News @ M-Media

Author: Ko Lay

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၁၊ ၂၀၁၅)

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    ဆီးရီးယားပိုင်နက်အတွင်း အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံး
    ………………………………………….
    ဆီးရီးယား-အစ္စရေးနယ်စပ် ဆီးရီးယားပိုင် ဂိုလန်ဒေသရှိ ကူနီထရာရွာအနီး၌ အစ္စရေးက ယနေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကားတစ်စီးအား ထိမိခဲ့ကာ အရပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။ ဆီးရီးယားဘက်မှ ဒုံးကျည်များပစ်သည်ဟုဆိုကာ အစ္စရေးမှာ ယမန်နေ့ကလည်း ဆီးရီးယား စစ်တပ်နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

    ဘိုကိုဟရမ်ကြောင့် ချဒ်တွင် လူ လေးသောင်းခန့် ထွက်ပြေးရ
    ………………………………………
    လွန်ခဲ့သည့် ၂ ပတ်အတွင်း ဘိုကိုဟရမ်စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ချဒ်နိုင်ငံတွင် လူပေါင်း ၄ သောင်းခန့်မှာ အိုးအိမ်စွန်ခွာ ထွကပြေးခဲ့ရသည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောကြားလိုက်သည်။ အဟာရချို့တဲ့သော ကလေးများပါဝင်သည့် အဆိုပါ ဒုက္ခသည်များမှာ ဖြစ်သလိုလုပ်ထားသည့် စခန်းများတွင် နေထိုင်နေရပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှာ ၀မ်းရောဂါ၊
    ငှက်ဖျားနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားနေရသည့် လူနာများကို ကုသပေးနေရသည်။

    ဓာတုဗေဒသိုလှောင်ရုံ ပေါက်ကွဲသည့်နေရာတွင် တိရစ္ဆာန်များဖြင့် ညစ်ငြင်းမှု ရှိ၊ မရှိ တရုတ်စမ်းသပ်
    …………………………………
    ပြီးခဲ့သည့်တစ်ပတ်က တီယန်ဂျင်းမြို့တွင် ပေါက်ကွဲခဲ့သော ဓာတုဒေပစ္စည်းသိုလှောင်ရုံအနီးတွင် တရုတ်အာဏာပိုင်များက ယုန်၊ ကြက်နှင့် ခိုများကို လှောင်အိမ်များဖြင့် ထားခဲ့ပြီး ပတ်ဝန်းကျင် ညစ်ငြမ်းမှု ရှိ၊ မရှိကို စမ်းသပ်ခဲ့ကြသည်။ အဆိုပါတိရိစ္ဆာန်များကို ၂ နာရီကြာ ထားခဲ့သော်လည်း မည်သည့်ထူးခြားမှုမှ မတွေ့ရှိခဲ့ရပေ။ မြို့တာဝန်ရှိသူကမူ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဆိုဒီယမ် ဆိုင်ယန်နိုက် အပါအ၀င် ပတ်ဝန်းကျင်ညစ်ငြမ်းစေသော အရာများကို တွေ့ရှိခဲ့ရသော်လည်း ပြည်သူလူထုအား အန္တရာယ်မဖြစ်ဟု
    ပြောကြားခဲ့သည်။

    Ref: News Agencies

  • မာရေး၊ ဂျိုကိုဗစ်နဲ့ ဆရီနာဝီလီယံတို့ ကွာတားဖိုင်နယ် ရောက်သွားခဲ့တဲ့ Cincinnati Open တင်းနစ်ပြိုင်ပွဲ

    မာရေး၊ ဂျိုကိုဗစ်နဲ့ ဆရီနာဝီလီယံတို့ ကွာတားဖိုင်နယ် ရောက်သွားခဲ့တဲ့ Cincinnati Open တင်းနစ်ပြိုင်ပွဲ

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်တစ်ပတ်က ကနေဒါ Rogers Cup တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ဗြိတိန်တင်းနစ်အကျော်မော် အန်ဒီမာရေးမှာ Cincinnati Open တင်းနစ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် တတိယအဆင့်ပွဲစဉ်တွင် မာရေးမှာ ဘယ်လ်ဂျီယံ တင်းနစ်သမား ဂရီဂေါ် ဒီမီထရော့ဗ်အား အကြိတ်အနယ်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၃ နာရီကြာမြင့်ခဲ့သည့် အဆိုပါပွဲတွင် မာရေးမှာ ပထပွဲငယ်၌ ၄-၆ ဖြင့် ဒီမီထရော့ဗ်အား ရှုံးနိမ့်ခဲ့ပြီး ဒုတိယနှင့် တတိယပွဲငယ်များတွင် ၇-၆၊ ၇-၅ ဖြင့် ပြန်လည်အနိုင်ရရှိခဲ့၍ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

