News @ M-Media

Author: Ko Lay

  • ဟဲဗီးဝိတ်ချန်ပီယံလုပွဲကြီးကို အာဆင်နယ်အသင်း၏ အီမရိတ်တွင် ကျင်းပမည်

    ဟဲဗီးဝိတ်ချန်ပီယံလုပွဲကြီးကို အာဆင်နယ်အသင်း၏ အီမရိတ်တွင် ကျင်းပမည်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    eimarate

    – ယူးကရိန်းနိုင်ငံသား လက်ရှိ ဟဲဗီးဝိတ်ချန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုနှင့် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန်ဖျူရီတို့၏ ချန်ပီယံလုပွဲကြီးကို အာဆင်နယ်အသင်း၏ အီမရိတ်ကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု ပွဲစီစဉ်သူ ဖရန့်ဝါရန်က ပြောကြားလိုက်သည်။

    ၎င်းတို့၏ ပွဲအား ပြုလုပ်ရန်အတွက် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းနှင့် အာဆင်နယ်၏ အီမရိတ်ကွင်းတို့ကို စောစောပိုင်းက လျာထားသော်လည်း ချယ်ဆီးက နှုတ်ထွက်သွားသောကြောင့် အီမရိတ်တွင် ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။

    ထိုးသတ်မည့်ရက်အတွက် ကလစ်ရှ်ကို၏အသင်းမှာ ဂျာမနီနိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း ၀ါရန်ကမူ စက်တင်ဘာ ၅ ရက် စနေနေ့တွင် ကျင်းပမည်ဟု ပြောကြားခဲ့သည်။

    ထိုနေ့မှာ အင်္ဂလန်၏ နိုင်ငံတကာပွဲကစားမည့် သီတင်းပတ်ဖြစ်သောကြောင့် ပရီမီးယားလိဂ်ပြိုင်ပွဲ အနားပေးမည့်ရက်နှင့်လည်း သွားရောက်တိုက်ဆိုင်နေသည်။ ထိုးသတ်ပွဲအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး ကလစ်ရှ်ကိုကမူ ၀င်ငွေ ၈၀ ရာခိုင်နှုန်း ရရှိဖွယ်ရှိနေသည်။

    အဆိုပါထိုးသတ်ပွဲ ဖြစ်လာပါက ဗြိတိန်တွင် ၂၂ နှစ်အတွင်း အကြီးဆုံး ဟီဗီးဝိတ်ထိုးသတ်ပွဲကြီး ဖြစ်လာမည်ဖြစ်သည်။

    Ref: Dailymail

  • ခရစ်ယာန်ကက်သလစ် ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာအမူကို ပထမဆုံး ကြားနာ စစ်ဆေးတော့မည်

    ခရစ်ယာန်ကက်သလစ် ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာအမူကို ပထမဆုံး ကြားနာ စစ်ဆေးတော့မည်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    biship

    – ယခင် ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးဟောင်းဖြစ်ပြီး ပုပ်ရဟန်မင်းကြီး၏ ဒီုမီနီကန်နိုင်ငံဆိုင်ရာ သံတမန်ဖြစ်သူ ဂျိုဇက်ဖ် ၀ီဆိုလိုစကီးအား အရွယ်မရောက်သေးသူများကို အခကြေးငွေပေး၍ လိင်မှုကိစ္စပြုခိုင်းခြင်း၊ ကလေးငယ်များပါဝင်သည့် အပြာဇာတ်လမ်းများကို လက်ဝယ်ထားရှိခြင်း စသည့် စွဲချက်များဖြင့် ကြားနာစစ်ဆေးတော့မည်ဟု ဗာတီကန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ကြားနာမှုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ဘာသာဝင် ၁.၂ ဘီလီယံရှိသော ခရစ်ယာန်ကက်သလစ်သာသနာ၏ ဌာနချုပ်ရှိရာ ဗာတီကန်တွင် ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာအတွက် ပထမဆုံး ကြားနာစစ်ဆေးမှုလည်း ဖြစ်မည်ဖြစ်သည်။

    ၀ီဆိုလိုစကီးအား တရားစွဲဆိုရန် ဗာတီကန်ခုံရုံးမှ ဥက္ကဌ၏ ဆုံးဖြတ်ချက်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ခွင့်ပြုချက်မရရှိဘဲ ချမှတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဗာတီကန်ရှိ ရင်းမြစ်များက ဆိုသည်။

    ပုရဟန်းမင်းကြီးဟောင်း ဘန်နီဒစ် ၁၆ ၏ ကိုရေးကိုယ်တာ စာရွက်စာတမ်းများကို ခိုးယူပေါက်ကြားမှုဖြင့် ၂၀၁၂ ခုနှစ်က ပုပ်ရဟန်းမင်း ဘဏ္ဍာစိုးဟောင်း ပါအိုလို ဂါဘရီယဲလ်လီအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ဗာတီကန်ရှိ တရားရေးဆိုင်ရာ ကြားနာမှုတွင် ၀ီဆိုလိုစကီးမှာ အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်မည်ဖြစ်သည်။ ဂါဘရီယဲလ်လီမှာ ပြစ်ဒစ်ချမှတ်ခြင်း ခံခဲ့ရသော်လည်း ဘန်နီဒစ်က နောက်ပိုင်းတွင် ခွင့်လွှတ်ခဲ့သည်။

    အသက် ၆၆ နှစ်အရွယ်ရှိပြီး ပိုလန်နိုင်ငံသား ဂိုဏ်းအုပ်ဟောင်း ၀ီဆိုလိုစကီးကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖမ်းဆီးကာ ဗာတီကန်တွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာအမှုအတွက် ပထမဆုံး ဖမ်းဆီးခဲ့ရခြင်းလည်း ဖြစ်သည်။

    ၀ီဆိုလိုစကီးအား ကြားနာတော့မည်ဟု ထိုကြေညာချက်ကို ကြိုဆိုကြောင်း၊ ဗာတီကန်အနေဖြင့် စစ်မှန်သော တရားမျှမှု စီမံနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကက်သလစ်အသင်းတော်အတွင်း ထိုကဲ့သို့သော ကိစ္စရပ်များကို တွန်းလှန်ရေး ကူညီပေးရန်အတွက် ဖွဲ့စည်းထားသည့် လွတ်လပ်သော သုတေသနအဖွဲ့ BishopAccountability.org မှ အန်နီ ဘာရက် ဒွိုင်လီက ပြောကြားခဲ့သည်။

    ဒိုမီနီကန် မီဒီယာများက ၀ီဆိုလိုစကီးမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူများ ပြုလုပ်ရန်အတွက် ယောင်္ကျာလေးများကို ငွေပေးခဲ့သည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့ပြီးနောက် ဗာတီကန်မှာ ၎င်းအား ဒိုမီနီကန်မြို့တော် ဆန်တို ဒိုမင်ဂိုမှ ၂၀၁၃ ခုနှစ်တွင် ရောမသို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ကလည်း ထိုကစ္စအတွက် စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    Ref: Reuters

  • မဟာဗျူဟာကျသည့်မြို့တစ်မြို့ကို IS ထံမှ ဆီးရီးယားကာ့ဒ်များ သိမ်းပိုက်

    မဟာဗျူဟာကျသည့်မြို့တစ်မြို့ကို IS ထံမှ ဆီးရီးယားကာ့ဒ်များ သိမ်းပိုက်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားရှိ IS တပ်ဖွဲ့များ ခြေကုပ်ယူထားရာ အလ်-ရက်ကာပြည်နယ်၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာကျသည့် တဲလ်အဘ်ယဒ်မြို့ကို မိမိတို့က သိမ်းပိုက်လိုက်သည်ဟု ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့က ပြောကြားလိုက်သည်။

    “အခုဆိုရင် လုံးဝ ထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု ကာ့ဒ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPG မှ ပြောရေးဆိုခွင့်ရှိသူ ရီဒါရ် ဇီလီလ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ကာ့ဒ်တပ်ဖွဲ့များမှာ တဲလ်အဘ်ယဒ်မြို့ကို သိမ်းပိုက်ရန်အတွက် အလျင်အမြန် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ကူညီပစ်ခတ်ပေးခဲ့သည်။

    တိုက်ပွဲများကြောင့် တဲလ်အဘ်ယဒ်မြို့မှ ပြည်သူ ၁၆၀၀၀ ကျော်မှာ တူရကီနိုင်ငံအတွင်းသို့ လွန်ခဲ့သည့် ၂ ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။

    “ကျွန်တော်တို့ဟာ IS အဖွဲ့ရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရပါတယ်။ အားလုံးက ဗုံးကြဲနေတာကြောင့် ကျွန်တော်တို့ ထွက်ပြေးခဲ့တာပါ။ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ အဲဒီမှာ ခင်ဗျားဟာ သေသွားဖို့ တစ်နေ့ကို အကြိမ် ၁၀၀ လောက် နီးစပ်ပါတယ်” ဟု ဒုက္ခသည်တစ်ဦးက ပြောကြားခဲ့သည်။

    တဲလ်အဘ်ယဒ်တွင် တိုက်ခိုက်မှုများ မြင့်တက်လာပြီး အန္တရာယ်များ များလာခြင်းကြောင့် ဆီးရီးယားဒုက္ခသည်များအတွက် နယ်စပ်ဂိတ်ကို ဖွင့်ပေးရန် တူရကီအာဏာပိုင်များက သဘောတူညီခဲ့သည်။ အဆိုပါမြို့အား သိမ်းပိုက်နိုက်ခြင်းက တူရကီနယ်စပ်မှ IS ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera

  • အုပ်စုဒုတိယပွဲတွင် တိုက်စစ်အသားပေးဖြင့် အာဂျင်တီးနားကစားမည်

    အုပ်စုဒုတိယပွဲတွင် တိုက်စစ်အသားပေးဖြင့် အာဂျင်တီးနားကစားမည်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    martino

    – ကိုပါအမေရိကဖလား အဖွင့်ပွဲတွင် သရေကျခဲ့သော်လည်း ယနေ့တွင်ကစားမည့် အရေးပါသည့်ပွဲအတွက် တိုက်စစ်အသားပေးပုံစံဖြင့်သာ ပွဲထွက်သွားမည်ဟု အာဂျင်တီးနားနည်းပြ မာတီနိုက ပြောကြားလိုက်သည်။

    စနေနေ့က ကစားခဲ့သည့် ပါရာဂွေးနှင့်ပွဲတွင် အာဂျင်တီးနားမှာ ၂ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း မထိန်းနိုင်ခဲ့ဘဲ ချေပဂိုးများ ပေးခဲ့ရကာ သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထိုပွဲတွင် တိုက်စစ်၌ တီဗက်ဇ်နှင့် ဟီဂူအင်တို့ကို အသုံးပြုမှုအတွက် မာတီနိုမှာ ဝေဖန်ခြင်း ခံခဲ့ရသည်။

    ယနေ့တွင် အာဂျင်တီးနားမှာ ဥရုဂွေးအသင်းနှင့် ကစားရမည်ဖြစ်ပြီး ထိုပွဲမှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးပါသောပွဲဖြစ်ကာ မာတီနိုကမူ အသင်းအား တိုက်စစ်အသားပေးသွားမည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ဒီပုံစံပဲထပ်လုပ်မှား? ဒီမေးခွန်းကို အခုဖြေဖို့ ခက်ပါတယ်။ ဆုံးဖြတ်ချက်ချဖို့ အချိန်ရှိပါတယ်။ အန္တရာယ်တွေအတွက် ကျွန်တော့်မှာ ရှင်းလင်းတဲ့ အယူအဆ ရှိပါတယ်။ ဘယ်တော့ သူတို့ကို ထုတ်သုံးရမယ်။ ဘယ်တော့ကျရင် သက်တောင့်သက်သာဖြစ်မယ်၊ မဖြစ်ဘူး ဆိုတာမျိုးပါ။ ပြီးတော့ တီဗက်ဇ်နဲ့ ဟီဂူအင်တို့ရဲ့ အရည်အသွေးက ပွဲကို ကျွန်တော်တို့သာအောင် အဆုံးအဖြတ်ပေးနိုင်မယ်လို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ သက်ရောက်မှုတိုင်းမှာ အမြဲတမ်း
    စွန့်စားရတာမျိုးတွေတော့ ရှိပါလိမ့်မယ်” ဟု မာတီနိုက ယမန်နေ့က ပြုလုပ်ခဲ့သည့် ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မာတီနိုကမူ ပါရာဂွေးနှင့်ပွဲတွင် မိမိတို့အသင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးအား ထိန်းထားခဲ့သင့်သည်ဟု ၀န်ခံခဲ့သော်လည်း ဒုတိယပိုင်းတွင် ကစားပုံဆိုးရွားခဲ့သည်ဟု ပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းမှာ ကိုပါအမေရိကဖလားတွင် ဘရာဇီးလ်အသင်းနှင့်အတူ ဗိုလ်စွဲရန ရေပန်းစားနေသည့် အသင်းလည်း ဖြစ်သည်။

    Ref: Goal

  • အမေရိကန်၏ ဥရောပ၌ စစ်ရေးချဲ့ထွင်မှုကို တုံ့ပြန်မည်ဟု ရုရှားပြော

    အမေရိကန်၏ ဥရောပ၌ စစ်ရေးချဲ့ထွင်မှုကို တုံ့ပြန်မည်ဟု ရုရှားပြော

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    – နေတိုးအဖွဲ့ဝင်နိုင်ငံများမှ ရုရှားနယ်စပ်တွင် တိုက်ပွဲဝင်တင့်ကားများ၊ လက်နက်ကြီးများထားရှိရန် အမေရိကန်၏ အစီအစဉ်က စစ်အေးခေတ်နောက်ပိုင်း ရန်အလိုဆုံးလုပ်ရပ်ဖြစ်ပြီး မိတို့က တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခြင်းဖြင့် တုံ့ပြန်သွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အမေရိကန်မှာ ဘောလ်တစ်နိုင်ငံများနှင့် အရှေ့ဥရောပနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများ ထားရှိရန် ဆောင်ရွက်မှုများ ပြုလုပ်နေပြီး ယူကရိန်းပြဿနာကြောင့် ရုရှားအပေါ် စိုးရိမ်မှုများရှိနေသည့် မဟာမိတ်နိုင်ငံများအား ပူပင်မှုမရှိစေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

    “တကယ်လို့ တင့်ကားတွေ၊ အဝေးပစ်အမြောက်တွေနဲ့ အခြားပစ္စည်းတွေအပါအ၀င် အမေရိကန် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာတွေဟာ အရှေ့ဥရောပနဲ့ ဘောလ်တစ်နိုင်ငံတွေမှာ တကယ် ထားရှိသွားမယ်ဆိုရင် ဒါဟာ စစ်အေးခေတ်နောက်ပိုင်း ပင်တဂွန်နဲ့ နေတိုးအဖွဲ့တို့ရဲ့ အမြင့်ဆုံး ရန်စမှုခြေလှမ်းပါပဲ။ ရုရှားကတော့ အနောက်ဘက် ဗျူဟာကျတဲ့နေရာတွေမှာ တပ်ဖွဲ့တွေနဲ့ စစ်လက်နက်တွေ တိုးမြှင့်ချထားဖို့ကလွဲလို့ အခြား ရွေးချယ်စရာ မရှိပါဘူး” ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဗိုလ်ချုပ် ယူရီ ယာကူဘော့ဗ်က ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်၏ ထိုအစီအစဉ်အတွက် ရုရှားမှ တုံ့ပြန်မှုတွင် ပိုလန်နှင့် လစ်သူယေးနီးယား နယ်စပ်များနှင့် ထိနေသော ရုရှားပိုင် ကလင်နင်ဂါ့ဒ်နယ်မြေတွင် အစ္စကန်ဒါ ဒုံးကျည်များ ချထားခြင်းနှင့် ဆိုဗီယက်လက်အောက်ခံဟောင်း ဘယ်လာရုဇ်နိုင်ငံတွင် တပ်ဖွဲ့ဝင်များ ပိုမိုချထားခြင်းတို့လည်း ပါဝင်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုသို့ဆောင်ရွက်မှုက ထိရောက်မည်ဟု မျှော်လင့်ပြီး ဥရောပရှိ အခြေအနေကို အန္တရာယ်ရှိသည့် အကျိုးဆက်များ ဖြစ်နိုင်သော စစ်ဘက်ဆိုင်ရာ ရင်ဆိုင်မှုများအသစ်များအထိ ဖြစ်ပွားခြင်းမှ တားဆီးပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။

    Ref: Refuters