News @ M-Media

Author: Ko Lay

  • အသင်းအား အောင်မြင်အောင် ဆောင်ရွက်မည်ဟု အေစီမီလန် နည်းပြပြော

    အသင်းအား အောင်မြင်အောင် ဆောင်ရွက်မည်ဟု အေစီမီလန် နည်းပြပြော

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    ac

    – မိမိအနေဖြင့် အေစီမီလန်တွင် အောင်မြင်ကာ အသင်းကိုလည်း ဥရောပဘောလုံးလောက၏ ကြီးကျယ်သည့်အင်အားအဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အသင်း၏ ဆားဘီးယားနည်းပြသစ် ဆီနီဆာ မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။

    ဆမ်ဒိုးရီးယားမှ ထွက်ခွာခဲ့သည့် မီဟိုင်းလိုဗစ်ခ်ျမှာ ယခုလအစောပိုင်းတွင် အေစီမီလန်နှင့် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း မီလန်၏ ကျဆင်းမှုကို ရပ်တန့်ရန် ခက်ခဲသည့်စမ်းသပ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

    အသင်း၏ အခြေအနေဆိုးရွားမှုကို အဆုံးမသတ်နိုင်ခဲ့ဘဲ အဆင့် ၁၀ နေရာတွင် ရှိနေခဲ့ခြင်းက နည်းပြဟောင်းအင်ဇာဂီကို ထုတ်ပယ်ခံရသည်အထိ ဖြစ်စေခဲ့သည်။

    ဆမ်ဒိုးရီးယားအသင်းအား ပြီးခဲ့သည့်ရာသီတွင် ဥရောပ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မီဟိုင်းလိုဗစ်ခ်ျကမူ ၎င်း၏ အောင်မြင်လိုစိတ်ကြီးမားမှုကို ထောက်ပြကာ အသင်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

    “တကယ်လို့ သင်ဟာ မီလန်မှာရှိပြီဆိုရင် အနိမ့်ပျံလို့ မရပါဘူး။ အကြီးကြီးစဉ်းစားဖို့နဲ့ ကြီးကျယ်တဲ့ ပန်းတိုင်တွေကိုရောက်ဖို့ တွန်းအား ဖြစ်လာပါပြီ။ ပြီးတော့ မီလန်ကို ထိုက်တန်တဲ့နေရာဆီ ပြန်ပို့ဖို့ ကျွန်တ်ာတို့ အရာရာတိုင်းကို လုပ်ဆောင်သွားမှာပါ။ လွယ်တော့လွယ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက အသင်း၏ စပွန်ဆာ အခမ်းအနားတွင် ပြောကြားခဲ့သည်။

    မီဟိုင်းလိုဗစ်ခ်ျမှာ အင်တာမီလန်အသင်းနှင့် အောင်မြင်ခဲ့သူလည်းဖြစ်ပြီး နည်းပြဟောင်း အန်ဆယ်လော့တီကို ခေါ်ယူရန် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အေစီမီလန်က ၎င်းအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • ခွဲထွက်ရေးအလံကို ဖယ်ရှားရန် တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး တိုက်တွန်း

    ခွဲထွက်ရေးအလံကို ဖယ်ရှားရန် တောင်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး တိုက်တွန်း

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    us

    – ခွဲထွက်ရေးသဘောတရားများ ပါဝင်ပြီး တောင်ပိုင်းဒေသများတွင် အသုံးပြုလေ့ရှိသည့် ကွန်ဖက်ဒရိတ်အလံကို ပြည်နယ်လွှတ်တော်မြေမှ ဖယ်ရှားရန်တွက် တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးက တိုက်တွန်းနှိုးဆော်လိုက်သည်။

