News @ M-Media

Author: Ko Lay

  • ပရီးမီးယားလိဂ်သို့ ပြန်မလာဟု မိုယက်စ်ပြော

    ပရီးမီးယားလိဂ်သို့ ပြန်မလာဟု မိုယက်စ်ပြော

    မေ ၂၆၊ ၂၀၁၅
    M-Media

    moyes

    – ပရီးမီးယားလိဂ် ကလပ်အသင်းများက စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် လာမည့်ရာသီတွင် ရီးယဲလ်ဆိုစီဒက်၌သာ ဆက်ရှိနေမည်ဟု မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်သည်။

    မိုယက်စ်မှာ နိုဝင်ဘာလက ဆိုစီဒက်နည်းပြ ဂျာဂိုဘာ အာရာဆာတေးနေရာ၌ အစားဝင်ရောက်ခဲ့ပြီးနောက် ဆီုစီဒက်အသင်းအား အဆင့် ၁၂ ဖြင့် ရာသိမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။

    သို့သော်လည်း ပရီမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရသည့် နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းများက မိုယက်စ်အားခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်းကမူ မိမိနေဖြင့် စပိန်တွင်သာပျော်သည်ဟု ပြောကြားခဲ့သည်။

    “လာမယ့်နှစ်မှာ စပိန်မှာပဲ ဆက်ရှိနေမယ်လို့ ကျွန်တော် လူတိုင်းကို ပြောထားပါတယ်။ စပိန်ကို မရောက်ခင် အင်္ဂလန်မှာနေဖို့ ကျွန်တော် အခွင့်အလမ်းတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် စပိန်ကိုသွားပြီး အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု မိုရက်စ်က Sky Sports သို့ ပြောကြားခဲ့သည်။

    ဖာဂူဆန်၏ အကြံပေးချက်ဖြင့် မိုယက်စ်အား မန်ယူက နည်းပြအဖြစ် ခန့်အပ်ခဲ့သော်လည်း မန်ယူအား ရလဒ်ကောင်းများ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိချေ။

    မိုယက်စ်ကမူ မိမိအနေဖြင့် မတူညီသောအရာ၊ ယဉ်ကျေးမှုအသစ်တို့ကို မြည်းစမ်းချင်ပြီး မတူညီသော ကစားသမားဖြင့် အလုပ်လုပ်ချင်ကာ လာလီဂါတွင် မည်သို့ အလုပ်လုပ်ကြသည်ကို ကြည့်ချင်သည်ဟု ပြောကြားခဲ့သည်။

    “ဆိုစီဒက်ဟာ ကြီးကျယ်တဲ့ကလပ်ပါ။ ကျွန်တော်လည်း ပျော်ရပါတယ်”

    Ref: Goal

  • ကြိုးဖြင့်လုပ်သည့် လေ့ကျင့်ခန်းများ အမေရိကန် ဂျင်မ်များတွင် ခေတ်စားလာ

    ကြိုးဖြင့်လုပ်သည့် လေ့ကျင့်ခန်းများ အမေရိကန် ဂျင်မ်များတွင် ခေတ်စားလာ

    မေ ၂၆၊ ၂၀၁၅
    M-Media

    – အလုံးတုပ်ပြီး ကြီးမားကာ သင်္ဘောချည်ရာတွင် အသုံးပြုသည့် ကြိုးများက အမေရိကန်ရှိ ဂျင်မ်များတွင် ပြင်းထန်သည့်လေ့ကျင့်ခန်း လုပ်သူများ အသုံးပြုသည့် အရာများဖြစ်လာနေသည်ဟု သိရသည်။

    ကြိုးခုန်ခြင်းကဲ့သို့ ကိုယ်ခန္ဓာနှင့် ကြွက်သားများ သန်မာလာအောင် ဆောင်ရွက်ခြင်းကို ဘောလုံးကဲ့သို့ အားကစားနည်းများ၏ လေ့ကျင့်မှုများတွင် အသုံးပြုကြသော်လည်း ပညာရှင်များကမူ ထိုကြိုးများက ဂျင်မ်များတွင် နေ့စဉ် လေ့ကျင့်ခန်းများ၌ အဓိကအသုံးပြုသည် ပစ္စည်းများ ဖြစ်လာနေသည်ဟု ပြောကြားခဲ့သည်။

    ဂျင်မ်များတွင် အများဆုံးပြုလုပ်သည့် ကြိုးလေ့ကျင့်ခန်းမှာ အလုံးတုပ်သည့် ကြိုးနှစ်ချောင်း၏ ထိပ်ပိုင်းများကို လူ ၂ ဦးက ထိပ်တစ်ဖက်ဆီမှ ကိုင်၍ လှိုင်းလုံးများဖြစ်လာအောင် လှုပ်ခါရခြင်းဖြစ်သည်။

    “အဲဒါက ခန္ဓာကိုယ်အပေါ်ပိုင်းကို နည်းနည်း ကစားသလိုပါပဲ။ မတူညီတဲ့ ကြွက်သားတွေကို အသုံးပြု ကစားတာမျိုးတော့ မဟုတ်ပါဘူး။ မတူညီတဲ့ နည်းလမ်းနဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးတာပါပဲ” ဟု ကျန်းမာရေးလေ့ကျင့်ခန်းဆိုင်ရာ အမေရိကန်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ရို့စ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းက အဆိုပါလေ့ကျင့်ခန်းများမှာ စိတ်နှင့် ခန္ဓာကိုယ်ကို ဆက်သွယ်ပေးသည်ဟုလည်း ဆိုသည်။

    “ကြိုးတွေက ခင်ဗျားဘယ်လို လှုပ်ရှားနေလဲဆိုတာကို ပြပါတယ်။ ကြိုးကိုကြည့်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုရဲ့ ရုပ်ပိုင်းဆိုင်ရာ သရုပ်သကန်ကို မြင်ရပါတယ်။ ဒါကို ကောင်းကောင်းလုပ်တတ်သွားရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကလည်း ကောင်းကောင်းလှုပ်ရှားနေမှာပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။

    ကြိုးဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းမှာ ကယ်လိုရီလောင်ကျွမ်းမှုကိုလည်း ဖြစ်စေပြီး Strength & Conditioning သုတေသနစင်တာမှ လေ့လာမှုပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော ဂျာနယ်၌ ဖော်ပြမှုတွင် ကြိုးဖြင့် ၁၀ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပါက နှလုံးခုန်နှုန်းကို မြင့်မားစေပြီး နှလုံးသွေးကြောများ သန်မာစေရန်အတွက် လုံလောက်သည့် စွမ်းအင်ကိုလည်း ရစေည်ဟု
    ရေးသားထားသည်။

    Ref: Channelnewsasia

  • လာမည့်နှစ်တွင် ပိုကောင်းလာမည်ဟု ဟယ်ရီကိန်းဆို

    လာမည့်နှစ်တွင် ပိုကောင်းလာမည်ဟု ဟယ်ရီကိန်းဆို

    မေ ၂၆၊ ၂၀၁၅
    M-Media

    harry

    – ယခုနှစ်တွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက မိမိအနေဖြင့် လာမည့်ရာသီတွင် ပိုကောင်းလာမည်ဟု ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ ကိန်းမှာ စပါးအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၃၁ ဂိုး သွင်းယူပေးခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရကာ ပထမဆုံးပါဝင်ကစားခဲ့သည့် လစ်သူယေးနီးယားနှင့်ပွဲတွင် ၁ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

    ကိန်း၏ ခြေစွမ်းများကြောင့် မန်စီးတီးအပါအ၀င် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေပြီး ၎င်းကမူ လာမည့်ရာသီတွင် ခြေစွမ်းပိုကောင်းလာလိမ့်မည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ ပြင်းပြင်းထန်ထန် အလုပ်လုပ်သူ တစ်ယောက်ပါ။ ကျွန်တော်ဟာ အမြဲတမ်း တိုးတက်ဖို့၊ ပိုကောင်းဖို့ ကြိုးစားသွားမှာပါ။ ဒါတွေအားလုံးက ကျွန်တော် အာရုံစိုက် လုပ်ဆောင်ရမယ့် အရာတွေပါပဲ။ ဒါမှသာ ကျွန်တော်ဟာ တိုးတက်ပြီး လာမယ့်ရာသီမှာလည်း ပိုပြီးကောင်းလာမှာပါ” ဟု ကိန်းက ပြောကြားခဲ့သည်။

    ဟယ်ရီကိန်းမှာ တက်ဒီရှာရင်ဂမ်၊ ကလင်းစမန်းနှင့် ဂါရက်ဘေးလ်တို့၏ နောက်ပိုင်း စပါးအတွက် ပရီးမီးယားလိဂ်တွင် ပထမဆုံး ၂၁ ဂိုး သွင်းနိုင်ခဲ့သည့် တိုက်စစ်မှူးဖြစ်ပြီး ၎င်းကမူ ထိုကစားသမားများနှင့် မိမိအား နှိုင်းယှဉ်မှုမှာ ရူးနှမ်းသည်ဟု ခံစားရကြောင်း၊ မိမိမှာ ၎င်းတို့၏
    အဆင့်သို့ မရောက်သေးကြောင်း ပြောကြားခဲ့ပြီး မိမိအား ယုံယုံကြည်ကြည်နေရာပေးသည့် စပါးနည်းပြ ပိုချက်တီနိုကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • တရုတ်လူအိုရုံတစ်ခု မီးလောင်မှုကြောင့် ၃၈ ဦးသေဆုံး

    တရုတ်လူအိုရုံတစ်ခု မီးလောင်မှုကြောင့် ၃၈ ဦးသေဆုံး

    မေ ၂၆၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်ရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် ယမန်နေ့က မီးလောင်မှုကြောင့် အနည်းဆုံး ၃၈ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ပင်ဒင်ရှန်းမြို့တွင် ယမန်နေ့ညပိုင်းက သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာအဖြစ် အသုံးပြုသော တိုက်ခန်းတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးတွင် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ ဂေဟာတွင် အဘိုးအဘွားများ စုစုပေါင်း ၁၆၈ ဦးရှိပြီး ၄၄ ဦးကို ကယ်တယ်နိုင်ခဲ့ကာ သေဆုံးသူများကို ယနေ့နံနက်ပိုင်းတွင်မှ တွေ့ရှိရခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားသည့်အချိန်တွင် ထိုဂေဟာတွင် နေထိုင်သူများမှာ အိပ်ပျော်နေကြသောကြောင့် သေဆုံးသူများမှာ
    များပြားခဲ့ခြင်းဖြစ်သည်။

    မီးလောင်ရသည့် အကြောင်းအရင်းကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • နည်းပြ အန်ဆယ်လော့တီအား ရီးယဲလ် ထုတ်ပယ်

    နည်းပြ အန်ဆယ်လော့တီအား ရီးယဲလ် ထုတ်ပယ်

    မေ ၂၆၊ ၂၀၁၅
    M-Media

    real

    – ရီးယဲလ်ပရိတ်သတ်များ မျှော်လင့်နေခဲ့သည့် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့သည့်နှစ်က ရယူပေးနိုင်ခဲ့သည့် နည်းပြ အန်ဆယ်လော့တီအား ထုတ်ပယ်လိုက်သည်ဟု ရီးယဲလ်မက်ဒရစ်က ကြေညာခဲ့သည်။

    ရီးယဲလ်မှာ ပထမရာသီဝက်အထိ ပုံစံကောင်းများ ပြသနိုင်ခဲ့ပြီး လာလီဂါဇယားအား ဦးဆောင်နိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ရလဒ်များ ဆိုးရွားခဲ့ကာ လာလီဂါတွင် ဘာစီလိုနာ၏ ကျော်တက်ခြင်းကို ခံခဲ့ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင်လည်း ဂျူဗင်တပ်စ်ကို ရှုံး၍ ထွက်ခဲ့ရသည်။

    ထိုအခြေအနေများကြောင့် အန်ဆယ်လော့တီမှာ ရာသီကုန်တွင် အသင်းမှ ထွက်ရတော့မည်ဟု အများစုက မျှော်လင့်နေခဲ့ကြသည်။

    “ကားလို့စ် အန်ဆယ်လော့တီကို ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ် သူ့ရဲ့တာဝန်တွေကနေ အနားပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ကျွန်တော် ပြောချင်ပါတယ်။ ဒါဟာ ဘုတ်အဖွဲ့အတွက် တော်တော်လေးခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက် လွယ်လွယ်ချဖို့ ဒီမှာရှိနေတာ မဟုတ်ပါဘူး။ အဖွဲ့အစည်းအတွက်
    အကောင်းဆုံး ဆုံဖြတ်ချက်ချဖို့ ရှိနေတာပါ” ဟု ရီးယဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် အန်ဆယ်လော့တီမှာ ဘုတ်အဖွဲ့၊ မိမိကိုယ်တိုင်နှင့် ပရိတ်သတ်များ၏ မေတ္တာကို ရရှိခဲ့ပြီး မိမိတို့အသင်းသမိုင်း၏ အစိတ်အပိုင်းဖြစ်သော်လည်း အသင်း၏ တောင်းဆိုမှုများမှာ ကြီးမားကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အန်ဆယ်လော့တီကမူ မိမိအနေဖြင့် ရီးယဲလ်တွင် ကုန်ဆုံးသည့်အချိန်များကို အမှတ်ရနေမည်ဟု ပြောကြားခဲ့သည်။

    “ရီးယဲလ်မက်ဒရစ်က ကောင်းမွန်တဲ့ ဒီ ၂ နှစ်တာကို ကျွန်တော် အမှတ်ရနေမှာပါ။ အသင်း၊ ပရိတ်သတ်တွေနဲ့ ကစားသမားတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်” ဟု အန်ဆယ်လော့တီက ဆိုရှယ်စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် နာပိုလီအသင်းနည်းပြ ဘင်နီတက်ဇ်မှာ ရီးယဲလ်နည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည်။

    Ref: Goal