News @ M-Media

Author: Ko Lay

  • နိုင်ငံတကာသတင်းတို (ဇွန် ၂၃၊ ၂၀၁၅)

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    မာသာထရီဇာ၏နေရာကို ဆက်ခံသူ စစ္စတာကြီး ကွယ်လွန်
    ………………………….
    ၁၉၉၇ ခုနှစ်တွင် ကွယ်လွန်သွားသည့် မာသာထရီဇာ၏ နေရာကို ဆက်ခံကာ ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော စစ္စတာ နီရ်မာလာ ဂျိုရှီမှာ အသက် ၈၀ အရွယ် ယနေ့တွင် ကွယ်လွန်သွားခဲ့သည်။ မာသာထရီဇာ တည်ထောင်ခဲ့သော အိန္ဒိယရှိ Missionaries of Charity ပရဟိတအဖွဲ့၏ လုပ်ငန်းများကို ဂျိုရှီမှာ နိုင်ငံပေါင်း ၁၃၄ နိုင်ငံအထိ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး
    ကျန်းမာရေးဆိုးရွားမှုကြောင့် ၂၀၀၉ ခုနှစ်တွင် တာဝန်မှအနားယူခဲ့သည်။ အိန္ဒိယ သမ္မတ မိုဒီက ဂျိုရှီမှာ “ဘ၀တစ်ခုလုံးအား ဆင်းရဲချို့တဲ့သူများအတွက် ပြုစုစောင့်ရှောက်ပေးခြင်ဖြင့် ကုန်ဆုံးခဲ့သည်” ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    အမေရိကန်၏ စစ်အင်အားသာလွန်မှုကို တရုတ်စိန်ခေါ်နေ
    ……………………….
    လေကြောင်းနှင့် အာကာသပိုင်နက်တွင် အမေရိကန်၏ စစ်အင်အားသာလွန်မှုအား စိန်ခေါ်ရန်အတွက် တရုတ်နိုင်ငံက အားထုတ်မှုများကို အလွန်အမင်း ကြိုးပမ်းဆောင်ရွက်နေပြီး၊ ပင်တဂွန်အနေဖြင့် တရုတ်နိုင်ငံထက် ရှေ့ပိုရောက်ရေး နည်းပညာနှင့် စနစ်သစ်များကို ရှာဖွေရန် တွန်းအားဖြစ်စေသည်ဟု အမေရိကန် ဒုတိယကာကွယ်ရေးဝန်ကြီး ရောဘတ် ၀က်ခ်က
    ယနေ့တွင်ပြောကြားလိုက်သည်။

    ဘောလုံးသမားများမှာ တင်းနစ်သမားများထံမှ သင်ယူနိုင်သည်ဟု မော်ရင်ဟိုဆို
    ……………………..
    ဘောလုံးသမားများအနေဖြင့် တင်းနစ်ကစားသမားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှ အများအပြား သင်ယူနိုင်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။ မော်ရင်ဟိုမှာ တင်းနစ်အားကစားကို အလွန်အမင်းခုံမင်သူဖြစ်ပြီး တင်းနစ်ကစားသမားများ၏ ပြိုင်ပွဲအတွင်း ဖိအားများကို ကိုင်တွယ်နိုင်မှုကိုလည်း အလွန်အထင်ကြီးသူဖြစ်သည်။

    Ref: News agencies

  • စီးရီးအေ အသင်းဟောင်း ပါးမား စီးရီးဒီသို့ တန်းဆင်း

    စီးရီးအေ အသင်းဟောင်း ပါးမား စီးရီးဒီသို့ တန်းဆင်း

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    pama

    – အသင်းအပေါ်၌ တင်ရှိနေသည့် အကြွေးများအား ပေးဆပ်နိုင်ရန်အတွက် တတိယအကြိမ်မြောက် ပိုင်ရှင်သစ်ရှာဖွေမှု မအောင်မမြင်ဖြစ်ခဲ့သည့် အီတလီကလပ် ပါးမားအသင်းမှာ အီတလီ အပျော်တမ်းလိဂ် စီးရီး ဒီ သို့ တန်းဆင်းသွားခဲ့ရသည်ဟု သိရသည်။

    “အသင်းရဲ့ အားကစားဆိုင်ရာ လုပ်ပိုင်ခွင့်တွေအတွက် ကမ်းလှမ်းလာသူမရှိဘူးလို့ ပါးမားအက်ဖ်စီရဲ့ စီမံခန့်ခွဲသူတွေဖြစ်တဲ့ အိန်ဂျယ်လို အန်နက်ဒါနဲ့ ဒေါက်တာ အလ်ဘာတို ဂူအင်တို့က ၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက် နေ့လည် ၂ နာရီမှာ ဆက်သွယ်အကြောင်းကြားလာပါတယ်။ ဒေ၀ါလီခံမယ့် လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ စီစဉ်မှုတွေလုပ်ဖို့ လာမည့်အချိန်တွေမှာ စီမံခန့်ခွဲသူတွေဟာ အကြွေးရှင်တွေရဲ့ ကော်မတီ၊ တရားသူကြီး ဒေါက်တာ ပီယက်ထရို ရိုဂါတိုတို့နဲ့ တွေ့ဆုံသွားပါမယ်” ဟု ပါးမားအသင်း၏ လွှင့်တင်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ယူအီအက်ဖ်အေဖလားကို နှစ်ကြိမ်ရရှိထားပြီး သမိုင်းကြောင်းကောင်းများရှိခဲ့သည့် ပါးမားအသင်းမှာ ယခုနှစ်မတ်လတွင် ဒေ၀ါလီခံခဲ့ပြီဟု ကြေညာခဲ့သည်။ ထို့ကြောင့် အသင်းအား အကြွေးနွံထဲမှ ကယ်တင်ရန်အတွက် ပိုင်ရှင်သစ်ရှာဖွေခဲ့ရပြီး ၀ယ်ယူမည့် အလားအလာရှိသူ ၂ ဦးကို တွေ့ခဲ့ရသော်လည်း ရောင်းဝယ်မှုမှာ ဖြစ်မလာခဲ့ပေ။

    ထို့ကြောင့် ပြီးခဲ့သည့်နှစ်က စီးရီးအေမှ စီးရီးဘီသို့ တန်းဆင်းသွားရသည့် ပါးမားအသင်းမှာ အီတလီအပျော်တန်းလိဂ်ဖြစ်သော စီးရီးဒီတွင် သွားရောက် ကစားရတော့မည်ဖြစ်သည်။

    စီးရီးအေတွင် ကစားစဉ် အမှတ်ပေးဖလား ရရှိခဲ့ခြင်း မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ပါးမားအသင်းမှာ ယူအီးအက်ဖ်အေဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပါးမားမှာ ဥရောပပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း အခွန် ယူရို ၃ သိန်း မပေးနိုင်သည့်အတွက် ပြိုင်ပွဲတွင် ၀င်ရောက်ကစားခွင့် ငြင်းပယ်ခံခဲ့ရသည်။

    Ref : the mirror

  • ဆီးဂိမ်း ဘောလုံးဗိုလ်လုပွဲလက်မှတ် ဈေးတင်ရောင်းမှုကို စင်ကာပူ စုံစမ်းနေ

    ဆီးဂိမ်း ဘောလုံးဗိုလ်လုပွဲလက်မှတ် ဈေးတင်ရောင်းမှုကို စင်ကာပူ စုံစမ်းနေ

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    tick

    – ဆီးဂိမ်း ယူ-၂၃ အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲဖြစ်သည့် မြန်မာနှင့် ထိုင်းအသင်းတို့ပွဲစဉ် လက်မှတ်များကို ဈေးနှုန်းတင်ရောင်းချမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု
    စင်ကာပူဆီးဂိမ်းကျင်းပရေးကော်မတီ SINGSOC က ပြောကြားလိုက်သည်။

    SINGSOC ၏ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူ့ဆက်ဆံရေး အကြီးအကဲ မစ္စတာ တိုဘွန်ယီက ၎င်းတို့မှာ Golden Myanmar Group ဟု အမည်ရသည့် အုပ်စုတစ်ခုကို လက်မှတ်ပေါင်း ၂၀၅၀ ရောင်းချခဲ့ပြီး လက်မှတ်အများအပြားဝယ်ယူခဲ့ခြင်းအတွက် လျှော့ဈေးဖြင့် ပေးခဲ့သည်ဟု မီဒီယာများအား ယမန်နေ့တွင် ပြောကြားခဲ့သည်။ SINGSOC မှာ နောက်ပိုင်းတွင် လျှော့ဈေးဖြင့်
    ရောင်းချမှုကို ဖျက်သိမ်းခဲ့ပြီး ပုံမှန်ဈေးကို စင်ကာပူဒေါ်လာ ၂၀ သတ်မှတ်ခဲ့သည်။

    “လက်မှတ်တွေကို ၂၅ ဒေါ်လာနဲ့ ရောင်းခဲ့ပြီး တင်ရောင်းတဲ့ ငွေကို ပရဟိတအကြောင်းအရင်းအတွက် လှူခဲ့တယ်လို့ ကျွန်တော်တို့ အခု သိရပါတယ်။ SINGSOC က ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆန်းစစ် သုံးသပ်နေပါတယ်” ဟု မစ္စတာတိုက ဆိုပြီး
    လက်မှတ်မှောင်ခိုရောင်းချမှုနှင့် ပတ်သက်၍ SINGSOC က အသေအချာ ဆန်းစစ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Myanmar Football Lovers ဟု အမည်ရသည့် Facebook စာမျက်နှာတွင် အဆိုပါ လက်မှတ်ကိစ္စကို လွှင့်တင်ခဲ့ပြီးနောက်ပိုင်း စက်ကာပူဘက်က အာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။

    မြန်မာစာဖြင့်ရေးထားသည့် အဆိုပါစာမျက်နှာတွင် ပင်နီဆူလာပလာဇာရှိ ဆိုင်တစ်ဆိုင်မှာ လက်မှတ်များကို သာမန်ဈေးထက် ပိုတင်၍ ရောင်းချသည်ဟု ရေးသားထားပြီး ဇွန်လ ၁၅ ရက်နေ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမတိုင်ခင် တစ်ရက်က မြန်မာနှင့် ထိုင်းအသင်းတို့၏ အဆိုပါပွဲအတွက် လက်မှတ်တစ်စောင်ကို ထိုဆိုင်က စင်ကာပူ ၂၅ ဒေါ်လာဖြင့် ရောင်းချခဲ့သည်ဟု ဆိုသည်။

    “ဆိုင်ပိုင်ရှင်က သူတို့ဟာ လက်မှတ်တစ်စောင်ကို ဒေါ်လာ ၂၀ နဲ့ဝယ်ပြီး ၅ ဒေါ်လာအမြတ်တင်ရောင်းတယ်လို့ ပြောပါတယ်။ ပြီးတော့ အဲဒီအမြတ်တွေအားလုံး (ဒေါ်လာ ၈၅၀၀) ကို မြန်မာယူ၂၃ အသင်းကို လှူဒါန်းသွားမယ်လို့ ပြောပါတယ်” ဟု Myanmar Football Lovers စာမျက်နှာတွင် ရေးသားထားသည်။

    “တကယ်လို့ ဆီးဂိမ်းလက်မှတ် အစောင် ၁၀၀ ကျော်ဝယ်ရင် တစ်စောင်ကို ၁၃ ဒေါ်လာလောက်ပဲ ကျမှာပါတယ်။ ဈေးနှုန်းကို လက်မှတ်မှာ ရေးထားပါတယ်။ စင်ကာပူရဲတပ်ဖွဲ့၊ IRAS နဲ့ SIGSOC တို့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်” ဟု ထိုစာမျက်နှာတွင် ထည့်သွင်းရေးသားထားသည်။

    Ref: Channelnewsasia

  • အိမ်အကူလုပ်သားများ တိုင်ကြားနိုင်ရန် ဖုန်းလိုင်းတစ်ခု လက်ဘနွန်စီစဉ်ပေး

    အိမ်အကူလုပ်သားများ တိုင်ကြားနိုင်ရန် ဖုန်းလိုင်းတစ်ခု လက်ဘနွန်စီစဉ်ပေး

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    – နိုင်ငံအတွင်းရှိ အိမ်အကူ အမျိုးသမီးအလုပ်သမားများအနေဖြင့် စော်ကားခံရမှုများ သို့မဟုတ် ဆိုးဝါးစွာ ဆက်ဆံခံရမှုများအတွက် တိုင်ကြားနိုင်ရန်နှင့် အကူအညီရယူနိုင်ရန် ၂၄ နာရီ ဆက်သွယ်အသုံးပြုနိုင်မည့် ဖုန်းလိုင်းတစ်လိုင်းကို လက်ဘနွန်အစိုးရက စီစဉ်ပေးခဲ့သည်ဟု သိရသည်။

    လက်ဘနွန်မှာ ကာဖာလာ စပွန်ဆာအစီအစဉ်အောက်တွင် နိုင်ငံအတွင်း ရွှေ့ပြောင် အိမ်အကူလုပ်သား ၂ သိန်းကျော်ကို အလုပ်အကိုင်များ ပေးထားသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO ၏ ပြောကြားမှုအရ သိရသည်။ အဆိုပါ အစီအစဉ်အရ အိမ်အကူ အမျိုးသမီးများမှာ အလုပ်ရှင်တစ်ဦး၏ အိမ်တွင်သာ အလုပ်လုပ်ရပြီး ဥပဒေအရ ကာကွယ်ပေးခံရမှုများ မရှိချေ။

    ယခု တိုင်ကြားနိုင်သည့် ဖုန်းလိုင်းကို ကိုင်တွယ်စီစဉ်သူများမှာ တိုင်ကြားမှုများအား မှတ်တမ်းတင်ထားမည်ဖြစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု၊ ဥပဒေရေးရာ အကူအညီပေးရေးဌာနှင့် သက်ဆိုက်ရာ အစိုးရအသင်းအဖွဲ့များသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။

    “ဒီစီမံကိန်းဟာ အလုပ်သမားဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို လက်တွေ့ အကောင်အထည်ဖော်တာဖြစ်ပါတယ်။ အိမ်အကူအလုပ်သမားတိုင်းဟာ အခုဆိုရင် ဘလ်လိုနာကျင်မှုမျိုး ဒါမှမဟုတ် ဘယ်လိုချိုးဖောက်မှုမျိုးကိုမဆို ခံရတဲ့အချိန်မှာ တိုင်ကြားနိုင်ဖို့ လိပ်စာရှိသွားပါပြီ။ အဲဒီလိပ်စာကတော့ အလုပ်သမား ၀န်ကြီးဌာနပါပဲ” ဟု လက်ဘနွန် အလုပ်သမားရေးရာဝန်ကြီး ဆီဂျန် အဇ်ဇီက ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းရှိ ၅၃ သန်းသော အိမ်အကူလုပ်သားများတွင် ၈၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်ဟု ILO က ဆိုသည်။ ၎င်းတို့မှာ မကြာခဏ စာရင်းသွင်းခြင်း မခံရဘဲ၊ အလုပ်သမားဥပဒေများဖြင့်လည်း ကာကွယ်ပေးခြင်းမခံရကာ ကမ္ဘာပေါ်တွင် ချို့တဲ့မှုအများဆုံး
    အလုပ်သမားအုပ်စုများထဲမှ တစ်ခုဖြစ်သည်။

    အိမ်အကူလုပ်သားများအတွက် အရှေ့အလယ်ပိုင်းတွင် အသုံးပြုသော ကာလာဖာအစီအစဉ်တွင် အလုပ်သမားများမှာ အလုပ်ပြောင်းရန်အတွက် အလုပ်ရှင်၏ ခွင့်ပြုချက်လိုအပ်ပြီး ထိုအလုပ်သမားများအပေါ်တွင် အလုပ်သမားဥပဒေများ သက်ရောက်ခြင်း မရှိပေ။ လက်ဘနွန်ရှိ အိမ်အကူ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများမှာ အီသီယိုးပီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နှင့်
    သီရိလင်္ကာတို့မှ ဖြစ်ကြသည်။

    Ref: Alarabiya

  • ရာသီဥတုပြောင်းလဲခြင်းက ကမ္ဘာ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေဖြစ်နေ

    ရာသီဥတုပြောင်းလဲခြင်းက ကမ္ဘာ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေဖြစ်နေ

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    world

    – ရာသီဥတုပြောင်းလဲမှုမှ လူသားများ၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုမှာ အလွန်ကြီးမားလာပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း ရရှိခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် ကမ္ဘာ့ကျန်းမာရေးတို့ကို အခြေပျက်သွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက ယနေ့တွင် သတိပေးပြောကြားလိုက်သည်။

    ရေကြီးမှု၊ အပူလှိုင်းများကဲ့သို့ ဆိုးရွားသော ရာသီဥတုများမှာ ကူးစက်တတ်သော ရောဂါများ၊ အဟာရချို့တဲ့မှုနှင့် စိတ်ဖိစီးမှုအန္တရာယ် မြင့်မားမှုတို့ကို ဖြစ်စေသည်ဟုလည်း The Lancet ဆေးပညာဂျာနယ်၌ ဖော်ပြထားသော အစီရင်ခံစာတွင် ပညာရှင်များက ပြောကြားခဲ့သည်။

    လူဦးရေထူထပ်သောမြို့များတွင် အချိန်ကြာရှည်စွာ အလုပ်လုပ်ရသည့် အလုပ်သမားများအတွက် လမ်းလျှောက်ရန်၊ စက်ဘီးစီးရန်နှင့် အနားယူရန် နေရာမရှိခြင်းက နှလုံး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးတို့ကို ဆိုးဝါစေသည်ဟု ဆိုသည်။

    ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးတွင် စက်မှုလုပ်ငန်း မထွန်းကားခင်အရင်ကထက် ပျမ်းမျှအပူချိန်မှာ ၂ ဒီဂရီဆဲလ်စီးယက်စ် တက်လာခဲ့ပြီး သိပ္ပံပညာရှင်များကမူ လက်ရှိအရှိန်အဟုန်အရ ၄ ဒီဂရီ ဆဲလ်စီးယက်စ် ၀န်းကျန်အထိ ရောက်ရှိသွားနိုင်ပြီး မိုးခေါင်မှု၊ ရေကြီးမှု၊ လေမုန်းတိုင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည့် အန္တရာယ်များ ရှိနေသည်ဟု ဆိုသည်။

    “ဒါဟာ တော်တော်ဆိုးရွားပြီး လူသားတွေရဲ့ ကျန်းမာရေးနဲ့ ရှင်သန်မှုအတွက် ကြီးမားတဲ့ သက်ရောက်မှုမျိုးဖြစ်လာဖို့ အလားအလာရှိပါတယ်။ ရာသီဥတုပြောင်းလဲမှုကို အဓိကကျန်းမာရေးပြဿနာလို့ ကျွန်မတို့ ရှုမြင်ပါတယ်။ ပြီးတော့ ပေါ်လစီဆိုင်ရာဆွေးနွေးမှုတွေမှာ ဒါက အမြဲလိုလို လစ်လျူရှုခံရတဲ့ ပြဿနာပါပဲ” ဟု လန်ဒန် တက္ကသိုလ် UCL မှ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ဒါရိုက်တာဖြစ် အန်သိုနီ ကော်စတယ်လိုက ပြောကြားခဲ့သည်။

    အဆိုပါအစီရင်ခံစာမှာ ဥရောပနှင့် တရုတ်နိုင်ငံများမှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များ ပထ၀ီပညာရှင်များ၊ လူမှုရေးရာ၊ သဘာဝပတ်ဝန်းကျင်ရေးရာနှင့် စွမ်းအင်ဆိုင်ရာ သိပ္ပံပညာရှင်များ၊ ဇီဝညီညွတ်မှုဆိုင်ရာ သိပ္ပံပညာရှင်များနှင့် ကျန်မာရေးပညာရှင်များ ပါဝင်ဆောင်ရွက်ခဲ့သည့် လေ့လာမှုမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

    ထို့ပြင် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာအောင် လုပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးအတွက် တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ အကျိုးသက်ရောက်မှုရှိကြောင်း လေထုညစ်ညမ်းမှုကို လျော့ချခြင်းမှ အစားသောက် ရွေးချယ်စားသောက်ခြင်းကို တိုးတက်အောင် ဆောင်ရွက်ခြင်းအထိ အားထုတ်မှုများမှာ ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး တိုးတက်မှုအတွက် ကြီးမားသော အခွင့်အလမ်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို လျှော့ချခြင်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို လျော့ကျစေပြီး ပြည်သူများအနေဖြင့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းတို့မှာ လေထုညစ်ညမ်းမှု၊ ယာဉ်မတော်တဆမှုများ၊ အ၀လွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို လျော့ကျစေသည်ဟုလည်း ပညာရှင်များက အဆိုပါ အစီရင်ခံစာတွင်ဖော်ပြခဲ့သည်။

    Ref: Channelnewsasia