    ချာလ်စတန်မြို့ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းကို လူဖြူတစ်ဦးက တိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ကွန်ဖက်ဒရိတ်အလံအား တောင်းပိုင်းပြည်နယ်များတွင် အသုံးပြုမှုနှင့်စပ်လျဉ်း၍ ဝေဖန်မှုများ မြင့်တက်လာသည့်အချိန်တွင် အုပ်ချုပ်ရေးမှူး နစ်ကီ ဟာလေးက ယမန်နေ့တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    အဆိုပါ ပစ်ခတ်မှုကို ကျူးလွန်သူ အသက် ၂၁ နှစ်အရွယ် ဒိုင်လန် ရုဖ်မှာ လူဖြူလူမျိုးကြီးဝါဒ ကြီးစိုးခြင်းခံရပြီး ၎င်း၏ ကြေညာစာတမ်းတွင် လူမည်းများကို နှိမ့်ချစော်ကားသော အသုံးအနှုန်းများဖြင့် ရေးသားခဲ့သည်။ ထို့ပြင် ကွန်ဖက်ဒရိတ်အလံအား ဝှေ့ယမ်းသည့်ဓာတ်ပုံများ၊
    အမေရိကန်အလံကို မီးရှို့သည့် ၎င်း၏ ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်။

    “ချာလ်စတန်မှာ အဖမ်းခံထားရတဲ့ လူသတ်သမားက သူရဲ့လုပ်ရပ်တွေကနေ လူမျိုးရေးစစ်ပွဲ စတင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ သူဟာ မှာယွင်းတယ်ဆိုတာသာမက ဖြစ်ပျက်ခဲ့တာတွေကို ဆန့်ကျင်တယ်ဆိုတာကို ပြသဖို့ ကျွန်မတို့မှာ အခွင့်အရေးတစ်ခု ရှိနေပါပြီ။ ကျွန်မရဲ့ မျှော်လင့်ချက်ကတော့ ကျွန်မတို့ကို သွေးကွဲစေတဲ့ အမှတ်အသားကို ဖယ်ရှားခြင်းအားဖြင့်
    တိုင်းပြည်ကို သဟဇာတရှိစွာ ရှေ့ဆက်ဖို့နိုင်ဖို့ပါပဲ” ဟု ဟာလေးက ပြောကြားခဲ့သည်။

    us 2

    ကွန်ဖက်ဒရိတ်အလံကို တောင်ကယ်ရိုလိုင်းနားမြို့တော် ကိုလံဘီယာရှိ ပြည်နယ်လွှတ်တော်တွင် လွှင့်ထူထားသည်မှာ ရာစုနှစ်ဝက်ခန့် ရှိပြီဖြစ်သည်။ ဘုရားကျောင်းတိုက်ခိုက်ခံရမှုကို အာဏာပိုင်များက အမုန်းအခြေခံသည့် ရာဇ၀တ်မှုနှင့် အာကြမ်းဖက်မှုလုပ်ရပ်အဖြစ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ကွန်ဖက်ဒရိတ်အလံကို ၁၈၆၁ ခုနှစ်မှ ၆၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အမေရိကန် ပြည်တွင်းစစ်ပွဲအတွင်း ကျွန်စနစ်ကိုလိုလားကာ ခွဲထွက်လိုသည့် တောင်ပိုင်းပြည်နယ်များက အသုံးပြုခဲ့ကြသည်။

    Ref: Aljazeera

  • ဖီဖာဥက္ကဌအဖြစ် ၀င်ပြိုင်ရန် မာရာဒိုနာ စီစဉ်နေ

    ဖီဖာဥက္ကဌအဖြစ် ၀င်ပြိုင်ရန် မာရာဒိုနာ စီစဉ်နေ

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    raradona

    – ယခုနှစ်အတွင်း ကျင်းပပြုလုပ်ရန် ရှိနေသည့် ဖီဖာဥက္ကဌရွေးကောက်ပွဲတွင် အာဂျင်တိုင်း ဂန္တ၀င်ကစားသမား မာရာဒိုနာက ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု ၎င်း၏ ရင်းနှီးသော သူငယ်ချင်း ဗစ်တာ ဟူဂို မိုရေးလ်စ်က ပြောကြားခဲ့သည်။

    မကြာသေးခင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မာရာဒိုနာမှာ ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ်-ဟူစိန်အတွက် မဲဆွယ်ပေးခဲ့သော်လည်း ဘလတ္တာသာလျှင် ပြန်၍ အနိုင်ရရှိခဲ့သည်။

    ဖီဖာအတွင်း လာဘ်ပေးလာဘ်ယူ ပြဿနာများကြောင့် ရွေးချယ်ခံရပြီး ၄ ရက်အကြာ ဘလတ္တာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည့်နောက်တွင် အလ်-ဟူစိန်မှာ ဥက္ကဌဖြစ်လာရန် ရေပန်းစားနေပြီး မာရာဒိုနာကမူ စောစောပိုင်းတွင် အလ်-ဟူစိန် ဥက္ကဌဖြစ်ပါက မိမိမှာ ဒုတိယဥက္ကဌဖြစ်လာနိုင်သည်ဟု ဆိုသည်။

    သို့သော်လည်း ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် မာရာဒိုနာနှင့်တွဲကာ ရုပ်သံအစီစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည့် ဥရုဂွေးဂျာနယ်လစ် မိုရေးလ်စ်ကမူ မာရာဒိုနာမှာ ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် မျက်စပစ်နေသည်ဟု ဆိုသည်။

    “ဖီဖာဥက္ကအဖြစ် ၀င်ပြိုင်တော့မယ်လို့ သူက ကျွန်တော့်ကို ပြောခဲ့ပြီး လူတွေကို အသိပေးဖို့လည်း ကျွန်တော့်ကို တာဝန်ပေးခဲ့ပါတယ်။ ဖီဖာ ဥက္ကဌနေရာအတွက် စကာတင်စာရင်းနဲ့ပတ်သက်ပြီး ကျွန်တော်သူကို အကြံပေးခဲ့တဲ့အခါ ‘ငါဟာ ၀င်အရွေးခံမယ့်သူဖြစ်တယ်’ လို့ သူပြောလေ့ရှိပါတယ်” ဟု မိုရေးလ်စ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့ဖူးသည့် မာရာဒိုနာမှာ ၎င်း၏ ကစားသမားဘ၀တစ်လျှောက်တွင် အကောင်းနှင့်အဆိုး ရောထွေးခဲ့ပြီး ဖီဖာဥက္ကဌဖြစ်လာပါက စိတ်ဝင်စားဖွယ်ကောင်းသည့် အခြေအနေများ ထွက်ပေါ်လာဖွယ်ရှိနေသည်။

    Ref: Goal

  • မလေးရှားရှိ မွတ်စလင်မဟုတ်သူများ ရမ်ဇာန်၏ ပျော်ရွှင်မှုများကို မျှဝေ

    မလေးရှားရှိ မွတ်စလင်မဟုတ်သူများ ရမ်ဇာန်၏ ပျော်ရွှင်မှုများကို မျှဝေ

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    malay

    – ဘာသာတရား ကွဲပြားခြားနားမှုကို ဘေးဖယ်ကာ ရမ်ဇာန်ဥပုသ်လ၏ အနှစ်သာရကို အားပေးလျက် မလေးရှားရှိ အစ္စလာမ်ဘာသာဝင်မဟုတ်သူများမှာ ရမ်ဇာန်အတွင်း မွတ်စလင်တို့၏ အစ်ဖ်သာရ် (၀ါဖြေပွဲ) တွင် ပါဝင်လိုသည့် ဆန္ဒများနှင့် ပျော်ရွှင်မှုများကို ဖော်ပြကြသည်။

    “ဟင်းလျာအများအပြားကို တွေ့ရတာဟာ ဥပုသ်လမှာပါပဲ။ အထူးသဖြင့် အမြဲတမ်းပြင်ဆင်လေ့မရှိတဲ့ ဟင်းလျာတွေပေါ့။ ဒါမျိုးတွေကို (အရင်လတွေမှာ) နေ့တိုင်း စားလို့မရတာကြောင့် ဒီအစားအသောက်တွေအားလုံးကို မြည်းစမ်းကြည့်ဖို့ ကျွန်တော် စိတ်လှုပ်ရှားပါတယ်” ဟု အသက် ၂၉ နှစ်အရွယ် ဂျီအန် ယိုရာ မာဟင်က Bernama သတင်းအေဂျင်စီသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်သည့် ရမ်ဇာန်ဥပုသ်လမှာ မလေးရှားတွင် ဇွန်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။

    ရမ်ဇာန်ဥပုသ်လတွင် ကျန်းမာရေးချို့တဲ့သူများ၊ ခရီးသွားသူများမှလွဲ၍ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလဆောက်တည်ရန်မှာ မလုပ်မနေရ တာဝန်ဖြစ်သည်။

    မလေးရှားတွင် အစ္စလာမ်ဘာသာဝင်မဟုတ်သူများမှာ ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် ၀ါဖြေပွဲများတွင် ပါဝင်ခြင်းဖြင့် အစ္စလာမ်သာသာဝင်များနှင့် နီးကပ်ခွင့်ရရှိလေသည်။

    “ရမ်ဇာန်မှာ ကျွန်မ ဥပုသ်မစောင့်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ မွတ်စလင်လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ၀ါဖြေရတာကိုတော့ နှစ်သက်ပါတယ်” ဟု အသက် ၂၄ နှစ်အရွယ် ရေချယ် ဘက်စ်နာယာကီက ပြောကြားခဲ့သည်။

    ထို့ပြင် ရမ်ဇာန်ညဈေးရှိ ဆိုင်များ၌ ရောင်းချသည့် tuhau နှင့် jeruk bambangan စသည့် အစားအသောက်များက သူမကြိုက်နှစ်သက်သည့် အစားအစာများထဲတွင် ပါဝင်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်သည့် စတီဗင်လွီကလည်း တူညီသော သဘောထားကို ဖွင့်ဟခဲ့သည်။

    “အစားသောက်တွေကို ကျွန်တော်နှစ်သက်ပါတယ်။ များသောအားဖြင့် ဥပုသ်လမှာပေါ့။ အစားအသောက်အားလုံးကို စားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ရမ်ဇာန်လမြတ်မှာ ၀တ်ပြုဆုတောင်းမှုများကို များမြောင်စွာ လုပ်ဆောင်ရသည့် လလည်းဖြစ်ပြီး မွတ်စလင်များက အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်စေရန် ၀တ်ပြုဆုတောင်းမှုများကို အချိန်ပေး၍ ပိုမိုလုပ်ဆောင်ကြသည်။

    ပုံမှန် တစ်နေ့ငါးကြိမ် ၀တ်ပြုမှုအပြင် မွတ်စလင်များမှာ ညဥ့်ဦးယံဝတ်ပြုမှုပြီးနောက် အထူးဝတ်ပြုမှုဖြစ်သည့် သာရာဝီဆွလားသ်ကိုလည်း ယခုလတစ်လလုံး ၀တ်ပြုဆောက်တည်ကြသည်။

    ထို့ပြင် မွတ်စလင်အများစုမှာ ယခုလတွင် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကိုသော် လည်းကောင်း၊ အများစုကိုသော် လည်းကောင်း ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိကြသည်။

    မလေးရှားနိုင်ငံ၏ ၂၆ သန်းသော လူဦးရေတွင် ၆၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်မှာ ၉.၁ ရာခိုင်နှုန်းရှိသည်။

    ဗုဒ္ဓဘာသာဝင်များမှာ ၁၉.၂ ရာခိုင်နှုန်းရှိပြီး၊ ဟိန္ဒိုကမူ ၆.၃ ရာခိုင်နှုန်းရှိကာ တရုတ်းရိုးရာ နတ်ကိုးကွယ်မှုများလည်း အများအပြား ရှိနေသည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (ဇွန် ၂၂၊ ၂၀၁၅)

    ဇွန် ၂၂၊ ၂၀၁၅
    M-Media

    အာဖဂန်လွှတ်တော်ကို တာလီဘန်တို့ တိုက်ခိုက်
    ………………………….
    ကာကွယ်ရေးဝန်ကြီးသစ်ရွေးချယ်ရန် ယနေ့တွင် လွှတ်တော်အမတ်များက ဆွေးနွေးနေသည့်အချိန် အာဖဂန်လွှတ်တော် ဂိတ်ဝ၌ တာလီဘန်အသေခံ ဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့ပြီး အခြားသေနတ်သမား ၆ ဦးကလည်း ပါလီမန်အနီးရှိ အဆောက်အအုံတွင် နေရာယူကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း လွှတ်တော်အမတ်များ ထိခိုက်မှုမရှိခဲ့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ၂
    နာရီကြာ ပစ်ခတ်မှုအတွင်း သေနတ်သမား ၆ ဦးစလုံးကို သုတ်သင်နိုင်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၃၀ ဒဏ်ရာရရှိခဲ့သည်။

    ဥရောပသို့ လူကုန်ကူးသည့် ဂိုဏ်းများကို ရေတပ်ဖြင့် တားဆီးမည်
    ……………………………….
    ရွှေ့ပြောင်းနေထိုင်သူများအား လစ်ဗျားနိုင်ငံမှ ဥရောပသို့ လူကုန်ကူးသည့် ဂိုဏ်းများကို ရေတပ်စစ်ဆင်ရေး ပြုလုပ်တားဆီးရန်အတွက် ဥရောပနိုင်ငံခြားရေးဝန်ကြီးများက ယနေ့တွင် သဘောတူခဲ့ကြသည်။ သို့သော်လည်း ကုလ၏ လုပ်ပိုင်ခွင့် မရှိသေးသောကြာင့် စစ်ဆင်ရေးကို လက်ရှိအချိန်တွင် ပြုလုပ်မည်မဟုတ်သေးဘဲ ထောက်လှမ်းရေးသတင်းအချက်အလက်များ စုဆောင်းမှုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

    မားစ်ကြောင့် တောင်ကိုရီးယားတွင် လူ ၂ ဦး ထပ်သေ
    …………………………….
    တောင်ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါပိုးကြောင့် နောက်ထပ် ၂ ဦးသေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့ပြီး မားစ်ကြောင့် သေဆုံးသူဦးရေမှာ ၂၇ ဦးအထိ ရှိလာပြီဖြစ်သည်။ သေဆုံးသွားသူများမှာ အသက် ၈၀ ကျော်အရွယ်များဖြစ်ပြီး ကူးစက်မှုမှာ ၃ ဦးထပ်တိုးလာကာ စုစုပေါင်း ၁၇၂ ဦးအထိ ရှိလာပြီဖြစ်သည်။

    ကမ္ဘာဖလားအတွက် ရန်ပုံငွေ ရုရှားဖြတ်တောက်
    …………………………………..
    ၂၀၁၈ ကမ္ဘာ့လား ပြိုင်ပွဲကျင်းပရေး ရန်ပုံငွေမှ ကန်ဒေါ်လာ သန်း ၅၆၀ လျှော့ချရန် ရုရှားအစိုးရက အမိန့်ပေးခဲ့သည်။ ပြိုင်ပွဲကျင်းပရန်အတွက် ရုရှားမှာ စောစောပိုင်းက ကန်ဒေါ်လာ ၁၂.၃ ဘီလီယံ သုံးစွဲရန် သတ်မှတ်ထားပြီး ယခုတွင် ၁၁.၇၈ ဘီလီယံသာ သုံးစွဲတော့မည်ဖြစ်သည်။ ထိုကဲ့သို့ ရန်ပုံငွေဖြတ်တောက်ခြင်းကြောင့် ပြိုင်ပွဲအတွက် ဆောက်လုပ်မည့် ဟိုတယ်များအတွက် စိုးရိမ်မှုများ
    ရှိနေသည်ဟု အားကစားဝန်ကြီ ဗီတာလီ မတ်ကိုက ပြောကြားခဲ့သည်။

    Ref: News agencies