မေ ၂၊ ၂၀၁၅
M-Media
– မိမိတို့အသင်း ပရီးမီးယားလိဂ်ဖလား ရရှိမည်ဆိုသည့် ယုံကြည်ချက်မှာ မိမိနှင့် အသင်းဖော်များတွင် ပြီးခဲ့သည့် မတ်လကတည်းက ရှိခဲ့ကြောင်း ချယ်ဆီးတိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာက ပြောကြားလိုက်သည်။
တနင်္ဂနွေနေ့တွင် ကစားမည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် အနိုင်ရရှိပါက ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိမည်ဖြစ်သည်။ သို့သော်လည်း အိုက်ဗရီကို့စ်တိုက်စစ်မှူး ဒရော့ဘာကမူ မိမိတို့မှာ မတ်လ ၁ ရက်နေ့ လိဂ်ဖလားကို ဆွတ်ခူးရရှိကတည်းက ပရီးမီးယားလိဂ်ဖလား ရှရှိတော့မည်ဆိုသည်ကို သေချာသိခဲ့သည်ဟု ဆိုသည်။
ချယ်ဆီးမှာ ၂၀၀၅ ခုနှစ်က အေဗရာဟီမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်း လိဂ်ဖလားကို ပထမဆုံး ဆွတ်ခူးရရှိခဲ့ပြီးနောက် ထိုနှစ်မှာပင် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့သည်။
“၂၀၀၄-၀၅ လောက်တုန်းက အခုထက် နည်းနည်းကွာပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အဲဒီတုန်းက ကစားသမားတွေဟာ ရင့်ကျက်မှုနည်းနည်းပဲရှိတယ်။ ပြီးတော့ အတွေ့အကြုံကလည်း နည်းပါတယ်။ အခုတော့ အသင်းဟာ ဖလားတွေယူပြီး အတွေ့အကြုံတွေ ရှိနေပါပြီ။ ၂၀၀၄-၀၅ က ကျွန်တော်တို့ဟာ နေရာတစ်နေရာကနေ စခဲ့ရပြီး လီဗာပူးလ်နဲ့ ကစားရတာက ကြီးမားတဲ့အရာ ဖြစ်ခဲ့ပါတယ်။ သူတို့ကို အနိုင်ရခဲ့တာက ကျွန်တော်တို့ ရှေ့ဆက်သွားဖို့၊ အမှတ်ပေးဖလားကို ရရှိဖို့ ယုံကြည်မှု ရစေခဲ့ပါတယ်။ အခုနှစ်ဟာလည်း အရေးပါပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလား ရတော့မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်”
ဟု ဒရော့ဘာက ချယ်ဆီးအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ဒရော့ဘာမှာ ၂၀၀၅၊ ၂၀၀၆ နှင့် ၂၀၁၀ ခုနှစ်များတွင် ချယ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ဖူးပြီး အခြားသော ဖလားများကိုလည်း အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်။ ဒရော့ဘာကမူ တနင်္ဂနွေနေ့ပွဲကို မစောင့်နိုင်တော့ကြောင်း၊ မိမိအနေဖြင့် ပရီးမီးယားလိဂ် ဖလား ၃ လုံး ရရှိဖူးပြီး ယခုတစ်ကြိမ်မှာ စတုတ္ထမြောက် ဖြစ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“အနိုင်ဂိုး သွင်းရပြီဆိုရင်တော့… တကယ်ပါ။ ကျွန်တော် တော်တော်လေးကို ပျော်မှာပါ။ အထူးသဖြင့် ဒီ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာပေါ့ဗျာ။ သိပ်အံ့သြစရာကောင်းမှာပါ။ တနင်္ဂနွေနေ့ဟာ အပြာရောင်တပ်သားတွေရဲ့နေ့ပဲ ဖြစ်ရပါမယ်”
Ref: Goal
















