News @ M-Media

Author: Ko Lay

  • နာဇီစင်္ကြာတံဆိပ်အတွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကို တရားစွဲမည်

    နာဇီစင်္ကြာတံဆိပ်အတွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကို တရားစွဲမည်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    croatia

    – အီတလီနှင့် ကစားခဲ့သည့်ပွဲတွင် ကွင်းအတွင်း မြက်ခင်းပြင်ပေါ်၌ နာဇီစင်္ကြာတံဆိပ် ပေါ်ခဲ့သည့်တွက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်အား တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု ယူအီးအက်ဖ်အေ ပြောကြားလိုက်သည်။

    ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ခရိုးရှားတွင် ပြီးခဲ့သည့် သောကြာနေ့က ကစားခဲ့သည့် အဆိုပါပွဲ၌ အိမ်ရှင် ခရိုအေးရှားအသင်းကွင်းဘက်တွင် နာဇီစင်္ကြာတံဆိပ်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ပထမပိုင်းအပြီး၌ ဖျက်ခဲ့သော်လည်း အကုန်ဖျက်၍ မရခဲ့ပေ။

    ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က တောင်းပန်ခဲ့သည်။ သို့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက စုံစမ်းစစ်ဆေးများ ပြုလုပ်နေပြီး လူမျိုးရေးခွဲခြားသည့် အပြုအမူနှင့် ဆက်စပ်သည့် ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှုဖြင့် ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်အား တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု အတည်ပြုခဲ့သည်။

    မတ်လကလည်း နော်ဝေအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ခရိုအေးရှားပရိတ်သတ်များက လူမျိုးရေးခွဲခြားသည့် ကြွေးကျော်သံများကို ကြွေးကြော်ခဲ့သောကြောင့် အီတလီနှင့်ပွဲတွင် ပရိတ်သတ်မပါဘဲ ကွင်းပိတ်ကစားရန် ယူအီးအက်ဖ်အေက ခရိုအေးရှားအသင်းအား ပြစ်ဒဏ်ချမှတ်ခဲ့သည်။

    ခရိုအေးရှားအပြင် ရိုးမေးနီးယားနှင့် သရေကျခဲ့သောပွဲတွင် “ကွင်းအတွင်း မီးရှူးမီးပန်းများနှင့် အရာဝတ္ထုများ ပစ်ပေါက်မှု” ဖြင့် အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ကိုလည်းကောင်း၊ အစ္စရေးနှင့်ပွဲတွင် “နိုင်ငံတော်သီချင်း သီဆိုမှုအား နှောက်ယှက်မှု၊ မီးရှူးမီးပန်းများနှင့် အရာဝတ္ထုများ ပစ်ပေါက်မှုနှင့် လူမျိုးရေးခွဲခြားသော အပြုအမူ” များအတွက် ဘော့စနီးယား ဟာဇိဂိုဗီနာ
    ဘောလုံးအဖွဲ့ချုပ်ကိုလည်းကောင်း တရားစွဲဆိုရန် ယူအီးအက်ဖ်အေက စုံစမ်းမှုများ ပြုလုပ်နေသည်။

    Ref: Goal

  • ရမ်ဇာန်တွင် မွတ်စလင်များ ပရဟိတလုပ်ငန်းများ တိုးမြှင့်

    ရမ်ဇာန်တွင် မွတ်စလင်များ ပရဟိတလုပ်ငန်းများ တိုးမြှင့်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    ramdan

    – မကြာမီကျရောက်လာတော့မည့် ရမ်ဇာန်ဥပုသ်လကို ကြိုဆိုသောအနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာကြပြီး ဥပုသ်လအတွင်းတွင်လည်း ဆင်းရဲသားများ၊ အိမ်ယာမဲ့များကို အစားသောက်များ ဝေငှလှူဒါန်းမှုများ ပြုလုပ်ရန် စီစဉ်နေကြသည်။

    “ခက်ခဲပေမယ့် ဒီရမ်ဇာန်လက ဘာမှမရှိဘဲနဲ့ ဖြတ်သန်းနေရတဲ့ ဘ၀တွေဟာ ဘယ်လိုလဲဆိုတာကို နားလည်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ တစ်ခုခုကို ပြန်မျှဖို့လည်း ဖြစ်ပါတယ်။ ပြီးတော့ ဒီလဟာ အိမ်ယာမဲ့သူတွေ၊ ချို့တဲ့သူတွေကို ကျွန်တော်တို့မှာရှိတာတွေ ပြန်လည်မျှဝေဖို့ အခွင့်အရေးဖြစ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်” ဟု အင်္ဂလန်ရှိ ဘာမင်ဂမ်
    အနောက်မြောက်ပိုင်း ၀ဲလ်ဆောလ်မှ As Suffa ပရဟိတအစီအစဉ် အကြီးအကဲဖြစ်သူ နဒီမ်း အက်ရှ်ရက်ဖ်က ပြောကြားခဲ့သည်။

    ဇွန်လ ၁၈ ရက်နေ့တွင် ကျရောက်မည့် ရမ်ဇာန်ဥပုသ်လအတွက် ပြင်ဆင်နေသော အက်ရှ်ရက်ဖ်တို့အဖွဲ့မှာ ဥပုလ်လအတွင်း တစ်ရက်လျှင် အိမ်ယာမဲ့ ၄၀ ကို ကျွေးမွေးသွားမည်ဖြစ်ကာ ထိုအစီအစဉ်တွင် ပါဝင်မည့် စေတနာ့ဝန်ထမ်းများက အစားအသောက်များကို ရမ်ဇာန်တစ်လလုံး လိုက်လံဝေငှသွားမည်ဖြစ်သည်။

    As Suffa မှာ အာရဗီအသံထွက်ဖြစ်ပြီး “နေရာထိုင်ခင်း” ဟု အဓိပ္ပါယ်ရသည်။ ထိုအစီအစဉ်ကို အလ်တက်ဖ်ကာဇီနှင့် ဇာကီရန် ၀ါလီမီယာတို့က ပြီးခဲ့သည့်နှစ်မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တစ်ပတ်လျှင် ၂ ကြိမ်ကျ အိမ်ယာမဲ့များနှင့် ချို့တဲ့သူများကို အစားသောက်များ လှူဒါန်း ဝေငှခဲ့ကြသည်။

    စားသောက်ဆိုင်များကလည်း ၎င်းတို့၏ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၎င်းတို့ စတင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ လူပေါင်း ၃ ထောင်ကျော်ကို အစားသောက်များ ဝေငှနိုင်ခဲ့သည်။

    ဆော်ဒီတွင်လည်း ဆောင်ရွက်

    ဆောဒီအာရေဗျရှိ Al-Margab ရုပ်သံလိုင်းမှ Al-Khair Yagmana (ပျော်ရွှင်မှုအတွက် စုစည်းခြင်း) အစီအစဉ်ကို စီစဉ်တင်ဆက်သည့် မိုဟ်ဆင် ရှိခ် အလ်-ဟာဆန်က ရမ်ဇာန်လအတွင်း လှူဒါန်းမှုများ ပြုလုပ်ရန် ရန်ပုံငွေများကို ကောက်ခံနေသည်။

    “ထင်ရှားကျော်ကြားသူတွေဟာ ရမ်ဇာန်နဲ့ပတ်သက်ပြီး အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးကြပါလိ့မ်မယ်။ လိုအပ်နေသူတွေအတွက် လှူဒါန်းဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီကို သူတို့ တိုက်တွန်းဖို့ မျှော်လင့်နေပါတယ်” ဟု အလ်-ဟာဆန်က Arab News သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် ဆန်၊ သကြား၊ စွန်ပလွံသီးနှင့် အသားများကို လှူဒါန်းမည့်သူများမှာ ၎င်းထံ စာရင်းပေးထားကြသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ရမ်ဇာန်လမှာ အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဖြစ်ပြီး ထိုလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလစောင့်တည်ရန် မလုပ်မနေရအဖြစ် အစ္စလာမ်က သတ်မှတ်ထားသည်။

    သို့သော်လည်း ကျန်းမာရေးမကောင်းသောသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်သည့် အန္တရာယ်ရှိသူများအနေဖြင့် ပလပ်ခွင့်ရှိသည်။

    ဥပုသ်သီလဆောက်တည်ခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့စိတ်အတွင်းရှိ မကောင်းသောစိတ်ဓာတ်များအား ပယ်သတ်ရန်၊ ပြစ်မှုအကုသိုလ်များကို ရှောင်ကျဉ်ရန်နှင့် ဆာလောင်မွတ်သိပ်နေသူများ၏ အခြေအနေကို နားလည်ခံစားတတ်စေရန် ဖြစ်သည်ဟု
    အစ္စလာမ့်ဓမ္မပညာရှင်များက ဟောကြားကြသည်။

    Ref: Onislam

  • ၉ ကြိမ်မြောက်ဗိုလ်လုပွဲမှာ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ

    ၉ ကြိမ်မြောက်ဗိုလ်လုပွဲမှာ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    ဆီးဂိမ်း ယူ-၂၄ အမျိုးသားဘောလုံးပြိုင်ပွဲ (နောက်ဆုံးဗိုလ်လုပွဲ)
    မြန်မာ – ထိုင်း

    mya

    ၂၀၁၅ ဆီးဂိမ်း ယူ ၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာတော့ မြန်မာအသင်းဟာ ဆီးမီးဖိုင်နယ် ဗီယက်နမ်နဲ့ပွဲက လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်ခဲ့ပြီး ထိုင်းကတော့ အင်ဒိုနဲ့ပွဲကအတိုင်း
    ပွဲထွက်လာခဲ့ပါတယ်။

    ပွဲစတယ်ဆိုတာနဲ့ ထိုင်းအသင်းက ဘောလုံးကို ကိုင်ကစားခဲ့ပြီး မြန်မာအသင်းကို ထိုးဖောက်ဖို့ ကြိုးစားလာကာ မြန်မာအသင်းကတော့ တန်ပြန်တိုက်စစ်ကနေသာ ထိုးဖောက်ခဲ့ရပါတယ်။

    အပေးအယူအချိတ်အဆက်မိမိနဲ့ ကစားနိုင်တဲ့ ထိုင်းအသင်း ဂိုးဧရိယာထဲအထိဆွဲမ၀င်လာဘဲ အပြင်ဘက်နေကန်သွင်းဖို့ ကြိုးစားတာကြောင့် ကန်သွင်းချက် တော်တော်များများရခဲ့ပေမယ့် ဂိုးပေါက်တည့်ခြင်းတော့ မရှိပါဘူး။

    မြန်မာအသင်းကလည်း တန်ပြန်တိုက်စစ်ကထွက်ပြီး တွဲလုံးနဲ့ ကစားမယ့် ကစားသမားတွေက နောက်ကျတာကြောင့် ရှိုင်းသူရ၊ ကောင်းဆက်နိုင်နဲ့ စည်သူအောင်ကို အဝေးကနေပဲ ဂိုးရဖို့ ကြိုးစားခဲ့ရပါတယ်။

    အလွတ်တည်ကန်ဘောတွေကနေ ဂိုးရလေ့ရှိတဲ့ မြန်မာအသင်း ၂၄ မိနစ်မှာ ထောင့်ကန်ဘော ၂ လုံးလောက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    ထိုင်းကစားသမားတွေက နည်းစနစ်ပိုင်းဆိုင်ရာမှာ တော်တော်ကောင်းခဲ့ပြီး နောက်ပိုင်းမှာ ပထမပိုင်း ပွဲပြီးကာနီးအပါအ၀င် ဂိုးဧရိယာအတွင်းထဲကနေ အပိုင်ဂိုးသွင်းခွင့် ၃ လုံးလောက် ရခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းမှာတော့ ဂိုးမရှိ သရေနဲ့အဆုံးသတ်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းကပဲ ပိုမိုထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ၅၃ မိနစ်မှာ ထိုင်းတို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။

    ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ထိုင်းဘက်က နံပါတ် ၁၇ က ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ၆၁ မိနစ်နဲ့ ၆၃ မိနစ်မှာတော့ ထိုင်းက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဒုတိယဂိုးနဲ့ တတိယဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။

    ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချေပဂိုးရဖို့ ကြိုးစားလာတဲ့ မြန်မာဘောလုံးအသင်းရဲ့ တိုက်စစ်ဆင်မှုကြောင့် အားနည်းသွားတဲ့ ခံစစ်ဟာကွက်ကို ထိုင်းတို့ အကောင်းဆုံး အသုံးချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ ထိုင်းက အနိုင်ဂိုးထိန်းခဲ့ပြီး မြန်မာအသင်းက တိုက်စစ်ဆင်မှုတစ်ချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းတဲ့ ပြစ်ဒဏ်ဘောလောက်ပဲ ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။

    ဂိုးသမားကျော်ဇင်ဖြိုးကတော့ ဒုတိယပိုင်းမှာလည်း ထိုင်းရဲ့ အပိုင်ဂိုးသွင်းခွင့်အချို့ကို အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    ဆီးဂိမ်း (ယခင်ကျွန်းဆွယ်) သမိုင်းတစ်လျှောက် ၉ ကြိမ်မြောက်ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ မြန်မာအသင်းကတော့ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

  • ခြေစွမ်းကောင်းပြသည့်နေးမာကို ဘရာဇီးလ်နည်းပြ ချီးကျူး

    ခြေစွမ်းကောင်းပြသည့်နေးမာကို ဘရာဇီးလ်နည်းပြ ချီးကျူး

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    neymar

    – ပီရူးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည့် တိုက်စစ်မှူး နေးမာအား ဘရာဇီးလ်နည်းပြ ဒွန်ဂါက ချီးကျူးလိုက်ပြီး ၎င်းမှာ ထူးခြားမှုများ ပြုလုပ်ပေးနိုင်သည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကိုပါအမေရိက အုပ်စု C အဖွင့်ပွဲစဉ်တွင် ဘရာဇီးလ်အသင်းမှာ ပွဲအစ ၃ မိနစ်မှာပင် ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့ကာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

    နေးမာကမူ အကောင်းဆုံးခြေစွမ်းကို ပြသခဲ့ပြီး ပထမပိုင်း ၅ မိနစ်တွင် ချေပဂိုးသွင်းယူပေးနိုင်ခဲ့ကာ ဒုတိယပိုင်း နောက်ဆုံးမိနစ်တွင် ဒေါက်ဂလက်စ်ကော်စတာ သွင်းယူခဲ့သည့် အနိုင်ဂိုးကိုလည်း နေးမာကပင် ဖန်တီးပေးခဲ့သည်။ နေးမာမှာ ထိုပွဲတွင် ဂိုးကန်သွင်းမှု ၆ ကြိမ်ရှိခဲ့ကာ၊ ဘောလုံးစွမ်းရည်များကိုလည်း ပြသနိုင်ခဲ့သည်။

    ဒွန်ဂါကမူ နေးမာ၏ကစားပုံအား ကျေနပ်မိသည်ဟုဆိုသည်။

    “နေးမာက အဆုံးအဖြတ်ပေးတဲ့ ကစားသမားပါ။ သူဟာ ဘာစီလိုနာနဲ့ ထူးခြားတဲ့ရာသီကို ရခဲ့ပါတယ်။ ဒါပေမယ့် တစ်သင်းလုံးက အရေးပါတာပါ။ ဒီပြိုင်ပွဲဟာ လုံးဝထူးခြားပါတယ်။ နေးမာ၊ ဒေါက်ဂလပ်စ် ကော်စတာ၊ မီရန်ဒါ သူတို့အားလုံးဟာ အဆုံးအဖြတ်ပေးတဲ့ ကစားသမားတွေပါ” ဟု ဒွန်ဂါက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပီရူးမှာ မိမိတို့အား အခက်အခဲဖြစ်စေခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်းတွင်ဖြစ်ကြောင်း၊ ကစားပုံမှာ အံ့သြစရာကောင်းပြီး ဘရာဇီးလ်နှင့်ကစားသည့် အသင်းတိုင်းမှာ အကောင်းဆုံး ကစားကြကြောင်း ထည့်သွင်းခဲ့ပြောကြားခဲ့သည်။ ဘရာဇီးလ်မှာ ဇွန်လ ၁၇ ရက်နေ့တွင် ကိုလံဘီယာနှင့် အုပ်စုဒုတိယပွဲ ကစားရမည်ဖြစ်သည်။

    Ref: Goal

  • နစ်မြုပ်တရုတ်သင်္ဘောမှ အလောင်း ၄၀၀ ကျော်စလုံးကို ဆယ်ယူနိုင်ခဲ့

    နစ်မြုပ်တရုတ်သင်္ဘောမှ အလောင်း ၄၀၀ ကျော်စလုံးကို ဆယ်ယူနိုင်ခဲ့

    ဇွန် ၁၅၊ ၂၀၁၅
    M-Media

    – ဇွန်လ ၁ ရက်နေ့က နိုင်ငံအလယ်ပိုင်း ယန်ဇီမြစ်တွင် နစ်မြုပ်ခဲ့သည့် Morning Star အပျော်စီးသင်္ဘောမှ အသက်ရှင်လျက် ၁၂ ဦးသာ ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူအားလုံးကို ဆယ်ယူရရှိပြီးဖြစ်သည်ဟု တရုတ်နိုင်ငံက ကြေညာလိုက်သည်။

    ယမန်နေ့က ကြေညာလိုက်ခြင်းဖြစ်ပြီး သင်္ဘောနစ်မြုပ်သည့်အချိန် ပျောက်ဆုံးခဲ့သည့် လူ ၄၄၂ ဦး၏ အလောင်းများအားလုံးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများ၏ အရေအတွက်မှာ စောစောပိုင်းက ၁၄ ဦးဟု ကြေညာခဲ့သော်လည်း တွက်ချက်မှုမှားယွင်းခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးသာဖြစ်သည်ဟု ဆိုသည်။ အဆိုပါ သင်္ဘောတွင် လိုက်ပါသွားသူ အများစုမှာ
    အပျော်ခရီးထွက်ကြသည့် အသက် ၆၀ ကျော် လူကြီးပိုင်းများ ဖြစ်သည်။

    အဆိုပါသင်္ဘော တိမ်းမှောက်မှုအတွက် လူဦးရေ ၆၀ ပါဝင်သည့် အဖွဲ့တစ်ခုက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီး အထောက်အထားများ စုဆောင်းနေကာ သင်္ဘောကပ္ပတိန်အပါအ၀င် အသက်ရှင်ကျန်ရစ်ခဲ့သူ အများစုကို မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု တရုတ်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ကပ္ပတိန်နှင့် အင်ဂျင်နီယာချုပ်တို့ကို စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် မေးမြန်းမှုများပြုလုပ်ရန် ထိန်းသိမ်းထားပြီး ကနဦးတွေ့ရှိချက်များအရ သင်္ဘောမှာ ၀န်များ အလွန်အကျွံတင်ခြင်း မရှိဘဲ သက်ကယ်အင်္ကျီများမှာလည်း လုံလုံလောက်လောက်ပါဝင်သည်ကို တွေ့ခဲ့ရသည်။

    အဆိုပါသင်္ဘောကို ပိုင်ဆိုင်သည့် ကုမ္ပဏီကလည်း အဆိုပါဖြစ်ရပ်ဆိုးအတွက် တောင်းပန်ခဲ့ပြီး စုံးစမ်းစစ်ဆေးမှုအတွင်း အပြည့်အ၀ ပူးပေါင်းသွားမည်ဟု ပြောကြားခဲ့သည်။ အစိုးရကလည်း အဆိုပါ ကိစ္စတွင် ထိန်ချိန်မှုမလုပ်ဟု ကတိပြုထားသည်။

    Ref: Channelnewsasia