News @ M-Media

Author: Ko Lay

  • ဖီဖာမှာ ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် လာဘ်စားခဲ့

    ဖီဖာမှာ ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုအတွက် လာဘ်စားခဲ့

    ဇွန် ၄၊ ၂၀၁၅
    M-Media

    blazer

    – မိမိနှင့်အတူ အခြားအမှုဆောင် ကော်မတီဝင်များမှာလည်း ၁၉၉၈ နှင့် ၂၀၁၀ ကမ္ဘာ့ဖလားများအတွက် လာဘ်ငွေ လက်ခံခဲ့သည်ဟု ဖီဖာအမှုဆောင်ကော်မတီဝင်ဟောင်း ချက်ဘလေဇာက ၀န်ခံပြောကြားလိုက်သည်။

    ဘလေဇာမှာ ၂၀၁၃ ခုနှစ်က နယူးယောက်မြို့ တရားရုံးတွင် အက်ဖ်ဘီအိုင်သို့ ၀န်ခံခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အာဏာပိုင်များက လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ ဘလေဇာမှာ ၎င်းကိုယ်တိုင်လည်း လာဘ်စားမှုနှင့် အခြားစွဲချက်များအတွက် အပြစ်ရှိသည်ဟု ထိုစဉ်က တစ်ပါတည်း ၀န်ခံခဲ့သည်။

    “ကျွန်တော်နဲ့ ဖီဖာအမှုဆောင်ကော်မတီဟာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် တောင်အာဖရိကကို အိမ်ရှင်အဖြစ် ရွေးချယ်မှုနဲ့ ဆက်စပ်ပြီး လာဘ်ငွေတွေယူဖို့ သဘောတူခဲ့ကြပါတယ်” ဟု ဘလေဇာက တရားရုံးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရစ်ဘီယံဒေသ ဘောလုံးအဖွဲ့ချုပ်များ၏ ဒုတိယ အကြီးအကဲဟောင်းဖြစ်ခဲ့သူ ဘလေဇာက ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် မည်သည့်နိုင်ငံအား မဲပေးရမည်ဆိုခြင်းနှင့် ပတ်သက်၍လည်း လာဘ်ငွေယူရန် မိမိမှာ ၁၉၉၂ ခုနှစ် ၀န်းကျင်က စီစဉ်ခဲ့သည်ဟု ဆိုသည်။

    အမေရိကန်နိုင်ငံသားဖြစ်သူ ဘလေဇာမှာ တရားသူကြီးများနှင့် သဘောတူညီချက်ယူကာ နယူးယောက် ဖက်ဒရယ်တရားရုံးတွင် ရာဇ၀တ်မှုစွဲချက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း လျှို့ဝှက်ဝန်ခံခဲ့သည်ဟု ယမန်နေ့က ဖွင့်ချမှုတွင် ဖော်ပြထားသည်။

    ဘလေဇာ၏ ပူးပေါင်းဆောင်ရွက်မှုက ဖီဖာ၏ ထိပ်တန်းအကြီးအကဲများအား တရားစွဲဆိုမှုကို ဦးတည်စေခဲ့သည့် ချစားသည့်အမှု တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေခဲ့သည်။

    နောက်ဆုံးထွက်ပေါ်လာသည့် သတင်းများအရ ဖီဖာ၏ ချစားမှုနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများတွင် ၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ရုရှားနှင့် ကာတာတို့အား ရွေးချယ်ခဲ့မှု ကိစ္စအထိ ကျယ်ပြန့်လာခဲ့သည်ဟု သိရသည်။

    Ref: Aljazeera

  • ကျန်းမာရေး အထောက်အကူဖြစ်စေသည့် ၀တ်ပြုဖျာကို ကနေဒါမွတ်စလင်တစ်ဦး ပထမဆုံး တီထွင်

    ကျန်းမာရေး အထောက်အကူဖြစ်စေသည့် ၀တ်ပြုဖျာကို ကနေဒါမွတ်စလင်တစ်ဦး ပထမဆုံး တီထွင်

    ဇွန် ၄၊ ၂၀၁၅
    M-Media

    prayer map

    – သက်ကြီးရွယ်အို မွတ်စလင်များ ၀တ်ပြုဆောက်တည်ရာတွင် သက်တောင့်သက်သာရှိစေရေးအတွက် မွတ်စလင် အာကာသပညာရှင် စွန့်စားတီထွင်သူတစ်ဦးက ကျန်းမာရေးကို အထောက်အကူပြုသည့် ၀တ်ပြုဖျာတစ်ခုကို တီထွင်ခဲ့ပြီး အဆိုပါအခင်းတွင် အာကာသနည်းပညာကို အသုံးပြုထားသည်ဟု သိရသည်။

    “ဒူးခေါင်းနဲ့ အဆစ်အမြစ်နာကျင်သူတွေ၊ ပင်ပန်းနွမ်းလျသူတွေ၊ အကြောအချင်တောင့်တင်းသူတွေ၊ အားနည်းတဲ့သူတွေအတွက် ဒီဖျာက ထိထိရောက်ရောက် အကူအညီဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ အရိုးတည်ဆောက်ပုံကိုလည်း အထောက်အကူဖြစ်စေပါတယ်” ဟု အဆိုပါဖျာကို တီတွင်ခဲ့သူ နဒါရ် ဆဘ်ရီက အလ်-အာရေဗျ သတင်းစာသို့ မေလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

    အာရပ်နွယ်ဖွား ကနေဒါမွတ်စလင်တစ်ဦးဖြစ်သော ဆဘ်ရီမှာ  Get2space.com ၀ဘ်ဆိုက်ကို တည်ထောင်ထားသူဖြစ်ပြီး အမေရိကန် အာကာသဖောင်ဒေးရှင်းနှင့် မိတ်ဖက်ဖြစ်သည့် အဆိုပါ ၀ဘ်ဆိုက်မှတစ်ဆင့် မွတ်စလင်လူငယ်များ စွန့်စားလိုစိတ် ဖြစ်ပေါ်လာအောင်
    အသိပညာပေးနေသူဖြစ်သည်။

    TIMEZ5 ဟု အမည်ရသည့် အဆိုပါဝတ်ပြုဖျာကို တီထွင်ခြင်းအားဖြင့် ဆဘ်ရီမှာ အစ္စလာ့မ်မစ်စီးပွားရေးကဏ္ဍအတွင်း ၂ ထရီလီယံရှိသော လူမှုဘ၀ဈေးကွက်၌ တစ်ဦးတည်းသော တီထွင်ဖန်တီးသူအဖြစ် မှတ်ယူရမည်ဖြစ်သည်။

    “TIMEZ5 ၀တ်ပြုဖျာကို မွတ်စလင်ဈေးကွက်အတွင်း နှစ်ပေါင်းများစွာ အသေးစိတ် သုတေသန ပြုလုပ်ပြီးနောက်ပိုင်းမှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ အသက်ကြီးကြီး အဘိုးအိုတစ်ယောက် ကိုက်ခဲမှုတွေကြားက ၀တ်ပြုဖို့ ကြိုးစားနေတာကို တွေ့ပြီးနောက်ပိုင်းမှာ စိတ်ကူးရလာတာပါ။ ၀တ်ပြုမှုမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ လှုပ်ရှားမှု ပါဝင်တာကြောင့် ဒီအဘိုးအိုရဲ့ ဘာသာရေးဆိုင်ရာ ကျင့်မှုဆောက်တည်တဲ့အချိန်ဟာ ခက်ခဲခဲ့ပါတယ်။ နှစ်ပေါင်းများစွာ သူတေသနလုပ်ပြီးတဲ့နောက်ပိုင်း
    မွတ်စလင်တွေအများစုဟာ ဒူးခေါင်းနာကျင်တာ၊ အဆစ်အမြစ်ပြဿနာတွေကို ခံစားရပြီး အဲဒီရောဂါတွေက သူတို့ရဲ့ ၀တ်ပြုဆောက်တည်မှုကို အတားအဆီး ဖြစ်စေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်” ဟု ဆဘ်ရီက ပြောကြားခဲ့သည်။

