News @ M-Media

Author: Ko Lay

  • အစ္စလာမ်ကိုစော်ကားသည့် ပြင်သစ်အုပ်ချုပ်ရေးမှူးကို ၎င်း၏ပါတီက ထုတ်ပယ်ရန်စီစဉ်

    အစ္စလာမ်ကိုစော်ကားသည့် ပြင်သစ်အုပ်ချုပ်ရေးမှူးကို ၎င်း၏ပါတီက ထုတ်ပယ်ရန်စီစဉ်

    မေ ၁၇၊ ၂၀၁၅
    M-Media

    france

    – အစ္စလာမ်သာသနာအား ၂၀၂၇ ခုနှစ်တွင် ပိတ်ပင်ရမည်ဟု ပြောကြားခဲ့သော ပြင်သစ်နိုင်ငံမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချလိုက်ပြီး ၎င်းကိုယ်စားပြုသော ပါတီ၏ အဖွဲ့ဝင်များကပင် ၎င်းအား ထုတ်ပယ်ရန် တိုက်တွန်းနေကြသည်။

    “Union for a Popular Movement (UMP) ပါတီရဲ့ တန်ဖိုးနဲ့ အစီအစဉ်တွေကို ဘယ်လိုနည်းနဲ့မှ ရောင်ပြန်မဟပ်တဲ့ အဓိပ္ပါယ်မရှိတဲ့ ဒီပြောကြားချက်တွေအတွက် သူ့ကို ထုတ်ပယ်ရေး လုပ်ငန်းစဉ်ကိုဆောင်ရွက်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ဟု အဆိုပါ ကွန်ဆာဗေးတစ်ပါတီ၏ ဒုတိယဥက္ကဌ နာသာလီ ကော့စဇ်ကို မိုရီဇတ်က AFP သတင်းဌာနသို မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

    နိုင်ငံတောင်ပိုင်း ဗီနဲလက်စ်မြို့မှ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ရောဘတ် ချာဒန်မှာ “အစ္စလာမ်သာသနာကို ၂၀၂၇ အောက်တိုဘာ ၁၈ ရက်နေ့ ပြင်သစ်မှာ ပိတ်ပင်ရမယ်” ဆိုသည့် မှတ်ချက်ကို Twitter တွင် မေလ ၁၄ ရက်နေ့က အကြိမ်ကြိမ် ပြန်လည်မျှဝေခဲ့သည်။

    ထို့ပြင် အစ္စလာမ်သာသနာအား လိုက်နာသူ မည်သူ့ကိုမဆို အစောင့်အရှောက်ဖြင့် နယ်စပ်သို့ ချက်ချင်းပို့ရမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ချာဒန်၏ အဆိုပါ စော်ကားသည့် ပြောကြားချက်များကို သမ္မတဟောင်း နီကိုလက်စ် ဆာကိုဇီအပါအ၀င် ကွန်ဆာဗေးတစ်များက ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။

    UMP ၏ ပြောရေးဆိုခွင့်ရှိသူကလည်း အစ္စလာမ်ဆန့်ကျင်ရေးလုပ်သည့် အဆိုပါ အုပ်ချုပ်ရေးမှူးကို မောင်းထုတ်ရန် စီစဉ်နေသည်ဟုဆိုသည်။

    “ကျွန်တော်တို့ ဒါကို ရှုတ်ချပါတယ်။ ဒါပေမယ့် ဒီပြဿနာနဲ့ပတ်သက်လို့ တရားဝင်မှတ်ချက်တော့ မထုတ်ရသေးပါဘူး။ (ချာဒန်ကို ပါတီက) ထုတ်ပယ်ဖို့နဲ့ပတ်သက်လို့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ စတင်နေပါပြီ” ဟု UMP မှ ပြောရေးဆိုခွင့်ရှိသူ ပီယာရီ အဲလ်ဘတ် မာဇာရ်စ်က အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပြင်သစ်နိုင်ငံ၏ ဒုတိယ ကိုးကွယ်မှုအများဆုံးဖြစ်သော အစ္စလာမ်အား ပိတ်ပင်ရန် ပြောကြားမှုအပြင် ချာဒန်က ပြင်သစ်၏ လောကီဦးစားပေး ဥပဒေကို ဖျက်သိမ်းရန်နှင့် ခရစ်ယာန်သာသနာ ကျင့်သုံးသူများကို ဦးစားပေးရန် သတ်မှတ်ထားသော ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    ပြင်သစ်နိုင်ငံတွင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သူမှာ ၇ သန်းခန့်ရှိပြီး ဥရောပတွင် အကြီးဆုံး ပမာဏဖြစ်သည်။

