News @ M-Media

Author: Ko Lay

  • လူသတ်ရန် ကြံစည်မှုဖြင့် မြန်မာ ၄ ဦး စင်ကာပူတွင် တရားစွဲခံရ

    လူသတ်ရန် ကြံစည်မှုဖြင့် မြန်မာ ၄ ဦး စင်ကာပူတွင် တရားစွဲခံရ

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    sg
    ဖမ်းဆီးခံရသူ မြန်မာနှစ်ဦး(ဝဲ၊ယာ) အား စင်ကာပူရဲ(အလယ်) နှင့် အတူ တွေ့ရစဉ်

    – လူသတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှုတွင် အားပေးကူညီမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရ မြန်မာတစ်ဦးတို့ကို ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟု Channelnewsasia သတင်းဌာနက ဖော်ပြခဲ့သည်။

    မြန်မာနိုင်ငံသားများမှာ အသက် ၃၂ နှစ်အရွယ် ရဲဝင့်အောင်နှင့် အသက် ၃၁ နှစ်အတွယ် ဖြိုးမင်းနိုင်တို့ ဖြစ်ကြပြီး အမြဲတမ်းနေထိုင်ခွင့်ရထားသူမှာ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလှိုင် ဖြစ်သည်။

    ၎င်းတို့ ၃ ဦးမှာ ကျော်ကျော်အောင် (ခ) အောင်အောင်နှင့်အတူ စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရ အေးမောင်မောင်ကို ပြီးခဲ့သည့် စနေနေ့က သတ်ဖြတ်ရန် ကြံစည်ထားကြသည်ဟု ဆိုသည်။

    ထို့နောက် အောင်အောင်၊ ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့မှာ အေးမောင်မောင်ကို ပါစီရ် ရစ် ၇၁ လမ်း၊ ဘလောက် ၇၄၇ ရှိ အထပ်မြင့်အဆောက်အအုံ၏ ကားပါကင်တွင် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၉ နာရီခွဲ က ပြန်ပေးဆွဲရန် ကြိုးစား ခဲ့ကြသည်။ ထိုသို့ပြန်ပေးဆွဲရေး လုပ်ငန်းစဉ်တွင် ဇော်မင်းလှိုင်နှင့် ဖြိုးမင်းနိုင်တို့မှာ အေးမောင်မောင်အား လက်ရောက်ကျူးလွန်ခဲ့ပြီး လျှပ်စစ်ရှော့တိုက်စက်ကိုလည်း အသုံးပြုခဲ့ကြသည်။

    သို့သော်လည်း အေးမောင်မောင်က အော်ဟစ် အကူအညီတောင်းသောကြောင့် လမ်းသွားလမ်းလာများက အာရုံစိုက်လာကြသည့် အခါ ကျူးလွန်သူများမှာ ထွက်ပြေးသွားခဲ့ကြသည်။

    ၎င်းတို့ ၃ ဦးကို စင်ကာပူရဲတပ်ဖွဲ့က တနင်္လာနေ့တွင် မီးဖိုချောင်သုံးနှင့် အိမ်သုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ရမန်ပေးခဲ့သည်။ အဆိုပါ အမှုကို လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ထပ်မံကြားနာမည်ဖြစ်သည်။

    လူသတ်မှုမှာ ကျူးလွန်ရခြင်း မရှိသေးသောကြောင့် စွပ်စွဲခံထားရသူများမှာ ပြစ်မှု ထင်ရှားပါက အများဆုံး ထောင်ဒဏ် ၇ နှစ် ရင်ဆိုင်ရမည်ဖြစ်ပြီး ဒဏ်ငွေလည်း ချမှတ် ခံရဖွယ်ရှိနေသည်။

    ထိုအမှုတွင် ပူးပေါင်းကြံစည်ခဲ့သော အသက် ၂၉ နှစ်အရွယ် အောင်အောင်ကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး တနင်္လာနေ့မနက်က စင်ကာပူမှ ထွက်ခွာသွားပြီဟု ယုံကြည်ရသည်။

    Ref: Channelnewsasia

  • နေးမာမရှိမှ ဘရာဇီးလ်ပိုကောင်းလာဟု ဖာမီနိုပြော

    နေးမာမရှိမှ ဘရာဇီးလ်ပိုကောင်းလာဟု ဖာမီနိုပြော

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    brazil

    – အားထားရသည့်တိုက်စစ်မှူး နေးမာ မပါဝင်သော်လည်း မိမိတို့အသင်းမှာ ပိုကောင်းလာသည်ဟု ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုက ပြောကြားလိုက်သည်။

    နေးမာမှာ အုပ်စုဒုတိယပွဲ ကိုလံဘီယာအား ရှုံးနိမ့်ခဲသည့်ပွဲတွင် ပွဲအပြီးအပြုအမူကြောင့် ၄ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ သို့သော်လည်း ဘရာဇီးလ်အသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် ဗင်နီဇွဲလားအား အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကာ ပါရာဂွေးနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    ဖာမီနိုကမူ မိမိတို့အသင်းမှာ နေးမာမပါဝင်သော်လည်း ပိုပြီး တိုးတက်လာသည်ဟု ဆိုသည်။

    “သူပွဲပယ်ခံရပြီး၊ ပါဝင်ခွင့်မရတော့တဲ့အတွက်ကြောင့် ကျွန်တော်တို့ တကယ် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ ပိုပိုကောင်းလာပြီး ကိုပါအမေရိကမှာ အောင်မြင်မှုတွေ ရရှိနိုင်မှာပါ။ ရှုံးထွက်ပွဲတွေကတော့ အဓိကပွဲတွေ ဖြစ်ပါလိမ့်မယ်။ လွယ်တော့လွယ်မှာမဟုတ်ပါဘူး။ တောင်အမေရိက အသင်းအားလုံးဟာ ပြင်းပြင်းထန်ထန်
    ကြိုးစားနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့လူစာရင်းကတော့ တောင့်တင်းပြီးရင်း တောင့်တင်းနေတာပါပဲ” ဟု ဖာမီနိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဗင်နီဇွဲလားနှင့်ပွဲ၌ နေးမာ၏နေရာတွင် ရော်ဘင်ဟိုက ၀င်ရောက်ကစားခဲ့ပြီး ဖာမီနိုကမူ ရော်ဘင်ဟို ရှိနေခြင်းက ကြီးမားသည့် တွန်းအားဖြစ်သည်ဟုဆိုသည်။

    “ရော်ဘင်ဟိုက ကျွန်တော်တို့အားလုံးအတွက် စံနမူနာပါပဲ။ ပြီးတော့ ကျွန်တော်တို့ကိုလည်း တော်တော်လေး အကူအညီ ဖြစ်စေပါတယ်။ သူကစားပုံကောင်းခဲ့ပြီး ပါရာဂွေးနဲ့ပွဲမှာလည်း သိပ်ကွာမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါဟာ ရှုံးထွက်ပွဲဆိုတာ ကျွန်တော်တို့သိပြီး ကျွန်တော်တို့ နိုင်ရပါမယ်”

    ဟော့ဖန်ဟိန်းအသင်းတွင် ကစားနေသည့် ဖာမီနိုမှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရပြီး ၎င်းကမူ လက်ရှိအချိန်တွင် ကိုပါအမေရိကကိုသာ အာရုံစိုက်ထားသည်ဟုဆိုသည်။

    Ref: Goal

  • ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဆီးရီးယားရှိ အစ္စလာမ့် သမိုင်းဝင်အမွေအနှစ်နှစ်ခုကို IS ဖောက်ခွဲဖျက်ဆီးပြန်

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    is

    – ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရာမြို့အနီးရှိ အစ္စလာမ့် ရှေးဟောင်းသမိုင်းဝင် ဗိမာန်နှစ်ခုကို ဖျက်ဆီးပစ်လိုက်ပြီဟု IS အဖွဲ့က ပြောကြားလိုက်သည်။

    ပါလ်မိုင်ရာမြို့ကို လွန်ခဲ့သည့် တစ်လခန့်က IS မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမြို့မှ ၄ ကီလိုမီတာကွာဝေးသော နေရာရှိ ဗိမာန်နှစ်ခုအား စနေနေ့တွင် ဖောက်ခွဲဖျက်ဆီးပြီး အုတ်ပုံဖြစ်သွားသည့် ဓာတ်ပုံများကို အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့သည်။

    ထိုကဲ့သို့ဖျက်ဆီးမှုမှာ ပါလ်မိုင်ရာမြို့အား သိမ်းပိုက်ပြီးနောက် ယူနက်စကို၏ သမိုင်းဝင်အမွေအနှစ်အဖြစ် စာရင်းသွင်းခြင်းခံထားရသော ကျော်ကြားသည့် ရှေဟောင်းနေရာများ၌ ပထမဆုံး ဖျက်ဆီးခံရခြင်းလည်း ဖြစ်သည်။

    ဓာတ်ပုံများတွင် တမန်တော်မိုဟာမက်၏ ၀မ်းကွဲညီအကို အီမာမ်အလီ၏ ရောင်းရင်းဖြစ်သော မိုဟာမက်ဘင်အလီ၏ တောင်ပေါ်ဗိမာန်ကို ဖောက်ခွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးများကို တွေ့ရှိခဲ့ရသည်။

    ဒုတိယတစ်ခုမှာ ဆူဖီပညာရှင်တစ်ပါးဖြစ်သော နီဇာရ် အဘူ အာဟာ အက်ဒင်းအတွက် လွန်ခဲ့သည့် နှစ် ၅၀၀ ကျော်က ဆောက်လုပ်ခဲ့သည့် ဗိမာန်ဖြစ်သည်။

    IS က ထုတ်ပြန်သောကြေညာချက်တွင် မိမိတို့အနေဖြင့် ရုပ်ထုကိုးကွယ်မှုနှင့် ဆက်နွယ်သည့် ရုပ်တုများနှင့် ဗိမာန်များကို ဖျက်ဆီးပစ်မည်ဟု ဖော်ပြခဲ့သည်။

    အီရတ်နိုင်ငံရှိ သမိုင်းဝင်နေရာများကို ဖျက်ဆီးခဲ့သည့် IS ၏ လုပ်ရပ်ကြောင့် ပါလ်မိုင်ရာမြို့အား IS က သိမ်းပိုက်ပြီးနောက်ပိုင်း မြို့တွင်းရှိ သမိုင်းအမွေအနှစ်များ၏ ကံကြမ္မာနှင့်ပတ်သက်၍ နိုင်ငံတကာက စိုးရိမ်းမှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်မတ်လအတွင်းက အီရတ်နိုင်ငံ မူဆိုးလ်မြို့အနီး နှစ်ပေါင်း ၃၀၀၀ သက်တမ်းရှိသော ရှေးဟောင်းသမိုင်းဝင် အက်ဆီရီယန်မြို့ရှိ ပြတိုက်မှ အနုပညာလက်ရာများကို IS က ဖျက်ဆီးခဲ့ပြီး မြို့ကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။

    အီရတ်နှင့် ဆီးရီးယားရှိ ဗိမာန်များကိုလည်း IS အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အများစုမှာ ဆူဖီစင်ဂိုဏ်းနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်။

    IS အဖွဲ့ ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏ လူမဆန်သောလုပ်ရပ်များအတွက် အစ္စလာမ်သန္ဓေတည်ရာ ဆော်ဒီ၊ အစ္စလာမ့် ဓမ္မရေးရာတွင် နာမည်ကြီးသည့် အီဂျစ်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ရှေ့ဆောင်အီမာမ်များနှင့် မွတ်စလင်အသင်းအဖွဲ့များက ရှုတ်ချခဲ့ကြသည်။

    ထို့ပြင် ဆော်ဒီရှိ မွဖ်သီချုပ်ကြီးကမူ IS မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်ပြီး မွတ်စလင်များအနေဖြင့် တွန်းလှန်ကြရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera

  • ၀ီဂါ မွတ်စလင်များအား ဘာသာရေး ဖိနှိပ်မှု ရပ်တန့်ရေး တရုတ်သမ္မတထံ CAIR စာပို့

    ၀ီဂါ မွတ်စလင်များအား ဘာသာရေး ဖိနှိပ်မှု ရပ်တန့်ရေး တရုတ်သမ္မတထံ CAIR စာပို့

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    china
    ဇင်ဂျန်ပြည်နယ်မှ ဗလီဝတ်ကျောင်းတော်တစ်ခု

    – တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဇင်ဂျန်းပြည်နယ်တွင် အစ္စလာမ်သာသနာ လက်တွေ့လိုက်နာကျင့်သုံးမှုအား ကန့်သတ်မှုများကို ဆန့်ကျင်သောအနေဖြင့် အမေရိကန်ရှိ ထိပ်တန်း အစ္စလာမ်အဖွဲ့အစည်းဖြစ်သော CAIR က တရုတ်သမ္မတထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး မွတ်စလင်များအား ပစ်မှတ်ထားကာ အစိုးရက သတ်မှတ်သည့် ဘာသာရေးလွတ်လပ်ခွင့် ပိတ်ပင်ခြင်းအားလုံး ရပ်တန့်ရန် တိုက်တွန်းပြောကြားခဲ့သည်။

