News @ M-Media

Author: Ko Lay

  • သဘာဝဓာတ်ငွေ့ ဥရောပသို့တင်ပို့ရန် အီရန်စီစဉ်နေ

    သဘာဝဓာတ်ငွေ့ ဥရောပသို့တင်ပို့ရန် အီရန်စီစဉ်နေ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    iran

    – နျူအရေး သဘောတူညီချက်ရပြီး ပိတ်ဆို့မှုများ ဖြေလျော့လိုက်ပါက ဥရောပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့များ တင်ပို့ရန် အီရန်နိုင်ငံက စီစဉ်နေသည်ဟု အီရန် နိုင်ငံပိုင်သဘာဝဓာတ်ငွေ့ကုမ္ပဏီ အကြီးအကဲ အဇီဇွလ္လာဟ် ရာမီဇာနီက ပြောကြားလိုက်သည်။

    လမ်းကြောင်းငါးခုထဲမှ တစ်ခုခုဖြင့် ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါလမ်းကြောင်းများမှာ တူရကီ၊ ပင်လယ်နက်၊ အီရတ်၊ ဆီးရီးယားနှင့် မြေထဲပင်လယ်တို့ ဖြစ်ကြသည်။

    “ဒါပေမယ့် ဒီလမ်းကြောင်းတွေကို စံနှုန်းတွေနဲ့ညီလားဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်။ ပြီးတော့ အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ဖို့ စီးပွားရေးဆိုင်ရာ ကုန်ကျစားရိတ်သက်သာမှုကိုလည်း ကျွန်တော်တို့ လေ့လာဖို့ လိုအပ်ပါတယ်။ ပိတ်ဆို့မှုကိစ္စကို ထည့်မတွက်ဘဲ သုတေသနပြုမှုတွေ အချိန်မရွေး လုပ်ဖြစ်နိုင်တာကြောင့် လေ့လာမှုတွေကတော့ စနေပါပြီ။ ဒါပေမယ့် ဥရောပက
    ဖောက်သည်တွေအပေါ်မှာလည်း မူတည်ပါတယ်။ ဥရောပက ပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ မျှော်လင့်နေပြီး အဲဒီနောက်မှာ သူတို့ဟာ ဆွေးနွေးမှုတွေ စတင်ပါလိမ့်မယ်။ ပြီးတော့ အီရန်နဲ့ သဘောတူညီချက် ရေးထိုးနိုင်ပါလိမ့်မယ်” ဟု ရာမီဇာနီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် ရုရှားမှ မကြာသေးမီက အဆင့်မြှင်တင်ပေးထားည့် Turkish Stream ဓာတ်ငွေ့ပိုက်လိုင်းကိုလည်း အသုံးပြုသွားဖွယ်ရှိနေကာ ထိုကိစ္စအတွက် တူရကီနှင့် ဆွေးနွေးမှု မပြုလုပ်ရသေးဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်၏ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်ကြောင့် ကုလ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများ၊ ထိုနိုင်ငံများရှိ အဖွဲ့အစည်းများက အီရန်အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

    အင်းအားကြီး ၆ နိုင်ငံနှင့် အီရန်တို့မှာ ဆွစ်ဇာလန်၌ ပြုလုပ်ခဲ့သော ဆွေးနွေးမှုအတွင်း ဧပြီလက အဓိကအချက်များကို သဘောတူညီခဲ့ပြီး ပြည့်စုံသည့် သဘောတူညီချက်တစ်ခု ဖြစ်လာရေးအတွက် နောက်ဆုံးရက်ကို ဇွန်လ ၃၀ ရက်နေ့အဖြစ် သတ်မှတ်ထားသည်။

    Ref: RT

  • အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    milan

    – မိမိတို့အသင်းက ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ငြင်းပယ်ခဲ့သည်ဟု အေစီမီလန်အသင်းက ပြောကြားလိုက်သည်။

    အသက် ၅၅ နှစ်အရွယ် အန်ဆယ်လော့တီကို ပြီးခဲ့သည့်တစ်ပတ်က ရီးယဲလ်မှ ထုတ်ပယ်ခဲ့ပြီး အသင်းဟောင်း အေစီမီလန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    စီးရီးအေတွင် ရုန်းကန်နေရသည့် အေစီမီလန်က ၎င်းတို့အနေဖြင့် အန်ဆယ်လော့တီကို ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု စောစာပိုင်းက ပြောကြားခဲ့ပြီး အန်ဆယ်လော့တီကလည်း မီလန်သို့ ပြန်သွားရန်မှာ ၅၀-၅၀ ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း အေစီကမူ အန်ဆယ်လော့တီမှာ ၎င်းတို့၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ဟု ပြောကြားခဲ့သည်။

    “လာမယ့်ရာသီမှာ အေစီမီလန်အသင်းရဲ့နည်းပြ ဖြစ်မလာနိုင်ဘူးလို့ ကာလို အန်ဆယ်လော့တီက မီလန်ကို အကြောင်းကြားခဲ့ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    အန်ဆယ်လော့တီက ထိုကဲ့သို့ ငြင်းပယ်ခဲ့သော်လည်း မီလန်မှာ လက်ရှိနည်းပြ အင်ဇာဂီအား ဆက်လက်လက်တွဲသွားမည့် အခြေအနေရှိနေသည်။

    သို့သော်လည်း ပါးမားအသင်းနည်းပြ အေစီမီလန်ကွင်းလယ်လူဟောင်း ရော်ဘတ်တို ဒိုနာဒိုနီကို ဒုတိယဦးစားပေးအဖြစ် လျာထားနေပြီး၊ ဆီးဗီးလားနည်းပြ အူနိုင် အမ်မရီ၊ ဆမ်ဒိုးရီးယားမှထွက်သွားသည့် ဆီနီဆာ မီဟဂ်ျလိုဗစ်၊ အီတလီနည်းပြ အန်တိုနီယိုကွန်တီ၊
    ဖီအိုရင်တီးနားနည်းပြ ဗင်ဆန်ဇို မွန်တဲလားတို့ကို ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အေစီမီလန်မှာ ယခုနှစ်တွင် အဆင့် ၁၀ ဖြင့် ရာသီသိမ်းခဲ့သည်။

    Ref: Goal

  • အစ္စရေးမှာ နိုင်ငံတကာတွင် ယုံကြည်မှုကျဆင်းနေပြီဟု အိုဘားမားပြော

    အစ္စရေးမှာ နိုင်ငံတကာတွင် ယုံကြည်မှုကျဆင်းနေပြီဟု အိုဘားမားပြော

    ဇွန် ၃၊ ၂၀၁၅
    M-Media

    obama

    – ပါလက်စတိုင်းအပေါ် ၀န်ကြီးချုပ် နေတန်ယာဟု၏ ရပ်တည်ချက်နှင့်ပတ်သက်၍ အစ္စရေးမှာ နိုင်ငံတကာ၏ ယုံကြည်မှုကို ဆုံးရှုံးနေပြီဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    အိမ်ဖြူတော်၌ အစ္စရေး Channel Two ရုပ်သံနှင့် ယမန်နေ့ အင်တာဗျူးတွင် အိုဘားမားက ယခုကဲ့သို ပြောကြားလိုက်ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြဿနာကြောင့် ကုလ၌ အစ္စရေးအား ရေရှည် ထောက်ခံမှုပေးလာခဲ့သည့် သံခင်းတမန်ခင်းကိုလည်း မိမိတို့အစိုးရက ပြန်လည် တွက်ချက်ရတော့မည်ဟု သတိပေးခဲ့သည်။

    ထို့ပြင် နေတန်ယာဟု၏ ပေါ်လစီကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်မှာ အလှမ်းဝေးနေသေးသည်ဟုလည်း အိုဘားမားက ၀န်ခံခဲ့သည်။

    “မူဘောင်သဘောတူညီချက် အလားအလာကို ကျွန်တော်မမြင်ပါဘူး။ ဒါ့ကြောင့် အန္တရာယ်က အစ္စရေးကို ယုံကြည်မှု ကျဆင်းလာတာပါပဲ။ အစ္စရေးဟာ နှစ်နိုင်ငံအဖြေအတွက် အားတက်သရောရှိတယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက မယုံကြည်ကြပါဘူး” ဟု အိုဘားမားက အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    မတ်လ ၁၇ ရက်နေ့ ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အရင်က နေတန်ယာဟုမှာ ၎င်း ၀န်ကြီးချုပ်အဖြစ် ဆက်အရွေးခံရပါက ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုစကားအား ပြန်၍ ပြင်ခဲ့သည်။

    အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လွန်ခဲ့သည့် တစ်နှစ်ကပင် ရပ်တန့်ခဲ့ပြီး ပါလက်စတိုင်းကမူ ၎င်းတို့နယ်နမိတ်အတွင်း အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်မှု အစီအစဉ်အတွက် ပြစ်တင်ပြောဆိုခဲ့သည်။

    အမေရိကန်အနေဖြင့် အစ္စရေးအတွက် ကုလတွင် ဗီတို ဆက်လက်အသုံးပြုမည်လားဟု မေးမြန်းခဲ့ရာ အိုဘားမားက တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိချေ။ အိုဘားမားမှာ ပါလက်စတိုင်းနယ်မြေများတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်မှုအတွက် အကြိမ်ကြိမ်အခါခါ ဝေဖန်ခဲ့သူဖြစ်သည်။

    Ref: PressTV

  • ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ ရာထူးမှနှုတ်ထွက်ပြီ

    ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ ရာထူးမှနှုတ်ထွက်ပြီ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    blatter

    – ချစားမှုပြဿနာများနှင့် ရင်ဆိုင်နေရပြီး ဝေဖန်မှုများကို ခံနေရသည့် ဖီဖာ၏ ဥက္ကဌ ဆပ်ဘလတ္တာက မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီဟု ယမန်နေ့က ကြေညာခဲ့သည်။

    ၅ ကြိမ်မြောက် ဥက္ကဌအဖြစ် ပြီးခဲ့သည့် ၄ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဘလတ္တာမှာ ဇူးရစ်ခ်ျတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်ဟာ ဖီဖာကို ဘယ်လိုအရာမျိုးထက်မဆို ချစ်ခင်မြတ်နိုးပါတယ်။ ကျွန်တော်ဟာ ဖီဖာနဲ့ ဘောလုံးလောကအတွက် အကောင်းဆုံးကိုသာ လုပ်ချင်ခဲ့တာပါ။ ဖီဖာဟာ အလုံးစုံ ပြုပြင်မွမ်းမံဖို့ လိုနေပါပြီ။ ကျွန်တော်ဟာ ဒီညီလာခံကြီးမှာ တာဝန်ကနေရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ထပ် ဥက္ကဌ ရွေးကောက်ပွဲ အထိတော့ ဖီဖာရဲ့ ဥက္ကဌအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    ဖီဖာ၏ လွတ်လပ်သော စာရင်းအင်းနှင့် လုပ်ငန်းပိုင်ဆိုင်ရာကော်မတီ အကြီးအကဲ ဒိုမီနီကို စကာလာကမူ ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် ရွေးကောက်ယှဉ်ပြိုင်မည့် မည်သူမဆို ၄ လ ကြိုတင်၍ အကြောင်းကြားရမည်ဟု ပြောကြားခဲ့သည်။

    “နောက်ထပ် ဥက္ကဌရွေးကောက်ပွဲရဲ့ အချိန်ကာလအတွက် ဆုံးဖြတ်ချက်ဟာ အမှုဆောင်ကော်မတီပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ ဒီဇင်ဘာကနေ မတ်လအတွင်းမှာ ဖြစ်သွားမှာပါ” ဟု စကာလာက ဆိုသည်။

    ဘလတ္တာ၏ ထိုသို့နှုတ်ထွက်မှုမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီက ပြောကြားခဲ့သည်။ ပလာတီနီမှာ ဘလတ္တာကို နှုတ်ထွက်ရန် တောင်းဆိုထားသူဖြစ်သည်။

    ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ချစားမှုဖြင့် ဖီဖာ၏ အကြီးတန်းတာဝန်ရှိသူများ အဖမ်းခံရပြီးနောက် ဘလတ္တာမှာ ဝေဖန်မှုများကို အပြင်းအထန် ခံစားနေရပြီး ရာထူးမှ နှုတ်ထွက်ပေးရန်လည်း ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခြင်း ခံခဲ့ရသည်။

    ထို့ပြင် ယခုကဲ့သို့ နှုတ်ထွက်မှုကြောင့် ဘလတ္တာမှာ ချစားမှုတွင် ပါဝင်နေလားဟု သံသယများ ထွက်ပေါ်နေသော်လည်း ဆွစ်ဇာလန် တရားသူကြီးချုပ်ကမူ ချစားမှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုတွင် ဘလတ္တာ ပါဝင်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန် အာဏာပိုင်များက ဘလတ္တာအား ချစားမှုနှင့် ပတ်သက်ခြင်း ရှိ၊ မရှိကို စုံးစမ်းစစ်ဆေးနေသည်ဟု နယူးယောက်တိုမ်းစ်သတင်းစာ၌ ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • အစ္စလာမ်ဆန့်ကျင်ရေးမှသည် ဗလီဝတ်ကျောင်းတော်ဆီသို့

    အစ္စလာမ်ဆန့်ကျင်ရေးမှသည် ဗလီဝတ်ကျောင်းတော်ဆီသို့

    ဇွန် ၃၊ ၂၀၁၅
    M-Media

    phoenix

    ပြီးခဲ့တဲ့သောကြာနေ့ ဖီးနစ်မှာပြုလုပ်ခဲ့တဲ့ အစ္စလာမ်ဆန့်ကျင်ရေးချီတက်ပွဲကို တက်ရောက်ခဲ့သူ ဂျေဆန် လီဂါတစ်ယောက် ဗလီဝတ်ကျောင်းတော်အတွင်းကို သွားရောက်လည်ပတ်ခွင့် ရပြီးတဲ့နောက်မှာ သူ့ရဲ့ နှလုံးသားဟာ ပြောင်းလဲသွားခဲ့ပါတယ်။

    “မွတ်စလင်တွေကို လေးစားသမှုမဲ့စွာနဲ့ ကျွန်တော်ဟာ ပြောခဲ့ဆိုခဲ့ပါတယ်။ နောက်ထပ် ကျွန်တော် ဒါမျိုး မလုပ်တော့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်ဟာ ဒီလူတွေကို ထပ်ပြီး စိတ်ဆိုးတာ ဒါမှမဟုတ် နာကျင်တာမျိုး မဖြစ်စေချင်တော့လို့ပါ” လို့ လီဂါက Fox News ကို ပြောကြားခဲ့ပါတယ်။

    ဖီးနစ်မြို့ရဲ့ ဗလီဝတ်ကျောင်းတော်အရှေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီချီတက်ပွဲကို အီရတ်စစ်ပြန်တစ်ဦးက စီစဉ်ခဲ့တာဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့ ဆိုင်ကယ်စီးသမား ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။

    လွတ်လပ်စွာ ပြောဆိုခွင့်ကို အားပေးပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီချီတက်မှုမှာ သူတို့တွေဟာ တမန်တော်မိုဟာမက်ရဲ့ ရုပ်ပြောင်တွေ၊ အစ္စလာမ်ကို စော်ကားတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်လာခဲ့ကြပါတယ်။

    အဲဒီ သောကြာနေ့ ချီတက်ပွဲမှာ လီဂါတစ်ယောက် သူ့ရဲ့ဦးလေးနဲ့အတူ အစ္စလာမ်ဆန့်ကျင်ရေး တီရှပ်တွေကို ၀တ်လို့ ပါဝင်ခဲ့ကြပါတယ်။ လီဂါတို့ တူဝရီး နှစ်ယောက်ဟာ သူတို့ သွားရောက်ဆန္ဒပြတဲ့ ဗလီဝတ်ကျောင်းတော်က ၀တ်ပြုသူတွေနဲ့ စကားစမြည် ပြောဆိုခွင့်ရခဲ့ပြီး
    ဗလီဝတ်ကျောင်းတော်အတွင်း ဖိတ်ခေါ်ခြင်းလည်း ခံခဲ့ရပါတယ်။

    “သူတို့နဲ့ စက္ကန့်အနည်းလောက်ထိုင်ပြီး စကားပြောလိုက်တယ်။ သူတို့ရဲ့ ဗလီဝတ်ကျောင်းတော်အတွင်းကို ၀င်သွားခဲ့တယ်။ သူတို့ရဲ့ ၀တ်ပြုဆောက်တည်မှုတွေကိုလည်း စောင့်ကြည့်ခဲ့ပါတယ်။ ဒါဟာ လှပတဲ့ကိစ္စတစ်ခုပါပဲ။ ပြီးတော့ ကျွန်တော့်မှာရှိတဲ့
    မေးခွန်းတွေအတွက်လည်း သူတို့က အဖြေပေးခဲ့ပါသေးတယ်” လို့ လီဂါက သူမုန်းတီးနေတဲ့ မွတ်စလင်တွေနဲ့ အစ္စလာမ်သာသနာကို ထိတွေ့ခွင့်ရခဲ့တဲ့ အတွေ့အကြုံကို ပြောကြားခဲ့ပါတယ်။

    လီဂါနဲ့ သူ့ဦးလေးကို ထပ်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့ အဲဒီဗလီဝတ်ကျောင်းတော်က ထပ်မံဖိတ်ကြားခဲ့ပါတယ်။

    “ဒီကမ္ဘာကြီးမှာ လွတ်လပ်စွာပြောဆိုခွင့်လို့ခေါ်တဲ့ အရာတိုင်းကို ကျွန်တော်တို့ ကြိုက်လို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ လူတွေကို ဖြစ်ခွင့်ပေးရမယ်။ လူတွေ သူတို့ကြိုက်တာဝတ်ခွင့် ပေးရမယ်။ သူတို့ကြိုက်တာပြောခွင့် ပေးရပါလိမ့်မယ်။ ကျွန်တော်၊ ကျွန်တော့်ဦးလေးလို လူတွေနဲ့ မွတ်စလင်တွေကို တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောချိန် ပေးရမယ်လို့ ကျွန်တော်
    ခံစားရပါတယ်။ ကျွန်တော်တို့က တစ်ခြားလူတွေရဲ့ အတွေးတွေကို ပြောင်းလဲပစ်ခဲ့တယ်။ သူတို့ (မွတ်စလင်တွေ)က ကျွန်တော့်ရဲ့အတွေးအခေါ်ကို ပြောင်းလဲစေခဲ့ပါတယ်”

    တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကြားရတာတွေ၊ မွတ်စလင်အမည်ခံလူတစ်စုရဲ့ လုပ်တွေကြောင့် အစ္စလာမ်ကို အသားလွတ် မုန်းတီးတိုက်ခိုက်နေတဲ့သူတွေဟာ စစ်မှန်တဲ့ အစ္စလာမ်နဲ့ ထိတွေ့မိတဲ့အခါမှာ အစ္စလာမ့်အေးရိပ်ဆာယာအောက်ကို ၀င်ရောက်လာတဲ့ အခြေအနေအမျိုးတွေက အစ္စလာမ်စတင် သန္ဓေတည်ခဲ့တဲ့အချိန်ကတည်းက ရှိခဲ့ပါတယ်။

    အခုနှစ်ပိုင်းအတွင်းမှာ အထင်ရှားဆုံးကတော့ အစ္စလာမ်ဆန့်ကျင်ရေး ဒက်ခ်ျနိုင်ငံရေးသမားဖြစ်တဲ့ အာနော့ဗန်ဒေါန်ပဲ ဖြစ်ပါတယ်။ သူဟာ အစ္စလာမ်ဆန့်ကျင်ရေး ၀ါဒဖြန့်ဇာတ်ကားတစ်ကားကို ထုတ်လုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စလာမ်နဲ့ တစ်ကယ်ထိတွေ့ခဲ့ရပြီးနောက်ပိုင်းမှာ သူဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့ပြီး သူရဲ့လုပ်ရပ်အတွက်
    မွတ်စလင်တွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    Ref: Onislam