    အဓိပ္ပါယ်မရှိ

    မွတ်စလင်များအရေးကို ကိုယ်စားပြုဆောင်ရွက်သော Parti des Indigènes de la République (PIR) ပါတီက အစ္စလာမ်သာသနာအား ပိတ်ပင်ရန် ထိုပြောကြားမှုကို ရှုတ်ချခဲ့ပြီး ထိုပြောကြားမှုမှာ အဓိပ္ပါယ်မရှိသော ပြောကြားမှုသာဖြစ်သည်ဟု ဆိုသည်။

    အမျိုးသား အစ္စလာမ်ကြောက်ရောဂါ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြီးခဲ့သည့် ဧပြီလတွင် ၂၀၁၅ ခုနှစ် ပထမ ၃ လ အတွင်း အစ္စလာမ်ကြောက်ရောဂါကြောင့် တိုက်ခိုက်မှုများမှာ ၂၀၁၄ ခုနှစ်ကနှစ်စာလျှင် ၆ ဆခန့် မကြုံစဖူး မြင့်တက်လာသည်ဟု သတိပေးခဲ့သည်။

    ၂၀၁၁ ခုနှစ် ပထမ ၃ လနှင့် ယှဉ်လျှင် အစ္စလာမ်ကြောက် လှုပ်ရှားမှုများမှာ ၅၀၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု အဆိုပါအဖွဲ့က ထည့်သွင်းဖော်ပြခဲ့သည်။

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုနောက်ပိုင်း ပြင်သစ်မွတ်စလင်များ၏ အခြေအနေမှာ ဆိုးရွားလာခဲ့ပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုပင် ၁၀၀ ကျော်ရှိခဲ့သည်။

    စောင့်ကြည့်ရေးအဖွဲ့မူ မွတ်စလင်ဆန့်ကျင်ရေး ဆောင်ရွက်မှုများမှာ ဇန်န၀ါရီလက မဂ္ဂဇင်းတိုက် တိုက်ခိုက်မှုအပြီး ပထမလမှာပင် ၂၂၂ ခုကျော်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam

  • နိုင်ငံတကာသတင်းတို (မေ ၁၆၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၁၆၊ ၂၀၁၅)

    မေ ၁၆၊ ၂၀၁၅
    M-Media

    မော်စီသေဒဏ်ကို အာဒိုဂန်ဝေဖန်
    ——————————————
    စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင်ညီအကိုများအဖွဲ့မှ သမ္မတဟောင်း မော်စီကို အီဂျစ်တရားရုံးမှ ယနေ့တွင် သေဒဏ်ချမှတ်မှုအတွက် တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်က ဝေဖန်လိုက်ပြီး ထိုသေဒဏ်ကို တားဆီးခြင်းမရှိသည့် အနောက်နိုင်ငံများကိုလည်း သရဲဘောကြောင်သည့် နိုင်ငံများဟု စွပ်စွဲခဲ့သည်။ မော်စီမှာ အီဂျစ်နိုင်ငံသမိုင်းတွင် ပထမဆုံး လူထုဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် သမ္မတဖြစ်ပြီး ၎င်း၏ လက်ထက် မငြိမ်သက်မှုများကို အခွင့်ကောင်းယူ၍ စစ်တပ်က ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
    .
    ရာမာဒီအား IS လက်မှပြန်သိမ်းရန် အီရတ်စစ်တပ် ကြိုးပမ်း
    —————————————————————————
    ISIL အဖွဲ့က ယမန်နေ့တွင် သိမ်းပိုက်ခဲ့သည့် ရာမာဒီမြို့ကို ပြန်လည်သိမ်းယူရေးအတွက် စစ်ကူများကို စေလွှတ်လိုက်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များကလည်း ယမန်နေ့ည နှောင်းပိုင်းကတည်းက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု အီရတ် စစ်တပ်မှ ယနေ့တွင် ကြေညာလိုက်သည်။ အန်ဘာရ်ပြည်နယ် မြို့တော်ဖြစ်သော ရာမာဒီတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လာမည့်နာရီများတွင် ISIL အဖွဲ့အား မောင်းထုတ်နိုင်မည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆအဒ်မူအန် အီဘရာဟင်က ပြောကြားခဲ့သည်။

    ဒုက္ခသည်လှေတစ်စင်းကို ထိုင်းရေတပ် ပင်လယ်ပြန်ပို့
    —————————————————————-
    လူကုန်ကူးသမားများက စွန့်ပစ်သွားခဲ့သည်ဟု ယူဆရပြီး ရွှေ့ပြောင်းအခြေချသူများ တင်ဆောင်လာသော စက်လှေတစ်စင်းကို ထိုင်းရေတပ်က အက်ဒမန် ပင်လယ်အတွင်းရှိ နိုင်ငံတောင်ပိုင်းရှိ ကျွန်းစုမှ ယနေ့တွင် အင်ဒိုနီးရှားသို့သွားရာ ပင်လယ်ပြင်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: News Agencies

    http://wp.me/p2QCYJ-aEU

  • ဒေသတွင်း ဖိနှိပ်ခံပြည်သူများကို ကာကွယ်သွားမည်ဟု အီရန်အဓိပတိပြော

    ဒေသတွင်း ဖိနှိပ်ခံပြည်သူများကို ကာကွယ်သွားမည်ဟု အီရန်အဓိပတိပြော

    မေ ၁၆၊ ၂၀၁၅
    M-Media

    – ဒေသအတွင်း ဖိနှိပ်ချုပ်ချယ်ခံနေရသူများကို အီရန်က တတ်နိုင်သလောက် ကူညီသွားမည်ဟု အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်သည်။

    “ယီမင်၊ ဘာရိန်းနဲ့ ပါလက်စတိုင်းတွေဟာ ဖိနှိပ်ချုပ်ချယ် ခံနေရပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် အဖိအနှိပ်ခံပြည်သူတွေကို ကာကွယ်သွားပါမယ်” ဟု အီရန်ခေါင်းဆောင်များနှင့် အစ္စလာမ်ကမ္ဘာမှ သံတမန်များကို ပြောကြားသော မိန့်ခွန်းတွင် ခါမေနီက ပြောကြားခဲ့ကြောင်း အီရန် နိုင်ငံပိုင်သတင်းဌာနက IRNA က ဖော်ပြခဲ့သည်။

    ၎င်း၏ ထိုမှတ်ချက်မှာ လုံခြုံရေးပြဿနာများကို ဖြေရှင်းရန် ကြာသာပတေးနေ့က အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့သည့် ပင်လယ်ကွေ့အာရပ်နိုင်ငံခေါင်းဆောင်များကို ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်သည်။

    အီရန်နှင့် ဆော်ဒီအာရေဗျတို့အကြားရှိ မြင့်တက်လာသည့် တင်းမာသော မကျေလည်မှုက ဒေသတွင်း ပဋိပက္ခများတွင် ဂိုဏ်းဂဏပုံစံမျိုး ဖြစ်လာခဲ့ပြီး အထူးသဖြင့် ဆော်ဒီဦးဆောင်သည့် အာရပ်မဟာမိတ်နိုင်ငံများက အီရန်၏ မဟာမိတ်ဖြစ်သော ဟူသီသူပုန်များကို ယီမင်တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

    အဆိုပါ လိပ်ခဲတည်းလည်းဖြစ်နေမှုက အဓိက ရေနံတင်ပို့ရာ လမ်းကြောင်းဖြစ်သော ပင်လယ်ကွေ့တွင် နေနံတင်သင်္ဘောများ ဖြတ်သန်းသွာလာမှုအတွက်လည်း စိုးရိမ်မှုများကို မြင့်တက်လာစေသည်။ ပြီးခဲ့သည့်လအတွင်း အီရန်တပ်ဖွဲ့ဝင်များမှာ ဥပေဒဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ကုန်သွယ်ရေးသင်္ဘော ၂ စီးကို ဖမ်းဆီးရန် ကြိုးစားခဲ့သည်။

    “ပါရှန်းပင်လယ်ကွေ့က လုံခြုံရေးဟာ လူတိုင်းရဲ့ အကျိုးစီးပွား ဖြစ်ပါတယ်။ တကယ်လို့ ဒီပင်လယ်ကွေ့ မလုံခြုံလို့ရှိရင် အားလုံးအတွက် လုံခြုံမှုရှိမှာ မဟုတ်ပါဘူး” ဟု ခါမေနီက ထပ်လောင်းပြောကြားခဲ့သည်။

    အလီခါမေနီမှာ အမေရိကန် ကျောက်ထောက်နောက်ခံပြုထားသည့် အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချခဲ့ပြီး သမ္မတနိုင်ငံထူထောင်ရေး အဓိကနေရာမှ ပါဝင်ခဲ့သည့် ၁၉၇၉ အီရန် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်းဆောင် အီရန်နိုင်ငံ၏ အဓိပတိ ရူဟွလ္လာဟ်ခိုမေနီ၏ နေရာကို ဆက်ခံခဲ့သူလည်း ဖြစ်သည်။

    ရူဟွလ္လာဟ်ခိုမေနီမှာ အီရန်နိုင်ငံအား အမှီအခိုကင်း၍ ငြိမ်းချမ်းပြီး မိမိခြေထောက်ပေါ် ရပ်တည်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ဦးဆောင်လမ်းပြပေးနိုင်ခဲ့သူ ဖြစ်သည်။

    Ref: Reuters

  • ရော်နယ်ဒိုကိုအားကျသော်လည်း ပုံတူကူးမည်မဟုတ်ဟု ဒီပေးပြော

    ရော်နယ်ဒိုကိုအားကျသော်လည်း ပုံတူကူးမည်မဟုတ်ဟု ဒီပေးပြော

    မေ ၁၆၊ ၂၀၁၅
    M-Media

    depay

    – မိမိအနေဖြင့် ခရစ္စတီယာနိုရော်နယ်ဒို၏ ဖရီးကစ်စွမ်းရည်ကို လေးစားအားကျမိသော်လည်း မန်ယူသို့ရောက်လာပါက ရော်နယ်ဒို၏ကစားပုံအား ပုံတူကူးသွားမည်မဟုတ်ဟု နယ်သာလန်တိုက်စစ်မှူး ဒီပေးက ပြောကြားလိုက်သည်။

    ရော်နယ်ဒိုနှင့် နှိုင်းယှဉ်ပြောဆိုကြပြီး ဖရီးကစ် စပါယ်ရှယ်လစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခြင်းခံထားရသူ ဒီပေးအား ခေါ်ယူရန် မန်ယူမှာ ပီအက်စ်ဗီအသင်းနှင့် ယခုတစ်ပတ်အတွင်း သဘောတူညီချက် ရရှိခဲ့သည်။

    ဒီပေးကလည်း မိမိမှာ ရော်နယ်ဒိုအား လေးစားအားကျသော်လည်း ၎င်း၏ကစားပုံကို လိုက်တုမည်မဟုတ်ဘဲ မိမိ၏ သွင်းဂိုးစာရင်းတွင် ဂိုးများရေးထက် အသင်းအောင်နိုင်ရေးကိုသာလျှင် ပိုမိုအာရုံစိုက်သွားမည်ဟု ပြောကြားခဲ့သည်။

    “ရိုးရိုးသားသားပဲ ပြောပါရစေ။ ရော်နယ်ဒိုရဲ့ ဖရီးကစ်တွေကို လူတိုင်း မကြည့်ကြဘူးလား? ကျွန်တော်ကတော့ သူ့ရဲ့ နည်းစနစ်ကို တော်တော်များများ ကြည့်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ကိုယ်ပိုင်နည်းလမ်းနဲ့ ကန်သွားမှာပါ။ ကျွန်တော့်မှာ ကိုယ်ပိုင်စတိုင်ရှိပြီး သူနဲ့တူဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့အလုပ်ကတော့ ပွဲတွေနိုင်ဖို့ပါ။ နိုင်ဖို့ဆိုရင် ဂိုးသွင်းရမယ်။ ဒီဂိုးသွင်းမှုကို မကြာမကြာလုပ်နိုင်ပြီဆိုရင် ကျွန်တော့်အလုပ် ပြီးပါပြီ” ဟု ဒီပေးက De Telegraaf သို့ ပြောကြားခဲ့သည်။

    ဗန်ဂါးလ်ကမူ ဒီပေးအား ခေါ်ယူခြင်းကို မက်ဆီနှင့်နှိုင်းယှဉ်ခဲ့ပြီး ဒီပေးမှာ ဂိုးသွင်းကောင်းသည့် တောင်ပံကစားသမားဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။ သို့သော်လည်း အသက် ၂၁ နှစ်အရွယ် ဒီပေးကမူ အသင်းတွင် မည်သည့်နေရာ၌ ချထားမည်ဆိုခြင်းနှင့် ပတ်သက်၍ သိပ်ဂရုမထားဟု ပြောကြားခဲ့သည်။

    “ဒါက ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး။ ကျွန်တော် ဘယ်ဘက်ကနေ ကစားနိုင်တယ်။ ညာဘက်ကနေလည်း ကစားနိုင်တယ်။ ဒါမှမဟုတ် အလယ်ကနေလည်း တိုက်စစ်ကစားနိုင်ပါတယ်။ (ပီအက်စ်ဗီနည်းပြ) ဖိလစ် ကိုကူးက ကျွန်တော့်ကို လွတ်လွတ်လပ်လပ် ပေးကစားပါတယ်။ ဒါက အလုပ်ကောင်းကောင်းဖြစ်ပါတယ်”

    Ref: Goal

  • ဘူရန်ဒီစစ်တပ် ဒဏ်ရာရနေသည့် ဆန္ဒပြသူများကို ဆေးရုံထဲထိ ၀င်ရောက်ပစ်သတ်

    ဘူရန်ဒီစစ်တပ် ဒဏ်ရာရနေသည့် ဆန္ဒပြသူများကို ဆေးရုံထဲထိ ၀င်ရောက်ပစ်သတ်

    မေ ၁၆၊ ၂၀၁၅
    M-Media

    birandi

    – စစ်တပ်က အာဏာသိမ်းသည်ဟု ကြေညာပြီးနောက် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများတွင် ဒဏ်ရာရှိ၍ ဆေးရုံတက်နေရသူများအား ဘူရန်ဒီ ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေ ပစ်ခတ်သတ်ဖြတ်သွားသည်ဟု ဆရာဝန်တစ်ဦးက ပြောကြားလိုက်သည်။

    မြို့တော် ဘူဂျမ်ဘူရာရှိ ဘူမီရက်ဆေးရုံမှ ဒေါက်တာ အန်တိုနီက ပြောကြားခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ၀င်ရောက်ပစ်ခတ်မှုတွင် အချို့လူနာများမှာ ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    အခြေခံဥပဒေနှင့်ဆန့်ကျင်ကာ သမ္မတအဖြစ် တတိယမြောက်သက်တမ်း တာဝန်ထမ်းဆောင်ရန် ကြိုးစားနေသည့် သမ္မတ ပီယာရီ အန်ကူရန်ဇီဇာ တန်ဇန်းနီးယားသို့ ရောက်ရှိနေချိန်တွင် ဘူရန်ဒီစစ်တပ်အကြီးအကဲက ၎င်းမှာ သမ္မတအား ဖြုတ်ချလိုက်ပြီဟု ကြေညာခဲ့သည်။

    သို့သော်လည်း အဆိုပါ အာဏာသိမ်းမှုမှာ မအောင်မြင်ခဲ့ဘဲ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သည်။ သမ္မတ အန်ကူရန်ဇီဇာမှာ ယမန်နေ့က နိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။

    “ကျွန်တော်တို့ လူနာသုံးယောက် လက်ခံခဲ့ပြီး သူတို့က အရေးပေါ်အခန်းထဲမှာ ရှိနေပါတယ်။ အဲဒီနောက်မှာ ရဲတစ်ဖွဲ့က ဒီကိုရောက်လာပြီး မြင်မြင်ရာ ပစ်တော့တာပါပဲ” ဟု အန်တိုနီက ပြောကြားခဲ့သည်။

    Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ၎င်းက လူနာအချို့သေဆုံးခဲ့ပြီး လူတစ်ယောက်လည်း အသတ်ခံခဲ့ရကာ အခြားသူများမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဘူရန်ဒီရှိ ဆေးရုံများမှာ မည်သည့်အခြေအနေမျိုးတွင်မှ တိုက်ခိုက်ခံရခြင်း မရှိဘဲ ယခုအဖြစ်အပျက်က မိမိအား တုန်လှုပ်စေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera