News @ M-Media
Author: Ko Lay
  • တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ
    တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ
    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media
    jikra
    – နှစ်နိုင်ငံနယ်စပ်တွင် ပတ္တယောင်လှည့်နေသည့် စစ်သားနှစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့မှုတွင် အဆိုပါမိုင်းအား မြောက်ကိုရီးယားက ထောင်ထားသည်ဟု တောင်ကိုရီးယားက စွပ်စွဲလိုက်ပြီး နှစ်နိုင်ငံ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။
    ပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ မိုင်းနင်းမှုတွင် မိုင်း ၃ လုံးပေါက်ကွဲခဲ့ပြီး စစ်မဲ့ဇုန်တွင် ပတ္တယောင်လှည့်နေသော စစ်သားများအား ထိမိခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်မဲ့ဇုန်မှာ နှစ်နိုင်ငံနယ်စပ်မှ ၂ ကီလိုမီတာစီ ပါဝင်သော နယ်မြေဖြစ်သည်။
    “အဲဒါဟာ မြောက်ကိုရီးယားက မြေမြှုပ်မိုင်းတွေဆိုတာ သေချာပြီး ကျွန်တော်တို့ရဲ့ ရန်သူတွေက သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကိုတိတ်တိတ်လေးဝင်ပြီး ထောင်တားတာပါပဲ” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    အဆိုပါ မိုင်းနင်းမိမှုတွင် စစ်သားတစ်ဦးမှာ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ခဲ့ရပြီး၊ အခြားတစ်ဦးမှာ ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရသည်။
    တောင်ကိုရီးယား စစ်ဦးစီးချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် မိမိတို့မှာ မြောက်ကိုရီးယား၏ ရန်စမှုအတွက် “ပြင်းထန်သည့် တန်ဖိုး”ကို ပေးဆပ်ရမည်ဟု ဖော်ပြထားသည်။
    သို့သော်လည်း “ပြင်းထန်သည့် တန်ဖိုး” မှာ မည်သည်ကို ရည်ရွယ်ခြင်းဆိုသည်နှင့် စစ်ရေးအရ ရွေးချယ်မှုအတွက် စဉ်းစားမည်ဆိုသည့် ကောလဟာလများအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ လေ့လာဆန်းစစ်သူများကမူ တောင်ကိုရီးယား၏ တုံ့ပြန်မှုကို ခန့်မှန်းရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ဆီးရီးယားအာဏာရှင်အာဆတ်အား ၎င်း၏ လူမျိုးများက ဆန့်ကျင်ဆန္ဒပြ
    ဆီးရီးယားအာဏာရှင်အာဆတ်အား ၎င်း၏ လူမျိုးများက ဆန့်ကျင်ဆန္ဒပြ
    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media
    syr
    – ဆီးရီးယားစစ်တပ်ရှိ အရာရှိတစ်ဦးအား သမ္မတ ဘာရှာ အလ် အာဆတ်၏ ဆွေးမျိုးနီးစပ်တစ်ဦးက သတ်ဖြတ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း အာဆတ်၏ ဇာတိမြို့ဖြစ်သော လာတာကီယာမြို့တွင် အလာဝီတီလူမျိုးများက လမ်းပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ယမန်နေ့က ထွက်ပေါ်လာသော ဗီဒီယိုတွင် အသတ်ခံရသည့် စစ်တပ်အရာရှိ ဟာဆန် အလ်ရှိခ်၏ ညီဖြစ်သူက ၎င်း၏ အစ်ကိုအတွက် နေ့စဉ် ထိုင်သပိတ်ဆင်နွှဲရန် မြို့ခံများအား တိုက်တွန်းမှုကို တွေ့မြင်ခဲ့ရသည်။ အလ်ရှိခ်မှာ အာဆတ်၏ တူဝမ်းကွဲဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ယုံကြည်ရသည်။
    အလ်ရှိခ်၏ ညီဖြစ်သူကမူ အာဆတ်အစိုးရမှာ ပြစ်မှုကျူးလွန်သူကို အရေးမယူဘဲထားသည်ဟု စွပ်စွဲထားသည်။ အာဆတ်၏ မျိုးနွယ်တူဖြစ်သာ အလာဝီတီလူမျိုးများမှာ အစိုးရအား မကျေနပ်မှုများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု အလွန်နည်းသည်။ ထို့ပြင် ၎င်းတို့မှာ အတိုက်အခံများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အာဆတ်၏ဘက်မှ အများအပြား ပါဝင်ကြသူများလည်း ဖြစ်သည်။
    အလ်ရှိခ်မှာ ပြီးခဲ့သည့် သောကြောနေ့က လာတာကီယာရှိ အာဆတ်မွေးဖွားရာဒေသအနီးတွင် အသတ်ခံရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။
    နိုင်ငံပိုင် Sham FM နှင့် အင်တာဗျူးတွင် လာတာကီယာ အုပ်ချုပ်ရေးမှူးက ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေပြီး မည်သူတစ်ဦးတစ်ယောက်မှ ဥပဒေ၏အထက်တွင် နေရာမရှိဟု ပြောကြားခဲ့သည်။
    အာဆတ်၏ တူဖြစ်သော ဆူလိုင်မန် အလ်-အာဆတ်က အလ်ရှိခ်အား မိမိ၏ မျက်စိရှေ့တွင် သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏ညီဖြစ်သူက အဆိုပါ FM သို့ပင် ပြောကြားခဲ့သည်။
    အလ်ရှိခ်သေဆုံးပြီး နောက်တစ်နေ့တွင် အလာဝီတီ လူမျိုးများမှာ မြို့တွင်းရှိ အလ်-ဇာရာအာ ရင်ပြင်၌ စုရုံးကာ ဖယောင်းတိုင်များထွန်း၍ သတ်ဖြတ်သူအား အပြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။
    Ref: Aljazeera
  • လန်ဒန်ရှိ ချို့တဲ့သူများအတွက် ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ကူညီထောက်ပံ့မှု ပြုလုပ်
    လန်ဒန်ရှိ ချို့တဲ့သူများအတွက် ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ကူညီထောက်ပံ့မှု ပြုလုပ်
    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media
    ld
    – နေထိုင်ရာလူ့အဖွဲ့အစည်းအား ပြန်လည်ပေးဆပ်ရန် ရည်ရွယ်၍ လန်ဒန်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ မြို့အတွင်းမှ ချို့တဲ့သူများအတွက် တစ်ပတ်လျှင် တစ်ကြိမ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ပြုလုပ်ပေးသည်ဟု သိရသည်။
    Finsbury Park ဟု အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး အဆိုပါ ကူညီထောက်ပံ့ပေးရေး စီမံကိန်းမှာ ပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်းများအား ဖေးမနိုင်ရေးကို ရည်ရွယ်သော ဘာသာရေးဆိုင်ရာ ဆောင်ရွက်ချက်များ၏ အစိတ်အပိုင်းဖြစ်သည်ဟု ဗလီဝတ်ကျောင်းတော်မှ ဒုတိယဒါရိုက်တာဖြစ်သူ မိုဟာမက်အလီက အလ်ဂျာဇီးရားသတင်းဌာနသို့ သြဂုတ်လ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
    ဗလီဝတ်ကျောင်းတော်ရှိ လူမှုကူညီရေး ၀န်ထမ်းများမှာ ဗလီဝတ်ကျောင်းတော်သို့ လာရောက်ကြသည့် ချို့တဲ့သူများအား အစားအသောက်များကို ကူညီထောက်ပံ့ပေးကာ သောကများကို မျှဝေခံစားခဲ့ကြသည်။
    အဆိုပါ ထောက်ပံကူညီရေးလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့သော အီရှီယာကမူ ဗလီဝတ်ကျောင်းတော်သို့ လာရောက်ကြသည့် အိမ်ယာမဲ့များမှာ ၎င်းတို့ဘ၀တွင် မရရှိသည့် လူမှုလုံခြုံမှုကို ရှာဖွေကြသည်ဟုဆိုသည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော်မှာ ယခုထက်ပိုမို၍ အစားအသောက်များ ကူညီပေးရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။
    အလီကမူ “မွတ်စလင်များမှာ လူမှုပေါင်းစည်းရေးတွင် အဆင့်တစ်ခုရှိရမည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Finsbury Park ဗလီဝတ်ကျောင်းတော်မှာ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများကို ပစ်မှတ်ထားသည့် လှုပ်ရှားမှု အများအပြားကို ဦးဆောင်ပြုလုပ်နေပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းစွာ ယုံကြည်ကိုးကွယ်ရေး ကိစ္စများတွင် လန်ဒန်လူ့အဖွဲ့အစည်းအတွင်း လွန်ခဲ့သည့် ၁၀ နှစ်မှစ၍ အဓိက အချက်အချာနေရာလည်း ဖြစ်လာခဲ့သည်။
    ထို့ကဲ့သို့ လူ့အဖွဲ့အစည်းအတွက် ပေးဆပ်မှုများကြောင့် ဗြိတိန် ပရဟိတကော်မရှင်မှ ပေးအပ်ချီးမြှင့်သော Visible Quality Award ဆုကို ရရှိထားသည့် တစ်ခုတည်းသော ဗလီဝတ်ကျောင်းတော်လည်း ဖြစ်သည်။
