News @ M-Media

Author: Ko Lay

  • တောင်တရုတ်ပင်လယ်အတွင်း ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင်မှုတစ်ခု တရုတ်ပြုလုပ်

    တောင်တရုတ်ပင်လယ်အတွင်း ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင်မှုတစ်ခု တရုတ်ပြုလုပ်

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    china

    – ရေပိုင်နက်အငြင်းပွားမှုများ ရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက ကျည်အစစ်များဖြင့် တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယမန်နေ့တွင် ပြုလုပ်ခဲ့သည်ဟု နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

    ရေကြောင်းတိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှုအတွက် ဆောင်ရွက်သော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ရေတပ်သင်္ဘော အနည်းဆုံး ၁၀၀ ခန့်၊ လေယာဉ်များ၊ မစ်ဆိုင်းတပ်ဖွဲ့များနှင့် သတင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။

    ထို့ပြင် ဒုံးကျည်နှင့် တော်ပီဒိုပစ်ခတ်မှုများ၊ ဗုံးကြဲမှုများကိုလည်း ဆောင်ရွက်ခဲ့ကာ ရေတပ်၏ လေကြောင်းကာကွယ်ရေးစနစ်နှင့် သတိပေးစနစ်များ စမ်းသပ်ခြင်းလည်း ပါဝင်ခဲ့သည်။ ထိုသို့ စစ်ရေးလေ့ကျင့်မှုက တရုတ်စစ်တပ်၏ ချက်ခြင်းတုံ့ပြန်နိုင်မှု စွမ်းရည်ကို တိုးတက်စေခဲ့သည်ဟု သတင်းဌာနက ထည်သွင်းဖော်ပြခဲ့သည်။

    ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း ထိုကဲ့သို့ ကျည်အစစ်များဖြင့် စစ်ရေးလ့ကျင့်မှုက ဒေသအတွင်း တင်းမာမှုများကို မြင့်တက်လာစေမည်ဖြစ်သည်။

    ၂၀၁၂ ခုနှစ်က ပထမဆုံး လေယာဉ်တင်င်္ဘောကို တာဝန်ထမ်းဆောင်စေခဲ့သည့် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ ရေတပ်အင်အားကို အလျင်အမြန် ချဲ့ထွင်လာခဲ့ပြီး၊ တိုက်ရေယာဉ်အုပ်များနှင့် ရေငုပ်သင်္ဘောအရေအတွက်များကိုလည်း မြှင့်တင်လာခဲ့သည်။

    တောင်တရုတ်ပင်လယ်၏ ဧရိယာအများစုကို ပိုင်ဆိုင်သည်ဟု ကြေညာထားသောကြောင့် ဒေသတွင်း နိုင်ငံအများအပြားနှင့် အငြင်းပွားမှုများ ရှိနေသ်ေလည်း လက်ရှိတွင် တရုတ်နိုင်ငံမှာ ထိုပင်လယ်အတွင်းရှိ ကျွန်းအချို့၌ ကျွန်းတုများဖန်တီးကာ စိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    စစ်အားအားချဲ့ထွင်ရန် ကြိုးစားနေသည့် ဂျပန်နိုင်ငံကမူ တရုတ်၏ ထိုလုပ်ရပ်မှာ နိုင်ထက်စီးနင်းပြုသော လုပ်ရပ်ဖြစ်သည်ဟု ပြီးခဲ့သည့်တစ်ပတ်က ရှုတ်ချခဲ့သည်။

    ဖိလစ်ပိုင်ကလည်း အငြင်းပွားနေသော ရေပိုင်နက်အတွင်း အဓိကထား တောင်းဆိုရန်အတွက် လာမည့်နှစ် ကာကွယ်ရေးဘက်ဂျက်ကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်ရန် အစီအစဉ်ရှိနေသည်။

    Ref: Channelnewsasia

  • အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်

    အာဖရိကခေါင်းဆောင်များ၏ အာဏာမက်မောမှုကို အိုဘားမား ပြစ်တင်

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    obama

    – အာဖရိကသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ အာဏာမစွန့်လွှတ်ချင်ကြသည့် အာဖရိကခေါင်းဆောင်များအား ပြစ်တင်ပြောဆိုလိုက်ပြီး အာဖရိကအတွင်း ဒီမိုကရေစီ တိုးတက်ရေးမှာ အန္တရာယ်ရှိနေသည်ဟုလည်း
    ထည့်သွင်းပြောကြားခဲ့သည်။

