News @ M-Media
Author: Ko Lay
  • အမေရိကန်ရှိ မြို့ ၃ မြို့တွင် ၄ ရက်အတွင်း သေနတ်ပစ်မှု ၁၀၀ ကျော်ဖြစ်ပွား
    အမေရိကန်ရှိ မြို့ ၃ မြို့တွင် ၄ ရက်အတွင်း သေနတ်ပစ်မှု ၁၀၀ ကျော်ဖြစ်ပွား
    မေ ၂၇၊ ၂၀၁၅
    M-Media
    us
    – Memorial Day ပိတ်ရက်များအတွင်း အမေရိကန်နိုင်ငံမှ ရာဇ၀တ်မှု အများဆုံးဖြစ်ရာ မြို့ ၃ မြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။
    ချီကာဂို၊ ဘာလ်တီမိုးနှင့် နယူးယောက်မြို့များတွင် ဖြစ်ပြီး ချီကာဂိုတွင် သေနတ်ဖြင့်ဆက်နွယ်သည့် ရာဇ၀တ်မှုနှုန်းမှာ နှစ်စဉ် မြင့်တက်လျက် ရှိနေသည်။ သောကြာနေ့ နေ့လည်ပိုင်းမှ အင်္ဂါနေ့ မနက်အစောပိုင်းအထိ အနည်းဆုံး လူပေါင်း ၅၆ ဦး သေနတ်ဖြင့် အပစ်ခံရပြီး ၁၂ ဦးသေဆုံးခဲ့ကာ ပြီခဲ့သည့်နှစ်ကထက် ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။
    ဘာလ်တီမိုးတွင်မူ အဆိုပါ ၃ ရက်၌ လူသတ်သမား ၉ ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်ကတည်းက လစဉ် လူသတ်မှုနှုန်းမှာ အမြင့်ဆုံးသို့ ရောက်ခဲ့သည်။
    ယခုလ ၁ ရက်နေ့မှစ၍ ယမန်နေ့အထိ လူသတ်မှု ၃၅ မှုအတွက် ရဲတပ်ဖွဲ့တွင် တိုင်ကြားခြင်း ခံထားရပြီး လွန်ခဲ့သည့် ၁၅ နှစ်အတွင်း လတစ်လတွင် အမြင့်ဆုံးလည်း ဖြစ်ခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ယှဉ်လျှင် ၄၀ ရာခိုင်နှုန်း တက်လာခြင်းလည်းဖြစ်သည်။
    ဧပြီလ ၁၉ ရက်နေ့တွင် လူမည်တစ်ဦးဖြစ်သော အသက် ၂၅ နှစ်အရွယ် ဖရက်ဒီဂရေး သေဆုံးခဲ့ပြီးနောက်ပိုင်း ဘာလ်တီမိုးတွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဖြင့် တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
    နယူးယောက်တွင်မူ ယခုသီတင်းပတ် ပိတ်ရက်တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူ ၁၆ ဦးရှိခဲ့သည်ဟု နယူးယောက်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့ပြင် ဓားဖြင့် ထိုးမှု တစ်မှုအပါအ၀င် လူသတ်မှုမှာ ၅ မှုရှိခဲ့သည်။
    ၂၀၁၅ ခုနှစ် ဇန်န၀ါရီမှစ၍ အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူများမှာ ၉၃၆၆ ဦး ရှိခဲ့သည်ဟု သေနတ်ဖြင့်တိုက်ခိုက်မှု မော်ကွန်းရုံး၏ မှတ်တမ်းများအရ သိရပြီး ပြီးသည့်နှစ်က ၇၁၄၅ ဦးရှိရာမှ မြင့်တက်လာခြင်းဖြစ်သည်။ သေဆုံးသူများမှာမူ မနှစ်က ၄၁၂၃ ဦးသာရှိသော်လည်း ယခုနှစ်အတွင်း ၄၈၆၈ ဦး ရှိနေပြီဖြစ်သည်။
    Ref: PressTV
  • ချယ်ဆီးမှာ ပရီးမီးယားလိဂ်ကို ဆက်လက်လွှမ်းမိုးမည်ဟု ဖာဂူဆန်ပြော
    ချယ်ဆီးမှာ ပရီးမီးယားလိဂ်ကို ဆက်လက်လွှမ်းမိုးမည်ဟု ဖာဂူဆန်ပြော
    မေ ၂၇၊ ၂၀၁၅
    M-Media
