News @ M-Media

Author: Ko Lay

  • ဟာသာဘာလင်အသင်း၏ ဘတ်စ်ကား သေနတ်ဖြင့် ပစ်ခံရ

    ဟာသာဘာလင်အသင်း၏ ဘတ်စ်ကား သေနတ်ဖြင့် ပစ်ခံရ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    har

    – ဘွန်ဒစ်လီဂါ ကလပ်အသင်းဖြစ်သော ဟာသာဘာလင်အသင်း၏ ဘတ်စ်ကားမှာ ယမန်နေ့က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကို ခံခဲ့ရသည်ဟု သိရသည်။

    ဒုတိယတန်းမှ အာမီနီယာ ဘီလီဖဲလ်အသင်းနှင့် ရှုံးထွက်ပွဲကစားရန် သွားရောက်စဉ် မော်တော်ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့တွင် ကစားမည့်ပွဲအတွက် ဟာသာဘာလင် အသင်းသားများမှာ ဘီလီဖဲလ်မြို့သို့ ရထားဖြင့် သွားရောက်ခဲ့ပြီး အဆိုပါဘတ်စ်ကားမှာ ဘူတာရုံမှ ကစားသမားများကို ကြိုရန် သွားရောက်ခြင်းဖြစ်သည်။

    ပစ်ခတ်မှုဖြစ်ပွားစဉ် ကားပေါ်၌ ကစားသမားများ ရှိနေခြင်းမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခြင်းလည်း မရှိပေ။ ကျည်ဆံမှာ ကား၏ ရှေ့မှန်အတွင်း စိုက်ဝင်သွားခဲ့သည်။

    အသင်းကမူ သေနတ်မှန်ထားသည့် ဘတ်စ်ကား၏ဓာတ်ပုံကို Twitter စာမျက်နှာတွင် လွှင့်တင်ထားပြီး မျက်မြင်သက်သေများအနေဖြင့် ထွက်လာ သတင်းပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

    “မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့အသင်းဟာ ဖလားပွဲအတွက် သွားနေတဲ့လမ်းမှာ အပစ်ခံခဲ့ရပါတယ်။ ဘယ်သူမှ မထိခိုက်ခဲ့ပါဘူး” ဟု အသင်း၏ Twitter စာမျက်နှာတွင် ရေးသားထားသည်။ ရဲတပ်ဖွဲ့ကမူ ပြစ်မှုကျူးလွန်သူကို ရှာဖွေမှုများ ပြုလုပ်နေသည်။

    Ref: Goal

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၀၊ ၂၀၁၅)

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    ဗိုလ်ချုပ်တစ်ဦးအား လာဘ်စားမှုဖြင့် တရုတ် သေဒဏ်ချမှတ်
    ……………………………..
    လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှုနှင့် ပြည်သူ့ဘဏ္ဍာများ အလွဲသုံးစားလုပ်မှုတို့ဖြင့် ဗိုလ်ချုပ်ဟောင်း ဂူဂျန်ရှန်းအား တရုတ်စစ်ခုံရုံးက ယနေ့တွင် ၂ နှစ်ဆိုင်းငံ့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံတွင် ထိုကဲ့သို့ ဆိုင်းငံ့ချွင်းချက်ဖြင့် သေဒဏ်ချမှတ်ခြင်းမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခြင်းဟု သတ်မှတ်ကြသည်။ ဂူဂျန်ရှန်းမှာ တရုတ်စစ်တပ်၏ သြဇာရှိသော လော့ဂျစ်ဌာနတွင် လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

    ယူကရိန်းတွင် ပြင်းထန်သောတိုက်ပွဲများ ပြန်လည်ဖြစ်ပွား
    ………………………………..
    မငြိမ်သက်မှုများ ဖြစ်ပွားနေသော နိုင်ငံအရှေ့ပိုင်းရှိ ယူကရိန်းအစိုးရ စစ်တပ်များ ထိန်းချုပ်ထားရာ မာရီပူးလ်မြို့ စထရိုနာတစ်ဗ်ကာရွာတွင် ခွဲထွက်ရေးသမားများ ၄၀၀ ခန့်မှာ တင့်ကားများနှင့်အတူ ယနေ့မနက်ပိုင်းက အပြင်းအထန်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ယူကရိန်းစစ်တပ်က ကြေညာခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ ၆ လအတွင်း အပြင်းထန်ဆုံးလည်းဖြစ်ပြီး တင်းမာမှုများ ဆက်လက်မြင့်တက်လာမည့် အလားအလာလည်း ရှိနေသည်။

    ဂျပန်တွင် နျူဓာတ်အားပေးစက်ရုံတစ်ခု ပြန်လည်ပတ်မည်
    ………………………………..
    ဂျပန်နိုင်ငံမှာ နိုင်ငံအနောက်တောင်ပိုင်းရှိ ဆန်ဒိုင်း နျူကလီးယား လျှပ်စစ်ဓာတ်အာပေးစက်ရုံမှ ဓာတ်ပေါင်းဖို နံပါတ် ၁ ကို မနက်ဖြန်တွင် ပြန်လည်ပတ်တော့မည်ဖြစ်သည်။ ထိုသို့ ပြန်လည် လည်ပတ်ခြင်းမှာ ဖူကူရှီမား နျူကလီးယားပြဿနာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ နှစ်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ အဆိုပါ ပြဿနာ ဖြစ်ပွားပြီးနောက် ဂျပန်မှာ နျူကလီးယားစက်ရုံးများနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေများကို ထပ်မံ တင်းကျပ်ခဲ့ပြီး၊ အရန်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ဆူနာမီဒဏ်ခံ နံရံများ
    တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

    Ref: News Agencies

  • မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    myanmar-flood-roofs

    – မြန်မာနိုင်ငံ၏ စပါးကျီဒေသဖြစ်သော ဧရာဝတီတိုင်း၌ ရေဘေးအန္တရာယ် မြင့်တက်လာသည့်အချိန်တွင် နိုင်ငံတစ်ဝှမ်းတွင် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေမှာ ၁၀၀ အထိ ရောက်ရှိလာခဲ့ပြီး ရေးဘေးသင့်ပြည်သူများမှာလည်း ၁ သန်းအထိရှိနေသည်ဟု နိုင်ငံပိုင်မီဒီယာက ယနေ့တွင် ကြေညာခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြန်မာအစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတို့အား သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့သည်။

    ယခုလက်ရှိတွင်လည်း ဧရာဝတီတိုင်းဒေသကြီးရှိ နေရာအချို့တွင် ရေကြီးမှုများ ဖြစ်ပွားနေခြင်းကြောင့် အစိုးရက သတိပေးချက်များ ထုတ်ပြန်ထားပြီး ယနေ့ထုတ် Global New Light of Myanmar သတင်းစာတွင် ရေကြီးမှုကြောင့် သေဆုံးသူဦးရေမှာ ၁၀၀ ကျော်သွားခဲ့ကာ နိုင်ငံတစ်ဝှမ်းလုံးတွင် ရေဘေးသင့်ပြည်သူ တစ်သန်းနီးပါး ရှိနေသည်ဟု ဖော်ပြထားသည်။

    စပါးခင်း ဧက ၁.၂ သန်းမှာ လက်ရှိအချိန်တွင် ရေအောက်၌ နစ်မြုပ်လျက်ရှိပြီး၊ ၄၃၀၀၀၀ ဧကမှာ ရေကြီးမှုကြောင့် ပျက်ဆီးခဲ့ရသည်ဟုလည်း အဆိုပါသတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။ ဧရာဝတီတိုင်းတွင် ရေမျက်နှာပြင်မှာ ယမန်နေ့တွင် လျော့ကျသွားခဲ့သော်လည်း စိုးရိမ်ရေအမှတ်တွင် ဆက်လက်ရှိနေသည်။

    Ref: Channelnewsasia

  • မိုက်ကယ်ဘရောင်းနှစ်ပတ်လည်တွင် ဆန္ဒပြသူများ အပစ်ခံရ

    မိုက်ကယ်ဘရောင်းနှစ်ပတ်လည်တွင် ဆန္ဒပြသူများ အပစ်ခံရ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    us

    – လက်နက်မဲ့ လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က ပစ်သတ်မှု တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြုလုပ်သော ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

    ဖာဂူဆန်မြို့ရှိ အခင်းဖြစ်ပွားခဲ့သော နေရာတွင် ဆန္ဒပြသူများက စုပြုံပိတ်ဆို့ကာ လမ်းတစ်လျှောက်ရှိ ပြတင်းပေါက်များအား ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး အဆိုပါလူအုပ်ကြီးအား ရဲတပ်ဖွဲ့က လူစုခွဲရန် ကြိုးစားစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    မိုက်ကယ်ဘရောင်းကွယ်လွန်မှု ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သည့် အဆိုပါ ဆန္ဒပြပွဲကို ယမန်နေ့က ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်တာ ငြိမ်သက်ပြီးနောက် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခြင်းဖြင် စတင်ခဲ့ခြင်းဖြစ်သည်။

    နောက်ပိုင်းတွင် ဆန္ဒပြသူများမှာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး စိန့်လူးဝစ်ကောင်တီ ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြေညာချက်၌ ၎င်းတို့မှာ အဆိုပါ လူအုပ်စုကြီးအား ဖြိုခွဲရန်အတွက် အမျိုးသားတစ်ဦးအား ဖမ်းဆီးရန်ကြိုးစားစဉ် ၎င်းက စတင်ပစ်ခတ်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရသော အဆိုပါအမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

    ရဲတပ်ဖွဲ့မှာ အချက်များစွာ ပစ်ခတ်ခဲ့ပြီး အစောပိုင်းက လူ ၂ ဦး ဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ကာ ဒဏ်ရာရရှိသူမှာ တစ်ဦးတည်းသာဖြစ်သည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Aljazeera

  • ဗန်ဂါးလ်နဲ့ ရော်ဂျာတို့ အဖွင့်လှခဲ့ပြီး မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါး မျက်နှာမရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်

    ဗန်ဂါးလ်နဲ့ ရော်ဂျာတို့ အဖွင့်လှခဲ့ပြီး မော်ရင်ဟိုနဲ့ အာဆင်ဝင်းဂါး မျက်နှာမရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    pel 2

    – ပရီးမီးယားလိဂ် ရာသီသစ်ကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ စတင်ကစားခဲ့ပြီး မန်ယူ၊ လီဗာပူးလ်တို့ အနိုင်ရခဲ့ကာ ချယ်ဆီးက သရေကျပြီး အာဆင်နယ်ကတော့ အံအားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဘောလုံးရာသီက တာထွက်မလှခဲ့တဲ့ ဗန်ဂါးလ်ရဲ့မန်ယူက စနေနေ့က ကစားခဲ့တဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ်မှာ ဂိုးသမားသစ် ရိုမဲရိုးရဲ့ အကောင်းဆုံး လက်စွမ်းနဲ့အတူ အနိုင် ၃ မှတ် ရအောင်ယူနိုင်ခဲ့ပါတယ်။ ကစားပုံသွက်ခဲ့တဲ့မန်ယူအတွက် အနိုင်ဂိုးက စပါးနောက်ခံလူ ကီလီဝေါလ်ကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရခဲ့တာဖြစ်ပြီး စပါးရဲ့ အပိုင်ကန်ချက် ၂ လုံးလောက်ကို ရိုမဲရိုး ကာကွယ်သွာနိုင်ခဲ့တာကြောင့်လည်း အဖွင့်လှခဲ့တာဖြစ်ပါတယ်။

    လက်ရှိချန်ပီယံ ချယ်ဆီးက အိမ်ကွင်းမှာ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ဆွမ်ဆီးရဲ့ ဂိုး ၂ ဂိုးကိုလည်း ပြန်လည်ခွင့်ပြုခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၅၅ မိနစ်မှာ ဂိုးသမား ကော်တိုအစ် အထုတ်ခံခဲ့ရပြီး ပင်နယ်တီပေးလိုက်ရတာကြောင့်လို့ ပြောလို့ရပေမယ့် ချယ်ဆီးရဲ့ အနေအထားအရ ဒီထက်ပိုကောင်းနဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့တာပါ။

    ကစားသမားအသစ်တွေကို ပွဲထုတ်ခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လီဗာပူးလ် ဂိုးသွင်းခွင့်တွေကို သိပ်မဖန်တီးနိုင်ခဲ့ပေမယ့် ၈၆ မိနစ်မှာ ကော်တင်ဟိုရဲ့ ဂိုးနဲ့ စတုတ်ကိုနိုင်ပြီး ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က အဝေးကွင်းမှာ စတုတ်ရဲ့ ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

    ရာသီကြိုခြေစမ်းပွဲတွေမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာလည်း အမြဲတမ်းအသာမရခဲ့တဲ့ ချယ်ဆီးကို အနိုင်ကစားနိုင်ခဲ့တဲ့ အာဆင်နယ်က ၀က်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ ဒါဟာ ၀က်စ်ဟမ်းအတွက် အာဆင်နယ်ကို ရှစ်နှစ်အတွင်း အဝေးကွင်းမှာ ပထမဆုံး အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးတွေကိုတော့ ၄၃ မိနစ်မှာ ကူယာတီနှင့် ဇဲရာတေးတို့က သွင်းယူပေးတာဖြစ်ပါတယ်။

    တန်းတက်အသင်းတွေထဲမှာ ၀က်ဖို့ဒ်က အဲဗာတန်နဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး နော်ဝစ်ခ်ျက ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ကာ ဘုန်းမောက်ကတော့ အက်စတွန်ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်ယူ ၁-၀ စပါး
    ဘုန်းမောက် ၀-၁ အက်စတွန်ဗီလာ
    အဲဗာတန် ၂-၂ ၀က်ဖို့ဒ်
    လက်စတာ ၄-၂ ဆန်းဒါးလန်း
    နော်ဝစ်ခ်ျ ၁-၃ ခရစ္စတယ်ပဲလေ့စ်
    ချယ်ဆီး ၂-၂ ဆွမ်ဆီး
    အာဆင်နယ် ၀-၂ ၀က်စ်ဟမ်း
    နယူးကာဆယ် ၂-၂ ဆောက်သက်တမ်
    စတုတ် ၀-၁ လီဗာပူးလ်