News @ M-Media
Author: Ko Lay
  • ဥရောပတွင် မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များ မြင့်တက်လာ
    ဥရောပတွင် မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များ မြင့်တက်လာ
    ဇွန် ၇၊ ၂၀၁၅
    M-Media
    europe
    – မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ဥရောပတစ်ဝှမ်းတွင် အစ္စလာမ်ကြောက်ရောဂါအခြေပြု  တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သော်လည်း ပြင်သစ်နှင့် ယူကေတို့ရှိ ပြည်သူများအကြားတွင် မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များ မြင့်တက်လာခဲ့သည်ဟု စစ်တမ်းကောက်ယူမှုအရ သိရသည်။
    အဆိုပါစစ်တမ်းကောက်ယူမှုကို ကမ္ဘာတစ်ဝှမ်း ဘာသာအယူဝါဒများနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်နေသော Pew Research Center က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ ပြီးခဲ့သည့်နှစ်မှ စတင်ကာ တစ်ဖြည်းဖြည်း
    မြင့်တက်လာခဲ့သည်ဟု ဆိုသည်။
    “ပြင်သစ်နိုင်ငံရဲ့ ပြည်သူ့သဘောထားအရ မွတ်စလင်တွေအပေါ် မလိုလားတဲ့ တုံ့ပြန်မှု မရှိတော့ပါဘူး” ဟု စစ်တမ်းကောက်ယူမှုကို ဦးဆောင်ခဲ့သူ ရစ်ချက် ၀ီကီက France 24 သတင်းစာသို့ ပြောကြားခဲ့သည်။
    ယခုနှစ်ဆန်းပိုင်းတွင် ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံခဲ့ရသော်လည်း မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ ၂၀၁၄ ခုနှစ်ကထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပြင်သစ်ပြည်သူ ၇၆ ရာခိုင်နှုန်းက ၎င်းတို့မှာ မွတ်စလင်များအပေါ် ကောင်းမွန်သည့်အမြင်များ ရှိနေသည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် ပြင်သစ်ပြည်သူများအကြား မွတ်စလင်များအပေါ် အလေးထားသော အမြင်များမှာ ယမန်နှစ်က ၁၄ ရာခိုင်နှုန်းမှ ယခုနှစ် ပြီးခဲ့သည့် ၅ လတွင် ၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
    စစ်တမ်းကောက်ယူမှုတွင် တယ်လီဖုန်းမှတစ်ဆင့် အရွယ်ရောက်ပြီးသူ ၁၀၀၁ ဦးကို အင်တာဗျူးခဲ့ပြီး မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ လက်ယာနိုင်ငံရေးသမားများထက် လက်ဝဲရေးနိုင်ငံရေးသမားများတွင် ပိုမိုမြင့်မားသည်ကိုလည်း Pew Research Center က တွေ့ရှိခဲ့ရသည်။
    မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီး ထိုတိုက်ခိုက်မှုမှာ အစ္စလာမ်သာသနာနှင့် မည်သို့မှ မသက်ဆိုင်ဟု အစိုးရအပါအ၀င် အသင်းအဖွဲ့အသီးသီးမှ ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းအပြင် တစ်နိုင်ငံလုံး ညီညွတ်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆော်သြတိုက်တွန်းမှုက ပြင်သစ်နိုင်ငံအတွင်း မွတ်စလင်များ၏ ပုံရိပ်တိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့သည်ဟု စစ်တမ်းကောက်ယူသူများက
    ယုံကြည်နေကြသည်။
    အဓိကမီဒီယာများကလည်း မွတ်စလင်များအပေါ် သမရိုးကျအမြင်များနှင့် ဘက်လိုက်ဖော်ပြမှုများကို ဝေဖန်ခဲ့ကာ မွတ်စလင်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့်အမြင်များ ဖြစ်လာစေရန် ပုံဖော်ပေးခဲ့သည်ဟုလည်း အဆိုပါစစ်တမ်းတွင် ဖြော်ပထားသည်။
    ပြင်သစ်နိုင်ငံတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ ၇ သန်းခန့်ရှိပြီး ဥရောပတွင် အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံလည်းဖြစ်သည်။
    ဗြိတိန်တွင်လည်း အမြင်များပြောင်းလဲ
    ပြင်သစ်အပြင် ဗြိတိန်ပြည်သူများကြားတွင်လည်း မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့်အမြင်များ မြင့်တက်လာသည်ဟု အဆိုပါ စစ်တမ်းကောက်ယူမှုက ဆိုသည်။
    ဗြိတိန်ပြည်သူများအကြားတွင် မွတ်စလင်များအပေါ် အပြုသဘောဆောင်သည့် အမြင်များမှာ ၂၀၁၄ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ ခုနှစ်တွင် ၇၂ ရာခိုင်နှုန်း ရှိလာခဲ့သည်။ ဂျူးများအပေါ် အလေးထားမှုမှာလည်း ယူကေတွင် ၃ ရာခိုင်နှုန်း တက်လာခဲ့သည်။
    ဥရောပတစ်ဝှမ်းတွင် အယူသည်းမှုနှင့် နိုင်ငံခြားကြောက်အမြင်များမှာ ပြီးခဲ့သည့်နှစ်တွင် အမှန်တကယ် လျော့ကျလာခဲ့သည်ကိုလည်း စစ်တမ်းကောက်ယူမှုတွင် တွေ့ခဲ့ရသည်။
    အီတလီနှင့် ပိုလန်နိုင်ငံများတွင်မှု မွတ်စလင်များနှင့် ဂျူများအပေါ် အနှုတ်လက္ခဏာဆောင်သည့်အမြင်များမှာ အမြင့်ဆုံးရှိနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
    ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုမှာ အစ္စလာမ်၏ သွန်သင်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည်ဟု ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အသင်းအဖွဲ့များ၊ နိုင်ငံများက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
    Ref: Onislam
  • နယ်မြေလဲလှယ်ရေး သမိုင်းဝင်စာချုပ်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ချုပ်ဆို
    နယ်မြေလဲလှယ်ရေး သမိုင်းဝင်စာချုပ်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ ချုပ်ဆို
    ဇွန် ၇၊ ၂၀၁၅
    M-Media
    india
    – တစ်ဖက်နိုင်ငံအတွင်း ကျရောက်နေသည့် မိမိတို့၏ ပိုင်နက်များကို လဲလှယ်ရေးအတွက် သမိုင်းဝင် သဘောတူညီချက်ကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
    အိန္ဒိယသမ္မတ မိုဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့်အချိန် ယမန်နေ့က မြို့တော်ဒါကာတွင် နှစ်နိုင်ငံ သမ္မတနှစ်ဦး၏ ရှေ့မှောက်၌ နိုင်ငံခြားရေး အတွင်းဝန်များက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
    ထိုသဘောတူညီချက်ကြောင့် အငြင်းပွားနေသော ဒေသတွင် ဆယ်စုနှစ်နှင့်ချီ၍ နိုင်ငံမဲ့ဘ၀ဖြင့် နေထိုင်နေရသည့် ပြည်သူများအနေဖြင့် ၎င်းတို့ ကြိုက်နှစ်သက်ရာနိုင်ငံကို ရွေးချယ် နေထိုင်နိုင်မည်ဖြစ်သည်။
    အဆိုပါ သဘောတူညီချက်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များလည်း ပါဝင်ခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး နက်ရှိုင်းစေရန်အတွက် အိန္ဒိယနိုင်ငံက ဘင်္ဂလားဒေ့ရှ်အား ကန်ဒေါ်လာ ၂ဘီလီယံ ချေငွေပေးသွားမည်ဟုလည်း ကြေညာခဲ့သည်။
    အိန္ဒိယနိုင်ငံအတွင်း ကျရောက်နေသည့် ဘင်္ဂလားဒေ့ရှ်နယ်မြေ ၅၀ ကျော်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ထောင်ပေါင်းများစွာ နေထိုင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်နေသည့် အိန္ဒိယနယ်မြေ ၁၀၀ ကျော်တွင်လည်း အိန္ဒိယနိုင်ငံသား အများအပြား
    နေထိုင်နေကြသည်။
    “လွတ်လပ်ရေးရပြီးကတည်းက ကြန့်ကြာနေတဲ့ ပြဿနာတစ်ခုကို ကျွန်တော်တို့ ဖြေရှင်းပြီးပါပြီ။ ကျွန်တော်တို့ နိုင်ငံနှစ်ခုဟာ အခုအချိန်မှာ နယ်နမိတ်ကို သတ်မှတ်ပြီးပါပြီ။ ကျွန်တော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေသာမကဘဲ သမိုင်း၊ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဘာသာစကား၊
