News @ M-Media
Author: Ko Lay
  • ဒီဂီယာနေရာအတွက် အစားထိုးရန် အဆင်သင့်ဟု ဗန်ဂါးလ်ဆို
    ဒီဂီယာနေရာအတွက် အစားထိုးရန် အဆင်သင့်ဟု ဗန်ဂါးလ်ဆို
    မေ ၁၆၊ ၂၀၁၅
    M-Media
    degea
    – အသင်းမှထွက်ခွာဖွယ်ရှိနေသည့် ဂိုးသမား ဒီဂီယာနေရာအတွက် အစားထိုးရန် ဂိုးသမားကို ရွေးချယ်ပြီးဖြစ်သည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ၀န်ခံပြောကြားလိုက်သည်။
    ၂၀၁၁ ခုနှစ်က အက်သလက်တီကိုမှ ပြောင်းရွှေ့လာသည့် ဒီဂီယာမှာ မန်ယူတွင် သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး စပိန်မီဒီယာများကလည်း ဒီဂီယာနှင့် ရီးယဲလ်မက်ဒရစ်တို့မှာ အပြောင်းအရွှေ့ အချက်အလက်များအတွက် သဘောတူညီခဲ့ပြီဟု ဖော်ပြခဲ့သည်။
    ဒီဂီယာမှာ မန်ယူတွင်ပြသခဲ့သော လက်စွမ်းကြောင့် PFA ၏ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သူဖြစ်ပြီး ဗန်ဂါးလ်က အသင်း၌ ဆက်ရှိနေစေချင်ကာ မန်ယူကလည်း စောစောပိုင်းတွင် လုပ်ခလစာ အမြောက်အများဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း အသင်း၌ ဆက်မရှိနေပါက ၎င်း၏နေရာတွင် အစားထိုးရန် အဆင်သင့်ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ သူ့ကို စာချုပ်ချုပ်ချင်ပါတယ်။ ဒါပေမယ့် သူက မန်ယူမှာ ဆက်နေချင်ဖို့တော့ လိုပါတယ်။ သူ ဘာ့ကြောင့် ဆုံးဖြတ်ချက်မချသေးတာလဲ ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ နောက်ဂိုးသမားက ဘယ်သူဖြစ်ရမယ်ဆိုတာလည်း ကျွန်တော်တို့ သိပြီးပါပြီ။ သူ့နေရာကို အစားထိုးနိုင်တဲ့ ဂိုးသမားစာရင်း ကျွန်တော်တို့မှာ ရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီနေရာအတွက်သာမက အသင်းက နေရာတိုင်းအတွက် စနစ်တကျ ရှိနေတာကြောင့်ပါပဲ။ သူ့ကို ကျွန်တော်တို့ နေစေချင်တယ်။ ဒ့ါကြောင့် သူ လက်မှတ်ထိုးမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    စပိန်မီဒီယာများ၏ ဖော်ပြမှုတွင် ဒီဂီယာမှာ တစ်နှစ်လုပ်ခ ပေါင် ၃.၆ သန်းဖြင့် ရီးယဲလ်နှင့် သဘောတူခဲ့ခြင်းဖြစ်ပြီး စပိန်အားကစားသတင်းစာ မာကာက ရီးယဲလ်နှင့် ဒီဂီယာတို့မှာ လွန်ခဲ့သည့်လများကတည်းက အပြောင်းအရွှေ့အတွက် သဘောတူခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။
    Ref: Goal
  • ရိုဟင်ဂျာလှေစီးဒုက္ခသည်များအား ယာယီနေရာထိုင်ခင်းပေးရန် အမေရိကန်က ထိုင်းကို တိုက်တွန်း
    ရိုဟင်ဂျာလှေစီးဒုက္ခသည်များအား ယာယီနေရာထိုင်ခင်းပေးရန် အမေရိကန်က ထိုင်းကို တိုက်တွန်း
    မေ ၁၆၊ ၂၀၁၅
    M-Media