    “ဇင်ဂျန်းပြည်နယ်က မွတ်စလင်တွေ သူတို့ရဲ့ လွတ်လပ်စွာ ဘာသာတရားကျင့်သုံးခွင့်ကို ဒေသခံအာဏာပိုင်တွေက ပိတ်ဆို့ဟန်တားနေကြပြီး၊ အစ္စလာမ်သာသနာ လိုက်နာကျင့်သုံးမှုနဲ့ ဒေသတွင်း မွတ်စလင်ရိုးရာ ဓလေ့ထုံးတမ်းတွေကို ဖိနှိပ်ဖို့ အစိုးရရဲ့လှုပ်ရှားမှုအောက်မှာ ရမ်ဇာန်ဥပုသ်လအတွင်း ဥပုသ်သီလဆောက်တည်ခြင်းကို ပိတ်ပင်ဖို့လည်း ပုံမှန်လိုလို
    ကြိုးစားကြပါတယ်” ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ၏ နိုင်ငံလုံးဆိုင်ရာ အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟဒ် အ၀ါဒ်က တရုတ်သမ္မတ ဇီဂျင်ပင်းသို့ ပေးပို့သောစာတွင် ရေးသားဖော်ပြခဲ့သည်။

    “အစိုးရရဲ့ ဘာသာရေးဖိနှိပ်မှုလုပ်ရပ်တွေမှာ မုတ်ဆိတ်ထားတဲ့ မွတ်စလင်အမျိုးသားတွေ၊ လုံလုံခြုံခြုံဝတ်တဲ့ မွတ်စလင်အမျိုသမီးတွေကို အနှောက်အယှက်ပေးတာလည်း ပါဝင်တယ်လို့ ပြောကြပါတယ်။ အသက် ၁၈ နှစ်အောက် မွတ်စလင်တွေကို သူတို့ရဲ့ ဘာသာရေး လိုက်နာကျင့်သုံးမှု တားဆီးပိတ်ပင်ပြီး၊ ကလေးတွေကို ကုရ်အာန်သင်ကြားပေးတဲ့၊ ရမ်ဇာန်လအတွင်း ဥပုသ်သီလဆောက်တည်ခိုင်းတဲ့ မိသားစုတွေကို အာဏာပိုင်တွေက ဒဏ်ငွေအများကြီး ကောက်တာတွေလည်း ရှိနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်”

    တရုတ်အာဏာပိုင်များမှာ နှစ်စဉ်နှစ်တိုင်း ရမ်ဇာန်ဥပုသ်လ၌ နိုင်ငံအနောက်မြောက်ပိုင်း ဇင်ကျန်းပြည်နယ်တွင် ၀ီဂါမွတ်စလင်များပေါ် ကန့်သတ်ချက်များ အကြိမ်ကြိမ်အခါအခါ ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အစောပိုင်းကလည်း ပြည်နယ်မြို့တော် အူရမ်ကွီတွင် မွတ်စလင်အမျိုးသမီးများ ခန္ဓာကိုယ်လုံခြုံသည့် ခြုံထည်အရှည်ကို ၀တ်ဆင်ခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သည်။

    “တရုတ်အခြေခံဥပဒေက အစ္စလာမ်သာသနာကို လိုက်နာကျင့်သုံးသူတွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပါတယ်။ ကုလရဲ့သဘောတူညီချက်၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့၊ လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးကို ရှင်းလင်းရေးဆိုင်ရာ ကုလသဂမဂ္ဂ နိုင်ငံတကာ သဘောတူညီချက်တွေမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ဇင်ကျန်းပြည်နယ်က မွတ်စလင်တွေနဲ့ တရုတ်နိုင်ငံတစ်ဝှမ်းက မွတ်စလင်တွေ ရပိုင်ခွင့်ရှိတဲ့ ဥပဒေအောက်က တူညီတဲ့ကာကွယ်မှုမျိုးကို ဘယ်လိုခွဲခြားဆက်ဆံမှုမျိုး၊ ခွဲခြားဆက်ဆံမှုအတွက် ဘယ်လို လှုံ့ဆော်မှုများမှ မရှိဘဲ အသေအချာ ရရှိခံစားနိုင်စေဖို့ တာဝန်ရှိပါတယ်” ဟု အဆိုပါစာတွင် ထည့်သွင်းရေးသားခဲ့သည်။

