News @ M-Media

Author: Ko Lay

  • တီဗက်ဇ်ကို မယုံသောကြောင့် ပင်နယ်တီဦးစားပေး မရွေးချယ်ခဲ့ခြင်းဟု မာတီနိုဆို

    တီဗက်ဇ်ကို မယုံသောကြောင့် ပင်နယ်တီဦးစားပေး မရွေးချယ်ခဲ့ခြင်းဟု မာတီနိုဆို

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    tev

    – ၂၀၁၁ ခုနှစ်က ကိုပါအမေရိကဖလားတွင် ပင်နယ်တီလွဲချော်ခဲ့ခြင်းကြောင့် ယနေ့မနက် ကွာတားဖိုင်နယ်တွင် တီဗက်ဇ်အား ပထမ ၅ လုံးစာရင်းတွင် မထည့်ခဲ့ခြင်းဖြစ်သည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ၀န်ခံပြောကြားခဲ့သည်။

    ကိုလံဘီယာနှင့် ကစားခဲ့သည့် အဆိုပါပွဲတွင် အာဂျင်တီးနားမှာ ခြေအသာဖြင့် မကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အချိန်ပိုအထိ ဂိုးမရှိသရေကျခဲ့သည်။ ထို့ကြောင့် ပင်နယ်တီကန်သွင်းခဲ့ရာ ၇ လုံးအထိ ရောက်ခဲ့ပြီး တီဗက်ဇ်၏ နောက်ဆုံး အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ်သို့ တက်နိုင်ခဲ့သည်။

    တီဗက်ဇ်က အာဂျင်တီးနားအသင်း ဆီးမီးဖိုင်နယ်သို့ တက်ရောက်ရေးအတွက် သူရဲကောင်းဖြစ်ခဲ့သော်လည်း မာတီနိုကမူ ၂၀၁၁ ခုနှစ် ဥရုဂွေးနှင့်ပွဲတွင် ပင်နယ်တီမ၀င်ခဲ့သော တီဗက်ဇ်အား မယုံသောကြောင့် ပထမ ၅ လုံးတွင် ကန်သွင်းရန် မရွေးခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    “ဘောလုံးလောကမှာ တစ်ခါတစ်ရံ ဒီလိုပါပဲ။ ပထမ ပင်နယ်တီ ၅ လုံးမှာ တီဗက်ဇ်ကိုမထည့်ခဲ့တာ ပြီးခဲ့တဲ့ ကိုပါအမေရိကမှာ ပင်နယ်တီလွဲခဲ့လို့ပါပဲ။ သူပေါက်ကွဲမှာကို တားဆီးဖို့အတွက် သူ့ကို တစ်လုံးကန်ဖို့ ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူ့အလှည့် ရောက်လာတာပါပဲ။ ဒါဟာ ဘောလုံးပါပဲ” ဟု မာတီနိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပွဲအချိန်အတွင်း အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်း မာတီနိုမှာ အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သည်။

    “မိနစ် ၉၀ စလုံး ကျွန်တော်တို့က အရှင်သခင်ပါ။ ကျွန်တော်တို့ရဲ့ ဖိအားပေးပုံနဲ့ သူတို့ ဘာမှမလုပ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကိုလံဘီယာက ထောင့်ကန်ဘောကနေ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ ဒီလောက်ပါပဲ”

    Ref: Goal

  • ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အမုန်းတရား လှုံ့ဆော်သူကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

    ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အမုန်းတရား လှုံ့ဆော်သူကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    bd

    – ဘာသာရးနှင့် လူမျိုးရေးဆိုင်ရာ အမုန်းပွားမှုများ ဖြစ်စေရန် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှုံ့ဆော်ခဲ့သူ တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    SM Shakhawat Hossain ဟု အမည်ရသည့် အဆိုပါအမျိုးသားကို မြို့တော် ဒါကာရှိ ပူရာနာ ပါလ်တန်ဒေသမှ အင်္ဂါနေ့ညတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒါကာ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး မိုဟာမက် မွန်တာစီရုလ် အစ္စလာမ်က ပြောကြားခဲ့သည်။

    “သူဟာ Facebook ပို့စ်တွေကနေတစ်ဆင့် မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားမှာ ဘာသာရေးအမုန်းပွားမှု လှုံ့ဆော်ဖို့ ကြိုးစားနေတာပါ” ဟု အစ္စလာမ်က ပြောကြားခဲ့သည်။