    ဆွေမျိုးတော်စပ်မှု၊ ပြီးတော့ ခရစ်ကတ်အားကစားနည်းအပေါ် စွဲလမ်းမှု စတဲ့အမျှဉ်အတန်းတွေနဲ့ ရစ်သီနှောင်ဖွဲ့ထားတဲ့ တိုင်းပြည်တွေပါပဲ” ဟု မိုဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူးဒ်အလီကလည်း အဆိုပါ သဘောတူညီချက်များမှာ မိမိတို့ အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထို့ပြင် အိန္ဒိသမ္မတမိုဒီနှင့် ဘင်္ဂလားဒေ့ရှ်သမ္မတ ရှိခ်ဟာဆီနာတို့မှာ ဒါကာနှင့် အိန္ဒိယမြို့များဖြစ်သော ကိုလ်ကာတား၊ အဂ္ဂါတာလာ၊ ဂူဝါဟ်တီနှင့် ရှိလောင်မြို့များသို့ ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းသစ်တစ်ခု ဖွင့်လှစ်ရန်လည်း သဘောတူညီခဲ့ကြသည်။
    Ref: BBC, Aljazeera
  • ရုရှားမှာ အနောက်ကမ္ဘာအတွက် ခြိမ်းခြောက်မှုမဟုတ်ဟု ပူတင်ပြော
    ရုရှားမှာ အနောက်ကမ္ဘာအတွက် ခြိမ်းခြောက်မှုမဟုတ်ဟု ပူတင်ပြော
    ဇွန် ၇၊ ၂၀၁၅
    M-Media
    russia
    – မိမိတို့နိုင်ငံမှာ အနောက်နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပြီး ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်အတွက်လည်း ယုံကြည်မှုရှိနေဆဲဟု ဆိုသည်။
    “ကျွန်တော်ပြောချင်ပါတယ်။ ရုရှားကို ကြောက်စရာမလိုပါဘူး” ဟု အီတလီသတင်းစာတစ်စောင်နှင့် အင်တာဗျူးတွင် ပူတင်က ပြောကြားလိုက်ပြီး ရုရှားနှင့် နေတိုးအဖွဲ့ဝင် နိုင်ငံများအကြား ပဋိပက္ခဖြစ်နေသည်ဆိုသည့် သတင်းများကိုလည်း ငြင်းဆိုခဲ့သည်။
    “ကမ္ဘာကြီးက တော်တော်လေးပြောင်းလဲ သွားပါပြီ။ စိတ်သဘောထားဖြောင့်မတ်တဲ့သူတွေကတော့ ဒီနေ့မှာ ဒီလို ထုနဲ့ထည်နဲ့ စစ်ရေးပဋိပက္ခကို စဉ်းစားကြမှာ မဟုတ်ပါဘူး” ဟု ပူတင်က ပြောကြားခဲ့သည်။
    ပူတင်၏ အဆိုပါမှတ်ချက်များမှာ ဘောလ်တစ်နိုင်ငံ ၃ နိုင်ငံက ရုရှားစစ်တပ်အား တားဆီးရန် ၎င်းတို့၏ နယ်မြေအတွင်း နေတိုးတပ်ဖွဲ့ဝင်များ အမြဲတမ်းချထားရေးအတွက် တောင်းဆိုရန် ပြင်ဆင်နေစဉ် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ နေတိုးအဖွဲ့က ရုရှားမှာ ယူကရိန်းရှိ သူပုန်များကို ထောက်ပံ့ပေးနေသည်ဟု ပြောဆိုထားပြီး ရုရှားကမူ ငြင်းဆိုဆဲဖြစ်သည်။
    “ရုရှားက နေတိုးကို ရုတ်တရက် တိုက်ခိုက်လိမ့်မယ်ဆိုတာ နေမကောင်းတဲ့လူတစ်ယောက် သူ့ရဲ့ အိပ်မက်ထဲမှာသာ စဉ်းစားနိုင်တာမျိုးပါ” ဟု ပူတင်က အဆိုပါအင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
    ပူတင်မှာ လာမည့်သီတင်းပတ်တွင် အီတလီနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ရှိနေပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
    ခရိုင်းမီးယားကျွန်းဆွယ်အား သိမ်းပိုက်မှု၊ ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားသော ပဋိပက္ခများနှင့် ပတ်သက်၍ ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးမှာ တင်းမာနေပြီး၊ အမေရိကန်နှင့် ဥရောပနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ထားသလို ရုရှားကလည်း ဥရောပနိုင်ငံများမှ အကြီးတန်းအရာရှိတစ်ချို့ကို အမည်ပျက်စာရင်းထဲ ထည့်သွင်းထားသည်။
    Ref: Aljazeera
  • ဂျူဗင်တပ်စ်မှာ အသင်းကောင်းတစ်သင်းဖြစ်သည်ဟု နေးမာပြော
    ဂျူဗင်တပ်စ်မှာ အသင်းကောင်းတစ်သင်းဖြစ်သည်ဟု နေးမာပြော
    ဇွန် ၇၊ ၂၀၁၅
    M-Media
    naymar
    – မိမိတို့အား ရှုံးနိမ့်ခဲ့သော်လည်း ဂျူဗင်တပ်စ်အသင်းမှာ အသင်းကောင်းတစ်သင်းအဖြစ် သက်သေပြနိုင်ခဲ့သည်ဟု ဘာစီလိုနာအသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။
    ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာမှာ ရက်ကီတစ်၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ ဂိုးများဖြင့် ဂျူဗီအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် လာလီဂါနှင့် ရှုံးထွက်ဖလားတို့အား ရရှိခဲ့သည့် ဘာစီလိုနာအတွက် တတိယမြောက်ဖလားလည်း ဖြစ်လာခဲ့သည်။
    ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူပေးခဲ့သည့် နေးမာကမူ ဂျူဗင်တပ်စ်အသင်းကို ချီးကျူးခဲ့သည်။
    “ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားနိုင်ခဲ့ပြီး အဆုံးမှာ ကျွန်တော်တို့ဟာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အသင်းနဲ့ နည်းပြကို ကျွန်တော် ပထမဆုံး ကျေးဇူးတင်ချင်ပါတယ်။ ဒီအောင်မြင်မှုက ကျွန်တော်တို့အားလုံးရဲ့ မိသားစုတွေ အတွက်ပါပဲ” ဟု နေးမာက Sky Sport သို့ ပြောကြားခဲ့သည်။
    နေးမာမှာ ကိုပါအမေရိက ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်စားမည့် ဘရာဇီးလ်အသင်းသို့ မကြာမီ သွားရောက်ပူးပေါင်းသွားမည်ဖြစ်သည်။ ဘာစီလိုနာသို့ စရောက်စဉ်က ရုန်းကန်ခဲ့ရသည့် နေးမာမှာ ယခုနှစ်တွင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ကစားခဲ့သည့် ပွဲပေါင်း ၅၀ တွင် ၃၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
    ထို့ပြင် ချန်ပီယံလိဂ်နှင့် ကိုပါလီဘာတေဒိုးဖလား ဗိုလ်လုပွဲများတွင် ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။
    Ref: Goal
  • မနီပူးရ်ရှိ အိန္ဒိယစစ်ကား ချုံခို တိုက်ခိုက်ခံရ၊ တိုက်ခိုက်သူများမှာ မြန်မာဘက်က လာကြောင်း ထောက်လှမ်းရေးပြော
    မနီပူးရ်ရှိ အိန္ဒိယစစ်ကား ချုံခို တိုက်ခိုက်ခံရ၊ တိုက်ခိုက်သူများမှာ မြန်မာဘက်က လာကြောင်း ထောက်လှမ်းရေးပြော
    ဇွန် ၇၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယနိုင်ငံ မနီပူးရ်ဒေသတွင် ချုံခိုတိုက်ခိုက်မှုတစ်ခုကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီး တိုက်ခိုက်သူများမှာ မြန်မာနိုင်ငံဘက်မှ လာခြင်းဖြစ်သည်ဟု အိန္ဒိယထောက်လှမ်းရေးဌာနက ပြောကြားလိုက်သည်။
    .
    ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုမှာ နှစ် ၂၀ အတွင်း အိန္ဒိယစစ်တပ်၏ အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
    တိုက်ခိုက်မှုပြီးနောက် ပြည်ထဲရေးဝန်ကြီး ရဂ်ျနသ်ဆင်း ဥက္ကဌအဖြစ် တာဝန်ယူသည့် အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး၊ စစ်တပ်အကြီးအကဲနှင့် ထိပ်တန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။
    .
    အစိုးရက အိန္ဒိယ-မြန်မာ နယ်စပ်ကို ပိတ်ပစ်လိုက်ပြီး စစ်တပ်များ ပိုမိုချထားကာ ရှာဖွေမှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။ ထို့ပြင် မနီပူးရ်နှင့် နာဂလန်းပြည်နယ် များတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အသင့်အနေအထားရှိရန် ညွှန်ကြားထားပြီး အကြမ်းဖက်သမားများ၏ မည်သည့်တိုက်ခိုက်မှုများကိုမဆို တားဆီးရန် သတိပေးချက်ကို အဆင့်မြှင့်တင်ထားသည်။
    .
    စစ်တပ်ယာဉ်တန်းမှာ ပတ္တယောင်လှည့်ရန်အတွက် သွားရောက်နေစဉ် အမည်မသိ အကြမ်းဖက်သများက RPG များ၊ လက်လုပ်ဗုံးမျာဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကား ပျက်ဆီးသွားသည့်အခါ ရိုင်ဖယ်များဖြင့် စစ်သားများကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
    .
    ထိုတိုက်ခိုက်မှုတွင် မနီပူးရ် သူပုန်အဖွဲ့ဖြစ်သော PLA၊ KYKL နှင့် Meitei တော်လှန်ရေးအဖွဲ့တို့ ပါဝင်မည်ဟု စစ်ဘက်နှင့် အရပ်ဘက် အာဏာပိုင်များက သံသယရှိနေပြီး ၎င်းတို့အဖွဲ့များ စုပေါင်း၍ တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုသည်။
    .
    .
    Ref: ibnlive
    .