News @ M-Media

Author: Ko Lay

  • အီရတ်ရှိ ယာဇီဒီလက်နက်ကိုင်များ စွန်နီရွာသားများကို သတ်ဖြတ်

    အီရတ်ရှိ ယာဇီဒီလက်နက်ကိုင်များ စွန်နီရွာသားများကို သတ်ဖြတ်

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    iraq

    – ပြီးခဲ့သည့်နှစ်က အီရတ်ရှိ IS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို ခါးစီးခံခဲ့ရသော ယာဇီဒီလူ့အဖွဲ့အစည်းမှ လက်နက်ကိုင်များမှာ လက်စားချေသည့်အနေဖြင့် စွန်နီမျိုးနွယ်စု ရွာသားများကို သတ်ဖြတ်ခဲ့ကြသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်သည်။

    လန်ဒန်အခြေစိုက်ဖြစ်သည့် အဆိုပါအဖွဲ့၏ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အီရတ်နိုင်ငံမြောက်ပိုင်း ဆင်ဂျာဒေသရှိ စွန်နီရွာနှစ်ခုဖြစ်သော ဂျီရီနှင့် ဆီဘာယာတို့တွင် ယာဇီဒီပြည်သူ့စစ်များမှ ဇန်န၀ါရီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးပြီးခဲ့ပြီဟုလည်း ပြောကြားခဲ့သည်။

    ယာဇီဒီများ၏ သတ်ဖြတ်မှုတွင် မသန်းစွမ်းဖြစ်နေသော ရွာသားများနှင့် ကလေးများပင် ပါဝင်ခဲ့သည်ဟုဆိုသည်။

    “သဘောတရားအရဆိုရင် တစ်အိမ်မှ မလွတ်ပါဘူး။ အသတ်ခံရတဲ့သူတွေထဲက တစ်ဝက်လောက်ဟာ အသက်ကြီးသူတွေ၊ မသန်စွမ်းသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပါတယ်” ဟု အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် ရွာသား ၄၀ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်း ခံခဲ့ရပြီး ထိုအထဲမှ ၁၅ ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။ မျက်မြင်သက်သေများတွင် Amnesty အဖွဲ့မှာ ယာဇီဒီများ၏ တိုက်ခိုက်မှုအတွင်း အသက် ၁၅ နှစ်နှင့် အသက် ၂၀ အရွယ် သားဖြစ်သူ ၂ ဦး သေဆုံးခဲ့သော ဖခင်တစ်ဦးနှင့်လည်း စကားပြောဆိုခဲ့သည်။ အသက် ၁၂ နှစ်အရွယ် သားဖြစ်သူမှာ နောက်ကျောတွင်
    သေနတ်ဖြင့် ၄ ချက် အပစ်ခံခဲ့ရေသော်လည်း အသက်သေဆုံးခြင်းမရှိခဲ့ဟု ထိုဖခင်က ပြောကြားခဲ့သည်။

    အခြားမျက်မြင်သက်သေ အမျိုးသားတစ်ဦးကလည်း ၎င်း၏ အသက် ၆၆ နှစ်အရွယ် မသန်စွမ်းဖခင်မှာ ဘီးတပ်ကုလားထိုင်တွင် ပစ်သတ်ခြင်း ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “IS လက်ထဲမှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ ယာဇီဒီလူ့အဖွဲ့အစည်းက လူတွေဟာ သူတို့ကိုယ်တိုင် ဒီလိုကြမ်းကြုတ်ရဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို မြင်ရတာ အလွန်အမင်း စိုးရိမ်စရာ ကောင်းပါတယ်” ဟု Amnesty အဖွဲ့မှ ပဋိပက္ခဆိုင်ရာ အကြီးတန်းအကြံပေး ဒွန်နာတဲလ်လာ ရိုဗီရာက ပြောကြားခဲ့သည်။

    ဆင်ဂျာဒေသတွင် အခြေစိုက်နေထိုင်ကြသည့် ယာဇီဒီလူမျိုးများမှာ အီရတ်နိုင်ငံ၏ ဘာသာရေးလူနည်းစုဖြစ်ပြီး IS များက ၎င်းတို့၏ ဒေသကို သိမ်းယူခဲ့ပြီးနောက် ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရကာ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ
    ထွက်ပြေးခဲ့ရသည်။

    IS မှ ယာဇီဒီလူမျိုးများအပေါ် ကျူးလွန်မှုများမှာ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် မှတ်ယူ၍ ရနေပြီဟု ကုလသမဂ္ဂက ကြေညာခဲ့သည်။

    Ref: Aljazeera

  • ရမ်ဇာန်၏ ဥပမာကောင်းများအား အိုင်းရစ်မွတ်စလင်များ အိမ်နီးချင်းများကို မျှဝေမည်

    ရမ်ဇာန်၏ ဥပမာကောင်းများအား အိုင်းရစ်မွတ်စလင်များ အိမ်နီးချင်းများကို မျှဝေမည်

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    irish

    – မကြာမီကျရောက်တော့မည့် ရမ်ဇာန်လအတွင်း ကြုံတွေ့ရမည့် နာမ်ပိုင်းဆိုင်ရာ အတွေ့အကြုံကို သိရှိစေခြင်းဖြင့် အိမ်နီးချင်းများအား ချစ်ခြင်းမေတ္တာမျှဝေရန်နှင့် အစ်ဖ်သာရ်အစီအစဉ်များတွင် ဖိတ်ခေါ်ရန်အတွက် အိုင်ယာလန် မွတ်စလင်ခေါင်းဆောင်က နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းလိုက်သည်။

    “ကမ္ဘာတစ်ဝှမ်းက သန်းတစ်ထောင်ကျော်တဲ့ မွတ်စလင်တွေ ရမ်ဇာန်ဥပုသ်လကို ဥပုသ်သီလဆောက်တည်ခြင်း၊ မိမိတို့အပေါ်မှာ ချီးမြှင့်ထားတဲ့ ကောင်းချီးမင်္ဂလာတွေကို ချီးကျူးခြင်းတွေနဲ့ ဖြတ်သန်းကြပါတယ်။ ပြီးတော့ အစ္စလာမ့်ရဲ့ စစ်မှန်တဲ့အရှိတရားရဲ့ ဥပမာအဖြစ် အိမ်နီးချင်းတွေကို ကူညီဖေးမှုတာဟာလည်း အိုင်ယာလန်မွတ်စလင်တွေအတွက် ညီတူညီမျှ အရေးပါပါတယ်” ဟု အိုင်းရစ်မွတ်စလင် ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးကောင်စီကို ထူထောင်သူ ရှိခ်မိုဟာမက် အူမာရ် အလ်-ကွာဒရီက The Irish Times သို့ ပြောကြားခဲ့သည်။

    အစ္စလာမ့်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးလဟု သတ်မှတ်ထားသည့် ရမ်ဇာန်ဥပုလ်မှာ ယခုလ ၁၇၊ ၁၈ ရက်များတွင် စတင်ကျရောက်မည်ဖြစ်သည်။

    အဆိုပါလတွင် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလ ဆောက်တည်ခြင်းကို မလုပ်မနေရဟု အစ္စလာမ်က သတ်မှတ်ထားသည်။ သို့သော်လည်း ကျန်းမာရေးမကောင်းသောသူများ၊ ခရီးသွားသူများနှင့် ဥပုသ်သီလဆောက်တည်ပါက ကျန်းမာရေး အခြေအနေ ဆိုးရွားသွားနိုင်သော သူများအတွက်မူ ပလပ်ခွင့်ရှိသည်။

    အလ်-ကွာဒရီကမူ ရမ်ဇာန်ဥပုသ်လအတွင်း အိမ်နီးချင်းများအား အစ်ဖ်သာရ် (၀ါထွက်စားသောက်ခြင်း) တွင် ဖိတ်မန္တကပြုခြင်းဖြင့် ကောင်းမွန်သော ရင်းနှီးမှုယူရန် အိုင်ယာလန် မွတ်စလင်များအား တိုက်တွန်းခဲ့သည်။

    ထို့ပြင် ထိုသို့ပြုလုပ်ခြင်းက အစ္စလာမ်၏ လှပသော သတင်းစကားကို ထုတ်ဖော်ခြင်းလည်း ဖြစ်မည်ဟု ဆိုသည်။

    အလ်-ကွာဒရီကမူ ၎င်းတို့၏ ကောင်စီမှာ ဒက်ဘလင်ရှိ အလ်-မွတ်စ်တာဖာ အစ္စလာမ့်စင်တာတွင် ဇွန်လ ၂၆ ရက်နေ့၌ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ပြီး ထိုပွဲသို့ နာဇီတို့၏ ဟိုလိုကပ်စ်သတ်ဖြတ်မှုမှ လွတ်မြောက်လာသူ ဂျူးလူမျိုး တော်မီ ရီချန်တဲလ်ကိုလည်း အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အိုင်ယာလန်၏ ၄.၅ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁.၁ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့် နှစ် ၂၀ ကမူ ၄၀၀၀ သာ ရှိသည်။

    ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုများအရ ကျောင်းနေအရွယ် ကလေးငယ် ၁၂၀၀၀ အပါအ၀င် အစ္စလာမ်ဘာသာဝင် ၄၉၂၀၄ ဦးရှိသည်ဟု သိရသည်။ ထိုအရေအတွက်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ၅၁ ရာခိုင်နှုန်း တက်လာခြင်းလည်းဖြစ်သည်။

    Ref: Onislam

  • နောက်ဆုံးမိနစ်အထိ ကြိုးစားခဲ့ပြီး အုပ်စု ပထမနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာ ယူ-၂၃

    နောက်ဆုံးမိနစ်အထိ ကြိုးစားခဲ့ပြီး အုပ်စု ပထမနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာ ယူ-၂၃

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    ဆီးဂိမ်း ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ (အုပ်စုနောက်ဆုံးပွဲစဉ်)
    ကမ္ဘောဒီးယား ၃-၃ မြန်မာ

     

    myn

    ၃ ပွဲကစား ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဆီမီးဖိုနယ်ကိုတက်ပြီးသား ဖြစ်နေတဲ့  မြန်မာအသင်းဟာ ဒီနေ့မှာနောက်ဆုံးလက်ကျန်ပွဲအနေနဲ့  အုပ်စုအတွင်း ဒုတိယအားအနည်းဆုံးလို့ သတ်မှတ်ထားတဲ့ ကမ္ဘောဒီးယားကို အရန်ကစားသမား အများအပြားနဲ့ ရင်ဆိုင်ခဲ့ပါတယ်။

    ဒါပေမယ့် ကမ္ဘောဒီးယားဟာ မထင်မှတ်ဘဲ ပိုကောင်းခဲ့ပြီး ပွဲအစ ၁ မိနစ်မှာပဲ မြန်မာအသင်း ကွင်းတစ်ဝက် သာသာက ပြစ်ဒဏ်ဘောရခဲ့ပြီး ဂိုးပေါက်ကို စခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    မြန်မာအသင်းကတော့ ကွင်းလယ်မှာ အချိတ်အဆက် မမိခဲ့ဘဲ ကမ္ဘောဒီယားရဲ့ ကစားကွက်အောက် ရောက်ခဲ့ပါတယ်။ ၂၄ မိနစ်မှာ ကမ္ဘောဒီယားက နံပါတ် ၁၉ ဧရိယာထဲက ဘယ်ခြေနဲ့ကန်သွင်းချက် ဂိုးလွန်ဘောဖြစ်ခဲ့ပါတယ်။

    တစ်မိနစ်အကြာမှာ ကမ္ဘောဒီးယားကပဲ အပိုင်ကန်သွင်းခွင့်ရခဲ့ပြီး မြန်မာဂိုးသမား ဝေဖြိုးအောင် အကောင်းဆုံး ပုတ်ထုတ် ကာကွယ်လိုက်တာကြောင့် ထောင့်ကန်ဘော ပေးလိုက်ရပါတယ်။

    ဒီထောင့်ကန်ဘောက ကျလာတဲ့ဘောလုံးကို နံပါတ် ၉ ကီယို ဆိုဖန်က ပိတ်သွင်းနိုင်ခဲ့တာကြောင့် ကမ္ဘောဒီးယား ဦးဆောင်ဂိုး ရခဲ့ပါတယ်။

    နောက်ပိုင်းမှာ မြန်မာအသင်း ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ကမ္ဘောဒီးယားဂိုးပေါက်ကို သိသိသာသာ ခြိမ်းခြောက်နိုင်ခြင်းတော့ မရှိပါဘူး။

    ၃၄ မိနစ်မှာ ဇွန်မိုးအောင် ဧရိယာထဲက ကန်သွင်းချက် တော်တော်လေးကောင်းခဲ့ပြီး ကမ္ဘောဒီးယား ဂိုးသမား အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    အဖွင့်ဂိုးသွင်းထားတဲ့ ဆိုဖန် ၃၇ မိနစ်မှာ အဝေးကန်ချက်နဲ့ ဂိုးရဖို့ ကြိုးစားပေမယ့် ဂိုးသမား ဝေဖြိုးအောင် ပုတ်ထုတ်ခဲ့ပါတယ်။

    နာကျင်အချိန်ပိုမှာ မြန်မာအသင်း အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ် ရခဲ့ပြီး ရှိုင်းသူရရဲ့ ဂိုးသမားကို ကျော်သွင်းမှု ဂိုးလွန်ဘောဖြစ်ခဲ့ပါတယ်။

    ဒီအချိန်မှာပဲ ကမ္ဘောဒီးယားရဲ့ တိုက်စစ်ဆင်မှုကို မြန်မာနောက်ခံလူ ဖြိုးကိုကိုသိန်း ဖြတ်ထုတ်ရာမှာ ပြစ်ဒဏ်ဘောဖြစ်ခဲ့ပြီး ပင်နယ်တီပေးခဲ့ရပါတယ်။

    ဒီပင်နယ်တီကို နံပါတ် ၁၁ ကန်သွင်းရာမှာ ဖြိုးဝေလင်းကာကွယ်နိုင်ခဲ့ပေမယ့် သူ့ကြောင့်ပဲ နောက်ထပ် ပင်နယ်တီထပ်ပေးခဲ့ရပြီး ၁၁ ကပဲ ကမ္ဘောဒီးယားအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာတော့ မြန်မာအသင်း တိုက်စစ်ဆင်လာခဲ့ပြီး ၅၂ မိနစ်မှာရတဲ့ထောင့်ကန်ဘောကို သီဟဇော်ပိတ်သွင်းက ပထမချေပဂိုး ရခဲ့ပါတယ်။

    မြန်မာအသင်းရဲ့ ထိုးစစ်ဆင်မှုကနေ ကမ္ဘောဒီးယားအသင်း တန်ပြန်တိုက်စစ်ထွက်လာခဲ့ပြီး ၅၃ မိနစ်မှာ ဘယ်ခြမ်းက ကန်တင်ပေးတဲ့ဘောလုံးကို ဦးဆောင်ဂိုးသွင်းခဲ့တဲ့ ဆိုဖန်က ခေါင်းတိုက်ပြီး ကမ္ဘောဒီးယားအတွက် တတိယဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ မြန်မာကပဲတောက်လျှောက်ဖိကစားခဲ့ပြီး ၇၄ မိနစ်မှာ စည်သူအောင် အဝေးကန်ချက် ကမ္ဘောဒီးယား ဂိုးသမား ပုတ်ထုတ်ခဲ့ပါတယ်။

    တင်ကစားလာတဲ့ မြန်မာအသင်းဟာ ၈၉ မိနစ်မှာ လိုအပ်နေတဲ့ ချေပဂိုးတစ်ဂိုး ထပ်ရခဲ့ပြီး လှိုင်းဘိုဘို ချပေးတာကို ကောင်းဆက်နိုင် လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

    နောက်တစ်မိနစ်အကြာမှာ မြန်မာတို့ ဂိုးထပ်ရခဲ့ပြီး ကောင်းဆက်နိုင်ရဲ့ ဧရိယာအတွင်းက ချပေးမှုကို စည်သူအောင်က ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့ ဆီးဂိမ်းပြိုင်ပွဲ ၄ ဂိုးမြောက်လည်း ဖြစ်ပါတယ်။

    ဒီပွဲသရေကျတာကြောင့် အုပ်စုပွဲအားလုံးကစားပြီး ၁၀ မှတ်ရထားတဲ့ မြန်မာအသင်း အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

  • သူပုန်များကို မြန်မာနိုင်ငံထဲအထိ အိန္ဒိယက ၀င်ရောက်ချေမှုန်း

    သူပုန်များကို မြန်မာနိုင်ငံထဲအထိ အိန္ဒိယက ၀င်ရောက်ချေမှုန်း

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယရှေ့မြောက်ပိုင်းဒေသတွင် သူပုန်များက ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ သူပုန်စခန်းများကို အိန္ဒိယစစ်တပ်က ၀င်ရောက်ချေမှုန်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အဆိုပါစစ်ဆင်ရေးကို ယမန်နေ့မနက်ပိုင်းက ၀င်ရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူပုန်စခန်း ၂ ခုကို ချေမှုန်းနိုင်ခဲ့ကာ စစ်သားများမှာ အန္တရာယ်ကင်းစွာဖြင့် ပြန်လာနိုင်ခဲ့သည်ဟု အိန္ဒိယ ပြန်ကြားရေးဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိ ရက်သိုရီက ပြောကြားခဲ့သည်။ အကြီးတန်း စစ်တပ်တာဝန်ရှိသူ တစ်ဦးဖြစ်သူ ရန်ဘီရ် ဆင်းကလည်း သူပုန်များမှာ ဆိုးဆိုးရွားရွား ထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်တစ်ပတ်က မြန်မာနယ်စပ်နှင့် နီးကပ်နေသည့် မနီပူးရ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သူပုန်များ၏ ချုံခိုတိုက်ခိုက်မှုတွင် အိန္ဒိယစစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။ အိန္ဒိယအာဏာပိုင်များကမူ သူပုန်များမှာ မြန်မာနိုင်ငံမှ ၀င်ရောက်လာခြင်းဖြစ်သည်ဟု
    ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိစစ်တပ်မှာ စစ်သားရာပေါင်းများစွာနှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ နယ်စပ်တစ်လျှောက် အကြီးအကျယ် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ မနီပူးရ်ရှိ အာဏာပိုင်များမှာ စစ်သွေးကြွအဖွဲ့များစွာ ပါဝင်သည့် သူပုန်ထမှုကို ရင်ဆိုင်ရာတွင် နှစ်များစွာ ရုန်းကန်ခဲ့ရသည်။

    ရက်သိုရီက မိမိတို့စစ်တပ်မှာ နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ အတော်အတန်ဝင်၍ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆင်ရေးပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ၀န်ကြီးချုပ်ကိုယ်တိုင် ချမှတ်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Press Trust of India သတင်းဌာနကမူ စစ်ဆင်ရေးအတွင်း သူပုန် ၁၅ ဦးခန့် သေဆုံးခဲ့သည်ဟု အမည်မဖော်ပြသည့် ရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ဗိုလ်ချုပ်ကြီး ရန်ဘီရ်ဆင်းက ထိုစစ်ဆင်ရေးအတွက် မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: BBC

  • အိုင်ယာလန်အသင်းနည်းပြနှင့် လက်ထောက်နည်းပြ ကားမတော်တဆမှုဖြစ်

    အိုင်ယာလန်အသင်းနည်းပြနှင့် လက်ထောက်နည်းပြ ကားမတော်တဆမှုဖြစ်

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    ireland 2

    – အရေးပါသည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်ရှိနေသည့် အိုင်ယာလန်အသင်း၏ နည်းပြနှင့် လက်ထောက်နည်းပြတို့မှာ အဝေးပြေးလမ်း၌ ကားမတော်တဆဖြစ်မှုတွင် ပါဝင်ခဲ့သည်ဟု အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် FAI က အတည်ပြု ပြောကြားလိုက်သည်။

    M50 အဝေးပြေးလမ်းမတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ကားမတော်တဆမှုတွင် နည်းပြ မာတင်အိုနေးလ်နှင့် လက်ထောက်နည်းပြ ရွိင်ကိန်းတို့ လိုက်ပါလာသည့်ကားမှာ အနောက်မှ ၀င်တိုက်ခံခဲ့ရခြင်း ဖြစ်သည်။

    FAI ကမူ ၎င်းတို့ ၂ ဦးစလုံးမှာ တည်းခိုရာဟိုတယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းဆရာဝန်များ၏ စစ်ဆေးကုသခြင်းကို ခံယူခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ သို့သော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရဖွယ် မရှိချေ။

    အိုင်ယာလန်အသင်းမှာ စနေနေ့တွင် စကော့တလန်အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲမှာ အသင်းအတွက် အရေးပါသည့်ပွဲလည်း ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အင်္ဂလန်အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် အိုင်ယာလန်အသင်းမှာ ဂိုးမရှိသရေကျခဲ့သည်။

    Ref: Goal