သြဂုတ် ၁၀၊ ၂၀၁၅
M-Media
– ဆီးရီးယားစစ်တပ်ရှိ အရာရှိတစ်ဦးအား သမ္မတ ဘာရှာ အလ် အာဆတ်၏ ဆွေးမျိုးနီးစပ်တစ်ဦးက သတ်ဖြတ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း အာဆတ်၏ ဇာတိမြို့ဖြစ်သော လာတာကီယာမြို့တွင် အလာဝီတီလူမျိုးများက လမ်းပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့က ထွက်ပေါ်လာသော ဗီဒီယိုတွင် အသတ်ခံရသည့် စစ်တပ်အရာရှိ ဟာဆန် အလ်ရှိခ်၏ ညီဖြစ်သူက ၎င်း၏ အစ်ကိုအတွက် နေ့စဉ် ထိုင်သပိတ်ဆင်နွှဲရန် မြို့ခံများအား တိုက်တွန်းမှုကို တွေ့မြင်ခဲ့ရသည်။ အလ်ရှိခ်မှာ အာဆတ်၏ တူဝမ်းကွဲဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ယုံကြည်ရသည်။
အလ်ရှိခ်၏ ညီဖြစ်သူကမူ အာဆတ်အစိုးရမှာ ပြစ်မှုကျူးလွန်သူကို အရေးမယူဘဲထားသည်ဟု စွပ်စွဲထားသည်။ အာဆတ်၏ မျိုးနွယ်တူဖြစ်သာ အလာဝီတီလူမျိုးများမှာ အစိုးရအား မကျေနပ်မှုများကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု အလွန်နည်းသည်။ ထို့ပြင် ၎င်းတို့မှာ အတိုက်အခံများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အာဆတ်၏ဘက်မှ အများအပြား ပါဝင်ကြသူများလည်း ဖြစ်သည်။
အလ်ရှိခ်မှာ ပြီးခဲ့သည့် သောကြောနေ့က လာတာကီယာရှိ အာဆတ်မွေးဖွားရာဒေသအနီးတွင် အသတ်ခံရခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။
နိုင်ငံပိုင် Sham FM နှင့် အင်တာဗျူးတွင် လာတာကီယာ အုပ်ချုပ်ရေးမှူးက ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေပြီး မည်သူတစ်ဦးတစ်ယောက်မှ ဥပဒေ၏အထက်တွင် နေရာမရှိဟု ပြောကြားခဲ့သည်။
အာဆတ်၏ တူဖြစ်သော ဆူလိုင်မန် အလ်-အာဆတ်က အလ်ရှိခ်အား မိမိ၏ မျက်စိရှေ့တွင် သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏ညီဖြစ်သူက အဆိုပါ FM သို့ပင် ပြောကြားခဲ့သည်။
အလ်ရှိခ်သေဆုံးပြီး နောက်တစ်နေ့တွင် အလာဝီတီ လူမျိုးများမှာ မြို့တွင်းရှိ အလ်-ဇာရာအာ ရင်ပြင်၌ စုရုံးကာ ဖယောင်းတိုင်များထွန်း၍ သတ်ဖြတ်သူအား အပြစ်ပေးရန် တောင်းဆိုခဲ့ကြသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.