    jose
    – ပရီးမီးယားလိဂ်တွင် စံချိန်တင်မှတ်တမ်းသစ်ဖြင့် ဗိုလ်စွဲခဲ့သည့် ချယ်ဆီးအသင်းမှာ အင်္ဂလိပ်ဘောလုံးလောကကို ဆက်လက် လွှမ်းမိုးထားမည်ဟု မန်ယူအသင်း၏ ဂန္တ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။
    ယခုနှစ်တွင် လိဂ်ဖလားကို ရရှိခဲ့သည့် ချယ်ဆီးမှာ ပထမနေရာကို ၂၇၄ ရက်ကြာ စံချိန်တင်ဆုပ်ကိုင်၍ ၅ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည်။ မော်ရင်ဟိုမှာလည်း ပရီးမီးယားလိဂ်၏ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။
    “သူက အောင်မြင်တဲ့လူတစ်ယောက်ပါ။ အနိုင်ရသူတစ်ယောက်ပါ။ သူဟာ ဒီဆုနဲ့ ထိုက်တန်ပါတယ်။ သူ့မှာ အကောင်းဆုံးလူစာရင်း ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂျွန်တယ်ရီကလည်း ပွဲတိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ချန်ပီယံဆိုတာ နိုင်ဖို့ အမြဲတမ်းရှိနေသူပါ။ ဂျိုဆေး(မော်ရင်ဟို) က သူ့ရဲ့အသင်းအကြောင်း ကောင်းကောင်းသိပါတယ်။ ချယ်ဆီးဟာ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ တော်တော်လေး အောင်မြင်တော့မှာပါ” ဟု အကောင်းဆုံးနည်းပြဆု ပေးပွဲကို တက်ရောက်လာခဲ့သည့် ဖာဂူဆန်က ပြောကြားခဲ့သည်။
    မော်ရင်ဟို ပထမအကြိမ် ချယ်ဆီးသို့ စရောက်စဉ်က ဖာဂူဆန်၏ ပြိုင်ဘက်ကောင်းဖြစ်ခဲ့ပြီး ဖာဂူဆန်ကမူ မော်ရင်ဟိုတွင် ပြောင်းလဲမှုရှိပြီး ရှေရှည်ကိုကြည့်တတ်ကာ လာမည့်နှစ်အနည်းငယ်မှာ မိမိတို့ မန်ယူအသင်းအတွက် နာကျင်စရာနှစ်များ ဖြစ်လာမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • သြဇီရှိ မွတ်စလင်မိဘများက ကလေးများအား အစ္စလာမ့်မစ်ကျောင်းများတွင် ပိုမို အပ်နှံလာကြ
    သြဇီရှိ မွတ်စလင်မိဘများက ကလေးများအား အစ္စလာမ့်မစ်ကျောင်းများတွင် ပိုမို အပ်နှံလာကြ
    မေ ၂၇၊ ၂၀၁၅
    M-Media
    ဆစ်ဒနီမြို့ရှိ The Malek Fahd အစ္စလာမ့်မစ်စာသင်ကျောင်း
    – ကလေးငယ်များ၏ပညာရေး ပိုကောင်းစေရန်နှင့် အနိုင်ကျင့်ခံရခြင်းနှင့် အရှက်တကွဲပြု ခံရခြင်းတို့မှ ရှောင်ရှားရန်အတွက် သြစတေးလျရှိ မွတ်စလင်မိဘများမှာ ၎င်းတို့၏ကလေးများကို နိုင်ငံတကာအဆင့်အတန်းမှီ အစ္စလာမ့်မစ်ကျောင်းများ၌ အပ်နှံလာမှုများ မြင့်တက်လာသည်ဟု သိရသည်။
    “ပညာရေးအတွက် အာရုံစိုက်မှုက မိဘတွေ ကျွန်တော်တို့ကျောင်းကို ရွေးချယ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပေမယ့် ကျွန်တော်တို့ကျောင်းကပေးတဲ့ တန်ဖိုးတွေနဲ့ ဘာသာရေးဆိုင်ရာ သင်ကြားပေးမှုတွေက အဓိက အကြောင်းအရင်းပါပဲ။ အချို့ကျောင်းတွေဟာ ပညာရေးပိုင်းဆိုင်ရာမှာ တော်တော်လေးကောင်းပါတယ်” ဟု သြစတေးလျ အစ္စလာ့မ်မစ်ကျောင်းများအသင်း ဥက္ကဌ အဘ်ဒူလာခန်းက The Australian သို့ ပြောကြားခဲ့သည်။
    ဖက်ဒရယ်ပညာရေးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုင်ငံတစ်ဝှမ်းရှိ အစ္စလာမ့်မစ်ကျောင်းပေါင်း ၃၂ ကျောင်း၌ ပြီးခဲ့သည့်နှစ်တွင် တက်ရောက်နေသည့် ကျောင်းသားအရေအတွက်မှာ ၂၈၂၆၇ ဦး ရှိနေသည်ဟု သိရသည်။ ၂၀၀၉ ခုနှစ်တွင် ၁၅၅၀၃
    ဦးရှိခဲ့ရာမှာ ၈၂ ရာခိုင်နှုန်း တက်လာခြင်းလည်း ဖြစ်သည်။
    သြစတေးလျ အစ္စလာမ့်ကောင်စီများအဖွဲ့ချုပ်က ကြီးကြပ်သော အစ္စလာမ့်မစ်ကျောင်းပေါင်း ၆ ကျောင်းမှာ သြစတေးလျအစိုးရထံမှ ရန်ပုံငွေ ၈၀ ရာခိုင်နှုန်း ရရှိပြီး ထိုကျောင်းများတွင် တက်ရောက်သူများမှာ ပြီးခဲ့သည့် ၅ နှစ်အတွင်း ၅၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။
    ခန်းကမူ မွတ်စလင်ကျောင်းသား ၄ ယောက်တွင် ၃ ယောက်မှာ ကိုယ်ပိုင်ကျောင်းများကို တက်ရောက်ကြပြီး အစ္စလာမ့်မစ်ကျောင်းများတွင် ကျောင်းအပ်မှုတိုးလာခြင်းမှာ မွတ်စလင်လူဦးရေ တိုးလာမှု၏ ရလဒ်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    လုံခြုံသောကျောင်းများ
    အစ္စလာမ့်ပညာရေးနှင်ပတ်သက်၍ စာတမ်းပြုစုရန်အတွက် သြစတေးလျရှိ အစ္စလာမ့်မစ်ကျောင်းများတွင် သုတေသများ ပြုလုပ်ခဲ့သူ ကျောင်းဆရာ ပီတာဂျုန်းစ်ကမူ ထိုကျောင်းများတွင် မွတ်စလင်ကလေးများ ကျောင်းအပ်မှု မြင့်တက်လာခြင်းမှာ အပြင်ကျောင်းများ၌
    အနိုင်ကျင့်ခံရမှုကို ရှောင်ရှားလိုသောကြောင့်ဖြစ်သည်ဟု ဆိုသည်။
    “ကျောင်းသားတွေနဲ့ ကျောင်းသားမိဘအများစုက ဒီကျောင်းတွေဟာ ပိုပြီး လုံခြုံတယ်လို့ ခံစားရပါတယ်။ ရန်လိုမှုရှိတဲ့ အသိုင်းအ၀ိုင်းကနေ ပိုပြီးကာကွယ်မှုရှိတယ်လို့ သူတို့ ခံစားရပါတယ်။ လူတွေက သူတို့ကို ဟိဂျဘ်တွေဆွဲချွတ်တာ၊ တံတွေးထွေးတာတွေ လုပ်လာကြလို့ပါ” ဟု ခန်းက ထပ်လောင်းပြောကြားခဲ့သည်။
    အစ္စလာမ်ဘာသာဝင်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ကပင် သြစတေးလျတွင် ရှိနေခြင်းဖြစ်ပြီး နိုင်ငံလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။
    Ref: Onislam
  • အရှေ့တောင်အာရှရေပြင်ရှိ လှေစီးဒုက္ခသည်များအား ကူညီပေးရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
    အရှေ့တောင်အာရှရေပြင်ရှိ လှေစီးဒုက္ခသည်များအား ကူညီပေးရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
    မေ ၂၇၊ ၂၀၁၅
    M-Media
    pope
    – ဘင်္ဂလားပင်လယ်အော်နှင့် အက်ဒမင်ပယ်လယ်ပြင်များကိုဖြတ်၍ ရွှေ့ပြောင်းလာကြပြီး အစာရေစာပြတ်လတ်ကာ ပင်လယ်ထဲ သောင်တင်နေကြသည့် လှေစီးဒုက္ခသည်များအား ကူညီကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းလိုက်သည်။
    “ဘင်္ဂလားပင်လယ်အော်နဲ့ အက်ဒမန်ပင်လယ်ပြင်တွေက ဒုက္ခသည်တွေရဲ့ ဇာမ်လမ်းတွေကို စိုးရိမ်ကြီးစွာနဲ့ ဆက်လက်စောင့်ကြည့်နေပြီး ကျွန်တော့် နှလုံးသားထဲက နာကျင်ရပါတယ်” ဟု အီစတာပွဲတော်အပြီး ၇ ပတ်မြောက် တနင်္ဂနွေ ဒေသနာအဖြစ် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် ဟောကြားသော  တရားဒေသနာတွင် ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း မိန့်ကြားခဲ့သည်။
    မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာများနှင့် ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရန် ထွက်လာကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ လူကုန်ကူးသူများ၏ သားကောင်များ ဖြစ်လာခဲ့ပြီး အရှေ့တောင်အာရှတွင် အဆိုပါ ရွှေ့ပြောင်းလာသူများ ပြဿနာမှာ ဆိုးဝါးလာခဲ့သည်။
    လူကုန်ကူးမှုများကို ထိုင်းနိုင်ငံက ဖြိုခွဲမှု ပြုလုပ်သည့်အခါ လူကုန်ကူးသမားများက ဒုက္ခသည်များကို စွန့်ပစ်ခဲ့ကြပြီး ပင်လယ်ထဲတွင် လှေဖြင့် သောင်တင်နေသူ အရေအတွက်မှာ ၃၅၀၀ ရှိလာခဲ့ပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြားခဲ့သည်။
    ပုပ်ရဟန်းမင်းကြီးကမူ ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားနေရကာ အန္တရာယ်ရှိနေသူများအား ကယ်တင်ရန် သဘောတူခဲ့ကြသည့် နိုင်ငံများ၏ အားထုတ်မှုများကို လေးစားမိသည်ဟု ပြောကြားခဲ့သော်လည်း အဆိုပါ လှေစီးဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။
    မလေးရှားဝန်ကြီးချုပ်ကမူ အကူအညီများပေးရန် ကတိပြုထားပြီး ပင်လယ်ထဲတွင် သောင်တင်နေသော ဒုက္ခသည်ထောင်ပေါင်းများစွာအား ရှာဖွေကယ်တင်ရန် ရေတပ်ကို အမိန့်ပေးထားသည်။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ဒုက္ခသည်များအား ယာယီနေရာထိုင်ခင်းပေးရန် သဘောတူထားပြီး ထိုင်းနိုင်ငံကမူ သဘောတူထားခြင်း မရှိပေ။
    Ref: Reuters
  • ယူကေရှိ ကျန်းမာရေးအဖွဲ့တစ်ခု ရမ်ဇာန်တွင် ဆီးချိုရောဂါသည်များအတွက် ကျန်းမာရေး  စောင့်ရှောက်မှုပေးမည်
    ယူကေရှိ ကျန်းမာရေးအဖွဲ့တစ်ခု ရမ်ဇာန်တွင် ဆီးချိုရောဂါသည်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးမည်
    မေ ၂၆၊ ၂၀၁၅
    M-Media
    uk
    – ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ရမ်ဇာန်ဥပုသ်လကို ငံ့လင့်နေသည့်အချိန်တွင် စကော့တလန်ရှိ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တစ်ခုက ဆီးချိုရောဂါ ခံစားနေရသူများအတွက် ရမ်ဇာန်လအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်မည့် အစီအစဉ်ကို စတင်လိုက်သည်။