    အဆိုပါဖျာကို တီထွင်မှုမှာ ၅ နှစ် ကြာမြင့်ခဲ့ပြီး မွတ်စလင် သက်ကြီးရွယ်အိုများ ၀တ်ပြုဆောက်တည်ရာတွင် အကူအညီဖြစ်စေသလို ထိုင်၍ အလုပ်လုပ်ရသောသူများ၊ ဒဏ်ရာမှ သက်သာရန် ကြိုးစားနေသော အားကစားသမားအထိ အထောက်အကူဖြစ်စေမည်ဟု ၎င်းက
    ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဆဘ်ရီ၏ TIMEZ5 ကုမ္ပဏီမှာ မွတ်စလင်များ၏ လူမှုဘ၀ကဏ္ဍအတွက် တီထွင်ဖန်တီးမှုများ ပြုလုပ်ပေးနေသည့် အနည်းငယ်သော ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

    “ကျွန်တော်တို့ဟာ မျိုးဆက်သစ် မွတ်စလင်တီထွင်သူတွေကို ဦးဆောင် ပုံဖော်ပေးနေတာပါ”

    ဆဘ်ရီ၏ ကုမ္ပဏီမှာ နာဆာသမိုင်းတွင် အာကာသနည်းပညာဆိုင်ရာ အသိအမှတ်ပြုသည့် ၄၃ ခုမြောက် ကုမ္ပဏီလည်း ဖြစ်သည်။

    “နာဆာက အသိအမှတ်ပြုပြီး ကျွန်တော်တို့ဟာ နာဆာနဲ့ အလုပ်လုပ်တဲ့ တီထွင်ကြံဆတဲ့ကုမ္ပဏီတစ်ခု ပထမဆုံး ဖြစ်လာပါတယ်” ဟု ဆဘ်ရီက ထပ်လောင်းပြောကြားခဲ့သည်။

    အိပ်မက်များ

    အာကာသနည်းပညာကို အသုံးပြု၍ ၎င်း၏ ပထမဆုံးစီမံကိန်း အောင်မြင်ခဲ့သည့် ဆဘ်ရီမှာ တီထွင်မှုများ ထပ်မံဆောက်ရွက်သွားရန် စိတ်ကူးရှိနေသည်။

    နောက်ထပ် တီထွင်မှုအစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာ “အခုလတ်တလောမှာတော့ ကျွန်တော်တို့ဟာ တော်တော်လေး အလုပ်ဖြစ်နေပါတယ်။ မွတ်စလင်တွေရဲ့ လူမှုဘ၀ စိန်ခေါ်မှုကို တိုးမြှင့် အကူအညီပေးဖို့ ကျွန်တော်တို့ဟာ တီထွင်ဆန်းသစ်မှု တော်တော်များများကိုလည်း လုပ်ဆောင်နေပါတယ်။ နိုင်ငံအများအပြားက တောင်းဆိုမှုတွေရှိလာတာကြောင့် လာမယ့်နှစ်မှာ
    ကျွန်တော်တို့ဟာ ဇီဝကမ္မဗေဒနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေေးနွးပွဲတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ” ဟု ဆဘ်ရီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မိမိတို့၏ ဆေးအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇီဝကမ္မဗေဒ အကြောင်းအရာ၏ ထူးခြားမှုနှင့် ထိုပြဿနာအား ၀တ်ပြုခြင်းဖြင့် မည်ကဲ့သို့ ကျော်ဖြတ်ရမည်ဆိုသည်တို့ကိုလည်း မွတ်စလင်များအား အသိပညာပေးသွားမည်ဟု ၎င်းက
    ဆိုသည်။

    “ကျွန်တော်တို့ဟာ နာဆာအသိအမှတ်ပြုဖြစ်ပြီး၊ အာကာသနည်းပညာကို အသုံးပြုကာ နာဆာရဲ့ နည်းပညာဆိုင်ရာ လွှဲပြောင်းပေးအပ်မှု အစီအစဉ်နဲ့အတူ အလုပ်လုပ်နေတာပါ။ ကျွန်တော်တို့ အောင်မြင်ခဲ့ပြီးတဲ့ ဒီနေ့မှာတော့ နာဆာဟာ အနာဂတ် အာကာသ ကိစ္စရပ်တွေမှာ အသုံးပြုဖို့ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို စမ်းသပ်နေပါတယ်” ဟု ဆဘ်ရီက ပြောကြားခဲ့သည်။

    ကနေဒါမှ တီထွင်ကြံဆမှုများ ဆောင်ရွက်နေသည့် ဆဘ်ရီအနေဖြင့် ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်မှုများ လုပ်ရန်လည်း စိတ်ကူးရှိနေသည်။

    “ဒီနေ့ ကျွန်တော်တို့ဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၃၅ နိုင်ငံကို ရောင်းချနေပြီး ဖောက်သည် ထောင်နဲ့ချီ ရှိနေပါတယ်။ အဓိကဈေးကွက်တွေအထိ ပြန့်နှံ့ပြီး အမေရိကန်၊ ကနေဒါ၊ ပြင်သစ်နဲ့ ယူကေတို့လို နိုင်ငံတွေမှာလည်း တော်တော် အောင်မြင်မှုရပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းက အခုအချိန် ကနေဒါမှာဖြစ်ပေမယ့် အရှေ့အလယ်ပိုင်းမှာ ထုတ်မယ့်အစီအစဉ်တော့ မရှိသေးပါဘူး”

    Ref: Onislam

  • လူကုန်ကူးမှုဖြင့် ၀ရမ်းထုတ်ခံထားရသူ ထိုင်းစစ်တပ်အကြီးအကဲတစ်ဦး လာရောက်အဖမ်းခံ

    လူကုန်ကူးမှုဖြင့် ၀ရမ်းထုတ်ခံထားရသူ ထိုင်းစစ်တပ်အကြီးအကဲတစ်ဦး လာရောက်အဖမ်းခံ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    thai

    – လူကုန်ကူးမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံခဲ့ရပြီး ၀ရမ်းထုတ်ခြင်း ခံထားရသည့် ထိုင်းစစ်တပ်အကြီးအကဲမှာ တရားရင်ဆိုင်ရန်အတွက် ယနေ့တွင် အဖမ်းခံခဲ့ပြီး ထိုင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံမှ နိုင်ငံသားများပါဝင်သော အဆိုပါ လူကုန်ကူးမှုပြဿနာအတွက် စုံစမ်းစစ်ဆေးမှုများ စတင်ကတည်းက ပထမဆုံး ဖမ်းဆီးမိခဲ့သည့် စစ်တပ်အရာရှိတစ်ဦး ဖြစ်လာခဲ့သည်။

    ထိုင်း-မလေးရှား နယ်စပ်အနီးရှိ စွန့်ပစ်လူကုန်ကူးစခန်းတစ်ခုတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများဟု ယူဆရသော အလောင်း ၃၆ လောင်းကို တွေ့ရှိခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့မှာ ဒေသတွင်း နိုင်ငံရေးသမားများ၊ တာဝန်ရှိသူ အမြောက်အများအပါအ၀င် လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် လူကုန်ကူးကွန်ယက်တွင် ပါဝင်သည်ဟု သံသယရှိသူ အခြား ၃၀ ကျော်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေသည်။

    လာရောက်အဖမ်းခံသူမှာ ထိုင်းတော်ဝင်စစ်တပ်မှ အကြီးတန်းအကြံပေး ဒုတိယဗိုလ်ချုပ်ကြီး မာနက်စ် ကွန်ပါအန်ဖြစ်ပြီး ၎င်းမှာ တစ်ချိန်က ကမ်းရိုးတန်းဒေသတွင် လူကုန်ကူးမှု ပြဿနာကို ကြီးကြပ်သူဖြစ်ကာ ယခုလက်ရှိတွင် လူကုန်ကူးမှု စွဲချက်များ၊ နိုင်ငံခြားသားများ နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ရန် ကူညီမှု၊ လူများအား တရားမ၀င်ထိန်းသိမ်းမှုနှင့် ပြန်ပေးငွေတောင်းမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။

    ၎င်းအား ဖမ်ဆီးရန် ၀ရမ်းကို ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းက စွဲချက်များကို ကြားနာရန် ရဲတပ်ဖွဲ့ဌာနချုပ်ကို ရောက်ရှိလာခဲ့ကာ နောက်ပိုင်းတွင် မေးခွန်းများ မေးမြန်းရန်အတွက် တောင်ပိုင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

    “သူက ဒီပြဿနာမှာ မပါဝင်ဘူးလို့ဆိုပြီး စွဲချက်တွေကိုလည်း ငြင်းခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆွမ်ယွန် ပွန်ပန်မောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုင်းစစ်တပ်ကလည်း လူကုန်ကူမှုလုပ်ရပ်များတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

    Ref: AP

  • နိုင်ငံတကာသတင်းတို (ဇွန် ၃၊ ၂၀၁၅)

    ဇွန် ၃၊ ၂၀၁၅
    M-Media

    MERS ဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားတွင် ကျောင်းများ ပိတ်ပစ်
    ………………………………
    ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ကူးစက်ပြန့်နှံ့လာခဲ့သည့် MERS ဗိုင်းရပ်စ်ပိုးကြောင့် တောင်ကိုရီးယားရှိ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ပိတ်ပစ်ခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။ ကျောင်းသားများ ကျောင်းမတက်ဟု ဆရာများက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ကျောင်းပိတ်ခဲ့ခြင်းဖြစ်ပြီး MERS ဗိုင်းရပ်စ်ပိုးကြောင့်
    လက်ရှိချိန်အထိ တောင်ကိုရီးယားတွင် လူ ၂ ဦး သေဆုံးခဲ့ပြီဖြစ်ကာ ရာနှင့်ချီ၍ စောင့်ကြည့်ခံနေရသည်။

    မဟာမိတ်များ၏ တိုက်ခိုက်မှုအတွင်း IS တစ်သောင်းကျော် သေဆုံး
    ……………………………..
    အမေရိကန်ဦးဆောင်ပြီး မဟာမိတ်အာရပ်နိုင်ငံများပါဝင်သည့် ၉ လကြာ IS ဆန့်ကျင်ရေး တိုက်ခိုက်မှုအတွင်း IS တပ်ဖွဲ့ဝင် တစ်သောင်းကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယနေ့တွင်ပြောကြားခဲ့သည်။

    တရုတ်သင်္ဘောမှောက်မှု ၄၀၀ ကျော် ပျောက်ဆုံးနေဆဲ
    ……………………………..
    တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်း မုန်တိုင်းတိုက်ခတ်နေချိန် တနင်္လာနေ့ညပိုင်းက နစ်မြုပ်သွားခဲ့သည့် ဇိမ်ခံသင်္ဘောမှ လက်ရှိအချိအထိ အနည်းဆုံး အလောင်း ၁၉ လောင်းကို ရှာဖွေတွေ့ရှိထားပြီး လူပေါင်း ၄၀၀ ကျော်မှာ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါ သင်္ဘောမှောက်မှုမှာ နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး ရေကြောင်း ဖြစ်ရပ်ဆိုးကြီးလည်း ဖြစ်သည်။

    ရီးယဲလ်နည်းပြသစ်အဖြစ် ဘင်နီတက်ဇ်အား ခန့်အပ်
    ………………………
    ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းတို့၏ လစ်လပ်နေသော နည်းပြနေရာအတွက် နာပိုလီနည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ်အား ယနေ့တွင် ၃ နှစ်စာချုပ်ဖြင့် တရားဝင်ခန့်အပ်ခဲ့သည်။ ရီးယဲလ် (ခ) အသင်းကို နည်းပြခဲ့ဖူးသည့် ဘင်နီတက်ဇ်မှာ အိမ်ပြန်လာခြင်းဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားခဲ့သည်။ “အိမ်ပြန်လာရတာ စိတ်လှုပ်ရှားစရာပါပဲ။
    ဘာပြောရမှန်းမသိပါဘူး။ ကျွန်တော်တို့ ဖလားတွေရပြီး အသင်းကောင်းကောင်းကစားအောင် ကျွန်တော် ဆောင်ရွက်ပေးချင်ပါတယ်” ဟု ဘင်နီတက်ဇ်က မျက်ရည်ဖြိုင်ဖြိုင်ကျ၍ ပြောကြားခဲ့သည်။

    Ref: News Agencies

  • လူကာကူ၏ အဲဗာတန်အနာဂတ် မသေချာ

    လူကာကူ၏ အဲဗာတန်အနာဂတ် မသေချာ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    lukaku

    – မိမိအနေဖြင့် ချန်ပီယံလိဂ်တွင် ကစားချင်သော်လည်း လက်ရှိအချိန်တွင် အဲဗာတန်၌ ပျော်ရွှင်နေသည်ဟု ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ပြောကြားလိုက်သည်။

    လူကာကူက မိမိမှာ အသင်းကြီးများတွင် ပုံမှန်ကစားခွင့်ရကာ ဆုဖလားများ ဆွတ်ခူးခွင့် ရချိန်တန်ပြီဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး အဲဗာတန်အသင်းနှင့် အနာဂတ်အတွက် သံသယများ ဖြစ်ပေါ်စေခဲ့သည်။

    ယခုနှစ်နွေရာသီတွင် အဲဗာတန်မှ ထွက်ခွာဖြစ်မည်လားဟု မေးမြန်းခဲ့ရာ မိမိအနေဖြင့် အဲဗာတန်တွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သော်လည်း ထွက်ခွာမှုနှင့်စပ်လျဉ်း၍ ငြင်းဆိုခဲ့ခြင်း မရှိချေ။

    “အခုအချိန်မှာတော့ ကျွန်တော်က အဲဗာတန်မှာပါ။ ကျွန်တော် စာချုပ်ရှိနေပြီး ပျော်လည်းပျော်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဘယ်တော့မှ ကံသေကံမ မပြောနိုင်ပါဘူး” ဟု Sky Sport သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှ အငှားဖြင့် သွားရောက်ကစားခဲ့သည့် လူကာကူမှာ ခြေစွမ်းပြနိုင်သောကြောင့် ယူရို ၂၈ သန်းဖြင့် အဲဗာတန်က အပြီးသတ် ခေါ်ယူခဲ့သည်။ သို့သော်လည်း ၎င်း၏ အေးဂျင့်အသစ် မီနို ရီအိုလာက လူကာကူမှာ ဒီယေဂိုကော်စတာကဲ့သို့ အမြင့်ဆုံးအဆင့်တွင် ကစားသင့်သူတစ်ဦး ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် ၎င်း၏အနာဂတ်မှာလည်း မသေမချာ ဖြစ်လာခဲ့သည်။

    လူကာကူကမူ အေးဂျင့်၏ ပြောကြားမှုကို သဘောတူခဲ့သော်လည်း ထိပ်တန်းပြိုင်ပွဲများတွင် ကစားချင်သည့် စိတ်ဆန္ဒမှာ မိမိတစ်ဦးတည်းတွင် ရှိသည့် ဆန္ဒမျိုးမဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “(အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ဆိုတာ) ရည်ရွယ်ချက်တစ်ခုပါ။ ကစားသမားတိုင်းဟာ ချန်ပီယံလိဂ်မှာ ကစားချင်ကြပါတယ်။ ကစားသမားတိုင်းက အမြင့်ဆုံးအဆင့်မှာ ကစားချင်ကြပါတယ်”

    လူကာကူအား ခေါ်ယူရန် ပရီးမီးယားလိဂ်အသင်းကြီးများ အပါအ၀င် ကမ္ဘာတစ်ဝှမ်း ထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြသည်။

    Ref: Goal