News @ M-Media

Author: Ko Lay

  • ရီးယဲလ်ထက်ရှေ့ပိုရောက်ရန် ကစားသမားများဝယ်ရမည်ဟု ဘာကာဥက္ကဌပြော

    ရီးယဲလ်ထက်ရှေ့ပိုရောက်ရန် ကစားသမားများဝယ်ရမည်ဟု ဘာကာဥက္ကဌပြော

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    baca

    – ခါးသီးသောပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ထက် အရှေ့ရောက်ချင်ပါက မိမိတို့အသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု မဖြစ်မနေလုပ်ရမည်ဟု ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆက်ပ် ဘာတိုမြူက ပြောကြားလိုက်သည်။

    ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ဘာစီလိုနာမှာ လာလီဂါ၊ စပိန်ရှုံးထွက်ဖလားနှင့် ချန်ပီယံလိဂ်ဖလား ၃ လုံး ရရှိခဲ့သည်။ ယခုလက်ရှိအချိန်တွင် ဘာစီလိုနာခေါ်ယူထားသည့် ကစားသမားမှာ ဆီးဗီးလားအသင်းမှ အလီဇစ်ဗီဒဲလ်တစ်ဦးတည်းသာ ရှိသေးပြီး ၎င်းမှာလည်း ဘာစီလိုနာအသင်း အပြောင်းအရွှေ့ ပိတ်ပင်ထားမှု အဆုံးသတ်သည့် ဇန်န၀ါရီလတွင်မှ ကစားနိုင်မည်ဖြစ်သည်။

    “ကျွန်တော်တို့ အရှိန်လျှော့လို့မရပါဘူး။ ဒါမျိုးလုပ်ရင် ရီးယဲလ်လို ပြိုင်ဘက်တွေက အခွင့်အရေး ယူသွားမှာပါ။ အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့ဟာ တက်တက်ကြွကြွ အရောင်းအ၀ယ်တွေ လုပ်နေပါတယ်။ အမှုဆောင်ဘုတ်အဖွဲ့ကလည်း အသင်းအတွက် အကျိုးရှိမယ့်ကိစ္စတွေ လုပ်ပေးရပါမယ်။ လာမယ့်ရာသီမှာ အသင်းကို ပိုပြီး ယှဉ်ပြိုင်လိုစိတ်ရှိဖို့ ဘာစီလိုနာက မနားမနေ ကြိုးစားရပါမယ်” ဟု ဘာတိုမြူက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    ဘာစီလိုနာတွင် ဇူလိုင်လ ၁၇ ရက်နေ့၌ ဥက္ကဌရွေးကောက်ပွဲရှိနေပြီး ဘာတိုမြူမှာ ဥက္ကဌဟောင်းလာပေါ်တာနှင့် ရင်ဆိုင်ယှဉ်ပြိုင်နေရကာ ဒေသတွင်း မီဒီယာများကမူ ဘာတိုမြူသာ အသာရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

    ထိပ်တန်းကစားသမားများကို ခေါ်ယူမည်ဆိုခြင်းက ဥက္ကဌဖြစ်ရေးမဲဆွယ်ပွဲတွင် အဓိက လက်နက်တစ်ခုဖြစ်ပြီး လာပေါ်တာကမူ ဂျူဗင်တပ်စ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာကို ခေါ်ယူရန် ရည်ရွယ်ထားသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ဘာတိုမြူမှာ ၂၀၁၃ ခုနှစ် နေးမာ၏ အပြောင်းအရွှေ့တွင် အခွန်တိမ်းရှောင်မှုအတွက် တရားစွဲဆိုခြင်း ခံထားရသူဖြစ်သည်။

    Ref: Goal

  • နယူးယောက်ထောင်ဖောက်ပြေးသူ ၂ ဦးစလုံးကို ဖမ်းမိ

    နယူးယောက်ထောင်ဖောက်ပြေးသူ ၂ ဦးစလုံးကို ဖမ်းမိ

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    us

    – နယူးယောက်မြို့ရှိ လုံခြုံရေးအဆင့်မြင့်ထောင်မှ လွန်ခဲ့သည့် ၃ ပတ်က ထောင်ဖောက်ထွက်ပြေးသွားခဲ့သူ နှစ်ဦးမှ ဒုတိယတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    ဒေးဗစ်ဆွက် ဆိုသူဖြစ်ပြီး ကနေဒါနယ်စပ်အနီးတွင် ယမန်နေ့က ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ ထွက်ပြေးသွားသည့် အခြားတစ်ဦးမှာ လွန်ခဲ့သည့် ၂ ရက်က ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံးခဲ့ပြီး အသေ ဖမ်းဆီးရမိခဲ့သည်။

    “နောက်ဆုံးမှာတော့ အိပ်မက်ဆိုးဟာ ပြီးဆုံးသွားပါပြီ” ဟု နယူးယောက် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ကနေဒါနယ်စပ်တောင်ဘက် ၂ မိုင်အကွာ၊ ၎င်းတို့ထွက်ပြေးသွားသည့် နယူးယောက်မြောက်ပိုင်းရှိ ထောင်မှ မိုင် ၃၀ အကွာ ကွန်စတေဘဲလ်မြို့ ကားလမ်းတစ်လျှောက် ဆွက် လမ်းလျှောက်သွားနေမှုကို ပြည်နယ် ရဲတပ်ကြပ်ကြီးတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသည့်ဆွက်ကို တပ်ကြပ်ကြီး ဂျေးကွတ်က ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    ဆွက်မှာ ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ ၂ ချက် ထိမှန်ပြီး ဆေးရုံတွင် ဆေးကုသမှုခံနေကာ တည်ငြိမ်သည့်အနေအထားတွင် ရှိနေသည်ဟု ကူအိုမိုက ထည့်သွင်းပြောကြားခဲ့သည်။

    ဖမ်းဆီးရမိသည့်အချိန်တွင် ဆွက်၌ လက်နက်ရှိမနေဘဲ ၎င်းတို့ ၂ ဦးစလုံးမှာ ခြေရာဖျောက်ရန် ငရုပ်ကောင်းမှုန့်ကို သုံးစွဲခဲ့ပြီး ၎င်းတို့နားခဲ့သည့် နေရာတစ်ခုမှရသော ငရုပ်ကောင်းဘူးတွင် ဆွက်၏ DNA ကို တွေ့ရသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    “ကျွန်တော်တို့ ပြည့်ဝတဲ့ စုံစမ်းစစ်ဆေးမှုကို စတင်ပြီးပါပြီ။ ဒါပေမယ့် ဒီနေ့ သတင်းကောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီလူတွေဟာ အန္တရာယ်ရှိတဲ့ လူတွေပါပဲ” ဟု နယူးယောက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ကနေဒါရှိ ခရစ်ယာန်ဘုရားကျောင်း ပြုပြင်ရန် မွတ်စလင်လူ့အဖွဲ့အစည်း ငွေကြေးလှူဒါန်း

    ကနေဒါရှိ ခရစ်ယာန်ဘုရားကျောင်း ပြုပြင်ရန် မွတ်စလင်လူ့အဖွဲ့အစည်း ငွေကြေးလှူဒါန်း

    ဇွန် ၂၉၊ ၂၀၁၅
    M-Media

    canada

    – လူရမ်းကားတစ်ဦး၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော ကနေဒါရှိ ကက်သလစ်ဘုရားကျောင်း တစ်ကျောင်း ပြန်လည်ပြင်ဆင်ရန်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းက အလှူငွေများ ပေးအပ်ခဲ့ပြီး ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေး ဥပမာတစ်ခုကို ပြသခဲ့သည်ဟု သိရသည်။

    “တော်တော်ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ကောင်လေးတစ်ယောက်က သမ္မာကျမ်းစာကို ဆွဲဖြဲခဲ့တယ်။ မုန့်တွေ၊ ၀ိုင်တွေ ဆက်ကပ်တဲ့စင်ကိုလည်း ဖျက်ဆီးခဲ့တယ်။ လက်ဝါးကပ်တိုင်ကိုလည်း သူက လွှတ်ပစ်ခဲ့ပါတယ်။ ဒါကို ကျွန်တော်တွေ့တဲ့အခါ ဒါဟာ တော်တော်လေး မကောင်းပါလားလို့ တွေးခဲ့ပါတယ်။ လုံးဝ မှားယွင်းတဲ့ ကိစ္စပါပဲ” ဟု ဘုရားကျောင်း တိုက်ခိုက်ခံရသည့် မစ္စစ်ဆောင်ဂါမြို့ရှိ ဆိုင်ယေဒါခတီဂျာစင်တာမှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဟာမစ် စလီမီက ပြောကြားခဲ့သည်။

    St. Catherine of Siena ဟု အမည်ရသည့် အဆိုပါဘုရားကျောင်းမှာ ပြီးခဲ့သည့်လက လူရမ်းကားတစ်ဦး၏ ၀င်ရောက်ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

    အဆိုပါသတင်းကို ကြားခဲ့ပြီးနောက် အီမာမ် စလီမီမှာ ထိုဘုရားကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ဘုရားကျောင်းမှ ဘုန်းတော်ကြီး ကာမီလို လန်ဒိုက လုံခြုံရေးကင်မရာမှတစ်ဆင့် မှတ်တမ်းတင်ထားသည့် ဖျက်ဆီးမှုပုံရိပ်အား ပြသခဲ့သည့်အခါ စလီမီမှာ တုန်လှုပ်ခဲ့ရသည်။

    ထို့နောက် စလီမီက သောကြာနေ့ တရားဒေသနာတွင် တုန်လှုပ်စရာကောင်းသည့် ထိုအဖြစ်အပျက်အကြောင်း ဟောကြားခဲ့ပြီး ဘရားကျောင်းပြန်လည် ပြုပြင်ရေးအတွက် လှူဒါန်းကြရန် ၀တ်ပြုရန်လာရောက်သူ မွတ်စလင်များကို တိုက်တွန်းခဲ့သည်။ ထို့နောက် ထိုနေ့တစ်နေ့တည်းတွင် ရန်ပုံငွေ ကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိခဲ့သည်။

    “အခုလက်ရှိ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိသေးဘဲ ဘုရားကျောင်းကတော့ ရန်ပုံငွေလိုနေတယ်လို့ ကျွန်တော်ရဲ့ လူ့အဖွဲ့အစည်းကို ပြောခဲ့ပါတယ်။ အလှူဒါနပြုရာမှာ ခွဲခြားဆက်ဆံမှု မရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါဟာ အကျိုးကုသိုလ်ရတဲ့ လုပ်ရပ်ပါ။ ဘယ်သူဘယ်ဝါလဲဆိုတာ အရေးမကြီးပါဘူး” ဟု စလီမီက ပြောကြားခဲ့သည်။

    ရရှိသည့်ရန်ပုံငွေများကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဘုန်းတော်ကြီးလန်ဒိုနှင့် ဘုရားကျောင်း ဂေါပကအဖွဲ့အား စလီမီက သွားရောက်ပေးအပ်ခဲ့ပြီး ထိုအဖြစ်အပျက်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းမှ ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

    “ဒါဟာ ဘယ်မွတ်စလင်မဆို လုပ်ပေးရမယ့် ကိစ္စပါပဲလို့ ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ်”

    ဘုန်းတော်ကြီးလန်ဒိုကလည်း ထိုကဲ့သို့ လှူဒါန်းမှုအကြောင်းကို ယခုတစ်ပတ် ၀တ်ပြုကိုးကွယ်မှု အစီအစဉ်တွင် ပရိတ်သတ်များအား ပြောကြားသွားမည်ဟု ဆိုသည်။

    “ဒါဟာ တကယ့်ကို လှပပြီး ရက်ရောက်တဲ့ လက္ခဏာဖြစ်တယ်ဆိုတာကို ကျွန်တော့်ရဲ့ ပရိတ်သတ်ကို ပြောပြသွားမှာပါ။ ပြီးတော့ ဒါဟာ ယုံကြည်မှုနဲ့ နားလည်မှုတို့ရဲ့ လုပ်ဆောင်ချက်ပါပဲ။ ကျွန်တော်တို့ဟာ အခြားလူတွေရဲ့ အယူဝါဒတွေကို ဂုဏ်ပေး လေးစားရပါလိမ့်မယ်” ဟု လန်ဒိုက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ကနေဒါနိုင်ငံ ကိုးလိက်ခ်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ လူတစ်စု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး၊ နံရံတွင်လည်း အမုန်းစကားများကို ရေးသားခဲ့ကြသည်။

    သို့သော်လည်း ကိုးလိက်ခ်ရှိ ဒေသခံများမှာ အဆိုပါဗလီဝတ်ကျောင်းတော်အား လာရောက် ပြင်ဆင်ပေးခဲ့ပြီး အမုန်းစကားများကိုလည်း ဖယ်ရှားပေးခဲ့ကာ “အိမ်နီးချင်းကိုချစ်ပါ” “ဒါဟာ ခင်ဗျားတို့အိမ်ပါပဲ” ဟူသည့် စာများကိုလည်း ရေးသားခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇွန် ၂၈၊ ၂၀၁၅)

    ဇွန် ၂၈၊ ၂၀၁၅
    M-Media

    ပီရူးဒေသတစ်ခုတွင် ကာလရှည် အရေးပေါ်အခြေအနေ ကြေညာမှု ရုပ်သိမ်းတော့မည်
    …………………………………..
    ပီရူးနိုင်ငံ ဟွာလာဂါမြစ်အထက်ပိုင်းဒေသအား နှစ်ပေါင်း ၃၀ ကျော်ကြာ အရေးပေါ်အခြေအနေ ကြေညာထားမှုကို မကြာမီ ရုပ်သိမ်းတော့မည်ဟု သမ္မတ အိုလန်တာ ဟူမာလာက ယနေ့တွင် ကြေညာခဲ့သည်။ တောင်ထူထပ်ပြီး ကြီးမားသည့် သစ်တောများရှိသော အဆိုပါဒေသတွင် ဆယ်စုနှစ်နှင့်ချီ၍ တရားမ၀င် ကိုကိုးစိုက်ပျိုးမှုများ ရှိပြီး သူပုန်များ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ရာ ဒေသလည်းဖြစ်သည်။

    တရားရေးစနစ် ပိုမိုပွင့်လင်းရမည်ဟု အီရန်သမ္မတပြော
    ……………………………
    နိုင်ငံ၏ တရားရေးစနစ်မှာ ပို၍ ထင်သာမြင်သာရှိရမည်ဖြစ်ပြီး နိုင်ငံရေးရာဇ၀တ်မှုများကိုလည်း ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်ရမည်ဟု အီရန်သမ္မတ ရူဟာနီက ယနေ့တွင် ပြောကြားလိုက်ပြီး ၂၀၁၃ ခုနှစ် အာဏာရပြီးနောက်ပိုင်း ပြည်တွင်းပြုပြင်ပြောင်းလဲရေးအတွက် အဓိကအကျဆုံး မှတ်ချက်လည်း ဖြစ်ခဲ့သည်။ ရူဟာနီမှာ ရွေးကောက်ပွဲအချိန်က နိုင်ငံအတွင်း လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းကိုလည်း ပိုမို ပွင့်လင်းအောင် ဖန်တီးသွားမည်ဟု ကတိပေးခဲ့သူဖြစ်သည်။

    ISS သို့ ရိက္ခာပို့ဒုံးကျည် ပေါက်ကွဲပျက်ဆီး
    ……………………….
    နိုင်ငံတကာ အာကာသစခန်း ISS တွင် ရှိနေသူများအတွက် ရိက္ခာ ၂ တန်ခန့်ကို သယ်ဆောင်သွားခဲ့သည့် Falcon 9 လူမဲ့ ဒုံးကျည်မှာ ယနေ့တွင် လွှတ်တင်ပြီး ၂ မိနစ်ခန့်အကြာတွင် ပေါက်ကွဲသွားခဲ့သည်။ ဒုံးကျည်ကိုပိုင်ဆိုင်သော Space X ကုမ္ပဏီကမူ ပေါက်ကွဲပျက်ဆီးမှု အကြောင်းအရင်းကို ဆုံးဖြတ်ရန်အတွက် အဖွဲ့တစ်ခုကို စေလွှတ်ထားသည်ဟု Twitter မှတစ်ဆင့်
    ပြောကြားခဲ့သည်။ ဒုံးကျည်တွင် ISS ၌ တာဝန်ထမ်းဆောင်နေသူများအတွက် အစားအသောက်များ၊ အ၀တ်အထည်များနှင့် စမ်းသပ်မှုများပြုလုပ်ရန် ပစ္စည်းများ ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာက ISS သို့ ရိက္ခာပို့သည့် အမေရိကန်၏ ဒုံးကျည်မှာ ပေါက်ကွဲပျက်ဆီးခဲ့ပြီး၊ နောက်ပိုင်း ရုရှား၏ ရိက္ခာပို့ ဒုံးကျည်မှာ ကမ္ဘာပတ်လမ်းထဲသို့ ရောက်ရှိခဲ့သော်လည်း ISS နှင့်
    ချိတ်ဆက်နိုင်ခဲ့ခြင်း မရှိချေ။ ရုရှားမှာ လာမည့်သောကြာနေ့တွင် ကာဇက်စတန်မှ နောက်ထပ် ရိက္ခာပို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်မည်ဖြစ်သည်။

    Ref: News agencies

  • ကွာတားဖိုင်နယ်မကစားခင် ကစားသမား ၁၅ ဦးခန့် ဖျားနာခဲ့သည်ဟု ဘရာဇီးလ်နည်းပြဆို

    ကွာတားဖိုင်နယ်မကစားခင် ကစားသမား ၁၅ ဦးခန့် ဖျားနာခဲ့သည်ဟု ဘရာဇီးလ်နည်းပြဆို

    ဇွန် ၂၈၊ ၂၀၁၅
    M-Media

    dunga

    – ပါရာဂွေးနှင့် ကိုပါအမေရိက ကွာတားဖိုင်နယ်ပွဲ မကစားခင် မိမိတို့အသင်းမှ ကစားသမားအများအပြားမှာ ထိပ်တန်းအခြေအနေတွင် မရှိဘဲ ဖျားနာနေကြသည်ဟု ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဘရာဇီးလ်မှာ ရော်ဘင်ဟို၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ပါရာဂွေးမှ ဒါးလစ် ဂွန်ဇာလက်ဇ်က ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သည်။ ထို့ကြောင့် ပင်နယ်အထိ ရောက်ရှိခဲ့ကာ ပါရာဂွေးက အနိုင်ရ၍ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

    ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရပြီးနောက် ဒွန်ဂါက မိမိတို့အသင်းမှ ကစားသမားများမှာ နေမကောင်းဖြစ်သောကြောင့် လေ့ကျင့်မှုအချို့ကိုပင် ဖြုတ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကိစ္စက ပြိုင်ပွဲမှထွက်ရခြင်း၏ အကြောင်းအရင်းမဟုတ်ဟု ဆိုသည်။

    “ဒါဟာ ဆင်ခြေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ပတ်မှာ ကျွန်တော်တို့ကစားသမား ၁၅ ဦးလောက် ဖျားနာခဲ့ပါတယ်။ အချို့လေ့ကျင့်ခန်းတွေကိုတောင် ကျွန်တော်တို့ ကန့်သတ်ခဲ့ရပါတယ်။ ကစားသမားတွေက ခေါင်းတွေကိုက်တယ်၊ ကိုယ်တွေလက်တွေနာတယ် ပြီးတော့ ဖျားကြပါတယ်။ တစ်ချို့တွေက တော်တော်ဆိုးပါတယ်။ သူတို့ သက်သာဖို့ ကျွန်တော်တို့ဟာ လေ့ကျင်ခန်းအစီအစဉ်ရဲ့ ပြင်းထန်မှုကို လျော့ချခဲ့ရပါတယ်” ဟု ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒွန်ဂါက ပြောကြားခဲ့သည်။

    အသင်းနှင့်ပတ်သက်၍မူ ၎င်းက အသင်းမှာ စွမ်းဆောင်ရည်ကောင်းခဲ့သော်လည်း ပြတ်သားသည် ရလဒ် ရရှိနိုင်ရန်အတွက် တိုက်စစ်ပိုင်းမြန်ဆန်မှု ပျောက်ဆုံးခဲ့သည်ဟု ဆိုသည်။

    “ပွဲကို ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မျှကြည့်ရပါမယ်။ ပြီးတော့ အနိုင်ရအောင် အဆုံးအထိ ကြိုးစားခဲ့ရမှာပါ”

    Ref: Goal.com