    “ဒီနှစ် ရမ်ဇာန်က နွေရာသီမှာ ကျရောက်မှာဖြစ်ပြီး ဥပုသ်စောင့်ချိန်က ၁၇ နာရီနဲ့အထက် ရှိမှာဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ မွတ်စလင်တွေအတွက် ဒါက သွေးထဲသကြားဓာတ်နည်းတာ၊ ရေဓာတ်နည်းတဲ့ အန္တရာယ်တွေ ပိုများသလို နံနက် ဥပုသ်ထမင်းစားချိန်နဲ့ ညနေ့ ဥပုသ်ထွက် စားသောက်ချိန်တွေမှာ ဂလူးကို့စ်မြင့်မားဖို့ အခွင့်အလမ်းကို ပိုများစေပါတယ်” ဟု Diabetes UK အဖွဲ့၏ စကော့တလန်အဖွဲ့ခွဲမှ ဆာကစ်ဘ် အက်ဘာစီက ပြောကြားခဲ့သည်။
    ထို့ပြင် အက်ဘာစီက ဆီးချိုရှိသော မွတ်စလင်များအနေဖြင့် ရမ်ဇာန်လအတွင်း Diabetes UK မှပေးသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရန် တိုက်တွန်းခဲ့သည်။
    “သင့်မှာ ဆီးချိုရှိပြီး ဥပုသ်စောင့်ဖို့ စဉ်းစားတယ်ဆိုရင်တော့ နောက်ဆုံး ဆုံးဖြတ်ချက်မချမီ သင့်ရဲ့ ရှေ့ဆောင်အီမာမ်၊ ဆရာဝန်တွေနဲ့ သေချာ ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Diabetes UK အဖွဲ့၏ ၂၀၁၅ ရမ်ဇာန်လှုပ်ရှားမှုတွင် ဆီးချိုရောဂါနှင့်ပတ်သက်သည့် အချက်အလက်များ ရေးသားထားသော စာရွက်များကို ဘာသာစကားအမျိုးမျိုးဖြင့် ရိုက်နှိပ်ကာ ဗလီဝတ်ကျောင်းတော်များနှင့် အစ္စလာမ့်စင်တာများကို ဖြန့်ဝေသွားရန်လည်း ပါဝင်သည်။
    အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်သူများမှာ ရမ်ဇာန်ဥပုသ်လအတွင်း ဆီးချိုရောဂါအား ဂရုစိုက်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းပြသမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
    ရမ်ဇာန်ဥပုသ်လတွင် ဥပုသ်သီလ ဆောက်တည်ခြင်းမှာ မွတ်စလင်များအနေဖြင့် သည်းခံခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ သန့်စင်မှုတို့ ရရှိစေရေး လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး၊ ရမ်ဇာန်လတွင် အလ္လာဟ်အရှင်မြတ်နှင့် ပိုမို နီးကပ်မှုကိုရရန်
    ဥပုသ်သီလဆောက်တည်ခြင်းမှာ အရွယ်ရောက်ပြီးသော မွတ်စလင် အမျိုးသား၊ အမျိုးသမီးတိုင်း မလုပ်မနေရ တာဝန်တစ်ခုဖြစ်ပြီး နေမကောင်းသူများ၊ ခရီးသွားသူများ၊ ဥပုသ်သီလ ဆောက်တည်ခြင်းကြောင့် ကျန်းမာရေးအန္တရာယ် ရှိသူများအတွက်မူ ပလပ်ခွင့်ရှိသည်။
    အစ္စလာမ့်ဓမ္မပညာရှင်များကမူ အင်ဆူလင်ထိုးရန်လိုအပ်သည့် ဆီးချိုရောဂါသည်များမှာလည်း ဥပုသ်သီလ ဆောက်တည်ရန်မလိုသည့် ပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်သည်ဟု ဆုံးဖြတ်ထားသည်။
    ယခုနှစ် ရမ်ဇာန်ဥပုသ်လမှာ ဇွန်လ တတိယသီတင်းပတ်အတွင်း ကျရောက်မည်ဖြစ်သည်။
    Ref: Onislam