    – မြန်မာနိုင်ငံမှ ထွက်ပြေးလာရပြီး အိန္ဒိယသမုဒ္ဒရာထဲတွင် မျောပါနေသော နိုင်ငံမဲ့ ရိုဟင်ဂျာများကို နေရာထိုင်ခင်းပေးရေး စဉ်းစားပေးရန်အတွက် အမေရိကန်က ထိုင်းနိုင်ငံကို ယမန်နေ့တွင် တိုက်တွန်းလိုက်ပြီး ဒေသတွင်းနိုင်ငံများအနေဖြင့်လည်း အဆိုပါ ရွှေ့ပြောင်းလာသူများကို ပင်လယ်ထဲသို့ ပြန်မလွှတ်ရန် တိုက်တွန်းခဲ့သည်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် တာနာဆက်စ် ပါတီမာပရာဂေါန်နှင့် ကြာသာပတေးနေ့ကညပိုင်းက ရိုဟင်ဂျာများအရေး ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။
    ရွှေ့ပြောင်းလာသူ ၈၀၀ နီးပါးကို အင်ဒိုနီးရှားနိုင်ငံက သောကြာနေ့တွင် ကယ်တင်ခဲ့သော်လည်း အခြားသင်္ဘောများကို ပင်လယ်ထဲသို့ ပြန်ပို့ခဲ့သည်။ ကုလသမဂ္ဂကမူ အစားအသောက်နှင့် ရေများ တစ်ဖြည်းဖြည်းလျော့ပါးကာ အရှေ့တောင်အာရှ ရေပြင်တွင် မျောပါနေသော
    လူထောင်ပေါင်းများစွာတို့အား ကယ်တင်ရန် တိုက်တွန်းထားသည်။
    “နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို (ကြာသာပတေးနေ့) ညမှာ ဖုန်းခေါ်ခဲ့ပြီး အက်ဒမန်ပင်လယ်ထဲက ရွှေ့ပြောင်းလာသူတွေရဲ့အခြေအနေနဲ့ ထိုင်းငံက ယာယီနေရာထိုင်ခင်း လုပ်ပေးနိုင်ချေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ် ရသ်ကီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့မှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ ဒေသတွင်းအစိုးရများက ကမ်းကပ်ခွင့်မပေးသောကြောင့် လှေများပေါ်တွင်သာ သောင်တင်နေကြသည်။
    ရသ်ကီကမူ ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် ရွှေ့ပြောင်းလာသူ ၃၀၀၀ နီးပါးအား ကယ်တင်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန် သံအမတ်များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများကို အမြန်ဆောင်ရွက်ပေးရန်နှင့်ပတ်သက်၍ အစိုးရများနှင့် အကြိတ်အနယ်ဆွေးနွေးခဲ့ကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အိမ်ဖြူတော်ကလည်း မြန်မာနိုင်ငံမှ ထွက်ပြေးလာရပြီး ပင်လယ်ပြင်တွင်မျောပါနေသည့် ရိုဟင်ဂျာများကို ကယ်တင်ရေး အတူတကွ ဆောင်ရွက်ကြရန် အရှေ့တောင်အာရှနိုင်ငံများအားယမန်နေ့တွင် တိုက်တွန်းခဲ့သည်။
    လွှတ်တော်သို့ ပုံမှန်ပေးပို့သော မှတ်တမ်းတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို တစ်နှစ်ထပ်တိုးသွားမည်ဖြစ်ပြီး အထူးသဖြင့် တိုင်းရင်းသားဒေသများနှင့် ရခိုင်ပြည်နယ်တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်
    စိုးရိမ်မိကြောင်း ဖော်ပြထားသည်။
    Ref: Reuters
  • မိမိတို့ကွင်းတွင် ဘာကာအား ချန်ပီယံဖြစ်ခွင့်မပေးဟု တောရက်စ်ပြော
    မိမိတို့ကွင်းတွင် ဘာကာအား ချန်ပီယံဖြစ်ခွင့်မပေးဟု တောရက်စ်ပြော
    မေ ၁၆၊ ၂၀၁၅
    M-Media
    tores
    – မိမိတို့အိမ်ကွင်းတွင် တိုက်ပွဲဆင်နွှဲရေး မျှော်လင့်ထားရန် အက်သလက်တီကိုတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ဘာစီလိုနာအသင်းအား သတိပေးခဲ့ပြီး မိမိတို့အသင်းမှာ ဘာကာဖလားမရရေး တားဆီးသွားမည်ဟု ပြောကြားလိုက်သည်။
    ကစားရန် ၂ ပွဲသာကျန်ရှိသည့်အချိန်တွင် ဒုတိယနေရာမှ ရီးယဲလ်အား ၄ မှတ်ဖြတ်ထားသည့် ဘာကာမှာ မနက်ဖြန်တွင် အက်သလက်တီကို၏ အိမ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး အနိုင်ရပါက လာလီဂါချန်ပီယံ ဖြစ်မည်ဖြစ်သည်။
    အက်သလက်တီကိုမှာလည်း ထိုပွဲအနိုင်ရပါက တတိယနေရာအတွက် သေချာမည်ဖြစ်ပြီး ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်သည်။ တောရက်စ်ကမူ မိမိတို့မှာ အနိုင်ရရှိရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
    “ဘာကာဟာ ဒီမှာ ဖလား ရမှာမဟုတ်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အက်သလက်တီကိုဟာ နျူးကမ့်မှာ ဖလားရခဲ့တယ်။ ဘာစီလိုနာကလည်း ကျွန်တော်တို့ ကွင်းမှာ ချန်ပီယံဖြစ်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ဘောလုံးလောကဟာ ဒီလိုပါပဲ။ ဒါပေမယ့် ဒီပွဲနိုင်ဖို့နဲ့ တတိယနေရာသေချာစေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု တောရက်စ်က SPORT သို့ ပြောကြားခဲ့သည်။
    ဘာစီလိုနာမှာ ထိုပွဲမနိုင်လျှင်လည်း နောက်ဆုံးပွဲတွင် ဒီပို့တီဗီိုအား အိမ်ကွင်း၌ အနိုင်ကစား၍ ဖလားရနိုင်ရန် အခွင့်အရေးရှိနေသည်။
    Ref: Goal
  • လူဇင်ဘတ်ဝန်ကြီးချုပ် လိင်တူချစ်သူ အမျိုးသားနှင့် လက်ထပ်
    လူဇင်ဘတ်ဝန်ကြီးချုပ် လိင်တူချစ်သူ အမျိုးသားနှင့် လက်ထပ်
    မေ ၁၆၊ ၂၀၁၅
    M-Media
    luzinberg
    – ဥရောပမှ နိုင်ငံငယ်တစ်ခုဖြစ်သည့် လူဇင်ဘတ်ဝန်ကြီးချုပ် ဇာဗီယာ ဘက်တဲလ်မှာ ၎င်း၏ လိင်တူချစ်သူ ရည်းစားကို ယမန်နေ့က လက်ထပ်ခဲ့ပြီး ဥရောပတွင် ပထမဆုံး လိင်တူလက်ထပ်သည့် ခေါင်းဆောင် ဖြစ်လာခဲ့သည်။
    ၂၀၁၃ ခုနှစ်တွင် ၀န်ကြီးချုပ်ဖြစ်ခဲ့သည့် အသက် ၄၂ နှစ်အရွယ် ဗဟိုလက်ယာယိမ်း နိုင်ငံရေးသမား ဘက်တဲလ်မှာ ဘလ်ဂျီယံ ဗိသုကာပညာရှင်ဖြစ်သော လိင်တူချစ်သူ အမျိုးသား ဂူသီယာ ဒက်စ်တီနေးနှင့် ယမန်နေ့က လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ရိုမန်ကက်သလစ်အယူဝါဒ လွှမ်းမိုးသော လူဇင်ဘတ်တွင် လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုခဲ့ပြီး လအနည်းအကြာတွင် ၎င်းတို့ လက်ထပ်ပွဲ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
    ဘက်တဲလ်မှာ ဒက်စ်တီနေးနှင့် လက်ထပ်သွားမည်ဟု ပြီခဲ့သည့်နှစ် သြဂုတ်လကပင် ကြေညာခဲ့ခြင်းဖြစ်သည်။
    “လူဇင်ဘက်ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု လက်ထပ်ပွဲပြီးနောက် ဘက်တဲလ်က ပြောကြားခဲ့ပြီး လူအုပ်ကြီးကလည်း ဆန်နှင့် ရောင်စုံစက္ကူများကို ၎င်းတို့နှစ်ဦးပေါ်သို့ ကြဲချခဲ့သည်။
    ဥရောပတွင် လိင်တူချစ်သူကို လက်ထပ်သော ပထမဆုံးခေါင်းဆောင် ဖြစ်လာသည့် ဘက်တဲလ်မှာ ၂၀၁၀ ခုနှစ်က လိင်တူချစ်သူ စာရေးဆရာအမျိုးသားကို လက်ထပ်ခဲ့သည့် အိုက်စလန်ဝန်ကြီးချုပ် ဂျိုဟန်နာ စီဂါဒါဒေါ့တီရ်ပြီးနောက် ကမ္ဘာပေါ်တွင် လိင်တူလက်ထပ်သည့် ဒုတိယမြောက် ခေါင်းဆောင်လည်း ဖြစ်လာခဲ့သည်။
    လူဇင်ဘတ်လွှတ်တော်မှာ ၂၀၁၄ ခုနှစ်ဇွန်လတွင် လိင်တူလက်ထပ်ခွင့်ကို အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း ပထမဆုံး တရားဝင်လိင်တူလက်ထပ်မှုမှာ ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် ဖြစ်လာခဲ့သည်။
    Ref: Aljazeera
  • တောင်ကိုရီးယားတက္ကသိုလ်များတွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်နှင့် ဟာလာအစားအသောက် စီစဉ်ပေးမှုများ မြင့်တက်လာ
    တောင်ကိုရီးယားတက္ကသိုလ်များတွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်နှင့် ဟာလာအစားအသောက် စီစဉ်ပေးမှုများ မြင့်တက်လာ
    မေ ၁၆၊ ၂၀၁၅
    M-Media
    soul mosque
    – မွတ်စလင်ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ကန်တင်းများတွင် ဟာလာဟ်အစားအသောက်များ ထည့်သွင်းပေးခြင်း၊ ကျောင်းပရ၀ုဏ်အတွင်း ၀တ်ပြုဆောင်များ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးသည့် တောင်ကိုရီးယားတက္ကသိုလ်များ၏ အရေအတွက်မှာ မြင့်တက်လာသည်ဟု သိရသည်။
    “အရင်တုန်းကဆိုရင် ကျွန်တော် ဘုရားဝတ်ပြုနေတဲ့အချိန်မှာ ကျောင်းသားတွေက အနားက ဖြတ်သွားတာမျိုး ရှိပါလိမ့်မယ်။ အခု ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်း ၀တ်ပြုနိုင်တဲ့အတွက် ဒီအခြေအနေကို ကြိုက်နှစ်သက်ပါတယ်” ဟု ဆီဂျွန်တက္ကသိုလ်တွင် မာစတာနှင့်
    ဒေါက်တာဘွဲ့အတွက် တက်ရောက်နေသည့် အသက် ၂၅ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသား အက်စ်လန်က The Hankyoreh သတင်းစာသို့ မေလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
    ဆီဂျွန်တက္ကသိုလ်၏ ယခုစာသင်နှစ်အသစ်တွင် မွတ်စလင်များအတွက် ၀တ်ပြုဆောင်တစ်ခုကို ကျောင်းသားများအိပ်ဆောင်၏ မြေအောက်ခန်းတွင် ပြုလုပ်ပေးထားသည်။ ၇၃ စကွဲယားမီတာ ကျယ်ဝန်းသည့် အဆိုပါ ၀တ်ပြုဆောင်တွင် ကောဇောများ ခင်းပေးထားပြီး၊ ၀တ်ပြုရာတွင်အသုံးပြုရန် အသံချဲ့စက်လည်း တပ်ဆင်ပေးထားကာ အမျိုးသား၊ အမျိုးသမီးများအတွက် သီးခြားနေရာကို ပြုလုပ်ပေးထားသည်။
    တက္ကသိုလ်ပရ၀ုဏ်အတွင်း မွတ်စလင်များအတွက် ၀တ်ပြုဆောင် ပြုလုပ်ပေးသည့် တောင်ကိုရီးယားတက္ကသိုလ်များတွင် ဆီဂျွန်မှာ ပထမဆုံးမဟုတ်ချေ။
    မွတ်စလင်နိုင်ငံများမှ ကျောင်းသားများကို ဆွဲဆောင်ရန် ကြိုးစားသည့် အစီအစဉ်နောက်ပိုင်းတွင် တောင်ကိုရီးယားတက္ကသိုလ်များမှာ မွတ်စလင်များ၏ နှလုံးသားကို ဖမ်းစားနိုင်ရန် အားထုတ်မှုများ ပြုလုပ်ခဲ့သည်။
    ၂၀၁၀ ခုနှစ်တွင် ကော့မင်တက္ကသိုလ်က ၎င်းတို့ထံတွင် ပညာဆည်းပူးနေသာ မွတ်စလင်နိုင်ငံများမှ ကျောင်းသား ၈၆ ဦးအတွက် စကွဲယားမီတာ ၄၀ ရှိသော ၀တ်ပြုဆောင်တစ်ခုကို တည်ဆောက်ပေးခဲ့သည်။
    ကျွန်ဟီးတက္ကသိုလ်ကလည်း ၆၀ နီးပါးရှိသည့် မွတ်စလင်ကျောင်းသားများအတွက် ၀တ်ပြုဆောင်တစ်ခုကို ဖန်တီးပေးခဲ့သည်။
    ၂၀၁၃ ခုနှစ်တွင် ဆွန်ကျွန်ကွမ်တက္ကသိုလ်က ၎င်းတို့၏ ကျောင်းသားများအိပ်ဆောင်တွင် အထူးဝတ်ပြုဆောင်တစ်ခုကို ဆောက်လုပ်ပေးခဲ့ပြီး လက်ရှိတွင် အဆိုပါဝတ်ပြုဆောင်၌ ကျောင်းသား၊ ကျောင်းသူ ၁၇၀ ၀န်းကျင် ၀တ်ပြုလျက်ရှိနေသည်။
    ထို့ပြင် မွတ်စလင်ကျောင်းသား ၂၅၀ ခန့်ရှိသော ဟန်ယန်းတက္ကသိုလ်တွင်လည်း ၀တ်ပြုဆောင်တစ်ခုကို ထားရှိပေးထားသည်။
    မွတ်စလင်ကျောင်းသား ကျောင်းသူ ၁၀၀၀ ၀န်းကျင်ခန့် တက်ရောက်နေသည့် ဆိုးလ်တက္ကသိုလ်တွင် အိတ်ဆောင်၌ ၀တ်ပြုဆောင်အဖြစ် အသုံးပြုနိုင်မည့် နေရာတစ်ခုကို ဖန်တီးပေးထားသည်။
    “သစ်သားကြမ်းခင်းနဲ့ ၁၅ စကွဲယားမီတာရှိတဲ့ ခန်းမတစ်ခု ကျွန်တော်တို့မှာရှိပါတယ်။ ဒါ့ကြောင့် မွတ်စလင်တွေဟာ ၀တ်ပြုနိုင်ပါတယ်။ ဘာသာရေးကိစ္စတွေမှာ ကျောင်းသားတွေ အခက်အခဲမတွေ့ရအောင် ကျွန်တော်တို့ စဉ်းစားဆောင်ရွက်ပေးချင်ပါတယ်” ဟု ဆိုးလ်အမျိုးသား တက္ကသိုလ်မှ အိတ်ဆောင် ကြီးကြပ်ရေးမှူး လီ ဂျီအွန် ချိုလ်က ပြောကြားခဲ့သည်။
    ဟာလာအစားအသောက်များ
    “အစားသောက်အတွက် (အရင်က) ၀မ် ၁၀၀၀၀ (ကန် ၉.၁၅ ဒေါ်လာ) ကျော်လောက် သုံးနေရတာ ၀န်ထုပ်ဝန်ပိုးပါပဲ။ ဒါပေမယ့် ကျောင်းမှာစားရင်တော့ ၀မ် ၃၀၀၀ လောက်ပဲ ကုန်ပါတယ်။ ဒါဟာ (ဟာလာလ်အစားအသောက် စီစဉ်ပေးတာဟာ) လူနည်းစုဖြစ်တဲ့ မွတ်စလင်တွေအတွက် ကြိုဆိုစရာ သတင်းပါပဲ” ဟု ပါကစ္စတန်မှ အသက် ၂၄ နှစ်အရွယ် ကျောင်းသား ဂျာဖာရ်က ယခင်နှင့် ယခု စားသောက်ရမှုများနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
    ၂၀၁၃ ခုနှစ်မှစ၍ ကန်တင်းတွင် ကျောင်းသားများအတွက် ဟာလာအစားအသောက်များကို စီစဉ်ပေးခဲ့သည့် ဟန်ယန်းတက္ကသိုလ်မှာ ဆိုလ်းနှင့် အန်ဆန်တို့ရှိ ၎င်း၏ တက္ကသိုလ်များတွင်လည်း အိတ်ဆောင်များ၌ မွတ်စလင်ကျောင်းသားများအတွက် သီးခြား မီးဖိုဆောင်ကို ထားရှိပေးထားသည်။
    Ewha အမျိုးသမီးတက္ကသိုလ်ကလည်း မွတ်စလင်စတိုင် ရေချိုးခန်း၊ ဟာလာအစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရန်အတွက် မီးဖိုဆောင်နှင့် ၀တ်ပြုဆောင်တို့ကို စီစဉ်ပေးထားသည်။
    ပေါင်းစည်းခြင်းအသင်းတော်မှ တည်ထောင်ထားသည့် ဆန်းမွန်း တက္ကသိုလ်တွင် ယခုနှစ်မှစ၍ ကျောင်းစားသောက်ဆိုင်၌ ဟာလာအစားအသောက်များကို စတင်ရောင်းချခဲ့သည်။
    ၁၉၆၇ ခုနှစ်က တည်ထောင်ခဲ့သော ကိုရီးယားမွတ်စလင်အဖွဲ့ချုပ် KMF ၏ အဆိုအရ တောင်ကိုရီးယားတွင် ဌာနေနှင့် နိုင်ငံခြားသား အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၁၂၀၀၀၀ မှ ၁၃၀၀၀၀ ခန့်အထိရှိမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
    Ref: Onislam