News @ M-Media

Author: Ko Lay

  • အနားယူပါက နည်းပြဘ၀သို့ ကူးပြောင်းရန် ဂျရတ်အစီအစဉ်ရှိနေ

    အနားယူပါက နည်းပြဘ၀သို့ ကူးပြောင်းရန် ဂျရတ်အစီအစဉ်ရှိနေ

    မေ ၁၇၊ ၂၀၁၅
    M-Media

    gerrad

    – မိမိကစားသမားဘ၀ အဆုံးသတ်ပြီးနောက် ဖာဂူဆန်နှင့် အာဆင်ဝင်းဂါးတို့၏ အရည်အသွေး တစ်ဝက်စီပါဝင်သော နည်းပြဘ၀ဖြင့် လီဗာပူးလ်သို့ ပြန်လာမည်ဟု ကွင်းလယ်လူ စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။

    လာမည့်ရာသီတွင် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့တော့မည့် ဂျရတ်မှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ၎င်း၏ အန်ဖီးလ်နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့သည်။ ကစာသမားဘ၀ အဆုံးသတ်ပြီးနောက် နည်းပြဘ၀ ကူးပြောင်းရန်လည်း ဂျရတ်က အစီအစဉ်ရှိနေသည်။

    နည်းပြအဖြစ် ဆောင်ရွက်ပါက ငယ်စဉ်ကတည်းက ကစားခဲ့သော လီဗာပူးလ်အသင်းအား ကိုင်တွယ်သွားရန် စိတ်ဝင်စားမှုကို ဂျရတ်က မဖုံးကွယ်ခဲ့ပေ။

    “မန်နေဂျာတစ်ယောက်ဖြစ်လာဖို့ ကျွန်တော့်ဟာ နည်းနည်းတော့ ရူးသွပ်ရပါမယ်။ ဒါပေမယ့် သေချာတာကတော့ အသင်းနဲ့ ဆက်လက်အဆက်အသွယ် ရှိချင်ပြီး အနာဂတ်အတွက် အရာရာတိုင်းကို ဖွင့်ထားချင်ပါတယ်။ ဖာဂူဆန်လို ဒါမှမဟုတ် ၀င်းဂါးလိုဖြစ်လာရင်လည်း ကိစ္စမရှိပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့နှစ်ယောက်စလုံးဟာ အောင်မြင်တဲ့ နည်းပြတွေ
    ဖြစ်လို့ပါပဲ။ ကျွန်တော်ကတော့ သူတို့ နှစ်ယောက်ရဲ့ အဆင့်ကြားထဲက တစ်နေရာရာမှာ ရှိမယ်လို့ ထင်ပါတယ်” ဟု ဂျရတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် နာမည်ကျော်နည်းပြများ၏ နည်းစနစ်များ၊ ပြောကြားမှုများနှင့် လမ်းညွှန်းမှုများကို မှတ်စုများရေးထားကြောင်း၊ အနာဂတ်တွင် အသုံးဝင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လာင်းပြောကြားခဲ့သည်။

    လီဗာပူးလ်အသင်း၏နည်းပြ အသေအချာဖြစ်လာနိုင်မလား ဆိုသည်နှင့်ပတ်သက်၍ ဂျရတ်က ငြင်းဆိုခဲ့ပြီး အန်ဖီးလ်တွင် ကျရှုံးမှုမှာ ဆိုးရွားသွားနိုင်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ လုံလောက်အောင်ကောင်းမွန်တယ်လို့ ခံစားရပြီး၊ ကူညီနိုင်တယ်ဆိုရင် ကျွန်တော့်ကိုကမ်းလှမ်းမှုကို တကယ် လေးလေးနက်နက် စဉ်းစားသွားမှာပါ။ ဒါပေမယ့် ကျွန်တော် မကောင်းသေးဘူး၊ ကျွန်တော့်နာမည် ပျက်ဆီးစေမယ့် အန္တရာယ်မျိုးရှိတယ်ဆိုရင်တော့ အနားတောင်ကပ်မှာမဟုတ်ပါဘူး” ဟု ဆိုကာ အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့၍
    အချိန်တိုတိုအတွင်း ပစ်ပယ်ခံလိုက်ရသည့် နည်းပြ ရွိုင်ဟဒ်ဆန်ကို ဂျရတ်က ဥပမာပေးခဲ့သည်။

    Ref: Goal

  • လှေစီးဒုက္ခသည်များအရေး မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးမည်

    လှေစီးဒုက္ခသည်များအရေး မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးမည်

    မေ ၁၇၊ ၂၀၁၅
    M-Media

    nip-4-rohingya-1

    – မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ လှေစီးဒုက္ခသည်များ မြင့်တက်လာပြီး အရှေ့တောင်အာရှ နိုင်ငံများသို့ ပြန့်နှံ့လာသည့် ပြဿနာအား ဆွေးနွေးရန်အတွက် မေလးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ယနေ့တွင် တွေ့ဆုံမည်ဟု သိရသည်။

    “(လှေစီးဒုက္ခသည်ကိစ္စဟာ) ဆွေးနွေးမယ့် အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပြီး အစီအစဉ်အတွင်းမှာ အရမ်းအရေးပါတဲ့ ကိစ္စတစ်ခုပါပဲ” ဟု အကျဉ်းရုံးရှင်လင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အန်နီဖာ အေမန်က ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေ အိခ်ျ မဟ်မွဒ် အလီနှင့် အဆိုပါဆွေးနွေးမှုကို မလေးရှားရှိ ကိုတာကင်နာဘာလူမြို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မီဒီယာများက နိုင်ငံခြားရေးဝန်ကြီးမှာ ဆွေးနွေးပွဲအကြို ခရီးစဉ်အဖြစ် မလေးရှားသို့ ရောက်ရှိနေသည်ဟု ဖော်ပြခဲ့ကြသည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည် ထောင်ပေါင်းများစွာတို့မှာ အက်ဒမန်ပင်လယ်ပြင်တွင် မျောပါနေပြီး မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ကလည်း လက်ခံရန် ဆန္ဒမရှိပေ။

    အဆိုပါ လှေစီးဒုက္ခသည် ပြဿနာ၏ အခြေခံအကြောင်းအရင်းများကို ဆွေးနွေးရန် မေလ ၂၉ ရက်နေ့တွင် မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာတို့အပါအ၀င် ဒေသတွင်း နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တာဝန်ရှိသူများပါဝင်မည့် ဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ရန် ရှိနေသည်။

    မြန်မာနိုင်ငံ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယခုအချိန်အထိ ဖိတ်ကြားခြင်းမရှိသေးဘဲ၊ ဖိတ်ကြားမှုတွင် ရိုဟင်ဂျာဟု ခေါင်းစဉ်တပ်ပါက တက်ရောက်မဗည်မဟုတ်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    Ref: Aljazeera,Channelnewsasia

  • ချယ်ဆီးသို့ပြန်ရောက်စဉ်က တယ်ရီမှာ ခြေစွမ်းကုန်သွားပြီဟု ထင်ခဲ့ကြောင်း မော်ရင်ဟို ၀န်ခံ

    ချယ်ဆီးသို့ပြန်ရောက်စဉ်က တယ်ရီမှာ ခြေစွမ်းကုန်သွားပြီဟု ထင်ခဲ့ကြောင်း မော်ရင်ဟို ၀န်ခံ

    မေ ၁၇၊ ၂၀၁၅
    M-Media

    terry

    – ချယ်ဆီးသို့ ၂၀၁၃ ခုနှစ် တစ်ကျော့ ပြန်ရောက်သည့်အချိန်တွင် ခံစစ်မှူး ဂျွန် တယ်ရီမှာ စွမ်းဆောင်ရည် ကုန်သွားခဲ့ပြီဟု မိမိထင်ခဲ့ကြောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    နည်းပြ အန်ဒရေ ဗီလာစ် ဘိုအာ့စ်နှင့် ရာဖာ ဘင်နီတက်ဇ်တို့၏ လက်အောက်တွင် တယ်ရီမှာ ပုံမှန်နေရာ ပျောက်ဆုံးခဲ့သော်လည်း အသက် ၃၄ နှစ်အရွယ် တယ်ရီမှာ မော်ရင်ဟိုလက်အောက်တွင် နေရာပြန်ရလာကာ ယခုနှစ်တွင်လည်း ပွဲစဉ်တိုင်း ပါဝင်ခွင့်ရခဲ့သည်။ ထို့ပြင် ၎င်း၏ စွမ်းဆောင်ရည်များကြောင့် PFA ၏ တစ်နှစ်တာ အကောင်းဆုံးအသင်းတွင်လည်း ပါဝင်ခဲ့သည်။

    မော်ရင်ဟိုကမူ တယ်ရီအနေဖြင့် ထိပ်တန်းခြေစွမ်းကို ပြန်ပြနိုင်သည့်အတွက် မိမိပင် အံ့သြခဲ့ရသည်ဟု ၀န်ခံခဲ့သည်။

    “သူ သွားလိုက်ပြီလို့ ကျွန်တော် ထင်ခဲ့တာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂ နှစ်မှာ သူ ၂ ပွဲ ဒါမှမဟုတ် ၃ ပွဲဆက်တိုက် ကစားမှ မကစားခဲ့ရတာကိုး။ သူက နည်းပြတွေအတွက် ချွင်းချက် ကစားသမားမျိုး မဟုတ်ပါဘူး။ သူ ဒဏ်ရာရသွားတာပါ။ နည်းပြတွေက သူ့အရှေ့က ကစားသမားတွေကို ပိုပြီး နှစ်သက်ခဲ့ကြပါတယ်။ တစ်ခုခုတော့ မှားနေပြီး သူ ပုံမှန်အဆင့်ကို
    ပြန်မရောက်နိုင်တော့ဘူးလို့ ကျွန်တော် ထင်ခဲ့ပါတယ်” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိရောက်ရှိသည့်အချိန်၌ တယ်ရီမှာ အသင်းတွင် တစ်နှစ်သာ သက်တမ်းကျန်ရှိတော့ပြီး မိမိက ထိုတစ်နှစ်ကို အလေးထားခဲ့ကာ ဘာဖြစ်မည်ဆိုသည်ကို စောင့်ကြည့်ခဲ့ကြောင်း၊ တယ်ရီကလည်း နေရာတစ်နေရာအတွက် ထိုက်တန်သည်ကို ပြသခဲ့ကြောင်း မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    တယ်ရီမှာ ချယ်ဆီးနှင့် တစ်နှစ်သက်တမ်းတိုးထားပြီး မော်ရင်ဟိုကမူ တယ်ရီ၏ အားသစ်လောင်းမှုက အားလုံးအတွက် အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်မရှိဘဲနဲ့ အခုအချိန်မှာ သူဟာ ချယ်ဆီးမှာ မရှိနိုင်တော့ဘူးဆိုတာ သူသိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူမရှိဘဲနဲ့လည်း ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မှာမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်သိပါတယ်” ဟု မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကို “ငြိမ်းချမ်းရေး ကောင်းကင်တမန်” ဟု ပုပ်ရဟန်းမင်းကြီး သမုတ်

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကို “ငြိမ်းချမ်းရေး ကောင်းကင်တမန်” ဟု ပုပ်ရဟန်းမင်းကြီး သမုတ်

    မေ ၁၇၊ ၂၀၁၅
    M-Media

    – အစ္စရေးတို့၏ ကျူးကျော်သိမ်းပိုက်မှုလက်မှ လွတ်မြောက်ရေး ကြိုးစားနေသည့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်အား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “ငြိမ်းချမ်းရေး ကောင်းကင်တမန်” ဟု ခေါ်ဝေါ် သမုတ်လိုက်ပြီး ပါလက်စတိုင်းနှင့် ဗာတီကန်၏ နွေးထွေးသောဆက်ဆံရေးကို ထင်ရှားစေခဲ့သည်။

    မဟ်မူးဒ်အဘတ်စ်မှာ ယမန်နေ့က ဗာတီကန်တွင် ပုပ်ရဟန်းမင်းကြီးနှင့် မိနစ် ၂၀ ကြာ တွေ့ဆုံစကားပြောခဲ့ပြီး ယနေ့တွင်ပြုလုပ်မည့် ပါလက်စတိုင်း ခရစ်ယာန် သီလရှင်နှစ်ပါးအား သူတော်စဉ်အဖြစ် ချီးမြှောက်ပွဲအခမ်းအနားတွင်လည်း ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

    ဗာတီကန်ရှိ အပို့စ်တိုလစ်နန်းတော်၌ အဆိုပါတွေ့ဆုံမှုအတွင်း ပုပ်ရဟန်းမင်းကြီးက အဘတ်စ်အား ချီးကျူးခဲ့ပြီး နှစ်ဖက် လက်ဆောင်များလည်း လဲလှယ်ခဲ့ကြသည်။ ထို့ပြင် ငြိမ်းချမ်းရေး ကောင်းကင်တမန်ပုံ ထွင်းထုထားသော လည်ဆွဲဆုတံဆိပ်တစ်ခုကိုလည်း ပုပ်ရဟန်းမင်းကြီးက အဘတ်စ်အား ချီးမြှင့်ခဲ့သည်။

    “ဒါဟာ သင်နဲ့ သင့်လျော်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သင်ဟာ ငြိမ်းချမ်းရေး ကောင်းကင်တမန်တစ်ယောက် ဖြစ်တာကြောင့်ပါပဲ” ဟု ပရိတ်သတ်များရှေ့တွင် ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ဆွေးနွေးမှုအပြီး ထုတ်ပြန်သောကြေညာချက်တွက် မိမိတို့မှာ အစ္စရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြပြီး၊ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တိုက်ရိုက်ဆက်သွယ်ရေးကို မကြာမီ ပြန်စနိုင်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    ဗာတီကန်က မိမိတို့မှာ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည့် နိုင်ငံအချင်းချင်း သဘောတူစာချုပ်ကို ရေးသားပြီးစီးခဲ့ပြီး မကြာမီ လက်မှတ်ရေးထိုးတော့မည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

    Ref: Reuters

  • အသင်းနှင့်အံမ၀င်ပါက ထွက်ရမည်ဟု ဒီမာရီယာအား ဗန်ဂါးလ်သတိပေး

    အသင်းနှင့်အံမ၀င်ပါက ထွက်ရမည်ဟု ဒီမာရီယာအား ဗန်ဂါးလ်သတိပေး

    မေ ၁၇၊ ၂၀၁၅
    M-Media

    dimaria

    – ကွင်းလယ်လူ ဒီမာရီယာအနေဖြင့် အသင်း၏ ဒဿနနှင့် အံဝင်ခွင်ကျဖြစ်ရေး ကြိုးစားရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက အသင်းမှ ထွက်ခွာရလိမ့်မည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဒီမာရီယာမှာ ပြီးခဲ့သည့် နွေရာသီက မန်ယူသို့ ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ဖြင့် ရီးယဲလ်မှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်း မရှိသောကြောင့် နည်းပြဗန်ဂါးလ်လက်အောက်တွင် အဓိက ကစားသမားအဖြစ် ပါဝင်ခွင့် မရရှိပေ။

    ဗန်ဂါးလ်ကမူ ဒီမာရီယာအနေဖြင့် ပွဲအတွင်း အံဝင်ခွင်ကျဖြစ်ရန် ကြိုးစားရမည်ဟု ပြောကြားလိုက်ကာ ဒီမာရီအပေါ် ၎င်း၏ စိတ်ကုန်မှုကို ပြသလိုက်သည်။

    “ကစားသမားတွေဟာ အသင်းရဲ့ ဒဿနနဲ့ အံဝင်ရပါမယ်။ ဒီမာရီယာကလည်း ဒီလိုလုပ်ရပါမယ်။ ဒီမာရီယာ သင်ယူနိုင်မလား? ဒါကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါဟာ သူ့မှာ အရည်အသွေး မရှိတာကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုချင်တဲ့နည်းလမ်းနဲ့ သူက ကစားရပါမယ်။ ကျွန်တော်လိုချင်တဲ့ ပုံစံမဟုတ်ပါဘူး။ အသင်းတစ်သင်းအဖြစ် ကျွန်တော်တို့ လိုချင်တဲ့ပုံစံပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဒီမာရီယာကလည်း မိမိအနေဖြင့် ကောင်းဆုံး အရည်အသွေးသို့ မရောက်သေးဟု ၀န်ခံခဲ့သည်။

    “အင်္ဂလန်မှာ ကျွန်တော့်ရဲ့ပထမနှစ်အတွက် ကျွန်တော် မပျော်ရွှင်ပါဘူး။ ဒီကို ရီးယဲလ်ကပြောင်းလာတာဟာ ဖလားတွေရဖို့ပါ။ ဒီရာသီကတော့ ကျွန်တော့်အတွက် တော်တော်ဆိုးပါတယ်။ ကျွန်တော် ဒီထက်ပိုကောင်းချင်တာကြောင့် စိတ်ပျက်ရပါတယ်” ဟု
    ဒီမာရီယာက ဆိုသည်။

    ထို့ပြင် ပရိသတ်များအနေဖြင့် ဒီမာရီယာအစစ်ကို မမြင်သေးကြောင်း၊ အင်္ဂလိပ်ဘောလုံးဟန်နှင့် အံဝင်အောင်လုပ်ရသည်မှာ မလွယ်ကြောင်း ဒီမာရီယာက ထပ်လောင်းပြောကြားခဲ့သည်။

    မန်ယူမှာ လာမည့်ရာသီတွင် ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲသွားရန် စီစဉ်နေပြီး လက်ရှိတွင် ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့အား ခေါ်ယူရန် ကြိုးစားနေသည်။

    Ref: Dailymail