    ဗြိတိန်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၂.၇ သန်းနီးပါး ရှိနေသည်။ တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Demo အဖွဲ့၏ လေ့လာမှုများအရ ယူကေရှိ အစ္စလာမ်ဘာသာဝင်များမှာ အခြားသော ပြည်သူများထက် တိုင်းချစ်ပြည်ချစ်စိတ် ပိုများသည်ဟု သိရှိခဲ့ရသည်။
    Ref: Onislam
  • ရေဘေးသင့်မြန်မာပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်မှ ဆေးဝါးများလှူဒါန်း
    ရေဘေးသင့်မြန်မာပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်မှ ဆေးဝါးများလှူဒါန်း
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    bd 2
    – မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဘင်္ဂလားဒေ့ရှ်တာကာငွေ ၁၀ သန်း တန်ဖိုးရှိသည့် ဆေးဝါးများကို တင်ဆောင်လာသော လော်ရီကားတစ်စီးမှာ ယနေ့တွင် ဒါကာမြို့မှ ထွက်ခွာသွားပြီးဟု ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်သော bdnews24 တွင် ဖော်ပြထားသည်။
    အဆိုပါအကူအညီမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာမှ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရန် ကတိပြုထားမှုမှ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုအတွင်း လူပေါင်း ၂ သိန်းကျော် ထိခိုက်ခံစားခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့တွင် နိုင်ငံတကာအကူအညီကို တောင်းခံခဲ့သည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ချက်ခြင်းဆိုသလိုပင် အကူအညီများပေးအပ်ရန် ဆောင်ရွက်ပေးခဲ့သည်။
    မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အာရှနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ဂျပန် စသည့်နိုင်ငံများကလည်း အကူအညီများ ပေးပို့ခဲ့သည်။
    Ref: BDnews
  • ချယ်ဆီးမှ ဆာလာဟ်နှင့် မန်စီးတီးမှ ဇက်ကိုတို့အား ရိုးမားခေါ်ယူ
    ချယ်ဆီးမှ ဆာလာဟ်နှင့် မန်စီးတီးမှ ဇက်ကိုတို့အား ရိုးမားခေါ်ယူ
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    roma 1
    – ယခုနှစ် စီးရီးအေချန်ပီယံဘွဲ့ကို စိန်ခေါ်ရန် ပြင်ဆင်နေသည့် ရိုးမားအသင်းမှာ ချယ်ဆီးတိုက်စစ်မှူး မိုဟာမက် ဆာလာဟ်နှင့် မန်စီးတီးတိုက်စစ်မှူး အက်ဒင် ဇက်ကိုတို့ကို ခေါ်ယူလိုက်ပြီဟု သိရသည်။
    ဘော့စနီးယား-ဟာဇိဂိုဗီနာတိုက်စစ်မှူး ဇက်ကိုမှာ အဂူရို၏နောက် ဒုတိယနေရာတွင်သာ ရှိနေသောကြောင့် မန်စီးတီးအသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ရိုးမားကမူ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ဇက်ကိုအား ခေါ်ယူရန် ဆက်သွယ်ခဲ့ခြင်းဖြစ်ပြီး လကုန်ပိုင်းတွင် သဘောတူညီချက် ရရှိခဲ့သည်။
    ထို့နောက် ဇက်ကိုမှာ ရောမသို့ ရောက်ရှိလာခဲ့ပြီဟု ရိုးမားအသင်းက ၎င်းတို့၏ Twitter စာမျက်နှာမှတစ်ဆင့် ယမန်နေ့က ကြေညာခဲ့သည်။
    ဇက်ကိုအပြင် ရိုးမားမှာ ချယ်ဆီးအသင်းတွင် နေရာမရသည့် အီဂျစ်တိုက်စစ်မှူး ဆာလာဟ်ကိုလည်း အငှားဖြင့် ခေါ်ယူခဲ့သည်။ ဆာလာဟ်မှာ ပြီးခဲ့သည့်နှစ် ဒုတိယရာသီဝက်ကို ဖီအိုရင်တီးနားအသင်းတွင် ကုန်ဆုံးခဲ့ပြီး ခြေစွမ်းကောင်းများကို ပြသခဲ့သည်။
    ယခု အငှားဖြင့် ခေါ်ယူမှုတွင် ၂၀၁၅-၁၆ ဘောလုံးရာသီကုန်လျှင် အပြီးသတ်ခေါ်ယူရန် ခြွင်းချက်တစ်ခုလည်း ပါဝင်ခဲ့သည်။ ဖီအိုရင်တီးနားကမူ ရိုးမား၏ ထိုခေါ်ယူမှုအတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ရန် စီစဉ်နေပြီး ဆာလာဟ်၏ အေးဂျင့်ဖြစ်သူကမူ ၎င်း၏ ကစားသမားမှာ ချယ်ဆီးသို့ လွတ်လပ်စွာ ပြန်ခွင့်ရှိပြီး ၎င်း၏အနာဂတ်ကိုလည်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။
    Ref: Goal