News @ M-Media

Author: Ko Lay

  • နိုင်ငံတကာသတင်းတို (ဇွန် ၁၁၊ ၂၀၁၅)

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    လုံခြုံရေးအကြီးအကဲဟောင်းကို တရုတ် ထောင်တစ်သက်ချ
    …………………………………
    တရုတ်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေး အကြီးအကဲဟောင်း အသက် ၇၂ နှစ်အရွယ် ဇူယုံကန်ကို အဂတိလိုက်စားမှု၊ နိုင်ငံ၏ လျှို့ဝှက်ချက်ပေါက်ကြားမှုနှင့် အာဏာအလွဲသုံးစားလှုပ်မှုတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိရ၍ တရုတ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။ ပြစ်မှုများအတွက် ဇူယုံကန်ကိုယ်တိုင်က ၀န်ခံခဲ့ခြင်းဖြစ်ပြီး တရုတ်အစိုးရ
    တာဝန်ရှိသူဟောင်းများ၏ အဂတိလိုက်စားသည့် အမှုတွင် ၎င်းမှာ ၀ါအရင့်ဆုံး အကြီးတန်း တာဝန်ရှိသူလည်း ဖြစ်သည်။

    နီပေါမြေပြိုမှု ၃၆ ဦးသေဆုံး
    ………………………………
    နီပေါနိုင်ငံ၏ တာပလီဂျန် ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုကြောင့် အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့သည်ဟု IANS သတင်းဌာက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါမြေပြိုမှုတွင် ရွာပေါင်း ၄ ရွာမှာ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သည်ဟု ဆိုသည်။ အဆိုပါဒေသတွင် ဗုဒ္ဓဟူးနေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြန့်ကြာနေသည်။

    ကားအမြန်မောင်းမှုကြောင့် မော်ရင်ဟို လိုင်စင်ပိတ်ခံရ
    …………………………..
    ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက အင်္ဂလန်၌ တစ်နာရီ မိုင် ၅၀ သာမောင်းခွင့်ရှိသည့် လမ်းတွင် မိုင် ၆၀ အထိ မောင်းနှင်ခဲ့သောကြောင့် ဒဏ်ကြေး ပေါင် ၉၁၀ ပေးဆောင်ရန် တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ပြီး ယာဉ်မောင်းခွင့်ကိုလည်း ၆ လ ပိတ်ပင်ခဲ့သည်။ ယခင် အမှုဟောင်းများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ကြာမြင့်စွာ
    လိုင်စင်ပိတ်ခံရခြင်းလည်း ဖြစ်သည်။

    Ref: News Agencies

  • ဟဲဗီဝိတ်ချန်ပီယံလုပွဲကြီးကို ချယ်ဆီးကွင်းတွင် ကျင်းပရန် ရှိနေ

    ဟဲဗီဝိတ်ချန်ပီယံလုပွဲကြီးကို ချယ်ဆီးကွင်းတွင် ကျင်းပရန် ရှိနေ

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    tyson
    ပုံ – တိုင်ဆန်ဖျူရီ (ညာ) ကို ပြိုင်ဘက်တစ်ဦးနှင့်အတူ တွေ့ရစဉ်

    – ဟဲဗီးဝိတ် လက်ရှိချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုနှင့် တိုင်ဆန်ဖျူရီတို့၏ ချန်ပီယံလုပွဲကြီးကို ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကျင်းပရန် ချယ်ဆီးတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါပြိုင်ပွဲကို ယခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် ထိုးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အကယ်၍ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ထိုးသတ်ဖြစ်ပါက ချယ်ဆီးနည်းပြ မော်ရင်ဟိုအတွက် ခေါင်းကိုက်စရာ ဖြစ်လာမည်ဖြစ်သည်။

    ပြိုင်ပွဲကျင်းပရန်နေရာအတွက် အာဆင်နယ်အသင်း၏ အီမရိတ်ကွင်းမှာလည်း လျာထားမှုတွင် ရှိနေပြီး အကယ် အဆိုပါထိုးသတ်ပွဲ အင်္ဂလန်မြေပေါ်၌ ဖြစ်လာခဲ့ပါက ၂၂ နှစ်အတွင်း ဗြိတိန်တွင် အကြီးဆုံး ဟဲဗီးဝိတ် ထိုးသတ်ပွဲကြီးလည်း ဖြစ်လာမည်ဖြစ်သည်။

    ထိုပွဲအတွက် စီစဉ်နေသူများ၏ အဆိုအရ ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပိုအလားအလာရှိသော နေရာဖြစ်နေသည်ဟု ဆိုသည်။

    ထိုးသတ်မည့်အချိန်မှာ ချန်ပီယံလိဂ်အုပ်စုပွဲများ ကစားမည့်အချိန် ဖြစ်နေပြီး ချယ်ဆီးအသင်းကမူ မြက်ခင်းကိုဖုံးကာ ပြိုင်ပွဲကျင်းပခြင်းဖြင့် မည်သည့် သက်ရောက်မှုရှိလာနိုင်သည်ကို လေ့ကျင့်ရေးကွင်းတွင် စမ်းသပ်နေသည်ဟု ရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။

    ယူကရိန်းနိုင်ငံသား ကလစ်ရှ်ကိုမှာ WBO၊ WBA နှင့် IBF ချန်ပီယံဘွဲ့များကို ဆွတ်ခူးထားပြီးအိုင်ယာလန်နိုင်ငံသား ဖျူရီမှာ အဓိကစိန်ခေါ်သူ ဖြစ်သည်။ ပွဲဖြစ်မြောက်ရေးအတွက် ၎င်းတို့ ၂ ဦးကြား ဆွေးနွေးမှုမှာလည်း နှေးကွေးနေသည်။

    Ref: Dailymail

  • မားစ်ရောဂါ သံသယရှိသူ ၂ ဦး ဟောင်ကောင်တွင်တွေ့

    မားစ်ရောဂါ သံသယရှိသူ ၂ ဦး ဟောင်ကောင်တွင်တွေ့

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    hk

    – တောင်ကိုရီယားတွင် မားစ်ရောဂါ ပြန့်ပွားနေသောကြောင့် ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်လာသည့်အချိန်တွင် ဟောင်ကောင်ကလည်း ၎င်းတို့မှာ မားစ်ရောဂါ သံသယရှိသူ ၂ ဦးကို စမ်းသပ်တွေ့ရှိခဲ့သည်ဟု ယနေ့တွင် ကြေညာလိုက်သည်။

    အဆိုပါ ၂ ဦးမှာ ဟောင်ကောင်နိုင်ငံသားများဖြစ်ပြီး မကြာသေးမီက တောင်ကိုရီးယားမှ ပြန်လာကြသူများဖြစ်သည်ဟု ၎င်းတို့အား ကုသပေးနေသည့် ဆေးခန်းက ဆိုသည်။ တောင်ကိုရီးယားမှပြန်လာပြီး မားစ်ရောဂါ သံသယရှိသူ အခြား ၃၁ ဦးကို ဟောင်ကောင်တွင် စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခဲ့ခြင်း မရှိပေ။

    ဟောင်ကောင်မှာ မဖြစ်မနေ သွားရောက်ရခြင်းမှလွဲ၍ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းမပြုရန် နိုင်ငံသားများအား အင်္ဂါနေ့က အကြံပြုချက် ထုတ်ပြန်ခဲ့သည်။

    တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူမှား ၉ ဦး ရှိလာခဲ့ပြီး ရောဂါပိုးကူးစက်သူ ၁၄ ဦးကို ယနေ့တွင် ထပ်မံတွေ့ရှိခဲ့ရသည်ဟု ကြေညာခဲ့ရာ ရောဂါပိုးကူးစက်သူအရေအတွက်မှာ ၁၂၂ ဦးအထိ ရှိလာပြီဖြစ်သည်။

    တရုတ်နိုင်ငံတွင်မူ ကူးစက်သူ တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ရှိနေပြီး ယခုအခါ သီးသန့်ခွဲထားကာ ပြုစုကုသမှုများ ပြုလုပ်နေသည်။

    ဟောင်ကောင်နှင့် နီးစပ်သည့် မကာအိုတွင်လည်း နိုင်ငံသားများအား မလိုအပ်လျှင် တောင်ကိုရီးယားသို့ သွားရောက်ခြင်းမပြုရန် သတိပေးထားသည်။

    Ref: Reuters

  • ရုရှားနှင့် ကာတာကမ္ဘာ့ဖလားအတွက် ဖီဖာရုံးချုပ်မှ အချက်အလက်များကို ရဲတပ်ဖွဲ့ဝင်သိမ်း

    ရုရှားနှင့် ကာတာကမ္ဘာ့ဖလားအတွက် ဖီဖာရုံးချုပ်မှ အချက်အလက်များကို ရဲတပ်ဖွဲ့ဝင်သိမ်း

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲများအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး လျှောက်ထားမှု၊ ရွေးချယ်မှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းအတွက် အထောက်အထားများကို ဖီဖာရုံးချုပ်မှ ဆွစ်ဇာလန် အာဏာပိုင်များက ထပ်မံသိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။

    အဆိုပါ ကမ္ဘာဖလားပြိုင်ပွဲနှစ်ခုနှင့် ဆက်စပ်၍ ရာဇ၀တ်မှုဆိုင်ရာ စီမံခန့်ခွဲမှု အမှားများနှင့် ငွေကြေးခ၀ါချမှုများ ရှိနိုင်သည်ဟူသော သံသယဖြင့် ရဲတပ်ဖွဲ့ဝင်များမှာ ပြီးခဲ့သည့် သီတင်းပတ်များမှ စ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဖီဖာကမူ ရဲတပ်ဖွဲ့ဝင်များမှာ နိုဝင်ဘာလက စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    အဆိုပါ စုံစမ်းစစ်ဆေးမှုအား ကူညီရန်အတွက် ဇူးရစ်ခ်ျမြို့ရှိ ဌာနချုပ်တွင် ဖီဖာမှာ ကွန်ပျူတာ အချက်အလက်များကို လိုလိုလာလားပင် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဆွစ်ဇာလန် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာ အက်ဖ်ဘီအိုင်က မေလတွင် ဖီဖာတာဝန်ရှိသူများအား ဖမ်းဆီးကာ တရားစွဲဆိုခြင်းကိစ္စနှင့် သက်ဆိုင်မှုမရှိချေ။ ယခု ကမ္ဘာ့ဖလားဆိုင်ရာ ပြဿနာတွင် ဥက္ကဌ ဆပ်ဘလတ္တာနှင့် အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗာလက်တို့မှာ သံသယဖြစ်ဖွယ် စာရင်းတွင် မပါဝင်ဟု ဆွစ်ဇ်ရဲတပ်ဖွဲ့က ဆိုသည်။

    Ref: Goal

  • ခရစ်ယာန်ဘုန်းကြီးများ လိင်းပိုင်ဆိုင်ရာစော်ကားမှုအတွက် ဂိုဏ်းအုပ်များ၏ အခန်းကဏ္ဍကို စစ်ဆေးရန် ဗာတီကန်တွင် ခုံရုံးအသစ်ဖွဲ့

    ခရစ်ယာန်ဘုန်းကြီးများ လိင်းပိုင်ဆိုင်ရာစော်ကားမှုအတွက် ဂိုဏ်းအုပ်များ၏ အခန်းကဏ္ဍကို စစ်ဆေးရန် ဗာတီကန်တွင် ခုံရုံးအသစ်ဖွဲ့

    ဇွန် ၁၁၊ ၂၀၁၅
    M-Media

    pope

    – ခရစ်ယာန်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှ ကလေးငယ်များအား ကာကွယ်ရန် ပျက်ကွက်ခဲ့သည့် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ၏ အမှုကို ကြားနာရန်အတွက် ဗာတီကန်တွင် ခုံအဖွဲ့သစ်တစ်ခုကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဖွဲ့စည်းလိုက်သည်။

    ခုံအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအနေဖြင့် တိုက်ရိုက်တာဝန်မရှိသော်လည်း ၎င်းတို့၏ အုပ်ချုပ်မှုနယ်ပယ်အတွင်း စော်ကားမှုများ ဖြစ်ပွားခြင်းကို တာဝန်ယူစေရန်အတွက် ရှင်းလင်းသော လုပ်ငန်းစဉ်များ ချမှတ်ရန် အစော်ကားခံရသူများအုပ်စုမှ ဗာတီကန်အား တိုက်တွန်းခဲ့ပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။

    ဗာတီကန်မှ ပြောရေးဆိုခွင့်ရှိသူ ဖာသာ ဖက်ဒရီကို လွမ်ဘာဒီကမူ အရွယ်မရောက်သူများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တားဆီးရန် ပျက်ကွက်ခဲ့သည်လားဆိုသည်ကို ဂိုဏ်းအုပ်ဘုန်းတော်ကြီးများအနေဖြင့် စစ်ဆေးခံရမည်ဟု ဆိုသည်။

    ဂိုဏ်းအုပ်ဘုန်းတော်ကြီးများနှင့် ပတ်သက်သည့် တိုင်ကြားချက်များကို ဗာတီကန်ရှိ ဌာန ၃ ခုအနက်မှ တစ်ခုက ကနဦး စုံစမ်းသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အယူဝါဒရေးရာဌာနက တရားစီရင်သွားမည် ဖြစ်သည်။

    ဗာတီကန်ကမူ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုကို မည်ကဲ့သို့ အမြစ်ဖြတ်ရန် အကြံပြုထားသော ကော်မရှင်၏ တင်ပြချက်များကို ပုပ်ရဟန်းမင်းကြီးက လက်ခံအတည်ပြုခဲ့သည်ဟု ဆိုသည်။

    ဘာသာရေးခေါင်းဆောင်နှင့် သာမန်လူ စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါကော်မရှင်၏ လုပ်ငန်းအစိတ်အပိုင်းမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအား တားဆီးခြင်းနှင့် အားပေးနှစ်သိမ့်ရေးအား အစော်ကားခံရသူများနှင့်အတူ ဆောင်ရွက်ခြင်းတို့ကို ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏ အုပ်ချုပ်မှုနယ်ပယ်အတွင်း အကောင်းဆုံးကျင့်သုံးမှုများဖြင့် ကူညီပေးသွားရန်ဖြစ်သည်။

    ခရစ်ယာန်ဘုန်းတော်ကြီးများမှ အရွယ်မရောက်သေးသူများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများမှာ ၂၀၀၂ ခုနှစ်က ဘော်စတွန်ကိစ္စမှစ၍ နာမည်ကျော်လာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တိုင်ကြားမှုများလည်း ပိုမိုမြင့်တက်လာခဲ့ပြီး အမှုအသစ်များလည်း ဆက်လက်ဖြစ်လာခဲ့သည်။

    Ref: Aljazeera