    “ဇင်ဂျန်းပြည်နယ်က မွတ်စလင်တွေနဲ့ တရုတ်နိုင်ငံတစ်ဝှမ်းက မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်အတွက်၊ နိုင်ငံအတွင်းမှာရှိနေတဲ့ အခြားသောလူတွေရဲ့ ဘာသာတရားအားလုံးအတွက် အခက်အခဲအားလုံးကို ဖယ်ရှားခြင်းဖြင့် တရုတ်နိုင်ငံဟာ သူ့ရဲ့ ကိုယ်ပိုယ်ဥပဒေနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ဖို့ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းနဲ့ CAIR က တလေးတစား တိုက်တွန်းလိုက်ပါတယ်”

    CAIR မှာ ၀ါရှင်တန်ရှိ တရုတ်သံအမတ်ကြီးနှင့် အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အခြားသော သက်ဆိုင်ရာပါတီများ တွေ့ဆုံကာ ဘာသာရေးလွတ်လပ်ခွင့်ပြဿနာအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

    ဇင်ဂျန်းပြည်နယ်ရှိ ၀ီဂါမွတ်စလင်များမှာ အစိုးရအဆောက်အဦးများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် ဘာသာရေးလိုက်နာကျင့်သုံးခွင့်များလည်း ပိတ်ပင်ခံထားရကာ၊ ပြည်နယ်အတွင်းရှိ အချို့ဒေသတွင် မုတ်ဆိတ်ထားသည့် ၀ီဂါအမျိုးသားများ၊ အစ္စလာမ်၏ သွန်သင်မှုအတိုင်း လုံလုံခြုံခြုံဝတ်စားဆင်ယင်သည့် ၀ီဂါအမျိုးသမီးများမှာ
    အများပြည်သူသုံးယာဉ်များကို မသုံးစွဲရဟု အစိုးရက အမိန့်ထုတ်ထားသည်။

    ထို့ပြင် မွတ်စလင်ဈေးဆိုင်များတွင်လည်း အစ္စလာမ်က ဟာရမ်ဟု တားမြစ်ပိတ်ပင်ထားသည့် အရက်နှင့် ဆေးလိပ်များကို အာဏာပိုင်များက အတင်းအဓမ္မ ရောင်းချခိုင်းခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များကလည်း တရုတ်အစိုးရမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ခေါင်းစဉ်အောက်တွင် ဇင်ဂျန်းပြည်နယ်ရှိ ၀ီဂါများအား ဖိနှိပ်ချုပ်ချယ်နေသည်ဟု ပြောကြားမှုများ ရှိခဲ့သည်။

    Ref: Onislam

  • ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသည့် အစ်ဖ်သာရ်ညစာစားပွဲကို အိမ်ဖြူတော်တွင်ပြုလုပ်

    ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသည့် အစ်ဖ်သာရ်ညစာစားပွဲကို အိမ်ဖြူတော်တွင်ပြုလုပ်

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    obama

    – မည်သည့် ဘာသာတရား သို့မဟုတ် မည်သည့်လူမျိုးစုကိုမဆို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ဆန့်ကျင်ရာတွင် မိမိတို့ အမေရိကန်အားလုံးမှာ အတူတကွ ရပ်တည်ကြသည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အိမ်ဖြူတော်တွင် ဇွန်လ ၂၂ ရက် ညပိုင်းက ပြုလုပ်ခဲ့သော အစ်ဖ်သာရ်(၀ါဖြေ) ညစာစားပွဲတွင် ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုက ဘာပဲဖြစ်နေပါစေ။ ကျွန်တော်တို့အားလုံးဟာ မိသားစု တစ်ခုပါပဲ” ဟု အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လကို ဂုဏ်ပြုသည့်အနေဖြင့် ဥပုသ်ထွက်ချိန် ပြုလုပ်ခဲ့သော အဆိုပါ ညစာစားပွဲ၌ အိုဘားမားက ပြောကြားခဲ့သည်။

    အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲကို စုစုပေါင်း လူ ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး၊ သံတမန်အသိုင်းအ၀ိုင်းမှ ၄၀ ခန့်နှင့် အမေရိကန်လွှတ်တော်အမတ် အနည်းငယ်လည်း တက်ရောက်ခဲ့ကြသည်။

    အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လဖြစ်ပြီး အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင်တိုင်း ဥပုသ်သီလဆောက်တည်ရန် သတ်မှတ်ထားသည့် ရမ်ဇာန်ဥပုသ်လမှာ တစ်လတာ ကြာမြင့်မည်ဖြစ်ပြီး အီဒွလ်ဖိသီရ်ပွဲတော်ဖြင့် အဆုံးသတ်မည်ဖြစ်သည်။

    “ဒီအချိန်ဟာ နာမ်ပိုင်းဆိုင်ရာ ပြန်လည်ဆန်းသစ်ဖို့ အချိန်ပါပဲ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဖေးမဖို့၊ ကံမကောင်း အကြောင်းမလှသူတွေကို မြှင့်တင်ပေးဖို့ တစ်ယောက်ချင်းဆီမှာ ရှိနေတဲ့တာဝန်တွေအတွက် ကျွန်တော်တို့တွေကို အသိပေးတဲ့ အချိန်လည်း ဖြစ်ပါတယ်” ဟု အိုဘားမားက ရမ်ဇာန်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ထို့ပြင် အိုဘားမားမှာ ပုဝါဆောင်းခွင့် အခွင့်အရေးကို ကာကွယ်ရန် တရားရုံးချုပ်အထိတက်ခဲ့သော အမေရိကန်မွတ်စလင်အမျိုးသမီးငယ် စမန်သာ အီလာအွဖ်အပါအ၀င် ညစာစားပွဲသို့ တက်ရောက်လာကြသည့် မွတ်စလင်လူငယ်များကိုလည်း ဂုဏ်ပြု ပြောကြားခဲ့သည်။

    စမန်သာမှာ ၂၀၀၈ ခုနှစ် သူမအသက် ၁၇ နှစ်အရွယ်က အလုပ်သွားလျှောက်ရာတွင် အင်တာဗျူး၌ ဟိဂျဘ်ဝတ်ဆင်မှုကြောင့် အလုပ်ခန့်အပ်ရန် ငြင်းပယ်ခံခဲ့ရသူ ဖြစ်သည်။

    “ဟိဂျဘ်ဝတ်ဆင်ခွင့်ကို ကာကွယ်ဖို့ – လူတိုင်းရသလို တူညီတဲ့အခွင့်အရေးရဖို့ သူမဟာ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ တရားရုံးချုပ်ကို တောက်လျှောက် တက်ခဲ့ပါတယ်။ ဒါမျိုး သူ့အရွယ်မှာ ကျွန်တော် မလုပ်ခဲ့ပါဘူး။ (တရားရုံးမှာလည်း) သူနိုင်ခဲ့ပါတယ်” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးလ်တွင် အသတ်ခံခဲ့ရသည့် မွတ်စလင်လူငယ် ၃ ဦးနှင့် ပြီးခဲ့သည့် တစ်ပတ်က တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်စတန်ရှိ လူမည် ခရစ်ယာန်ဘုရားကျောင်းတွင် အသတ်ခံခဲ့ရသည့် လူ ၉ ဦးတို့နှင့် ပတ်သက်၍လည်း အိုဘားမားက ထည့်သွင်း ပြောကြားခဲ့သည်။

    “ဘယ်သူဘယ်ဝါဖြစ်တဲ့အတွက်ကြောင့်၊ ဘယ်လိုပုံပန်းသွင်ပြင် ရှိတဲ့အတွက်ကြောင့်၊ ဘယ်သူ့ကို ချစ်တယ်ဆိုတဲ့အတွက်ကြောင့်၊ ဘယ်လို ၀တ်ပြုကိုးကွယ်လဲဆိုတဲ့အတွက်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ပစ်မှတ်ထားမခံရသင့်ဘူးလို့ အမေရိကန်တွေဖြစ်တဲ့ ကျွန်တော်တို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ အမုန်တရားပြည့်နေတဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်ပါတယ်”

    အဆိုပါ အစ်ဖ်သာရ် ညစာစားပွဲ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဝေေ၀နုလည်း ဖိတ်ကြားခံခဲ့ရပြီး ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

    Ref: Todayonline, Washingtonpost