News @ M-Media

Author: Ko Lay

  • ဂျိုဟိုးတွင် မြန်မာတစ်ဦး မွေးနေ့ပွဲကျင်းပစဉ် ရန်ဖြစ်ပြီး ဓားထိုးခံရ၍ သေဆုံး

    ဂျိုဟိုးတွင် မြန်မာတစ်ဦး မွေးနေ့ပွဲကျင်းပစဉ် ရန်ဖြစ်ပြီး ဓားထိုးခံရ၍ သေဆုံး

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    malay 1

    – မလေးရှားနိုင်ငံ ဂျိုဟိုဘာရူးပြည်နယ် သမန် ဆရီဘဟာဂီယာတွင် မွေးနေ့ပွဲကျင်းပစဉ် အရက်မူးပြီး ရန်ဖြစ်ရာမှ မြန်မာနိုင်ငံသား မွေးနေ့ရှင်မှာ ဓားထိုးခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

    ယနေ့နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူမှာ ၀င်းကိုဟု အမည်ရကာ ကားပစ္စည်းအရောင်းဆိုင်တွင် လုပ်လုပ်နေသူဖြစ်သည်။ ၎င်းအား ဆိုင်၏ မြေညီထပ်တွင် ၀ဲဘက်ရင်အုံ ဓားဒဏ်ရာဖြင့် သွေးအိုင်ထဲ၌ လဲနေသည်ကို ယနေ့မနက် ၂ နာရီခွဲခန့်က တွေ့ခဲ့ရခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့မှာ စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးခဲ့ပြီး သွေးများပေကြံနေသော ဓားမြှောင်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    သေဆုံးသူမှာ စောစောပိုင်းတွင် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ၊ တစ်နိုင်ငံတည်းသားများနှင့်အတူ ဆိုင်၏ မြေညီထပ်တွင် မွေးနေ့ပွဲကျင်းပခဲ့ပြီး အရက်မူးလာသည့်အခါ ၎င်းနှင့် မြန်မာနိုင်ငံသား လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာ စကားများကြသည်ဟုဆိုသည်။

    ထို့နောက် သူငယ်ချင်းများက ဖြန်ဖြေပေးခဲ့သော်လည်း မိနစ် ၃၀ ခန့် ကြာသည့်အခါတွင် အဆိုပါ လုပ်ဖော်ကိုင်ဖက်မှာ ဓားယူလာကာ ဒေါသဖြင့် ၀င်းကိုအား ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ၀င်းကိုကမူ ဓားထိုးခံရပြီးနောက် သွေးရူးသွေးတန်းဖြင့် ၎င်း၏ အခန်းသို့ ပြေးတက်သွားပြီး အောက်ထပ်သို့ ပြန်ဆင်းလာစဉ် လဲကျသေဆုံးခဲ့ခြင်း ဖြစ်သည်။

    ဂျိုဟိုဘာရူတောင်ပိုင်းရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာမင်းကြီး ဆူလိုင်မန်ဆာလေကမူ ပတ်ဝန်းကျင်ရှိပြည်သူများက အကြောင်းကြားသောကြောင့် အခင်းဖြစ်ရာနေရာသို့ မိမိတို့က အလျင်အမြန် သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

    “စုံစမ်းစစ်ဆေးဖို့အတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းထားပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးနှစ်ဦး ပါဝင်ပြီး သူတို့အားလုံးက အခင်းဖြစ်တဲ့အချိန်မှာ မူးနေကြပါတယ်။ ပြီးတော့ ၂၃ စင်တီမီတာရှိတဲ့ ဓား၊ အခြားပစ္စည်းတွေနဲ့အတူ အဲဒီဓားထိုးမှုမှာ ပါဝင်တဲ့ အဓိကသံသယရှိသူလို့ ယုံကြည်ရသူကိုလည်း ကျွန်တော်တို့ ဖမ်းထားပါတယ်” ဟု ဆာလေကဆိုပြီး ထိုအဖြစ်အပျက်မှာ အရက်သေစာမှဖြစ်လာသည့် ဒေါသကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: The Rakyatpost

  • ဗလီဝတ်ကျောင်းတော်များမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရမည့်နေရာဟု အီရန်သမ္မတပြော

    ဗလီဝတ်ကျောင်းတော်များမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရမည့်နေရာဟု အီရန်သမ္မတပြော

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    mosque

    – ဗလီဝတ်ကျောင်းတော်များမှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာနေရာ ဖြစ်သင့်ပြီး နိုင်ငံရေးပါတီများ ကြီးစိုးသည့် နေရာမဖြစ်သင့်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    ယမန်နေ့က အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပြုလုပ်ခဲ့သည့် “ကမ္ဘာ့ဗလီဝတ်ကျောင်းတော်များနေ့” အဖွင့်မိန့်ခွန်းတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော်များမှာ တိုင်းပြည်၏ အဓိက လူမှုရေးနှင့် နိုင်ငံရေးပြဿနာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အစ္စလာမ်ကမ္ဘာတွင်ရင်ဆိုင်နေရသော ပြဿနာများနှင့် မွတ်စလင်များပေါ် ခြိမ်းခြောက်နေသည့် အသိဥာဏ်ကင်းမဲ့မှု အန္တရာယ်များကို ဆွေးနွေးရာနေရာများလည်း ဖြစ်သင့်သည်ဟု ၎င်းက
    ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်များနေ့ကို ပါလက်စတိုင်းရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော် မီးရှို့ခံရသည့် ၁၉၆၉ ခုနှစ် သြဂုတ် ၂၁ ရက်နေ့ကို အစွဲပြု၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ ရူဟာနီကလည်း ၎င်း၏ မိန့်ခွန်းတွင် အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော် မီးရှို့ခံရမှုကို မေ့ပစ်၍မရဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထိုကဲ့သို့မီးရှို့မှုမှာ ဇီယွန်အာဏာရှင်များ၏ အတင်းအဓမ္မ သိမ်းပိုက်သည့် သရုပ်မှန်ကို ဖော်ပြခြင်းဖြစ်ပြီး မွတ်စလင်များအနေဖြင့် မိမိတို့၏ အမှတ်သညာကို ထိန်းသိမ်းရေး အသိ၊ သတိရှိကြရန်လည်း တိုက်တွန်းခဲ့သည်။

    “ဒီအဖြစ်အပျက်က ဇီယွန်အာဏာရှင်တွေဟာ အပြစ်မဲ့အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်ဖြတ် မုဒိမ်းကျင့်ရုံတင်မက၊ မွတ်စလင်တွေရဲ့ ပထမဆုံးမျက်နှာမူရာနဲ့ အခြားသော ဘာသာတရားတွေက အကြွင်းမဲ့အလေးထားရာ ဒီ ဗလီဝတ်ကျောင်းတော်ကို မလေးစားဘူးဆိုတာကိုလည်း ဖော်ပြနေပါတယ်” ဟု ရူဟာနီက ပြောကြားခဲ့သည်။

    အဆိုပါ “ကမ္ဘာ့ဗလီဝတ်ကျောင်းတော်များနေ့” ကို နိုင်ငံရပ်ခြားမှ သံတမန်များ၊ အီရန်လွှတ်တော်အမတ်များနှင့် ရှေ့ဆောင်အီမာမ်များ တက်ရောက်ခဲ့ကြသည်။

    Ref: Mehrnews

  • နှစ်နိုင်ငံတင်းမာမှုလျော့ချရေး ကိုးရီးယားနှစ်နိုင်ငံ ဆွေးနွေးမည်

    နှစ်နိုင်ငံတင်းမာမှုလျော့ချရေး ကိုးရီးယားနှစ်နိုင်ငံ ဆွေးနွေးမည်

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    koran

    – ယခုသီတင်းပတ်အတွင်း နှစ်ဘက်စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး တင်းမာမှုများ မြင့်တက်လာကာ စစ်ဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိမှုအား ဖြေရှင်းရန်အတွက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ ထိပ်တန်းတာဝန်ရှိသူများ ဆွေးနွေးပွဲကို ယနေ့တွင် ပြုလုပ်မည်ဟု သိရသည်။

    အဆိုပါဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ်တွင် တောင်ကိုရီးယားမှ အသံချဲ့စက်များဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်မှုများအား ရပ်တန့်ရန် မြောက်ကိုရီးယားက ရာဇသံပေးထားသည့် နောက်ဆုံးအချိန်ဖြစ်သော ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီနောက်ပိုင်းတွင် ငြိမ်းချမ်းရေးရွာ ပန်မွန်ဂျွန်း၌ စတင်မည်ဖြစ်သည်။

    မြောက်ကိုရီးယား၏ အဆိုပါရာဇသံကြောင့် တောင်ကိုရီးယားကလည်း ၎င်းတို့၏စစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားသည်။

    နှစ်နိုင်ငံ အပစ်ရပ်ရေးလက်မှတ်ထိုးထားသော အဆိုပါ ပန်မွန်ဂျွန်းတွင် ပြုလုပ်မည့် ထိုဆွေးနွေးမှုမှာ နှစ်နိုင်ငံတင်းမာမှုများကို လျော့ချရန် အခွင့်အလမ်းဖြစ်မည် ဖြစ်သော်လည်း လေ့လာဆန်းစစ်သူများကမူ အလုပ်ဖြစ်နိုင်မည့် ဆွေးနွေးညှိနှိုင်မှုမျိုး ရှာဖွေနိုင်ရန်မှာ ခက်ခဲမည်ဟု ပြောကြားခဲ့သည်။

    “မြောက်ကိုရီးယားက ဒီဆွေးနွေးပွဲမှာ တစ်ခုခုများ ယူလာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ တောင်ကိုရီးယားရဲ့ အသံချဲ့စက်တွေကို ပိတ်ဖို့ဖြစ်လာမယ့် တောင်-မြောက် မိသားစု ပြန်ပေါင်းစည်းရေးကို ရုပ်သိမ်းတာလိုမျိုးပေါ့” ဟု ဆိုးလ်မြို့ရှိ နိုင်ငံတကာပြဿနာအုပ်စုမှ ကိုရီးယားဆိုင်ရာ ကျွမ်းကျင်သူ ဒန်ပင့်က်စတန်က ပြောကြားခဲ့သည်။

    တောင်ကိုရီးယားကမူ မြောက်ကိုရီးအနေဖြင့် ပြီးခဲ့သည့်တစ်ပတ်က မိုင်းပေါက်ကွဲမှုအတွက် မတောင်းပန်မချင်း ၎င်းတို့၏ အသံချဲ့စက်များဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်မှုကို အဆုံးသတ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယားနယ်စပ်တွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သားနှစ်ဦးမှာ ခြေထောက်များ ဖြတ်တောက်ခဲ့ရပြီး ထိုမိုင်းမှာ မြောက်ကိုရီးယားက ထောင်ထားခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့သည်။

    သို့သော်လည်း မြောက်ကိုရီးယားကမူ ထိုမိုင်းဗုံးပေါက်ကွဲမှုအတွက် တာဝန်ယူရန် ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားက လုပ်ကြံခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ယခုနှစ်တွင် ချယ်ဆီး ဖလားသုံးလုံးရမည်ဟု မော်ရင်ဟို အရွှန်းဖောက်

    ယခုနှစ်တွင် ချယ်ဆီး ဖလားသုံးလုံးရမည်ဟု မော်ရင်ဟို အရွှန်းဖောက်

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Meida

    chel

    – လက်ရှိတွင် ရလဒ်များ ဆိုးရွားနေသော်လည်း မိမိတို့အသင်းမှာ ယခုနှစ်တွင် ဖလားသုံးလုံး ရရှိလိမ့်မည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက အရွှန်းဖောက် ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ယခုရာသီအစ ကွန်မြူနတီဒိုင်းတွင် အာဆင်နယ်အား ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲတွင်လည်း အဖွင့်ပွဲ၌ ဆွမ်ဆီးအသင်းအား ၂ ဂိုးစီ သရေကျကာ ဒုတိယပွဲ၌ မန်စီးတီးအသင်းအား ၃ ဂိုးပြတ် အရှုံးပေးခဲ့ရသည်။

    သို့သော်လည်း မော်ရင်ဟိုကမူ ပေါ်တိုနှင့် အင်တာမီလန်အသင်းတို့နှင့် ဖလားသုံးလုံးရခဲ့စဉ်ကလည်း ရာသီအစတွင် စိတ်ပျက်ဖွယ်ရလဒ်များနှင့် ကြုံတွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မော်ရင်ဟိုမှာ ၎င်း၏ နောက်ဆုံး ပရီးမီးယားလိဂ်ရှုံးပွဲခြောက်ပွဲတွင် တိုနီ ပူးလစ်၊ ဂူးစ် ပိုယက်၊ အလန် ပါဂျူး၊ မော်ရီစီယို ပိုချက်တီနိုနှင့် မန်နျူယဲလ် ပယ်လီဂရီနီ စသဖြင့် ဒုတိယအမည် “P” ဖြင့်စသော နည်ပြများကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

    “ဘောလုံးပွဲအတွက် ကျွန်တော် အယူသီးတာတော့ မဟုတ်ပါဘူး။ ကျွန်တော်ဟာ P နဲ့စတဲ့ နည်းပြတွေကို မနိုင်ပါဘူး။ ပြီးတော့ အိမ်ကွင်းမှာ ၂ ဂိုးစီသရေနဲ့ စတဲ့ ရာသီတွေမှာ ကျွန်တော်ဟာ ဖလား ၃ လုံး ရခဲ့ပါတယ်။ ပေါ်တို၊ အင်တာတို့နဲ့ပေါ့။ ဒါ့ကြောင့် ဒီရာသီမှာလည်း ၃ လုံးလား မသိပါဘူး” ဟု မော်ရင်ဟိုက သတင်းထောက်များအား အရွှန်းဖောက်ပြောကြားခဲ့သည်။

    မော်ရင်ဟိုကိုင်တွယ်ပြီး အင်တာမီလန် ဖလားသုံးလုံးရခဲ့သည့်နှစ်တွင် ရာသီအစ ဘာရီနှင့်ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့ပြီး၊ ၂၀၀၂-၀၃ ဘောလုံးရာသီတွင်လည်း ပေါ်တိုမှာ ရာသီအစက အိမ်ကွင်းတွင် ဘီလီနန်ဆက်အသင်းအား ၂ ဂိုးစီ သရေကျခဲ့ကာ ရာသီကုန်တွင် ဖလားသုံးလုံး ရခဲ့သည်။

    Ref: Goal

  • တီယန်ဂျင်းမြစ်တွင် ငါးများ အစုလိုက်သေဆုံးမှုမှာ ဓာတုအဆိပ်သင့်မှုကြောင့်မဟုတ်ဟု တရုတ်ဆို

    တီယန်ဂျင်းမြစ်တွင် ငါးများ အစုလိုက်သေဆုံးမှုမှာ ဓာတုအဆိပ်သင့်မှုကြောင့်မဟုတ်ဟု တရုတ်ဆို

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံ တီယန်ဂျင်းမြို့တွင် ပြီးခဲ့သည့်တစ်ပတ်က ဓာတုဗေဒပစ္စည်း သိုလှောင်ရုံ ပေါက်ကွဲခဲ့သော နေရာနှင့် ကီလိုမီတာ အနည်းငယ်ကွာဝေးသည့် မြစ်ကမ်းစပ်တွင် ထောင်ပေါင်းများစွာသော ငါးများ အစုလိုက်အပြုံလိုက် သေဆုံးနေပြီး အာဏာပိုင်များကမူ ဓာတုအဆိပ်သင့်မှုကြောင့် မဟုတ်ဟု ပြောကြားခဲ့သည်။

    အဆိုပါငါးများ သေဆုံးမှုမှာ ပေါက်ကွဲမှုနှင့် ဆက်စက်မှုရှိသည်ဟူသော သံသယဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ငါးများသေဆုံးရာ ဟိုင်ဟီမြစ်မှ ရေနမူနာအား ကြာသာပတေးနေ့က စမ်းသပ်စစ်ဆေးရာတွင် အဆိပ်အတောက်ဖြစ်စေသည့် ဆိုင်ယန်နိုက်နှင့် ဆာလ်ဖိုက်များ ပါဝင်မှုမရှိသည်ကို တွေ့ခဲ့ရသည်။

    တီယန်ဂျင်းမြို့ အာဏာပိုင်များကမူ အဆိုပါငါးများမှာ ပုံမှန်ရာသီအလိုက် ဖြစ်နေကြအတိုင်း ရေထဲတွင် အောက်ဆီဂျင်နည်းပါးမှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပေါက်ကွဲခဲ့သော သိုလှောင်ရုံတွင် အန္တရာယ်ရှိသည့် ဓာတုပစ္စည်း ဆိုဒီယမ် ဆိုင်ယန်နိုက် တန် ၇၀၀ ကျော် သိုလှောင်ထားသည်ဟု ၎င်းတို့က အတည်ပြုခဲ့သည်။

    တီယန်ဂျင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဗျူရိုမှ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် အင်္ဂါနေ့က ပြုလုပ်ခဲ့သော စမ်းသပ်မှုများအရ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူများအား ပြောင်းရွှေ့ပေးခဲ့ရသော ဒေသအတွင်းရှိ မြစ်ရေ၊ ပင်လယ်ရေတို့တွင် ဆိုင်ယန်နိုက်ပါဝင်မှုမှာ သိသိသာသာ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

    စမ်းသပ်စစ်ဆေးမှုပြုလုပ်နေရာတွင်ရှိသော မိုးရေပိုက်တစ်ခု၏ နှုတ်ခမ်းတွင် ဆိုင်ယန်နိုက် ၂၇၇ ဆကို တွေ့ရှိခဲ့ရပြီး လက်ခံနိုင်သည့်ပမာဏထက် ပိုနေသည်။ သို့သော်လည်း အာဏာပိုင်များကမူ မြို့၏ သောက်ရေပေးဝေမှုမှာ သုံးစွဲရန်အတွက် အန္တရာယ်ကင်းသော အနေအထားတွင်ရှိနေပြီး၊ ရေနှင့် လေထုတို့တွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများပါနေသည်ဆိုသည်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော ကြောက်ရွံ့မှုများကို ဖယ်ရှားသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera