News @ M-Media
Author: Ko Lay
  • ပါလက်စတိုင်းအစိုးရ ဖျက်သိမ်းတော့မည်
    ပါလက်စတိုင်းအစိုးရ ဖျက်သိမ်းတော့မည်
    ဇွန် ၁၇၊ ၂၀၁၅
    M-Media
    abass
    – ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က မိမိတို့အစိုးရအား လာမည် ၂၄ နာရီအတွင်း ဖျက်သိမ်းတော့မည်ဟု ကြေညာခဲ့ကြောင်း ဖာတာအဖွဲ့၏ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    “၂၄ နာရီအတွင်းမှာ ပါလက်စတိုင်းအစိုးရအဖွဲ့ဟာ နှုတ်ထွက်သွားမှာပါ” ဟု အနောက်ဘက်ကမ်း ရာမာလာတွင် ယမန်နေ့ညပိုင်းက ပြုလုပ်ခဲ့သည့် ဖာတာတော်လှန်ရေးကောင်စီ ညီလာခံတွင် သမ္မတ အဘတ်စ်၏ ပြောကြားမှုကို ကိုးကား၍ ၎င်း၏ ဖာတာအဖွဲ့မှ တာဝန်ရှိသူ အများအပြားက ပြောကြားခဲ့သည်။
    ၂၀၁၄ ခုနှစ် ဇွန်လတွင် အနောက်ဘက်ကမ်းရှိ ဖာတာနှင့် ဂါဇာကမ်းမြှောင်ရှိ ဟားမက်စ်အဖွဲ့တို့မှာ ညီညွတ်သော အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့သော်လည်း ထိုအစိုးရအဖွဲ့မှာ အစ္စရေးက ပိတ်ဆို့ထားပြီး စစ်ဒဏ်ခံ ဂါဇာကမ်းမြှောင်ဒေသတွင် အာဏာသက်ရောက်အောင် မစွမ်းဆောင်နိုင်ခြင်းက ၎င်းတို့အဖွဲ့နှစ်ခုအကြား အဓိကအငြင်းပွားမှု ဖြစ်လာခဲ့သည်။
    ယခုကဲ့သို့ အစိုးရအဖွဲ့မှ ဖာတာအဖွဲ့ နှုတ်ထွက်မှုမှာလည်း ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်မည်ဟု ပြောကြားကြသည်။
    “အစိုးရအနေနဲ့ နောက် ၂၄ နာရီအတွင်းမှာ နှုတ်ထွက်မှာပါ။ ဘာ့ကြောင့်လည်းဆိုတာ့ ဒီအစိုးရဟာ အားနည်းပြီး ဂါဇာမှာအလုပ်လုပ်ဖို့အတွက် ဟားမက်စ်က အခွင့်အရေး မပေးလို့ပါပဲ” ဟု တော်လှန်ရေးကောင်စီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ အေမင် မက်ဘူလ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ထို့ပြင် အစိုးရအသစ်ကိုလည်း နှုတ်ထွက်ပြီး ၂၄ နာရီအတွင်း ဖွဲ့စည်းသွားမည်ဟု မက်ဘူလ်က ထပ်လောင်းပြောကြားခဲ့ပြီး ညီလာခံသို့ တရောက်ခဲ့သည့် အမည်မဖေါ်လိုသူ တစ်ဦးကမူ အစိုးရဖွဲ့စည်းရန်မှာ ရက်အနည်းငယ် ကြာမြင့်မည်ဟု ပြောကြားခဲ့သည်။
    ဂါဇာကမ်းမြှောင်တွင် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲ၌ ဟားမက်စ်အဖွဲ့ အာဏာရပြီးနောက်ပိုင်း ဖာတာနှင့် ဟားမက်စ်တို့အကြား ကတောက်ကဆများ ဖြစ်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် ၎င်းတို့နှစ်ဖွဲ့မှာ အငြင်းပွားမှုများအား အဆုံးသတ်ပြီး ပြန်လည်ပေါင်းစည်းရန်
    သဘောတူညီခဲ့ကြသည်။
    ထိုကဲ့သို့ ညီညွတ်မှုကို အစ္စရေးက ဒေါသထွက်ခဲ့ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ရပ်တန့်ခဲ့သည်။
    Ref: PressTV
  • အာဂျင်းတီးနားတွင် ဒိုင်လူကြီးတစ်ဦး အထိုးခံရ၍ ဆေးရုံရောက်
    အာဂျင်းတီးနားတွင် ဒိုင်လူကြီးတစ်ဦး အထိုးခံရ၍ ဆေးရုံရောက်
    ဇွန် ၁၇၊ ၂၀၁၅
    M-Media
    agtn 3
    – အာဂျင်တီးနား ဒုတိယတန်းဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ခုတွင် ဒိုင်လူကြီး၏ အ၀ါကဒ်ပြသမှုကို မကျေနပ်သည့်အတွက် ကစားသမားတစ်ဦးက ထိုးကြိတ်ခဲ့ပြီး ဒိုင်လူကြီးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။
    ယခုတစ်ပတ်တွင် ကစားခဲ့သည့် Ferro နှင့် Tiro Federal အသင်းတို့၏ပွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒိုင်လူကြီးအား ထိုးကြိတ်ခဲ့သည့် ကစားသမားမှာ ဖီအိုရင်တီးနားတွင် ကစားနေသည့် အာဂျင်တိုင်းနောက်ခံလူ ဖာကန်ဒို ရွန်ကဂ်လီယာ၏ ညီဖြစ်သူ အလက်ဂျန်ဒရို ရွန်ကဂ်လီယာဆိုသူ ဖြစ်သည်။
    ထိုပွဲတွင် ဒိုင်လူကြီး ဘဲရွန်က ရွန်ကဂ်လီယာအား ပြစ်ဒဏ်ကျူးလွန်မှုအတွက် အ၀ါကဒ်ပြား ပြသခဲ့ပြီး အသင်းဖော်များက စောဒကတက်နေစဉ် ရွန်ကဂ်လီယာက ၀င်ရောက်ကာ ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်။
    ရွန်ကဂ်လီယာကို အသင်းဖော်များက ၀ိုင်းဝန်း၍ ဆွဲခဲ့ကြပြီး ဒိုင်လူကြီးမှာ နေရာတွင် လဲကျသွားခဲ့သည်။ သို့သော်လည်း လှုပ်ရှားခြင်းမရှိသောကြောင့် တာဝန်ရှိသူများက လူနာတင်ယာဉ်ခေါ်ကာ ဆေးရုံးသို့ ပို့ဆောင်ခဲ့ရပြီး ထိုးကြိတ်မှုကြောင့် ရရှိသော ဒဏ်ရာများကိုလည်း ချုပ်ခဲ့ရသည်။
    အဆိုပါ ပွဲကိုမူ ဖျက်သိမ်းခဲ့ရပြီး ဖာကန်ဒို ရွန်ကဂ်လီယာက အ၀ါကဒ်အတွက် ညီဖြစ်သူ၏ တုန့်ပြန်မှုကြောင့် တုန်လှုပ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    Ref: Dailymail
  • ရုရှား၏ နျူလက်နက်ပမာဏကို ယခုနှစ်အတွင်း တိုးမြှင့်မည်ဟု ပူတင်ပြော
    ရုရှား၏ နျူလက်နက်ပမာဏကို ယခုနှစ်အတွင်း တိုးမြှင့်မည်ဟု ပူတင်ပြော
    ဇွန် ၁၇၊ ၂၀၁၅
    M-Media
    putin
    – မိမိတို့နိုင်ငံ၏ နျူကလီးယားလက်နက်စာရင်းသို့ တိုက်ချင်းပစ် ဒုံးကျည် ၄၀ ကျော်ကို ယခုနှစ်အတွင်း ထည့်သွင်းသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားလိုက်သည်။
    ယမန်နေ့က မော်စကိုအနီးတွင် ပြုလုပ်ခဲ့သည့် လက်နက်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ပူတင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့ကလည်း ရုရှားအာဏာပိုင်များမှာ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ရုရှားနယ်စပ်၌ လက်နက်ကြီးများ ထားရှိရန် အမေရိကန်၏ အစီအစဉ်ကို ရှုတ်ချခဲ့ပြီး စစ်အေးခေတ်နောက်ပိုင်း ရန်အလိုဆုံးလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “နည်းပညာဆိုင်ရာ အဆင့်မြင့် ဒုံးခွင်းစနစ်တွေကို ကျော်ဖြတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် ၄၀ကျော်ကို နျူကလီးယားလက်နက်တိုက်ထဲ ဒီနှစ်မှာ ထပ်ဖြည့်သွားမှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့ ရုရှားစစ်တပ်အနေဖြင့် အနောက်ဘက်(ဥရောပဘက်) အခြေအနေကို စောင့်ကြည့်ရန် ရည်ရွယ်ပြီး နယ်ပယ်ကျယ်ဝန်းစွာ ဖမ်းယူနိုင်သည့် ရေဒါစနစ်ကို စတင် စမ်းသပ်နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ယူကရိန်း၏ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများကိုလည်း ရုရှားက ထောက်ပံ့ပြီးနောက်ပိုင်းတွင် ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
    ဥရောပနှင့် အမေရိကန်တို့မှာ ရုရှားအား G8 အဖွဲ့ထဲမှ ထုတ်ပယ်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများကိုလည်း ပြုလုပ်ခဲ့ကာ ရုရှားကလည်း ဥရောပတာဝန်ရှိသူများအား အမည်ပျက်စာရင်း သွင်းခဲ့သည်။
    နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်စ် စတိုလ်တန်ဘာ့ဂ်ကမူ ပူတင်၏ ထိုကဲ့သို့ ပြောကြားမှုကို ရှုတ်ချခဲ့သည်။
    “ရုရှားရဲ့ ဒီလို နျူကလီးယားစစ်အင်အားနဲ့ ခြိမ်းခြောက်မှုဟာ တရားနည်းလမ်းမကျဘဲ ဒါဟာ တည်ငြိမ်မှုကို ပျက်ပြားစေပြီး အန္တရာယ်လည်းရှိပါတယ်” ဟု စတိုလ်တန်ဘာ့ဂ်က ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ၀ီဂါမွတ်စလင်များ ဥပုသ်သီလဆောက်တည်ခြင်းကို ယခုနှစ်တွင်လည်း တရုတ်အစိုးရက ပိတ်ပင်ပြန်
    ဇွန် ၁၇၊ ၂၀၁၅
    M-Media
    wiga
    – တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ် အနောက်ပိုင်းရှိ ဒေသများမှ အစ္စလာမ်ဘာသာဝင် ကွန်မြူနစ်ပါတီဝင်များ၊ အစိုးရ၀န်ထမ်းများ၊ ကျောင်းသားများနှင့် ဆရာများအနေဖြင့် မကြာခင်ကျရောက်တော့မည့် ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလ ဆောက်တည်ခြင်း မပြုရန် တရုတ်အစိုးရက တားဆီးလိုက်ပြီး ဒေသခံ ၀ီဂါလူမျိုးများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်ဟု သိရသည်။
    “တရုတ်အစိုးရက ပိတ်ပင်မှုတွေကို တိုးမြှင့်နေပြီး ရမ်ဇာန်ကပ်လာတာနဲ့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ၀ီဂါလူမျိုးတွေရဲ့ ဘာသာတရားကို နိုင်ငံရေးထဲ တော်တော်လေး သွတ်သွင်းပါတယ်။ ပြီးတော့ ထိန်းချုပ်မှု မြင့်တက်လာတာဟာ ပြင်းထန်တဲ့ ခုခံမှုကို ဖြစ်စေနိုင်ပါတယ်” ဟု အဝေးရောက် ကမ္ဘာ့ဝီဂါကွန်ဂရက်အဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီလ်ဇက် ရာဇစ်က ပြောကြားခဲ့သည်။
    တရုတ်အာဏာပိုင်များအနေဖြင့် ၀ီဂါလူမျိုး အစိုးရ၀န်ထမ်းများကို ဥပုသ်သီလ ဆောက်တည်ခြင်းမပြုရန် တိုက်တွန်းမှုအား ရာဇစ်က ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာကို ထိန်းချုပ်ရန် ရည်ရွယ်မှုအဖြစ် ရှုမြင်သည်ဟု ပြောကြားခဲ့သည်။
    တရုတ်အစိုးရ၏ ၀ဘ်ဆိုက်တစ်ခုအရ ကာဇက်ကစ္စတန်နယ်စပ်အနီး ဂျင်ဂ်ဟီကောင်တီရှိ ဟာလာလ်စားသောက်ဆိုင်များကို ရမ်ဇာန်လအတွင်း ပုသ်သီလဆောက်တည်ကြသော နေ့ဘက်အချိန်၌ ဖွင့်လှစ်ရန် အစားသောက် ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများက တိုက်တွန်းထားသည်ဟု သိရသည်။
    ထို့ပြင် ရမ်ဇာန်အတွင်း ထိုကဲ့သို့ ဖွင့်ထားသော ဟာလာလ် စားသောက်ဆိုင်များကို အစားသောက်ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးသူများက လာရောက်ဆုချမည်ဟုလည်း အဆိုပါ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။
    ဇင်ကျန်းပြည်နယ်ရှိ မာရာလ်ဘီဇီကောင်တီတွင်လည်း ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများကို ပိုမိုပြုလုပ်လာပြီး ကွန်မြူနစ်ပါတီဝင်များအား “မိမိတို့တွင် ဘာသာအယူဝါဒမရှိ၊ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကို တက်ရောက်မည်မဟုတ်၊
    ရမ်ဇာန်လတွင်လည်း ဥပုသ်သီလ ဆောက်တည်ခြင်းမပြု” ဟူသော ခံဝန်များကို နှုတ်ဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ကတိပြုရန် အတင်းအဓမ္မ ဆောင်ရွက်ခဲ့သည်ဟုလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
    တရုတ်အာဏာပိုင်များမှာ နှစ်စဉ် ရမ်ဇာန်ဥပုသ်လရောက်တိုင်း နိုင်ငံအနောက်မြောက်ပိုင်းရှိ ဇင်ကျန်းပြည်နယ်မှ ၀ီဂါမွတ်စလင်များကို ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများ အကြိမ်ကြိမ်အခါအခါ ပြုလုပ်ခဲ့သည်။
    ရမ်ဇာန်ဥပုသ်လတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလဆောက်တည်ရန်မှာ မလုပ်မနေရ ဖြစ်သည်။ သို့သော်လည်း ကျန်းမာရေးချို့တဲ့သူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားမည့်အန္တရာယ် ရှိနေသူများအတွက်မူ ပလပ်ခွင့်ရှိသည်။
    တရုတ်ကွန်မြူနစ်အစိုးရမှာ ရမ်ဇာန်လတွင် ဥပုသ်သီလဆောက်တည်ခြင်းမပြုရန် အင်အားသုံး ဆောင်ရွက်ခြင်း အပါအ၀င် ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါမွတ်စလင်များအား အစ္စလာမ်က သတ်မှတ်ထားသည့် လုံခြုံစွာ ၀တ်စားဆင်ယင်ခြင်းမပြုရန်နှင့် အစိုးရအဆောက်အအုံများတွင် ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုများမပြုရန် တားမြစ်ပိတ်ပင်ခြင်း၊ မွတ်စလင်ဈေးဆိုင်များအနေဖြင့်
    အစ္စလာမ်က တားမြစ်ထားသော အရက်နှင့် ဆေးလိပ်တို့ကို ရောင်းချရန် အတင်းအဓမ္မ ခိုင်းစေခြင်း စသည့် ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများနှင့် ဖျက်ဆီးမှုများကို နှစ်ပေါင်းများစွာ စနစ်တကျ ဆောင်ရွက်ပြုလုပ်လျက် ရှိနေသည်။
    ထိုသို့ ကန့်သတ်ချုပ်ချယ်မှုများကို မခံနိုင်သည့်အတွက်ကြောင့် သဘောထားတင်းမာသည့် ၀ီဂါလူမျိုးအချို့က အစိုးရအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြုလုပ်လာကြသည်။
    Ref: Onislam
  • နိုင်ငံတကာသတင်းတို (ဇွန် ၁၆၊ ၂၀၁၅)
    ဇွန် ၁၆၊ ၂၀၁၅
    M-Media
    အာဖဂန်တွင် လူသစ်မစုရန် IS အား အလ်ကိုင်းဒါး စာပို့
    …………………………
    အာဖဂန်နစ်စ္စတန်နိုင်ငံမှ လူများစုဆောင်းနေမှုမှုကို ရပ်တန့်ရန်အတွက် အလ်ကိုင်းဒါးအဖွဲ့က IS ခေါင်းဆောင်ထံ စာပို့ပြောကြားလိုက်ပြီး အာဖဂန်တွင် အလံတစ်ခုနှင့် ခေါင်းဆောင်မှုတစ်ခုအတွက်သာ နေရာရှိသည်ဟု ထည့်သွင်းရေးသားခဲ့သည်။ အာဖဂန်အရှေ့ပိုင်းတွင် တာလီဘန်နှင့် IS ကိုသစ္စာခံသူ အဖွဲ့များအကြား တိုက်ခိုက်မှုများလည်း ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။ တာလီဘန်အဖွဲ့မှာ အာဖဂန်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အော်စလိုသို့ ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ထားသည်။
    စွမ်းအင်အကြီးအကဲဟောင်းကို ချစားမှုဖြင့် တရုတ်ဖမ်းဆီး
    ………………………………….
    နိုင်ငံပိုင် China Southern Power Grid စွမ်းအင်ကုမ္ပဏီ၏ ဒုတိယဥက္ကဌဟောင်းဖြစ်သူ ကွီဒါကျိုင်းကို လာဘ်စားမှုဖြင့် ဖမ်းဆီးလိုက်ပြီဟု တရုတ်နိုင်ငံက ယနေ့တွင် ကြေညာလိုက်သည်။ ကီဒါကျိုင်းမှာ ချစားမှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံရသည့် မတ်လအထိ အဆိုပါ စွမ်းအင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ချစားမှုနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ နှိမ်နင်းမှုအတွင်း နောက်ဆုံးထွက်ပေါ်လာသည့် အရာအရှိတစ်ဦးလည်း ဖြစ်သည်။
    မားစ်ရောဂါကြောင့် တောင်ကိုရီးယားတွင် လူ ၃ ဦး ထပ်မံသေဆုံး
    …………………….
    တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် လူ ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် မားစ်ရောဂါဖြင့် တောင်ကိုရီးယားတွင် သေဆုံးသူဦးရေမှာ ၁၉ ဦးရှိပြီဖြစ်ပြီး ကူးစက်သူဦးရေမှာ ၁၅၄ ဦး ရှိလာပြီဖြစ်သည်။
    အေစီမီလန်အသင်း နည်းပြသစ်ခန့်အပ်
    ………………………….
    နည်းပြဟောင်း အန်ဆယ်လော့တီအား ခေါ်ယူရန် မအောင်မမြင်ဖြစ်ခဲ့သည့် အေစီမီလန်အသင်းမှာ အသက် ၄၆ နှစ်အရွယ် ဆမ်ဒိုးရီးယားနည်းပြဟောင်း ဆီနဆာ မီဟဂ်ျလိုဗစ်ကို ခေါ်ယူခဲ့ပြီဟု ကြေညာခဲ့သည်။ မီဟဂ်ျလိုဗစ်မှာ ပြီးခဲ့သည့်ရာသီက ဆမ်ဒိုးရီးယားအသင်းအား အဆင့် ၇ ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်ကို ရှာဖွေချင်သည်ဟုဆိုကာ နည်းပြအဖြစ်မှ
    နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ နည်းပြဟောင်း ဖီလစ်ပိုအင်ဇာဂီကိုလည်း ထုတ်ပယ်ခဲ့ပြီဟု အေစီမီလန်က အတည်ပြုခဲ့သည်။
    Ref: News Agencies