    ဒါကာရဲတပ်ဖွဲ့ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစ္စလာမ်က အွန်လိုင်းသတင်းဌာန၏ အယ်ဒီတာဟုခေါ်သော Hossain အား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အက်ဥပဒေဖြင့် ပါလ်တန် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်ဟု ဆိုသည်။

    “သူရဲ့ စာမျက်နှာမှာ ကမ္ဘာတစ်ဝှမ်းက အဖြစ်အပျက်အမျိုးမျိုးရဲ့ ဓာတ်ပုံတွေကိုတင်ပြီး ဒါတွေဟာ မြန်မာနိုင်ငံက မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ပြောတာတွေက သူ့ကို စိတ်ကူးရစေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် Hossain ကို ကနဦးစစ်ဆေးမေးမြန်းမှုမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ မွတ်စလင်တွေကို ငြှင်းပန်းနှိပ်စက်မှုကို သည်းမခံနိုင်ဘူလို့ ဆိုပါတယ်။ ဒါ့ကြောင့် မိမိ၏ စိတ်ဆန္ဒနဲ့ ဒီလှုပ်ရှားမှု လုပ်ခဲ့ပြီး ပုံအမျိုးမျိုးကို စုဆောင်းကာ လွှင့်တင်သွားမယ်လို့ ပြောခဲ့ပါတယ်” ဟု အစ္စလာမ်က ထပ်လောင်ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အွန်လိုင်းလှုံ့ဆော်မှုအတွက် မည်သူက ရန်ပုံငွေထောက်ပံ့နေသည်ကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အခြားသူများကိုလည်း စုံစမ်းနေ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူအဖွဲ့အစည်းအချင်းချင်းကြား အမုန်းတရားများ လှုံ့ဆော်ရန် ကြိုးပမ်းနေသည့် သတင်းစာမျက်နှာ ၁၀ ခုမှ ၁၂ ခုခန့် ရှိနေပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု အစ္စလာမ်က ထည့်သွင်းပြောကြားခဲ့သည်။

    “အကျိုးသက်ရောက်မှုကို မသိဘဲ ဒီ အမုန်းတရားဓာတ်ပုံတွေကို like လုပ်တာ၊ share တာတွေတောင်မှ ရာဇ၀တ်မှုအဖြစ် တည်ဆောက်လို့ရပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို Tag မယ်ဆိုရင်တော့ Tag ခံရသူဟာ ရာဇ၀တ်မှု မမြောက်ပါဘူး”

    ထို့ပြင် ထိုကဲ့သို့သော အကြောင်းအရာကို အင်တာနက်အသုံးပြုသူများ ဂရုစိုက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် ပြည်မရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီးနောက် အဆိုပါအကျိုးဆက်မှာ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့ အထိ ပြန့်နှံ့သွားခဲ့သည်။

    မြန်မာအစိုးရမှာ အကြမ်းဖက်သူများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိဘဲ၊ လူမှုရေးပြဿနာများကို အကြောင်းပြကာ ဘာသာရေး ပဋိ့ပက္ခဖြစ်ပွားစေရန်၊ ဗလီဝတ်ကျောင်းတော်များနှင့် မွတ်စလင်များကို ဖျက်ဆီး တိုက်ခိုက်ရန် ဆိုရှယ် မီဒီယာများတွင် ပေါ်ပေါ်ထင်ထင် လှုံ့ဆော်နေသူများကိုလည်း  ထိရောက်သည့် အရေးယူမှု အားနည်းလျက်ရှိသည်။

    Ref: bdnews24

  • အမေရိကန်တစ်နိုင်ငံလုံးတွင် လိင်တူလက်ထပ်ခွင့်ရပြီ

    အမေရိကန်တစ်နိုင်ငံလုံးတွင် လိင်တူလက်ထပ်ခွင့်ရပြီ

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    us

    – လိင်တူချစ်သူ စုံတွဲများမှာ တိုင်းပြည်၏ မည်သည့်နေရာတွင်မဆို လက်ထပ်ခွင့်ရှိသည်ဟု အမေရိကန်တရားရုံးချုပ်က ယမန်နေ့တွင် ကြေညာခဲ့ပြီး လိင်တူလက်ထပ်မှု၊ လိင်တူချစ်သူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ဆယ်စုနှစ် ၂ ခုအကြာ ရှိခဲ့သော တရားရေးဆိုင်ရာ ကိစ္စတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

    “ဘယ်လိုပေါင်းစည်းမှုမျိုးမှ လက်ထပ်ခြင်းထက် နက်နဲသိမ်မွေ့မှု မရှိပါဘူး” ဟု တရားရုံးချုပ်၏ မဲခွဲဆုံးဖြတ်မှုကို တက်ရောက်ခဲ့သည့် တရားရေးဌာနမှ အန်သိုနီ ကနေဒီက ပြောကြားခဲ့သည်။

    လိင်တူချစ်သူ စုံတွဲများမှာ ယခင်က အမေရိကန်၏ ပြည်နယ် ၃၆ ခုနှင့် ကိုလံဘီယာ ခရိုင်တို့တွင် လက်ထပ်နိုင်ပြီး တရားရုံးချုပ်၏ ယခုအမိန့်ကြောင့် ကျန် ၁၄ ပြည်နယ်တွင်လည်း လိင်တူလက်ထပ်မှုအပေါ် ပိတ်ပင်ထားမှုအား ရပ်တန့်ရတော့မည်ဖြစ်သည်။

    သမ္မတအိုဘားမားကလည်း အဆိုပါဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး “တန်းတူညီမျှမှုကို မိမိတို့ချီတက်ရာတွင် ကြီးမားသည့် ခြေလှမ်း” ဖြစ်သည်ဟု Twitter စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်အတွက် တက်ကြွလှုပ်ရှားသူများမှာ တရားရုံးချုပ်ရှေ့တွင် ယမန်နေ့က စုရုံးအောင်ပွဲခံခဲ့ပြီး “ချစ်ခြင်းမေတ္တာ အနိုင်ရရှိသွားပြီ” ဟု ကျွေးကြော်ခဲ့ကာ အမေရိကန် နိုင်ငံတော်သီချင်းကိုလည်း သီဆိုခဲ့ကြသည်။

    မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သူများဘက်မှ အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရေး တောင်းဆိုရန်အတွက် တရားရုံးက ၃ ပတ် အချိန်ပေးခဲ့သောကြောင့် ယခုဆုံးဖြတ်ချက်မှာ ချက်ခြင်း အသက်ဝင်မည်မဟုတ်ချေ။

    အမေရိကန်တွင် လိင်တူလက်ထပ်ထားသည့် စုံတွဲများမှာ ၃၉၀၀၀၀ ခန့်ရှိမည်ဟု လော့စ်အိန်ဂျလိစ်ရှိ ကယ်လိုဖိုးနီးယားတက္ကသိုလ်မှ ၀ီလီယံအင်စတီကျု၏ မှတ်တမ်းများအရ သိရသည်။ ထို့ပြင် လက်ထပ်ပြီးသူနှင့် လက်မထပ်ရသေးသူ လိင်တူချစ်သူအရေအတွက်မှာ အမေရိကန်တွင် တစ်သန်းခန့်ရှိမည်ဟု ဆိုသည်။

    Ref: Aljazeera

  • တူနီးရှားနှင့် ကူဝိတ်တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား

    တူနီးရှားနှင့် ကူဝိတ်တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    kuwiat

    – ယမန်နေ့က တူနီးရှားနှင့် ကူဝိတ်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကာ အစွန်းရောက်အဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    တူနီးရှား ကမ်းရိုးတမ်းမြို့ ဆော့စီမှ အပမ်းဖြေကမ်းခြေရှိ ဟိုတည် ၂ ခုတွင် အမည်မသိ သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် နိုင်ငံခြားသားများအပါအ၀င် လူပေါင်း ၃၇ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ဗြိတိန်နိုင်ငံသား ၅ ဦး အိုင်ယာလန်နိုင်ငံသားတစ်ဦးတို့ ပါဝင်ပြီး ယူကေ နိုင်ငံခြားရေးဝန်ကြီးကလည်း အတည်ပြုခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွင်း ၃၆ ဦး ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားအား ရဲတပ်ဖွဲ့က သုတ်သင်နိုင်ခဲ့ကာ အခြားတစ်ဦးလည်း တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု သတင်းများက ဖော်ပြကြသည်။ သေနတ်သမားမှာ ရဲတပ်ဖွဲ့ ယူနီဖောင်း ၀တ်ဆင်ကာ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထားခဲ့သည်ဟု တူနီးရှား မီဒီယာများက ဖော်ပြခဲ့သည်။

    တူနီးရှားနိုင်ငံ မြို့တော်တူနစ်ရှိ ဘာဒို ပြတိုက်အတွင်း ပြီးခဲ့သည့် မတ်လက သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် ကမ္ဘာ့လှည့်ခရီးသွားများ သေဆုံးခဲ့ရပြီးနောက် ယခုတိုက်ခိုက်မှုက ကမ္ဘာ့လှည့်ခရီးသွားစီးပွားရေးတွင် မှီခိုနေရသည့် တူနီးရှား၏ စီးပွားရေးကဏ္ဍကို ထိခိုက်စေမည်ဖြစ်သည်။

    ကူဝိတ်နိုင်ငံ ကူဝိတ်စီးတီးမြို့ရှိ အီမာမ်ဆာဒစ် ရှီယိုက် ဗလီဝတ်ကျောင်းတော်တွင် ယမန်နေ့ သောကြာနေ့ဝတ်ပြုချိန် ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၅ ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    IS အဖွဲ့ကမူ ၎င်းတို့လုပ်သည်ဟု ကြေညာခဲ့ပြီး အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် ကူဝိတ်ပါလီမန်က အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီး တရားရေးဝန်ကြီး အောင်ကက်ဖ်နှင့် အစ္စလာမ့်ရေးရာဝန်ကြီး ယာကွဘ် အလ်-ဆာနီအာတို့မှာ ထို အကြမ်းဖက်တိုက်ခိုက်မှုအား ရှုတ်ချခဲ့ကာ တိုင်းပြည်၏ လုံခြုံရေးနှင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယခုတိုက်ခိုက်မှုကြောင့် ၀တ်ပြုမှုများနှင့် ဗလီဝတ်ကျောင်းတော်များအား ကာကွယ်ရန်အတွက် စီမံမှု အများပြားကို ဆောင်ရွက်နေသည်ဟုလည်း အလ်-ဆာနီအာက ထည့်သွင်းပြောကြားခဲ့သည်။

    IS အဖွဲ့ ပေါ်လာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရပြီး အစ္စလာမ့် သာသနိကအဆောက်အအုံးများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်း တိုးလာခဲ့သည်။ ထို့ပြင် IS မှာ ၎င်းတို့ထိန်းချုပ်သည့် ဒေသများအတွင်း အစ္စလာမ့်သမိုင်းဝင်နေရာများကိုလည်း ဖျက်ဆီးဖျောက်ဖျက်လျက် ရှိနေကြသည်။

    Ref: Aljazeera

  • ပြင်သစ်အကြမ်းဖက်တိုက်ခိုက်မှု မွတ်စလင်များ ရှုတ်ချ

    ပြင်သစ်အကြမ်းဖက်တိုက်ခိုက်မှု မွတ်စလင်များ ရှုတ်ချ

    ဇွန် ၂၇၊ ၂၀၁၅
    M-Media

    – ပြင်သစ်နိုင်ငံရှိ စက်ရုံတစ်ခုတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော တုန်လှုပ်ဖွယ် သတ်ဖြတ်မှုအား မွတ်စလင်များက ရှုတ်ချလိုက်ပြီး အစ္စလာမ်၏ ငြိမ်းချမ်းသော ယုံကြည်သက်ဝင်မှုနှင့် ပြဒါတစ်လမ်း သံတစ်လမ်း ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    “ဂရီနိုဘဲလ်က ပျို့အန်ချင်စရာတိုက်ခိုက်မှုကြောင့် တုန်လှုပ်ရပါတယ်။ တကယ်လို့များ တိုက်ခိုက်တဲ့သူဟာ အစ္စလာမ်ရဲ့ နာမည်အောက်မှာ လုပ်တယ်လို့ဆိုရင်တော့ သူဟာ လမ်းမှားနေတာ ပါပဲ။ ထိခိုက်ခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်မိပြီး၊ သူတို့အတွက် ဆုတောင်းပေးပါတယ်” ဟု ဗြိတိန်မွတ်စလင်ကောင်စီ MCB မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ရှူဂျာရှာဖီက Twitter စာမျက်နှာမှတစ်ဆင့် ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ပြင်သစ်နိုင်ငံတောင်ပိုင်း ဂရီနိုဘဲလ်မြို့တွင် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ နံနက် ၁၀ နာရီခန့်က လိုင်ယွန်မြို့အပြင်ဘက်ရှိ အမေရိကန်က ပိုင်ဆိုင်သော ဓာတ်ငွေ့စက်ရုံ၏ ဂိတ်ပေါက်ဝအတွင်းသို့ လူနှစ်ယောက်က ကားတစ်စီးကို တမင်တကာ ၀င်တိုက်ကာ မီးလောင်စေခဲ့ခြင်းဖြစ်သည်။

    အာဏာပိုင်များကမူ ၎င်းတို့မှာ လူခေါင်းတစ်ခုကို အဆိုပါစက်ရုံ၏ ဂိတ်ပေါက်ဝတွင် တွေ့ရှိခဲ့ပြီး ခေါင်းဖြတ်သတ်ခံရသူမှာ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ တစ်ဦး၏ သူဌေးဖြစ်သည်ဟု ဥပဒေရင်းမြစ်များအရ သိရသည်။ အာရဘီဘာသာစကားဖြင့် ရေးသားထားသည့် အနက်ရောင်နှင့် အဖြူရောင် အလံနှစ်ခုကိုလည်း အနီးအနားတွင် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    တရားသူကြီးတစ်ဦးကမူ ထိုတိုက်ခိုက်မှုအတွက် လူ ၄ ဦးကို ဖမ်းဆီးထားပြီး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ဘရက်ဆဲလ်သို့ရောက်ရှိနေသည့် ပြင်သစ် သမ္မတ ဟော်လန်ဒေးက အဆိုပါ တိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစ္စလာမ်နှင့် မဆိုင်

    ပြင်သစ်ရှိ အဆိုပါတိုက်ခိုက်မှုမှာ ကူဝိတ်နှင့် တူနီးရှားတို့ရှိ လူပေါင်းများစွာ သေဆုံးခဲ့သော ယမန်နေ့ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် သွားရောက် တိုက်ဆိုင်နေသည်။

    “နောက်ထပ်လူသတ်မှုတစ်ခု၊ သွေးစွန်းမှုတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ သေဆုံးသူမိသားစု၊ ဒဏ်ရာရသူအားလုံးနဲ့အတူ ရှိပါတယ်။ ဒီလို လူမဆန်တဲ့၊ တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် ကျွန်တော်တို့ ဒေါသဖြစ်မိပြီး၊ တိုက်ခိုက်သူရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကြောက်ရွံ့မှု ထည့်ပေးဖို့ပါပဲ။ ဒီပြဿနာတွေအတွက် အရေးယူဖို့ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီမျက်စပါးမွှေးစူးစရာ လုပ်ရပ်တွေနဲ့ ဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်တွေဟာ ကျွန်တော်တို့ရဲ့လူ့အဖွဲ့အစည်းကို သွေးခွဲဖို့၊ ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြန့်နှံ့စေပြီး ကျွန်တော်တို့ကြားထဲမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာဖို့ ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ ဒီထောင်ချောက်ထဲကို ကျွန်တော်မတို့ မကျသင့်ပါဘူး” ဟု နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင် ဒေါက်တာ တာရစ် ရမ်ဒန်က Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် အခြားသော မွတ်စလင်များကလည်း ဆိုရှယ်မီဒီယာများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြသည်။

    “ဒီလိုအကြမ်းဖက်သမားတွေရဲ့လက်ထဲမှာ မွတ်စလင်မဟုတ်သူတွေထက် မွတ်စလင်တွေက ပိုပြီး အသတ်ခံနေရပါတယ်။ ဒါဟာ အစ္စလာမ်မဟုတ်ပါဘူး” ဟု ဘစ်ဟာဒီဆိုသည့် အကောင့်ပိုင်ရှင်က Twitter စာမျက်နှာမှတစ်ဆင့် ရှုတ်ချခဲ့သည်။

    “မွတ်စလင်အမည်ခံတွေကြောင့် ရမ်ဇာန်ဥပုသ်လ သောကြာနေ့ကြီး ဂရီနိုဘဲလ်နဲ့ ဆူဆီတို့မှာ ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ရပါတယ်” ဟု ဇာဟစ်ဒ် လာလာနီဆိုသည့် အကောင့်ပိုင်ရှင်က ရေးသားခဲ့သည်။

    ပြီးခဲ့သည့် ဇန်န၀ါရီလက ပဲရစ်မြို့တွင်ဖြစ်ပွားသော မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံအတွင်းရှိ ၆ သန်းသော မွတ်စလင်များမှာ မုန်းတီးမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

    ပြင်သစ် ပြည်ထဲရေးဝန်ကြီးကမူ တိုက်ခိုက်သူများမှာ အကြမ်းဖက်လှုပ်ရှားမှုများနှင့် ဆက်စပ်နေပြီး ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ထောက်လှမ်းရေး၏ စောင့်ကြည့်စာရင်းတွင် ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam