirin Holdings မှာ အဆိုပါရှယ်ယာများ ၀ယ်ယူကြောင်းကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ F&N ကုမ္ပဏီကလည်း ၎င်းတို့၏ ရှယ်ယာ ရောင်းချပြီးစီးကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး မည်သူက ၀ယ်သည်ဆိုသည်ကို ဖော်ပြခဲ့ခြင်း မရှိပေ။

    အစိုးရကျောထောက်နောက်ခံရှိသည့် Myanmar Brewery မှာ မြန်မာဘီယာ၊ Myanmar Double Strong နှင့် Andaman Gold စသည့် အမည်များဖြင့် ဘီယာများကို ထုတ်လုပ်ရောင်းချနေသည်။

    မြန်မာနိုင်ငံမှ ဘီယာဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို Myanmar Brewery က ရယူထားသည်။ မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်မှာ ယခုနှစ်အတွင်း ကန်ဒေါ်လာ ၁၇၅ သန်း တန်းဖိုးရှိမည်ဖြစ်ပြီး၊ လာမည့် ၃ နှစ်အတွင်း ၂ ဆခန့်တိုးလာမည်ဟု ဘီယာဈေးကွက် သုတေသနပြုသည့် အဖွဲ့ဖြစ်သော Euromonitor International က ခန့်မှန်းတွက်ချက်ထားသည်။

    မြန်မာနိုင်ငံတွင် ဘီယာရောင်းချရသည့် အရေအတွက်မှာ ၂၀၁၃ ခုနှစ်က လူတစ်ဦးလျှင် ၃.၂ လီတာရှိပြီး အရှေ့တောင်အာရှတွင် အနိမ့်ဆုံးနိုင်ငံများ၌ ပါဝင်သည်။

    “ဈေးကွက်ကြီးထွားလာမယ့် အလားအလာရှိပေမယ့် ယှဉ်ပြိုင်ရမယ့်ဈေးကွက်ဖြစ်လာတဲ့ အန္တရာယ်လည်း ရှိနေပါတယ်” ဟု တိုကျိုအခြေစိုက် လေ့လာသူတစ်ဦးဖြစ်သော မာဆာရှိမိုရီက ပြောကြားခဲ့သည်။

    ရန်ကုန်မြို့တွင် အခြေစိုက်သည့် Myanmar Brewery ကုမ္ပဏီမှာ ၂၀၁၄ ခုနှစ်က အတိုးနှင့် အခွန်များမဖယ်ခင် ကန်ဒေါ်လာ ၇၀.၅ သန်း ၀င်ငွေ ရရှိခဲ့သည်။

    Heineken NV ဘီယာကုမ္ပဏီမှာ ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး၊ ပြီးခဲ့သည့်လအနည်းငယ်ကလည်း Carlsberg ဘီယာကုမ္ပဏီမှာ ရန်ကုန်တွင် ဖွင့်လှစ်ခဲ့ကာ မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သော ပထမဆုံး နိုင်ငံခြားဘီယာကုမ္ပဏီ ဖြစ်ခဲ့သည်။

    Ref: Reuters

  • နိုင်ငံတကာသတင်းတို (သြဂုတ်-၂၀)

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    ဘန်ကောက်ပေါက်ကွဲမှုမှ သံသယရှိသူ ၂ ဦး လာရောက်အဖမ်းခံ
    ———————————————-
    တနင်္လာနေ့က ဘန်ကောက်မြို့ရှိ ဟိန္ဒူဘုရားကျောင်း၌ ဗုံးကွဲမှုတွင် သံသယရှိသူများဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသူ ၂ ဦးမှာ ယနေ့တွင် လာရောက်အဖမ်းခံခဲ့ပြီး၊ နှစ်ဦးစလုံးမှာ ဧည့်လမ်းညွှန်များ ဖြစ်ကြသည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။ CCTV မှတ်တမ်းများအရ ၎င်းတို့နှစ်ဦးကို ပေါက်ကွဲမှုမဖြင်ခင် အချိန်လေးတွင် ဘုရားကျောင်းဝင်းအတွင်း တွေ့ခဲ့ရပြီး အဓိကသံသယရှိသူဟု ယူဆထားသူမှာ ခုံတန်း၌ ထိုင်ပြီး ကျောပိုးအိတ်ကို မချခင် ၎င်းတို့ နှစ်ဦးက အဆိုပါ ခုံတန်းမှ ထသွားခဲ့ခြင်း ဖြစ်သည်။

    ဆလိုဗက်ကီးယား လေယာဉ် ၂ စီး တိုက်မှု ၇ ဦး သေဆုံး
    —————————–
    ဆလိုဗက်ကီးယားနိုင်ငံ၌ လေကြောင်းပြပွဲအတွက် ယနေ့တွင် အစမ်းလေ့ကျင်နေကြစဉ် လေယာဉ်ငယ်နှစ်စင်း လေပေါ်၌ တိုက်မိမှုကြောင့် လေယာဉ်မှူး ၄ ဦးနှင့် အရပ်ဖက်လေထီးခုန်သမား ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။ လေထီးခုန်သမား ၃၁ ဦးမှာမူ ၎င်းတို့၏ လေထီးများကိုဖွင့်ကာ လွတ်မြောက်ခဲ့ကြပြီး ၎င်းတို့ထဲမှ ၅ ဦးသာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။

    တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေကြီးမှုကြောင့် လူ ၁၁ ဦးသေဆုံး
    ———————————–
    တရုတ်နိုင်ငံအလယ်ပိုင်း စီချွမ်ပြည်နယ်တွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး၊ အခြား ၁၃ ဦးမှာ ပျောက်ဆုံးနေသည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ပြည်နယ်တွင် တနင်္ဂနွေနေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်းသန်းဝက်ကျော်မှာ ကစဥ့်ကလျားဖြစ်နေပြီး မြေပြိုမှုများ၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေသည်။

    Ref: News Agencies