    အီသီယိုးပီးယားနိုင်ငံ မြို့ အက်ဒစ် အဘာဘာရှိ အာဖရိကသမ္မဂ ရုံးချုပ်အဆောက်အအုံ၌ ယမန်နေ့က ပြောကြားသည့် မိန့်ခွန်း၌ အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “သူတို့ရဲ့ သက်တမ်းကုန်တဲ့ ခေါင်းဆောင်းတွေက ဆင်းပေးဖို့ ငြင်းဆန်နေကြတာကြောင့် အာဖရိက ဒီမိုကရေစီတိုးတက်မှုဟာ အန္တရာယ်ရှိနေပါတယ်။ ဘယ်သူမှ တသက်လုံး သမ္မတလုပ်လို့ မရပါဘူး” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိကိုယ်တိုင်မှာလည်း မိမိအား ဆက်ခံမည်သူကို လက်ကမ်းကြိုဆိုရင် စောင့်မျှော်နေသည်ဟု ဆိုသည်။

    “ခင်ဗျားတို့ကို ကျွန်တော် ရိုးရိုးသားသားပြောရရင် ဒါမျိုး (ရာထူးက ဆင်းမပေးချင်တာ) ကို ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ကျွန်တော် ဆက်ပြီး ပြိုင်လို့ မရတော့ပါဘူး။ အမေရိက ရှေ့ဆက်သွားနေဖို့ ကျွန်တော်လုပ်ခဲ့ချင်တာတွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဥပဒေဟာ ဥပဒေပါပဲ။ ဘယ်သူမှ ဒီဥပဒေပေါ်မှာ မရှိပါဘူး။
    သမ္မတတွေရောပေါ့”

    အိုးဘားမားမှာ သမ္မတနေရာမှ ဆင်းမပေးသည့်အတွက် နိုင်ငံအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်နေသည့် ဘူရန်ဒီနိုင်ငံအား ထောက်ပြခဲ့ကာ အာဏာအား ဖက်တွယ်ထားခြင်းမှာ ဘေးဖြစ်မည့် လမ်းကြောင်းပေါ်သို့ ပထမဆုံးချသည့် ခြေလှမ်းသာဖြစ်သည်ဟု ဆိုသည်။

    “တကယ်လို့ ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့နိုင်ငံကို အခြေမပျက်စေဖို့ သူသာလျှင် လုပ်နိုင်သူလို့ ထင်ရင်တော့ ဒီခေါင်းဆောင်ဟာ တိုင်းပြည်ကို တကယ်တည်ဆောက်ဖို့ ကျရှုံးသွားတာပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    ထို့ပြင် တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလားမှာ အာဖရိကတိုက်အတွက် အတုယူစရာခေါင်းဆောင်ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်

    IS နှင့် အကြမ်းဖက်မှုအား ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု အိုင်းရစ်မွတ်စလင်များ ပြုလုပ်

    ဇူလိုင် ၂၉၊ ၂၀၁၅
    M-Media

    irish

    – ပြီးခဲ့သည့်လအတွင်း တူနီးရှားနိုင်ငံ၌ အိုင်ယာလန်နိုင်ငံသားများ အသတ်ခံရမှုကို ဆန့်ကျင်ရန်နှင့် အစ္စလာမ်၏ အမည်နာမအား အလွဲသုံးစားလုပ်နေသော IS အဖွဲ့အား ရှုတ်ချရန်တို့အတွက် အိုင်းရစ်မွတ်စလင်များက ချီတက်ဆန္ဒပြမှု တစ်ခုကို ပြီးခဲ့သည့် တနင်္ဂနွေက ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ချီတက်ဆန္ဒပြမှုကို Not In Our Name အမည်ဖြင့် မြို့တော် ဒက်ဗလင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး IS ၏ တူနီးရှားတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃၈ ဦးသေဆုံးခဲ့ပြီး တစ်လအကြာ၌ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ သေဆုံးသူများတွင် အိုင်ယာလန်နိုင်ငံသား ၃ ဦး ပါဝင်ခဲ့သည်။

    “IS လက်ဝေခံ အိုင်းရစ်မွတ်စလင်တွေက နည်းနည်းလေးပါ။ ဒါပေမယ့် ကျွန်တော်တို့ သူတို့ရဲ့ မုသာဝါဒတွေကို တားဆီးဖို့ လိုအပ်ပါတယ်” ဟု အဘန့်ချဒ်တောင်းရှိ အလ်-မွတ်စ်တာဖာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်ပြီး ဆန္ဒပြပွဲကို စီစဉ်ရာတွင် ကူညီပေးခဲ့သူ ဒေါက်တာ ရှိခ် အူမာရ် အလ်-ကွာဒရီက ပြောကြားခဲ့သည်။

    Not In Our Name ချီတက်ဆန္ဒပြမှုကို မွတ်စလင်ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကောင်စီက ဦးဆောင်စီစဉ်ခြင်းဖြစ်ပြီး IS အကြမ်းဖက်အုပ်စု၏ လူသတ်လှုပ်ရှားမှုမှာ အစ္စလာမ်၏ သွန်သင်မှုများနှင့် လုံးဝဆန့်ကျင်နေသည်ကို ပြသလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်သည်။

    ထို့ပြင် ကောင်စီမှာ နိုင်ငံတစ်ဝှမ်းလုံးတွင် ထိုကဲ့သို့ ဆန္ဒပြမှုများပြုလုပ်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။

    “လွန်ခဲ့တဲ့နှစ်တွေက တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ကို ရုပ်ပြောင်ရေးဆွဲမှုနဲ့ပတ်သက်ပြီး မွတ်စလင်တွေဟာ ဒက်ဗလင်မှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အခုတော့ အကြမ်းဖက်သမားတွေက အစ္စလာမ်နဲ့ မွတ်စလင်တွေကို ဒီရုပ်ပြောင်တွေထက် ပိုပြီးတော့တောင် ထိခိုက်ပျက်ဆီးစေပါတယ်။ အစ္စလာမ်ကြောက်ရောဂါတွေကလည်း ဒီ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရှိန်အဟုန်နဲ့ကို မြင့်တက်လာခဲ့ပါတယ်” ဟု အလ်-ကွာဒရီက ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်အား မပျက်စီးစေသော ရုပ်ပြောင်များအတွက် မွတ်စလင်များအနေဖြင့် ချီတက်ဆန္ဒပြနိုင်လျှင် အစ္စလာမ်၏ သွန်သင်ဆုံးမမှုများကို ဖျက်ဆီးနေသော IS နှင့်ပတ်သက်၍ ဆန္ဒပြနိုင်ရမည်ဖြစ်ကြောင်း၊ မွတ်စလင်များ တိတ်ဆိတ်နေခြင်းက IS အား လက်ခံသူများအဖြစ် အခြားသူများ၏ အထင်မှားအမြင်မှားဖြစ်မှုကို ခံရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    IS အဖွဲ့အား ကမ္ဘာတစ်ဝှမ်းလုံးက၊ အထူးသဖြင့် ငြိမ်းချမ်းမှုကို မြတ်နိုးသော မွတ်စလင်အများစုကြီးက မဖြစ်မနေ ရှုတ်ချရမည်ဟုလည်း ဒေါက်တာ အလ်-ကွာဒရီက ဆိုသည်။

    “အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုအတွက် အစ္စလာမ်မှာ နေရာမရှိပါဘူး။ ဒါတွေနဲ့လည်း သာသနာကို လုံးဝ တန်းညှိလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ တမန်တော်မြတ်ကြီးက အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို ဆန့်ကျင်ဖို့ ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်”

    အိုင်ယာလန်နိုင်ငံ၏ ၄.၅ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူ အရေအတွက်မှ ၁.၁ ရာခိုင်နှုန်းရှိပြီး၊ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်သူများနှင့် ပြောင်းရွှေ့အခြေချလာသူများကြောင့် မြင့်တက်လျက်ရှိနေသည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇူလိုင် ၂၈၊ ၂၀၁၅)

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    ဥရောပနိုင်ငံများမှာ ပို၍ လွတ်လပ်ပြီး အကျိုးစီးပွားကို ကာကွင်သင့်သည်ဟု ပူတင်ပြော
    ………………………………….
    ဥရောပ တိုင်းပြည်များအနေဖြင့် ပို၍ လွတ်လပ်ပြီး အချုပ်အခြာအဏာပိုရှိသည်ကို တွေ့ရပါက ကောင်းမွန်မည်ဖြစ်ပြီး ၎င်းတို့၏ အမျိုးသားအကျိုးစီးပွား၊ ပြည်သူများနှင့် နိုင်ငံများ၏ အကျိုးစီးပွားတို့ကို ကိုယ်တိုင် ကာကွယ်နိုင်သည့် စွမ်းရည်လည်း ရှိသင့်သည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်သည်။ ထို့ပြင် မည်သည့် စစ်နိုင်ငံရေးအဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဖြစ်စေ မိမိတို့၏ အချုပ်အခြာအာဏာမှာ မုချ ဆုံးရှုံးသွားပြီး ၁၉၆၀ ပြည့်နှစ်များတွင် နေတိုးအဖွဲ့မှ ပြင်သစ်နှုတ်ထွက်မှုမှာ အချုပ်အခြာအာဏာကို ပို၍ တောင့်တင်းစေသည်ဟု ထောက်ပြခဲ့သည်။

    ကဒါဖီ၏သားနှင့် ပါတနာဟောင်းများ သေဒဏ်ချမှတ်ခံရ
    ……………………………
    လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီ၏ အသက်ရှင်ကျန်ရစ်သည့် သားဖြစ်သူ ဆအစ်ဖ် အလ်- အစ္စလာမ်မှာ ကာဒါဖီအစိုးရအဖွဲ့ဝင်ဟောင်းများနှင့်အတူ ယနေ့တွင် သေဒဏ် ချမှတ်ခံခဲ့ရသည်။ ထိုအထဲတွင် ကဒါဖီလက်ထက်က ထောက်လှမ်းရေးအကြီးအကဲ၊ ၀န်ကြီးချုပ်ဟောင်း ၂ ဦးတို့ ပါဝင်ပြီး လက်ဖြောင့်တပ်ဖွဲ့ဖြင့် အဆုံးစီရင်ခြင်း ခံရမည်ဖြစ်သည်။ ထို့ပြင် အခြား ၂၃ ဦးကိုလည်း လစ်ဗျားတရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

    အမေရိကန်အကျဉ်းထောင်တွင် လူမည်းအမျိုးသမီးတစ်ဦး သေဆုံးနေမှု တွေ့ရပြန်
    ……………………………………..
    အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကလိဗ်လန်းမြို့အနီးရှိ အကျဉ်းထောင်တစ်ခုတွင် အသက် ၃၇ နှစ်အရွယ် လူမည်းအမျိုးသမီး ရာလ်ကီနာ ဂျုန်းစ်အား သေဆုံးလျက် တွေ့ခဲ့ရပြီးနောက် မိသားစုဝင်များက စောဒကတက်ခဲ့ကြသည်။ ခင်ပွန်းဟောင်းနှင့် ပြဿနာဖြစ်မှုအတွက် သောကြာနေ့က အဖမ်းခံခဲ့ရသည့် ဂျုန်းစ်မှာ တနင်္လာနေ့တွင် သေဆုံးနေသည်ကို
    တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အလောင်းစစ်ဆေးမှုများအရ မည်သည့်ဒဏ်ရာမှ မတွေ့ဟု ဆိုသည်။ သို့သော်လည်း မိသားစုဝင်များကမူ ဂျုန်းစ်မှာ မသေဆုံးခင် တစ်ရက်အရင်ကပင် ၎င်းတို့နှင့် ကျန်းကျန်းမာမာ စကားပြောခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားမြို့တစ်မြို့မှ IS တပ်ဖွဲ့ကို မောင်းထုတ်နိုင်
    ………………………….
    ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဟာဆာကာမြို့တွင် ဆီးရီးယားအစိုးရတပ်များနှင့် ကာ့ဒ်ပြည်သူစစ်များမှာ IS တိုက်ခိုက်ရေးသမားများကို မောင်းထုတ်နိုင်ခဲ့သည်ဟု ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါမြို့မှာ မဟာဗျူဟာအရ အချက်အချာကျသည့်မြို့ဖြစ်ပြီး IS အဖွဲ့က လွန်ခဲ့သည့် တစ်လက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: News Agencies

  • စင်ကာပူတွင် အခမဲ့ ဖုန်းအားသွင်းသည့်နေရာ ၂၀၀ ဖန်တီးပေးသွားမည်

    စင်ကာပူတွင် အခမဲ့ ဖုန်းအားသွင်းသည့်နေရာ ၂၀၀ ဖန်တီးပေးသွားမည်

    ဇူလိုင် ၂၈၊ ၂၀၁၅
    M-Media

    sig

    – စင်ကာပူနိုင်ငံ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အခမဲ့အားသွင်းနိုင်မည့်နေရာ ၂၀၀ ကို ဖန်တီးပေးသွားမည်ဟု စင်ကာပူစွမ်းအင်ဌာန SP က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါနေရာများကို ဆေးရုံများ၊ တက္ကသိုလ်နှင့် ကောလိပ်များ၊ စာကြည့်တိုက်များနှင့် စူပါမားကတ်တို့ အပါအ၀င် နိုင်ငံအတစ်ဝှမ်းရှိ လူသွားလူလာများသော နေရာများတွင် ထားရှိပေးသွားမည်ဖြစ်သည်။

