News @ M-Media
Author: Ko Lay
  • တိုင်းရင်းသားလူမျိုးစု အထွဋ်အမြတ်ထားရာ တောင်ကို မလေးမစားပြုလုပ်သည့် ခရီးသွားများကို  မလေးရှားဖမ်းဆီး
    တိုင်းရင်းသားလူမျိုးစု အထွဋ်အမြတ်ထားရာ တောင်ကို မလေးမစားပြုလုပ်သည့် ခရီးသွားများကို မလေးရှားဖမ်းဆီး
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    kinabalu
    – ဒေသခံတိုင်းရင်းသားများ အထွဋ့်အမြတ်ထားရာ ကင်နာဘာလူတောင်တွင် မဖွယ်မရာ ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး မလေးမစားပြုလုပ်ခဲ့သည့် အနောက်တိုင်းသား ၄ ဦးကို မလေးရှားက ဖမ်းဆီးလိုက်ပြီး ထိုထဲမှ တစ်ဦးမှာ ဗြိတိန်အမျိုးသမီးဖြစ်သည်ဟု သိရသည်။
    ၎င်းတို့ လေးဦးအား လေးရက်ကြာ ထိန်းသိမ်းရန် ရဲတပ်ဖွဲ့က တရားရုံးမှ အမိန့်စာရခဲ့ပြီး အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေသည့် မလျော်ကန်သော အပြုအမူကို ပြုလုပ်သည့် စွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု ကင်နာဘာလူတောင်တည်ရှိရာ ဆာဘားပြည်နယ် ရဲမင်းကြီး ဂျလာလွတ်ဒင်း အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။
    နိုင်ငံခြားသား ၁၀ ဦးခန့်မှာ ကင်နာဘာလူတောင်ပေါ်တွင် အင်္ကျီများချွတ်ကာ ဓာတ်ပုံရိုက်ခဲ့ကြပြီး အင်တာနက်စာမျက်နှာပေါ်သို့ မေလ ၃၀ ရက်နေ့တွင် လွှင့်တင်ခဲ့ကြသည်။ ၎င်းတို့ ဓာတ်ပုံရိုက်ပြီး ရက်အနည်းငယ်ကြာ ပြီးခဲ့သည့် သောကြာနေ့က အဆိုပါတောင်၌ ငလျင်လှုပ်ခဲ့ပြီး လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။
    ဖမ်းဆီးခံခဲ့ရသူများမှာ ကနေဒါနိုင်ငံသား နှစ်ဦး၊ ဗြိတိန်အမျိုးသမီး ၁ ဦးနှင့် ဒက်ခ်ျ အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ ဗြိတိန်အမျိုးသမီးတစ်ဦးမှာ ကွာလာလမ်ပူသို့လာရောက်ရန် ပြင်ဆင်နေစဉ် လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၃ ဦးမှာ ရဲတပ်ဖွဲ့သို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။ အဘ်ဒူလ်ရဟ်မန်ကမူ ကျန်ရှိသည့် ၆ ဦးကိုလည်း ဆက်လက် ရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။
    မလေးရှား၏ အမြင့်ဆုံးတောင်ဖြစ်သော ကင်နာဘာလူတောင်ကို ဒေသခံ ကာဒါဇန် ဒူဆန် လူမျိုးစုများက ၎င်းတို့အဘိုးအဘွားများ၏ ၀ိဥာဉ်များ ကိန်းဝပ်ရာ မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ထားကြသည်။ အဆိုပါ နိုင်ငံခြားခရီးသွားများမှာ တောင်ပေါ်တွင် ဆီးများ သွားခဲ့ကြသည်ဟု ဆိုသည်။ ထိုကဲ့သို့ အပြုအမူများက ဒေသခံများကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး အချို့ကမူ ထို မလေးစားသည့် အပြုအမူများကြောင့် ငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။