    Rogers Cup တွင် ဗိုလ်စွဲခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၂ နေရာကို ရရှိခဲ့သည့် မာရေးမှာ ပြင်သစ်နံပါတ် တင်းနစ်သမား ရစ်ချက် ဂက်စ်ကက်နှင့် ယနေ့ ကွာတားဖိုင်နယ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ် ကနေဒါ Rogers Cup ဗိုလ်လုပွဲတွင် မာရေးအား ရှုံးနိမ့်ခဲ့သည့် ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်မှာလည်း ကြာသာပတေးနေ့က ဒေးဗစ် ဂေါ့ဖင်အား အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး ဆီဒင် ၅ ရ ၀ါဝရင်ကာနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    အမျိုးသမီးပြိုင်ပွဲများတွင် လက်ရှိချန်ပီယံ ဆရီနာဝီလီယံမှာ ကာရင် ကနပ်ကို ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

    Ref: Dailymail

  • အချိန်ကြာကြာအလုပ်လုပ်ခြင်းက လေဖြတ်နိုင်ချေပိုများ

    အချိန်ကြာကြာအလုပ်လုပ်ခြင်းက လေဖြတ်နိုင်ချေပိုများ

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    stroke

    – အချိန်ကြာမြင့်စွာအလုပ်အလုပ်သော သူများသည် ထိုသို့ မလုပ်သောသူများထက် ပို၍ လေဖြတ်နိုင်ချေ အလားအလာပိုရှိသည်ဟု လေ့လာမှုများကို ကိုးကား၍ ဗြိတိန် သုတေသနပညာရှင်များက ပြောကြားလိုက်သည်။

    လူပေါင် သန်းဝက်ကျော်ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ရုံးချိန်ဖြစ်သော နံနက် ၉ နာရီမှ ညနေ ၅ နာရီထက် ကျော်လွန်ပြီး အလုပ်လုပ်သူများတွင် လေဖြတ်နိုင်သည့် အခွင့်အရေး ပိုများသည်ကို တွေ့ခဲ့ရသည်။ ထိုသို့ ဆက်စပ်မှုမှာ မသေချာသေးသော်လည်း သီအိုရီအရ စိတ်ဖိစီးမှုများသော အလုပ်နှင့် လူနေမှုဘ၀ကို ထိခိုက်စေသော သက်ရောက်မှုများလည်း ပါဝင်သည်။

    ကျွမ်းကျင်သူများကမူ အချိန်ကြာကြာ အလုပ်လုပ်သူများမှာ ၎င်းတို့၏ သွေးဖိအားကို စောင့်ကြည်သင့်သည်ဟု ဆိုသည်။ လေ့လာမှုများအရ တစ်ပတ်လျှင် ၃၅ နာရီမှ နာရီ ၄၀ အထိ အလုပ်လုပ်သူများထက် ၄၈ နာရီအထိ အလုပ်လုပ်သူများမှာ လေဖြတ်နိုင်ချေ ၁၀ ရာခိုင်နှုန်း ပိုများပြီး၊ ၅၄ နာရီ အလုပ်လုပ်သူများမှာ ၂၇ ရာခိုင်နှုန်း၊ ၅၅ နာရီအလုပ်လုပ်သူများမှာ ၃၃ ရာခိုင်နှုန်း ပိုများသည်ကို ထိုလေ့လာမှုမှ တွေ့ခဲ့ရသည်။

    လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ မီကာ ကီဗီမာကီကမူ ၃၅ နာရီမှ နာရီ ၄၀ အထိ အလုပ်သော လူ ၁၀၀၀ အုပ်စုတွင် ဆယ်စုနှစ်တစ်ခုအတွင်း ၅ ယောက်အောက်သာ လေဖြတ်ရောဂါ ရရှိပြီး ၅၅ နာရီထက်ပို၍ အလုပ်လုပ်သူအုပ်စုတွင် ၆ ဦးအထိ လေဖြတ်သည်ဟု ပြောကြားခဲ့သည်။

    စိတ်ဖိစီးမှုများသော အလုပ်များကို အချိန်ကြာကြာလုပ်ခြင်းနှင့် ကြာမြင့်စွာထိုင်ခြင်းမှာ ကျန်းမာရေးအတွက် ဆိုးရွားပြီး လေဖြတ်မှုအန္တရာယ်ကိုလည်း မြင့်တက်လာစေနိုင်သည်။

    လေဖြတ်မှုအသင်းမှ ဒေါက်တာ ရှမင်း ကွာဒီရ်ကမူ အချိန်ကြာကြာ အလုပ်လုပ်ခြင်းတွင် ကြာမြင့်စွာထိုင်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် မိမိ၏ ကျန်းမာရေးကို စစ်ဆေးရန် အချိန်နည်းခြင်းတို့ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    “သွေဖိအားပုံမှန်တိုင်းဖို့ ကျွန်တော်တို့ အကြံပြုပါတယ်။ တစ်ကယ်လို့များ လေဖြတ်မယ်လို့ စိုးရိမ်လာရင် ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးကျွမ်းကျင်သူနဲ့ ပြသင့်ပါတယ်” ဟု ကွာဒီရ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: BBC

  • မိမိမှာ ဖိုက်တာတစ်ယောက်ဖြစ်သည်ဟု မန်စီးတီး နောက်ခံလူသစ်ပြော

    မိမိမှာ ဖိုက်တာတစ်ယောက်ဖြစ်သည်ဟု မန်စီးတီး နောက်ခံလူသစ်ပြော

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    ota

    – အသင်း၏ ပရိတ်သတ်များအနေဖြင့် မိမိအား ဖိုက်တာတစ်ယောက်အဖြစ် မျှော်လင့်ရမည်ဖြစ်ပြီး မိမိအနေဖြင့်လည်း အသင်းအတွက် အရာရာကို ပေးဆပ်သွားမည်ဟု မန်စီးတီးအသင်း၏ ကစားသမားသစ် အိုတာမန်ဒီက ပြောကြားလိုက်သည်။

    အာဂျင်တိုင်းခံစစ်မှူး နီကိုလက်စ် အိုတာမန်ဒီမှာ ဗလင်စီယာအသင်းမှ ယူရို ၄၅ သန်းဖြင့် ယမန်နေ့က ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့တွင် မန်စီးတီးအသင်း ဖြည့်တင်းသည့် စတုတ္ထမြောက် ကစားသမားလည်း ဖြစ်လာခဲ့သည်။

    “ကွင်းအတွင်းမှာတော့ ကျွန်တော်ဟာ ကိုယ်ရည်ကိုယ်သွေးများစွာနဲ့ ကစားသမားတစ်ဦးပါ။ အလယ်တန်းနဲ့ တိုက်စစ်မှူးတွေ ပူပင်သောကမရှိ တိုက်စစ်ဆင်နိုင်ဖို့ ကျွန်တော်ဟာ ခံစစ်လိုင်းကို စုစုစည်းစည်း ရှိစေချင်ပါတယ်။ အသင်းက ခံစစ်စီအစဉ်ကို ကျွန်တော် ဆက်လက်ထိန်းသိမ်းချင်ပါတယ်” ဟု မန်စီးတီးအသင်း၏ ၀ဘ်ဆိုက်သို့ အိုတာမန်ဒီက ပြောကြားခဲ့ပြီး မိမိမှာ ဘောလုံးတိုင်းအတွက်
    တိုက်ပွဲဝင်သွားမည့် ဖိုက်တာတစ်ယောက်ဖြစ်သည်ဟုလည်း ဆိုသည်။

    သို့သော်လည်း ပထမနေရာရရန်အတွက် အသင်းရှိ အမာခံ ခံစစ်မှူးများဖြစ်သော ကွန်ပနီ၊ မန်ဂါလာ၊ ဒီမစ်ချယ်လီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ အိုတာမန်ဒီကမူ ထိုသို့ယှဉ်ပြိုင်ရခြင်းမှာ ဘောလုံး၏ အလှတရားဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကွန်ပနီဟာ ကမ္ဘာပေါ်က အကောင်းဆုံး နောက်ခံအလယ်လူတွေထဲက တစ်ဦးပါ။ ဒီမစ်ချယ်လီကလည်း ကြီးကျယ်တဲ့ကစားသမားမို့လို ဒီမှာ ရှိနေတာပါ။ မန်ဂါလာလည်း ဒီအတိုင်းပါပဲ။ ကမ္ဘာပေါ်က အသင်းတိုင်း လိုချင်ကြတဲ့ ကစားသမားတွေ ဒီမှာရှိပါတယ်။ ပွဲထွက် ၁၁ ယောက်မှာ ပြင်းထန်တဲ့ယှဉ်ပြိုင်မှုမျိုး ရှိမှာပါ။ ဒါပေမယ့် အသင်းဖော်တွေနဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခြင်းဆိုတာ ဘောလုံးရဲ့ အလှတရားပါပဲ”

    Ref: Goal

  • ယခုနှစ် စီးရီးအေမှာ နှစ်ကောင်တည်းပြေးမည့် ပြိုင်ပွဲမဟုတ်တော့ဟု ရိုးမားနည်းပြပြော

    ယခုနှစ် စီးရီးအေမှာ နှစ်ကောင်တည်းပြေးမည့် ပြိုင်ပွဲမဟုတ်တော့ဟု ရိုးမားနည်းပြပြော

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    milan

    – ယခုနှစ်စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်စ်အသင်းနှင့် ရိုးမားတို့သာ ပါဝင်သည့် နှစ်ကောင်တည်းပြေးသော ပြိုင်ပွဲဖြစ်မည် မဟုတ်တော့ဘဲ မီလန်မြို့ခံ ၂ သင်းမှာ ချန်ပီယံဆုအတွက် စိန်ခေါ်လာမည်ဟု ရိုးမားနည်းပြ ရူဒီဂါစီယာက ပြောကြားလိုက်သည်။

    ရိုးမားမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဦးဆောင်သူ ဂျူဗီအား စိန်ခေါ်နိုင်သည့် တစ်ခုတည်းသော အသင်းအဖြစ် ရှုမြင်ခံရသော်လည်း ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ၂ နှစ်စလုံးတွင် ဂျူဗင်တပ်စ်အသင်းနှင့် ၁၇ မှတ်အကွာဖြင့် ဒုတိယနေရာသာ ရရှိခဲ့သည်။

    ပြီးခဲ့သည့်နှစ်တွင် မီလန်မြို့ခံနှစ်သင်းဖြစ်သည့် အင်တာမီလန်နှင့် အေစီမီလန်အသင်းတို့မှာ အဆင့် ၈ နှင့် အဆင့် ၁၀ နေရာတွင် အသီးသီးရပ်တည်ခဲ့ပြီး ဥရောပ၀င်ခွင့်ပင် ဆုံးရှုံးခဲ့သည်။ သို့သော်လည်း နှစ်သင်းစလုံးမှာ ၎င်းတို့၏ လူစာရင်းအတွက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ပိုမိုတိုးတက်လာရန် မျှော်လင့်နေသည်။

    ဂါစီယာကလည်း ထိုနှစ်သင်းသို့ ရောက်ရှိလာကြသည့် ကစားသမားအသစ်များကြောင့် မိမိတို့အသင်းအတွက် ဖိအားများကို တိုးလာစေမည်ဖြစ်ပြီး၊ နာပိုလီအသင်းကို လျော့တွက်၍မရဟု ပြောကြားခဲ့သည်။

    “တော်တော်လေးရှုပ်ထွေးမယ့်ရာသီပါ။ ပြီးခဲ့တဲ့နှစ်ကစာရင်လည်း ပိုပြီး အကြိတ်အနယ် ရှိလာပါလိမ့်မယ်။ ရိုးမားနဲ့ ဂျူဗင်တပ်စ်တို့သာ မဟုတ်တော့ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့အသင်းတွေ ရှိနေပါပြီ။ ဥပမာအားဖြင့် မီလန်နှစ်သင်းပေါ့ဗျာ။ ကျွန်တော် အီတလီကို စရောက်တုန်းက စကူဒက်တို (စီးရီးအေဖလား) ကနေ အင်တာနဲ့ မီလန်တို့ဟာ တော်တော်ဝေးဝေးကျန်ခဲ့တာကို ကျွန်တော် အံ့အားသင့်ခဲ့ရပါတယ်။ အခုတော့ သူတို့ ပြန်လာပါပြီ။ ပြီးတော့ နာပိုလီလည်း ရှိပါသေးတယ်။ သူတို့ဟာ အမြဲတမ်း တိုက်စစ်ကောင်းပြီး
    ကစားသမားကောင်းအချို့ကိုလည်း ထပ်ခေါ်ထားပါတယ်” ဟု ဂါစီယာက Corriere dello Sport သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဂါစီယာက အသင်းခေါင်းဆောင်တော့တီမှာ စံထားလောက်စရာ ပရော်ဖက်ရှယ်ပီသသူတစ်ဦး ဖြစ်သည်ဟု ချီးကျူးခဲ့သည်။ ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ် အေစီမီလန်သို့ ပြန်လည်ရောက်ရှိတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍လည်း ဂါစီယာက အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီမှ ထွက်ခွာမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal