News @ M-Media

Author: Ko Lay

  • အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

    အမေရိကန်၏ OPM ရုံး ဆိုက်ဘာတိုက်ခိုက်မှု တရုတ်ကလုပ်သည်ဟု ထောက်လှမ်းရေးအကြီးအကဲဆို

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    – အမေရိကန်သန်းပေါင်းများစွာ၏ ကိုယ်ရေးအချက်အလက်များကို ထိခိုက်စေခဲ့သော အစိုးရ အေဂျင်စီတစ်ခုအား ဆိုက်ဘာတိုက်ခိုက်မှုအတွက် ထိပ်တန်းသံသယရှိသူမှာ တရုတ်နိုင်ငံပင်ဖြစ်သည်ဟု အမေရိကန် ထောက်လှမ်းရေးအကြီးအကဲက ပြောကြားလိုက်သည်ဟု Wall Street ဂျာနယ်က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM ကို တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုနောက်ကွယ်တွင် တရုတ်နိုင်ငံရှိနေသည်ဟု အစိုးရတာဝန်ရှိသူများက ၎င်းတို့၏ ကိုယ်ပိုင်သဘောထားအဖြစ် ထုတ်ဖော်ပြောဆိုသော်လည်း အိုဘားမားအစိုးရကမူ တရုတ်နိုင်ငံအား
    လူသိရှင်ကြား စွပ်စွဲခဲ့ခြင်းမရှိချေ။

    “သူတို့လုပ်ခဲ့တဲ့အရာအတွက် တရုတ်နိုင်ငံကို တမျိုးမျိုးနဲ့ အလေးပြုရပါမယ်” ဟု ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲမှုကို ရည်ညွှန်း၍ ၀ါရှင်တန်ရှိ ထောက်လှမ်းရေးညီလာခံတွင် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာရုံး DNI ၏ အကြီးအကဲ ဂျိမ်းစ်ကလပ်ပါက ပြောကြားခဲ့သည်။

    ကလပ်ပါ၏ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် “အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့်လည်း တရုတ်နိုင်ငံဟာ အဓိက သံသယရှိသူအဖြစ် ဆက်ရှိနေတယ်ဆိုတာ DNI က ရှင်းရှင်းလင်းလင်းသိပါတယ်” ဟု ဖော်ပြထားသည်။

    အမေရိကန်၏ ၀န်ထမ်းစီမံခန့်ခွဲရေးရုံး OPM က ၎င်းတို့၏ ကွန်ပျူတာစနစ် တိုက်ခိုက်ခံရမှုတွင် လက်ရှိနှင့် ယခင် ဖဒရယ်ဝန်ထမ်းဟောင်း ၄.၂ သန်း၏ ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ယခုလတွင် ဖွင့်ဟပြောဆိုခဲ့ပြီး အချို့မီဒီယာများက အမေရိကန် ၁၈ သန်း၏
    ကိုယ်ရေးအချက်အလက်များ ထိခိုက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ် အားန်နက်စ်ကမူ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် သံသယရှိသူနှင့်ပတ်သက်၍ ယမန်နေ့တွင် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    ကလပ်ပါက ပေါ်လစီချမှတ်သူများမှာ ကာကွယ်မှုအားနည်းခြင်းအား မဖြေရှင်းနိုင်မချင်း အမေရိကန်အစိုးရနှင့် အမေရိကန်ကုမ္ပဏီများမှာ ဆိုက်ဘာတိုက်ခိုက်မှုကို ဆက်လက်ခံစားရမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း အဆိုပါဂျာနယ်တွင် ဖြော်ပခဲ့သည်။

    အမေရိကန်အစိုးရကမူ ထိုတိုက်ခိုက်မှုကို တရုတ်နိုင်ငံမှ ပြုလုပ်ပြီး ကျူးလွန်သူများကို ထုတ်ပေးရန် လူသိရှင်ကြား တောင်းဆိုထားခြင်းမရှိချေ။ တရုတ်နိုင်ငံကလည်း ထိုတိုက်ခိုက်မှုများတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

    Ref: Reuters

  • ပက်ကွီအိုထက် မေ၀ယ်သာနှင့်သာ ထိုးရန် အမီးရ်ခန်း စိတ်ဝင်စားနေ

    ပက်ကွီအိုထက် မေ၀ယ်သာနှင့်သာ ထိုးရန် အမီးရ်ခန်း စိတ်ဝင်စားနေ

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    khan

    – ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် ဒူဘိုင်း၌ ထိုးသတ်မည်ဆိုသည့်သတင်းမှာ မဟုတ်မမှန်ဘဲ မိမိနေဖြင့် မေ၀ယ်သာနှင့် ထိုးသတ်ရန်သာ ပို၍ စိတ်ဝင်စားသည်ဟု ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက ပြောကြားလိုက်သည်။

    မေလက အလ်ဂီရီကို အမှတ်ဖြင့် အနိုင်ရခဲ့သည့် ခန်းမှာ နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ယခုနှစ်ကုန်ပိုင်းတွင် နောက်ဆုံးပွဲ ထိုးသတ်မည်ဟု ကြေညာထားသည့် မေ၀ယ်သာနှင့် ထိုးသတ်ရန် ဆန္ဒရှိနေသည်။

    သို့သော်လည်း ပက်ကွီအိုနှင့် ထိုးသတ်ရန် စီစဉ်နေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ခန်းက ငြင်းဆိုခဲ့ကာ ပုခုံးဒဏ်ရာရထားသည့် ပက်ကွီအိုနှင့် ထိုးသတ်နိုင်ရေးမှာ ကြာအုံးမည်ဟုဆိုသည်။

    “တကယ်လို့ မန်နီက နေပြန်ကောင်းပြီး ပြန်ထိုးချင်တယ်ဆိုရင် ဒီပွဲဟာ ဖြစ်လာမှာပါ။ ဒါပေမယ့် အခုလောလောဆယ် ကျွန်တော် စိတ်ဝင်စားတဲ့ တစ်ခုတည်းသောပွဲက မဝေယ်သာနဲ့ပါပဲ။ (ပက်ကွီအိုနဲ့ ထိုးတော့မယ်ဆိုတာ) အားလုံးဟာ ကောလဟာလတွေပါ။ ဒူဘိုင်းမှာထိုးဖို့ မန်နီနဲ့ စကားပြောတာမျိုး မရှိပါဘူး။ ဒါ့ကြောင့် ဒါဟာ မမှန်ပါဘူး။ ဒီမှာကြည့်။ တကယ်လို့ မန်နီက ထိုးချင်ရင် ကျွန်တော်တို့ ထိုးနိုင်ပါတယ်။ သူနဲ့ သူ့အဖွဲ့တွေကို ကျွန်တော် အရင်က ကမ်းလှမ်းဖူးပါတယ်။။ ဒါပေမယ့် သူတို့က လက်မခံပါဘူး” ဟု The National သို့ ခန်းက ပြောကြားခဲ့သည်။

    မေ၀ယ်သာကမူ ၎င်း၏ နောက်ထပ်ပြိုင်ဘက်မှာ အမီးရ်ခန်းမဟုတ်ဘဲ အန်ဒရီဘာတိုနှင့် ကရင်မ်မေဖီးလ်ဒ်တို့ထဲမှ တစ်ဦးဖြစ်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။

    ခန်းကမူ မေ၀ယ်သာမှာ ၎င်းအား ရှောင်နေသည်ဟု ဆိုသည်။

    “ကျွန်တော်ထိုးချင်တဲ့ပွဲအတွက် ဖလွိုက်က ကျွန်တော့်ကို ရှောင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ၀ယ်သာဝိတ်တန်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဘာထပ်လုပ်ရမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး”

    Ref: Dailymail

  • ဆော်ဒီတွင် နိုင်ငံခြားသား ၂၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ဆော်ဒီတွင် နိုင်ငံခြားသား ၂၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

    ဇွန် ၂၆၊ ၂၀၁၅
    M-Media

    plipino

    – ဆော်ဒီအာရေဗျနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၂၀ မှာ ယခုတစ်ပတ်အစောပိုင်းက အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင် ယုံကြည်ခဲ့ကြသည်ဟု သိရသည်။

    “ကျွန်တော်တို့နဲ့အတူ ရှိနေကြတဲ့ ၀တ်ပြုသူတွေအားလုံးအတွက် ပျော်ရွှင်စရာ အချိန်တစ်ခုပါပဲ။ ခင်ဗျားတို့အားလုံးအတွက် ကျွန်တော်ဂုဏ်ယူပြီး အစ္စလာမ့် ညီအစ်ကိုအသစ်တွေအဖြစ် ခင်ဗျားတို့ကို ကြိုဆိုရတဲ့အတွက်လည်း လူတိုင်းက ပျော်ရွှင်နေကြပါတယ်” ဟု ဒူဘတ်ခရိုင်ရှိ မာလာဇ် ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ရှိခ် တာကီ ကွီလိုင်ဝီက ပြောကြားခဲ့သည်။

    အဆိုပါ လူ ၂၀ တွင် အများစုမှာ ဖိလစ်ပိုင်နိုင်ငံသားများ ဖြစ်ကြပြီး ရီယာ့ဒ်မြို့ရှိ ဘုရင် အဘ်ဒူလ်အဇစ်တက္ကသိုလ် ဆေးရုံတွင် အလုပ်လုပ်နေကြသူများ ဖြစ်သည်။

    ပြီးခဲ့သည့်အင်္ဂါနေ့က ၎င်းတို့မှာ ရှာဟာဒါ (အစ္စလာမ်သို့ သက်ဝင်ကြောင်း သက်သေခံချက်) ထွက်ဆိုခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် ဖိလစ်ပိုင်နိုင်ငံသား တရားဟောဆရာက ပြောကြားခဲ့သည်။

    သာရာဝီဆွာလာသ်အပြီး တရားဝင်ကြေညာခဲ့သည့် ၎င်းတို့အား ၀တ်ပြုရန် လာရောက်သူများက ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများ ရယူခဲ့ကြသည်။

    အီမာမ်ကွီလိုင်ဝီကမူ အစ္စလာမ်မှာ လွယ်ကူသော သာသနာဖြစ်ပြီး လူသားများ မထမ်းဆောင်နိုင်သည့် ကိစ္စများကို ပြဌာန်းသတ်မှတ်ထားခြင်းမရှိဟု သစ်လွင်မွတ်စလင်များအား အသေအချာ ပြောကြားခဲ့သည်။

    “အစ္စလာမ်ရဲ့ သွန်သင်ချက်တွေကို လိုက်နာဆောင်ရွက်တဲ့အခါမှာ သင်တို့ဟာ အခက်အခဲ တွေ့ကောင်း တွေ့နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အစ္စလာမ်ဟာ သိပ်ကိုလွယ်ကူပြီး ကျန်းမာရေးအတွက် ဒါမှမဟုတ် အခြားအကြောင်းအရင်းတွေအတွက် သင်တို့မတတ်နိုင်တာကို ပြဌာန်းသတ်မှတ်ထားခြင်း မရှိပါဘူး။ ဒီအကြောင်းအရင်းတွေကြောင့် ဒီနှစ် ဥပုသ်စောင့်လို့ မရဘူးဆိုရင် နောက်နှစ်စောင့်လို့ရပါတယ်။ ဒါပေမယ့် သစ်လွင်မွတ်စလင်တွေအနေနဲ့ သင်တို့ဟာ အခု အစ္စလာမ်နည်းကျ ဘ၀ကို လျှောက်လှမ်းရပါတော့မယ်” ဟု ကွီလိုင်ဝီက ထည့်သွင်းပြောကားခဲ့သည်။

    ဖြောင့်မတ်မှန်ကန်သော တရားလမ်းမှန်

    ကွီလိုင်ဝီကမူ အစ္စလာမ့်အကြာင်း သိနားလည်သူများက အစ္စလာမ်မှာ “မှန်ကန်ပြီး ရိုးရှင်းသည့် သာသနာ” ဟု သိကြပြီး လက်တွေ့လိုက်နာကျင့်သုံးကြလိမ့်မည်ဟု ဆိုသည်။

    ထို့ပြင် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသူများ၏ အရေအတွက်များက အစ္စလာမ်မှာ အယူဝါဒသစ် ရှာဖွေသူ အများစု၏ ပထမဦးစားပေးဖြစ်နေသည်ကို ပြသနေခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာသူတစ်ဦးကမူ အစ္စလာမ်အကြောင်း ဖတ်ရှုလေ့လာပြီးနောက် လက်ခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီသာသနာဟာ လူတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ တကယ့် နောက်ဆုံးအယူဝါဒ ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်”

    ပြီးခဲ့သည့် ဧပြီလကလည်း ဆော်ဒီနိုင်ငံသား တရုတ်လူမျိုး အလုပ်သမား ၆၀၀ မှာ မက္ကာမြို့ရှိ အစ္စလာမ်ဓမ္မပညာရှင်များထံမှ အစ္စလာမ့်အနှစ်သာရများကို သိရှိခဲ့ပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည်။

    ဇန်န၀ါရီလကလည်း ဘုရင် အဘ်ဒူလာ ဘင် အဘ်ဒူလ် အဇစ်၏ ရိုးရှင်းသော ဈာပန အခမ်းအနားကို ကြည့်၍ တရုတ်လူမျိုး ၅၀၀ မှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ကြသည်။

    အစ္စလာမ်သာသနာမှာ တစ်ဆူတည်းသော ထာဝရဘုရားသခင် အလ္လာဟ်အရှင်မြတ်အား ယုံကြည်သက်ဝင်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားသော ပညတ်များ၊ ကိုယ်ကျင့်တရားများ၊ အကျင့်စာရိတ္တများကို လက်တွေ့လိုက်နာကျင့်သုံးခြင်း ဖြစ်သည်။

    အစ္စလာမ်ဘာသာဝင်ဟု အမည်တပ်ထားသော်လည်း လူတစ်ဦးမှာ အလ္လာဟ်အရှင်မြတ်အပေါ် ကိုယ်၊ နှုတ်၊ နှလုံး ၃ ပါးစလုံးဖြင့် သက်ဝင်ယုံကြည်ခြင်း မရှိသမျှကာလပတ်လုံး သာသနာဝင်ဟု အစ္စလာမ်ကိုယ်တိုင်က သတ်မှတ်ခြင်းမရှိဘဲ၊ ယုံကြည်သော်လည်း လက်တွေ့လိုက်နာကျင့်သုံးမှု မရှိသောသူများကိုလည်း စစ်မှန်သော အစ္စလာမ်ဘာသာဝင်ဟု မခေါ်ဆိုနိုင်ပေ။

    Ref : Arabnews, Onislam

  • နိုင်ငံတကာသတင်းတို (ဇွန် ၂၅၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (ဇွန် ၂၅၊ ၂၀၁၅)

    ဇွန် ၂၅၊ ၂၀၁၅
    M-Media

    kb
    လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်လာသည့် ကိုလံဘီယာအမျိုးသမီး

    ဗီယက်နမ်တွင် လေယာဉ်ကွင်းသစ်ကြီးတစ်ခု တည်ဆောက်မည်
    ………………………….
    နိုင်ငံ၏ တိုးတက်လာသော လေကြောင်းဈေကွက်အား ဖြည့်တင်းနိုင်ရန်အတွက် လေယာဉ်ကွင်းကြီးတစ်ခု တည်ဆောက်ရန် ဗီယက်နမ် ပါလီမန်က ယနေ့တွင် အတည်ပြုခဲ့သည်။ Long Thanh ဟုအမည်ပေးထားသည့် အဆိုပါ လေယာဉ်ကွင်းကို ၂၀၁၈ ခုနှစ်တွင် စီးပွားရေးမြို့တော် ဟိုချီမင်း၌ စတင်ဆောက်လုပ်ရန် စီစဉ်ထားပြီး ကန်ဒေါ်လာ ၁၆ ဘီလီယံ ကုန်ကြမည်ဖြစ်သည်။ အကျယ်ဝန်း ၅၀ စကွဲယားကီလိုမီတာ (၁၉ စကွဲယားမိုင်) ရှိမည့် အဆိုပါ လေယာဉ်ကွင်းမှာ စင်ကာပူ၏ ချန်ဂီလေဆိပ်၊ ထိုင်းနိုင်ငံ၏ သုဝဏ္ဍဘူမိလေဆိပ် နှစ်ခုပေါင်းထက် ကြီးမားမည်ဖြစ်သည်။ ဗီယက်နမ်၏ လေကြောင်းဈေးကွက်မှာ အာရှပစိဖိတ်ဒေသတွင် တတိယ အမြန်ဆုံး ကြီးထွားနေသော ဈေးကွက်ဖြစ်သည်။

    ဆီးရီးယားရှိ ကိုဘိန်းမြို့သို့ IS ပြန်လည်တိုက်ခိုက်
    ………………………………
    ဆီးရီးယားနိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသရှိ ကိုဘိန်းမြို့ကို IS တပ်ဖွဲ့များက ယနေ့တွင် ကားဗုံးခွဲ၍ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၁၂ ဦးခန့် သေဆုံးခဲ့ကာ ကိုဘိန်းမြို့အနီး ဟာဆာကိုမြိုကို IS တပ်ဖွဲ့က သိမ်းယူနိုင်ခဲ့သည်။ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး ကာ့ဒ်တပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် စစ်ကူများ ပို့ပေးနေသည်ဟု ပြောကြားခဲ့သည်။ တူရကီနယ်စပ်အနီးရှိ အဆိုပါ ကိုဘိန်းမြို့ကို ကာ့ဒ်တပ်ဖွဲ့များမှာ ပြီးခဲ့သည့် ဇန်န၀ါရီလက IS လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ကိုလံဘီယာလေယာဉ်ပျက်ကျမှုမှ သားအမိ ၂ ဦး အံ့ဖွယ်လွတ်မြောက်လာ
    ……………………………
    ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း ကစ်ဘ်ဒိုမြို့ရှိ တောတောင်ထူထပ်သည့်ဒေသတွင် စနေနေ့က ပျက်ကျသွားခဲ့သော လေယာဉ်မှ သားအမိနှစ်ဦးအား ၅ ရက်အကြာ ယနေ့တွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့သည်။ တွေ့ရှိခဲ့သူများမှာ အသက် ၁၈ နှစ်အရွယ် မိခင် နဲလီ မူရီလိုနှင့် အသက်တစ်နှစ်မပြည့်သေးသည့် သားငယ် ယူဒီယာ မိုရီနိုတို့ဖြစ်ပြီး မိခင်မှာ ဒဏ်ရာအနည်းငယ်ရရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး သားငယ်မှာ မည်သည့်ဒဏ်ရာမှ ရရှိခဲ့ခြင်းမရှိချေ။ လေယာဉ်မှူးမှာမူ သေဆုံးခဲ့သည်။

    Ref: News agencies

  • ဂျီဟတ်ဝါဒီများထက် မွတ်စလင် မဟုတ်သည့် အစွန်းရောက်များက အမေရိကန်ကို ပိုမိုခြိမ်းခြောက်နေ

    ဂျီဟတ်ဝါဒီများထက် မွတ်စလင် မဟုတ်သည့် အစွန်းရောက်များက အမေရိကန်ကို ပိုမိုခြိမ်းခြောက်နေ

    ဇွန် ၂၅၊ ၂၀၁၅

    M-Media

    us
    ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း အော်စတင်ရှိ အမျိုးသားတစ်ဦးက အင်ဂျင်တစ်လုံးတပ်လေယာဉ်ဖြင့် အော်စတင်မြို့ရှိ Echelon Office အဆောက်အအုံအား ၀င်တိုက်ပြီးနောက် တွေ့ရစဉ်

    – ၉/၁၁ တိုက်ခိုက်မှုပြီးကတည်းက အစွန်းရောက်မွတ်စလင်များမှာ ဇာတိမြေလုံခြုံရေးအတွက် ပြိုင်ဘက်ကင်းခြိမ်းခြောက်မှု ဖြစ်လာသည်ဟု အမေရိကန်အများစုက ယူဆခဲ့ကြသည်။ သိုသော်လည်း အမေရိကန်တွင် ဂျီဟတ်ဝါဒီများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူထက် ဂျီဟတ်ဝါဒီမဟုတ်သော အစွန်းရောက်များ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူများမှာ ၂ ဆနီးပါး
    ပို၍ များပြားသည်ဟု ၀ါရှင်တန်ရှိ သုတေသနစင်တာ New America ၏ လေ့လာတွက်ချက်မှုများက ဖော်ပြနေသည်။

    မွတ်စလင်မဟုတ်သော အစွန်းရောက်များက စက်တင်ဘာ ၁၁ နောက်ပိုင်း ထိုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများကို ၁၉ ကြိမ် ပြုလုပ်ခဲ့ကာ ၄၈ ဦးသေဆုံးခဲ့သည်ဟု New America မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအချိန်ကာလအတွင်း ဖို့ဟုဒ်မြို့တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် နီဒဲလ်မာလစ်ဟာဆန်တို့ကဲ့သို့ အစွန်းရောက်မွတ်စလင်များ၏တိုက်ခိုက်မှုက ၇ ကြိမ်သာရှိပြီး လူ ၂၆ ဦး သေဆုံးခဲ့သည်။

    us 2
    အစွန်းရောက်မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သည့် အစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှု နှိုင်းယှဉ်ဇယား

    အမေရိကန်၏ ပက်ထရီယော့အက်ဥပဒေတွင် ‘ပြည်တွင်း အကြမ်းဖက်ဝါဒ’ ၏ လှုပ်ရှားမှုဆောင်ရွက်မှုများကို

    (က) အမေရိကန်ပြည်ထောင်စု သို့မဟုတ် ပြည်ထောင်စု၏ မည်သည့်ပြည်နယ်မှ ရာဇ၀တ်မှုဥပဒေများကို ချိုးဖောက်သည့် လူ့အသက်ကို အန္တရာယ်ရှိသော လုပ်ရပ်များ ပါဝင်သည့် လှုပ်ရှားမှုများ

    (ခ) – (၁) အရပ်သားလူ့အဖွဲ့အစည်းတစ်ခုကို ခြိမ်းခြောက်ရန် သို့မဟုတ် နိုင့်ထက်စီးနင်းပြုရန်၊

    (၂) ခြိမ်းခြောက်ခြင်း သို့မဟုတ် နိုက်ထက်စီးနင်းပြုခြင်းဖြင့် အစိုးရ၏ ပေါ်လစီကို လွှမ်းမိုးစေရန်

    (၃) ဖောက်ခွဲဖျက်ဆီးခြင်း၊ လုပ်ကြံခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းတို့ဖြင့် အစိုးရ၏ ဆောင်ရွက်မှုကို ထိခိုက်စေရန် – ရည်ရွယ်သော                   လှုပ်ရှားမှုများ နှင့်

    (ဂ) အဓိကအားဖြင့် အမေရိကန်၏ တရားစီရင်ပိုင်ခွင့် ပိုင်နက်အတွင်း ဖြစ်ပွားသော လှုပ်ရှားမှုများ ဟု သတ်မှတ်ပြဌာန်းထားသည်။

    us 3
    အစွန်းရောက်မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သည့် အစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ နှိုင်းယှဉ်ဇယား

    မွတ်စလင်မဟုတ်သည့် အစွန်းရောက်များ၏ တိုက်ခိုက်မှုများမှာ ရဲတပ်ဖွဲ့ဝင်များအား ခြုံခိုက်တိုက်ခိုက်ခြင်းမှ အစိုးရ အဆောက်အဦးတစ်ခုအတွင်းသို့ လေယာဉ်ဖြင့် ၀င်တိုက်ခြင်းတို့အထိ ကျယ်ပြန့်ပြီး ထိုအကြမ်းဖက်လုပ်ရပ်များကို လူဖြူလူမျိုးကြီး ၀ါဒီများ၊ အစိုးရ ဆန့်ကျင်ရေး အစွန်းရောက်များနှင့် မွတ်စလင်မဟုတ်သော အခြားသူများက ကျူးလွန်ကြခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်မြို့တွင် အာဖရိကန်-အမေရိကန် ၉ ဦး အသတ်ခံရမှုက ထိုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် အဆိုးဝါးဆုံး ဖြစ်ခဲ့လေသည်။

    Ref: ABC news