    အခမဲ့ အားသွင်းနိုင်သည့်နေရာ အနည်းဆုံး ၂၀ ကို လာမည့်လလယ်မတိုင်ခင် ဖန်တီးပေးရန် မျှော်လင့်ထားပြီး နောက်ပိုင်းတွင် လစဉ် နေရာ ၄၀ ကို ဖန်တီးပေးသွားမည်ဖြစ်သည်။ သတ်မှတ်ထားသည့် နေရာ ၂၀၀ စလုံးကို ဒီဇင်ဘာမတိုင်ခင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။

    အဆိုပါ မိုဘိုင်းဖုန်း အားသွင်းနိုင်မည့် ရောတစ်ခုစီတွင် မိုဘိုင်းဖုန်းနှင့် တက်ဘလက်အများစုအတွက် အဆင်ပြေစေရန် မီနီနှင့် မိုက်ခရို USB ခေါင်းများကဲ့သို့ အားသွင်းနိုင်မည့် ခေါင်းပေါင်းစုံပါဝင်သော Slot ၁၀ ခုစီ ပါဝင်မည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင် အားသွင်းကြိုးများကို တပ်ဆင်နိုင်ရန်အတွက် USB port အလွတ်များလည်း ပါဝင်မည်ဖြစ်သည်။

    အဆိုပါ အားသွင်းသည့်နေရာများကို အသုံးပြုရန် ပြည်သူများမှာ အင်္ဂလိပ်၊ တရုတ်၊ မလေးနှင့် တမီလ်ဘာသာစကားများဖြင့် ကွန်ပျူတာစခရင်တွင် ဖော်ပြထားသည့် ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်သည်။

    ထို့ပြင် မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ Studen pass သို့မဟုတ် ပင်စင်ယူထားသူများအတွက် ထုတ်ပေးထားသော concession card များမှ ဘားကုဒ်များကို စကန်ဖတ်ရန် လိုအပ်ပြီး ၎င်းတို့၏ ဖုန်းများကို အားသွင်းခြင်းမပြုမီ ဂဏန်း ၄ လုံးပါသည့် PIN ကုဒ်တစ်ခုကို ရယူရမည်ဖြစ်သည်။ ဖုန်းအား ပြန်လည်ဖြုတ်လျှင်လည်း ထိုလုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်သည်။

    စင်ကာပူဆေးရုံကြီး SGH တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အဆိုပါအစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားတွင် SP အဖွဲ့၏ အမှုဆောင်အကြီးအကဲဖြစ်သော ၀မ် ကင်မ်ယင်က Gift of Power ဟု အမည်ပေးထားသည့် ထိုအစီအစဉ်မှာ စင်ကာပူနိုင်ငံသားများအား ကမ္ဘာကြီးနှင့် အဆက်အသွယ်မပျက်စေရန် ကူညီခြင်းအားဖြင့် ခေတ်သစ်ဘ၀၏ စိတ်ဖိစီးမှုတစ်ခုကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အားလုံးနီးပါဟာ မိုဘိုင်းဖုန်းတွေကို အတူ သယ်သွားကြပါတယ်။ ပြီးတော့ အားကုန်သွားမှာကလည်း ပူပင်သောကရောက်စရာ ဖြစ်ပါတယ်။ ဒီအစီအစဉ်က နေစဉ်ဆောင်ရွက်မှုတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ စွမ်းအင်တွေ တိုးမြှင့်ရရှိဖို့ ခွင့်ပြုပါလိမ့်မယ်” ဟု ကင်မ်ယင်က ဆိုသည်။

    ယခုလက်ရှိတွင် အဆိုပါအားသွင်းသည့်နေရာ ၈ ခု တပ်ဆပ်ပြီးဖြစ်ကာ အသုံးပြုလျက်ရှိနေသည်။ ထိုအထဲမှ ၃ ခုကို ဆေးရုံကြီးတွင်လည်းကောင်း၊ ၂ ခုကို Academia အဆောက်အဦးတွင်လည်းကောင်း၊ ၁ ခုကို စင်ကာပူအမျိုးသား မျက်စိစင်တာတွင်လည်းကောင်း ထားရှိထားပြီး အခြား ၅ ခုကို စူပါမားကတ်များတွင် တပ်ဆင်ထားရှိသည်။

    Ref: Asiaone