    တောင်တက်ခရီးသွားများ ကြိုက်နှစ်သက်ရာ နေရာတစ်ခုဖြစ်သည့် ကင်နာဘာလူတောင်ပေါ်သို့ တက်ရောက်ရာတွင် အော်ခြင်း၊ ဟစ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် မလေးစားသည့်အပြုအမူများကို မပြုလုပ်ရန် ဧည့်လမ်းညွှန်များက ခရီးသွားများကို သတိပေးလေ့ရှိသည်။
    Ref: BBC
  • ရီးယဲလ်တွင်ရှင်သန်ရန် ဘင်နီတက်ဇ်မှာ ဖလားများယူပေးရမည်ဟု ဇီဒိန်းဆို
    ရီးယဲလ်တွင်ရှင်သန်ရန် ဘင်နီတက်ဇ်မှာ ဖလားများယူပေးရမည်ဟု ဇီဒိန်းဆို
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    real
    – ရီးယဲလ်မက်ဒရစ်အသင်းတွင် ရှင်သန်ချင်ပါက ဆုဖလားများ ရယူပေးရမည်ကို နည်းပြသစ် ဘင်နီတက်ဇ်က သိရှိကြောင်း အရန်အသင်းနည်းပြဖြစ်သူ ဇီဒိန်းက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က အောင်မြင်မှုမရခဲ့သည့် အန်ဆယ်လော့တီအား ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်မှာ လီဗာပူးလ်နှင့် ဗလင်စီယာအသင်းတို့၏ နည်းပြဟောင်း ဘင်နီတက်ဇ်အား ၃ နှစ်စာချုပ်ဖြင့် ပြီးခဲ့သည့်တစ်ပတ်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
    ဇီဒိန်းကမူ ဘင်နီတက်ဇ်အနေဖြင့် ဆန်တီယာဂိုဘာနေဗျူးတွင် ရှင်သန်ချင်ပါက ဖလားများရယူပေးရမည်ကို သိရှိနေသည်ဟု ဆိုသည်။
    “အသင်းက ဘင်နီတက်ဇ်ကို ရွေးချယ်ခဲ့ပြီး ဒါဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီဆုံးဖြတ်ချက်ကို လေးစားဖို့ လိုပါတယ်။ ဘင်နီတက်ဇ်ဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုပါ။ ဒါပေမယ့် ရလဒ်တွေကိုပဲ ကြည့်မှာပါ။ သူက ဒီနေရာကို ကောင်းကောင်းသိပါတယ်။ သူ့ရှေ့မှာလာမယ့် စိန်ခေါ်မှုတွေကိုလည်း သိပါတယ်။ ဆုဖလားတွေကို ရရှိမှသာ သူက လုံလောက်မှာပါ” ဟု ဇီဒိန်းက Marca သတင်းစာသို့ ပြောကြားခဲ့သည်။
    ဘင်နီတက်ဇ်အား မခန့်အပ်ခင် ဇီဒိန်းမှာ နည်းပြနေရာအတွက် ရေပန်းစားခဲ့ပြီး ၎င်းကမူ လက်ရှိကိုင်တွယ်နေသည့် အရန်အသင်းအား ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားရန် ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်ဆက်ပြီး သင်ယူချင်ပါတယ်။ ပြီးတော့ ထိပ်တန်းလိဂ်မှာ ကျွန်တော် နည်းပြချင်ပါတယ်။ ဘောလုံးသမားဘ၀မှာ လုပ်ခဲ့သလို့ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော် တိုးတက်သွားအောင် လုပ်သွားမှာပါ”
    Ref: Goal
  • အမေရိကန်ရဲများ၏ ပစ်သတ်မှုမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်
    အမေရိကန်ရဲများ၏ ပစ်သတ်မှုမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    us
    – ပြည်သူများအား နေ့စဉ်သတ်ဖြတ်မှုတွင် အမေရိကန်ရဲများက အခြားနိုင်ငံများမှ ရဲများထက်ပိုမိုများပြားနေသည်ဟု Guardian သတင်းစာက ၎င်းတို့ စုံစမ်းရရှိသည့် အချက်အလက်များကို ကိုးကား၍ ဖော်ပြခဲ့သည်။
    ရဲတပ်ဖွဲ့များ၏ ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသော Guardian ၏ အချက်အလက်များအရ အမေရိကန်ရဲတပ်ဖွဲ့မှာ အက်ဘီအိုင်သို့ စာရင်းရောက်ရှိသည့် ပမာဏထက် ၂ ဆပို၍ ပြည်သူများအား သတ်ဖြတ်နေသည်ကို တွေ့ခဲ့ရသည်။
    ထို့ပြင် အဆိုပါမှတ်တမ်းက အမေရိကန်နှင့် ဂျာမနီတို့ရှိ ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုတို့တွင် သိသိသာသာခြားနားမှုများ ရှိနေပြီး ဂျာမနီရဲတပ်ဖွဲ့မှ တစ်နှစ်ပတ်လုံးတွင် ပစ်သတ်သည့် ပမာဏထက် ပို၍ အမေရိကန်ရဲများက တစ်ပတ်အတွင်း ပစ်သတ်နေသည်ဟု ဖော်ပြနေသည်။
    ဂျာမနီရဲတက္ကသိုလ်မှ ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ဂျာမန်ရဲတပ်ဖွဲ့မှာ ၂၀၁၁ ခုနှစ်တွင် သေနတ်ဖြင့် လူ ၆ ဦးကို ပစ်သတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၇ ဦးပစ်သတ်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း အမေရိကန်ရဲများကမူ ယခုနှစ် ပထမ ၅ လအတွင်းမှာပင် လူ ၁၉ ဦးကို ပစ်သတ်ခဲ့သည်။
    ထို့ပြင် သြစတေးလျ၊ ကနေဒါ၊ ဖင်လန်၊ အိုက်စလန်နှင့် အခြားသောနိုင်ငံများမှ ရဲတပ်ဖွဲ့များ၏ ပစ်ခတ်မှုကိုလည်း သတင်းစာကဖော်ပြခဲ့ပြီး သြစတေးလျနိုင်ငံတွင် ၁၉ နှစ်ကြာအတွင်း ပစ်သတ်ခဲ့သည့်ထက်ပို၍ အမေရိကန်ရဲတပ်ဖွဲ့က တစ်လအတွင်း ပစ်သတ်သည်ကို တွေ့ရှိခဲ့ရသည်။
    အမေရိကန်အစိုးရမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုပမာဏကို ရပ်တန့်အောင် မလုပ်ဆောင်ဘဲ ဇွန်လ ၁၀ နေ့အထိ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုမှာ ၄၉၇ ဦး ရှိနေသည်ဟု Guardian သတင်းစာက ခန့်မှန်းတွက်ချက်ထားက ထိုပမာဏမှာ အက်ဖ်ဘီအိုင်က ထုတ်ပြန်သော ပမာဏထက် ၂ ဆ
    ပိုများနေသည်။
    Ref: PressTV
  • အဓိက အပြောင်းအရွှေ့ပေါ်လစီမှာ လူဟောင်းများအား ထိန်းထားရန်ဟု မော်ရင်ဟိုပြော
    အဓိက အပြောင်းအရွှေ့ပေါ်လစီမှာ လူဟောင်းများအား ထိန်းထားရန်ဟု မော်ရင်ဟိုပြော
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    morihno
    – ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် မိမိ၏ အဓိကပေါ်လစီမှာ အသင်းရှိ ကစားသမားကောင်းများကို ထိန်းသိမ်းသွားရန်ဖြစ်ပြီး ကစားသမားသစ် ၃ ဦးကိုလည်း ခေါ်ယူသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးရရှိခဲ့ပြီးနောက် မော်ရင်ဟိုမှာ အသင်းအား ပြောင်းလဲမှုမလုပ်ဘဲ နိုင်လိုစိတ်ကို ထိန်းသိမ်းရန် စိတ်အားထက်သန်နေကာ ကစားသမားသစ် ၃ ဦးကိုလည်း ခေါ်ယူချင်နေသည်။
    “အခြားရာသီတွေမှာ ကျွန်တော်ဟာ ကစားသမားအနည်းငယ်ကို ပျော်ပျော်ကြီး ရောင်းချပါတယ်။ ကောင်းတဲ့သူတွေရောပေါ့ဗျာ။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျွန်တော့်ရဲ့ အကောင်းဆုံး ကစားသမားတွေကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။ ဒါ့ကြောင့် စိန်ခေါ်မှုအစစ်က သူတို့ကို ထိန်းဖို့ပါပဲ။ တကယ်လို့များ ဟဇာ့ဒ်၊ မာတစ်၊ အိုင်ဗန်နိုဗစ်၊ ဒီယေဂိုကော်စတာနဲ့ ဖာဘရီဂက်စ်တို့ကို ထိန်းနိုင်ရင် ဒါဟာ ပထမ ပစ်မှတ်ပါပဲ” ဟု မော်ရင်ဟိုက Mirror သတင်းစာသို့ ပြောကြားခဲ့သည်။
    ထို့ပြင် ၎င်းက ဒရော့ဘာနေရာကို အစားထိုးရန် တိုက်စစ်မှူးတစ်ဦး၊ နောက်ခံလူတစ်ဦးနှင့် အလယ်တန်းကစားသမား တစ်ဦးတို့ကို ခေါ်ယူ၍ အသင်းအား သွေးသစ်လောင်းသွားကာ ပြိုင်ဘက်အသင်းများကို ဖိအားအနည်းငယ်ပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “သူတို့ရဲ့ နေရာကိုယူဖို့ တစ်ယောက်ယောက်က စောင့်နေတယ်ဆိုတာ သူတို့သိဖို့ လိုပါတယ်။ အခုတော့ သူတို့ဟာ ချန်ပီယံပါ။ အလုပ်လုပ်ပုံနည်းလမ်းကို ထိန်းသိမ်းဖို့ ကျွန်တော်လိုချင်ပါတယ်။ ဒါပေမယ့် အခြေခံကျကျပြောရရင် ကျွန်တော်ဟာ ဒီကစားသမားတွေ၊ ဒီကစားကွက်၊ ဒီနည်းပြတွေကို ဆက်ထိန်းသွားချင်ပြီး အသင်းကို တည်ငြိမ်အောင် လုပ်ချင်ပါတယ်”
    Ref: Goal
  • တရုတ်လိင်တူချစ်သူ စုံတွဲ ၇ ခု ဟောလီးဝုဒ်တွင် မင်္ဂလာဆောင်
    တရုတ်လိင်တူချစ်သူ စုံတွဲ ၇ ခု ဟောလီးဝုဒ်တွင် မင်္ဂလာဆောင်
    ဇွန် ၁၀၊ ၂၀၁၅
    M-Media
    china
    – တရုတ်အင်တာနက်ကုမ္ပဏီနှစ်ခု ပူးပေါင်းကျင်းပသော လိင်တူချစ်သူ စုံတွဲပြိုင်ပွဲတွင် ရွေးချယ်ခြင်းခံခဲ့ရသည့် တရုတ်နိုင်ငံမှ အမျိုးသား၊ အမျိုးသမီး လိင်တူချစ်သူ စုံတွဲ ၇ ခုမှာ အမေရိကန်နိုင်ငံတွင် လက်ထပ်လိုက်ပြီဟု သိရသည်။
    အဆိုပါ စုံတွဲပြိုင်ပွဲကို WeDo ဟု အမည်ပေးထားပြီး ၀င်ရောက်ယှဉ်ပြိုင်သူ စုံတွဲ ၂၀၀၀ ကျော် ရှိခဲ့သည်။ လိင်တူချစ်သူများမှာ ၎င်းတို့၏ ဇာတ်လမ်းများအကြောင်းကို ဗီဒီယိုမှတစ်ဆင့် ပြောကြားရပြီး ထိုဗီဒီယိုများကို အွန်လိုင်း ကုန်သွယ်ရေးကုမ္ပဏီ အလီဘာဘာ၏ အွန်လိုင်း ဈေးဝယ်ဆိုက်ဖြစ်သော Taobao တွင် အင်တာနက်သုံးစွဲသူများက မဲပေးရွေးချယ်ရခြင်း ဖြစ်သည်။
    ထိုပြိုင်ပွဲကို အလီဘာဘာနှင့် တရုတ်နိုင်ငံ၏ အကြီးဆုံး လိင်တူချစ်သူ မိုင်းဘိုင်း Dating အက်ပလီကေးရှင်း Blued တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ မဲအများဆုံးရသည့် လိင်တူချစ်သူ စုံတွဲ ၁၀ ခုကို ရွေးချယ်ခဲ့ပြီး ဆုအနေဖြင့် ကယ်လီဖိုးနီးယားတွင် လက်ထပ်ခွင့်နှင့် ဟန်းနီးမွန်းတို့အတွက် ကုန်ကျစားရိတ်အားလုံးကို ပြိုင်ပွဲကျင်းပပေးသည့် ကုမ္ပဏီများက ကျခံပေးသွားမည်ဖြစ်သည်။
    ၎င်းတို့ထဲမှ အမျိုးသားနှင့် အမျိုးသမီး လိင်တူချစ်သူ စုံတွဲ ၇ ခုမှာ ကယ်လီဖိုးနီးယားတောင်ပိုင်း လိင်တူချစ်သူလူ့အဖွဲ့အစည်း များပြားသည့် ၀က်စ်ဟောလီးဝုဒ်ရှိ မြို့တော်စာကြည့်တိုက်တွင် ယမန်နေ့က လက်ထပ်ခဲ့ကြပြီး လက်ထပ်ပွဲကို ၀က်စ်ဟောလီးဝုဒ် အုပ်ချုပ်ရေးမှူးက တာဝန်ယူ ကျင်းပပေးခဲ့သည်။
    “သူတို့ကို ၀က်စ်ဟောလီးဝုဒ်မှာ လက်ထပ်ပေးရတဲ့အတွက် ကျွန်မတို့ အရမ်းဂုဏ်ယူမိပြီး ပျော်လည်းပျော်ပါတယ်။ လူအားလုံးအတွက် တူညီတဲ့အခွင့်အရေးကို လက်သင့်ခံတဲ့၊ အထူးသဖြင့် ကျွန်မတို့ လိင်တူချစ်သူ လူ့အဖွဲ့အစည်းရဲ့ အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ပေးတဲ့ လူ့အဖွဲ့အစည်း ကျွန်မတို့ဆီမှာ ရှိနေတာ ကြာပါပြီ” ဟု အုပ်ချုပ်ရေးမှူး လင်ဆေး ဟော်ဗို့သ်က ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံတွင် လိင်တူဆက်ဆံမှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားရာမှ ၁၉၉၃ ခုနှစ်တွင် ပယ်ဖျက်ခဲ့သော်လည်း လိင်တူလက်ထပ်မှုကိုမူ တရားမ၀င်ဟု သတ်မှတ်ထားသည်။
    ကယ်လီဖိုးနီးယားပြည်နယ်တွင်မူ ၂၀၁၃ ခုနှစ်က လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့သည်။ ယခုလက်ထပ်ထားသည့် စုံတွဲများမှာ တရုတ်နိုင်ငံတွင် တရားဝင်မည်မဟုတ်ပေ။
    Ref: Aljazeera