News @ M-Media

Author: Ko Lay

  • ဗဟိုအာဖရိကနိုင်ငံရှိ ဗလီဝတ်ကျောင်းတော် အာလုံးနီးပါး ဖျက်ဆီးခံရ

    ဗဟိုအာဖရိကနိုင်ငံရှိ ဗလီဝတ်ကျောင်းတော် အာလုံးနီးပါး ဖျက်ဆီးခံရ

    မတ် ၂၁၊ ၂၀၁၅
    M-Media

    CAR-Mosques

    – ခရစ်ယာန်နှင့် မွတ်စလင်များအကြား လပေါင်းများစွာကြာ ပြင်းထန်သော တိုက်ခိုက်မှုများအတွင်း ဗဟိုအာဖရိကနိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော် အားလုံးနီးပါး ဖျက်ဆီးခံလိုက်ရသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် စမန်သာပါဝါက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ ထိခိုက်ပျက်ဆီးမှုများမှာ ရူးနှမ်းပြီး ကျောချမ်းစရာဖြစ်သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်တစ်ပတ်တွင် လုံခြုံရေးကောင်စီမှ ဗဟိုအာဖရိကနိုင်ငံသို့ သွားရောက်ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပါဝါက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ပြင်သစ်တပ်များ ဗဟိုအာဖရိက နိုင်ငံမှ ထွက်ခွာကာ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်များကလည်း ပြည့်ဝသော ထိန်းချုပ်မှုအင်အား မရှိသည့်အချိန်တွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် လုံခြုံရေး လစ်ဟာမှုများနှင့် ပတ်သက်၍လည်း စိုးရိမ်မိသည်ဟု ဆိုသည်။

    ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ခဲ့သည့် မကြုံစဖူး အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၅၀၀၀ အသတ်ခံခဲ့ရပြီး လူဦးရေ ၄.၅ သန်းသာရှိသည့် ဗဟိုအာဖရိကနိုင်ငံတွင် လူ ၁ သန်းနီးပါးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုအထဲမှ အများစုမှ ခရစ်ယာန် ပြည်သူ့စစ်များ၏ မျိုးဖြတ်သတ်ဖြတ်မှုကို ခံနေရသော မွတ်စလင်များ ဖြစ်ကြသည်။

    ပါဝါကမူ နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော် စုစုပေါင်း ၄၃၆ လုံးတွင် ၄၁၇ လုံးမှာ ဖျက်ဆီးခံခဲ့ရပြီး မြို့တော် ဘန်ဂွီတွင် ကျန်ရစ်နေသော မွတ်စလင်အသိုင်းအ၀ိုင်းသို့ သွားရောက်ကြည့်ရှုရာတွင် ၎င်းတို့မှာ ကြောက်ရွံ့နေကြသည်ဟု ဆိုသည်။

    အချို့သောမွတ်စလင်အမျိုးသမီးများမှာ ခေါင်းဆောင်းပ၀ါဖြင့် အပြင်သို့ထွက်ရမည်ကို ကြောက်ရွံ့နေကြပြီး ဆေးရုံသို့သွား၍ ကလေးမီးဖွားရမည့်အစား အိမ်၌ပင် မွေးဖွားနေကြသည်ဟု ပါဝါက ထပ်လောင်းပြောကြားခဲ့သည်။

    ဗဟိုအာဖရိကနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို ကုလငြိမ်းချမ်းရေးတပ်များ၊ ပြင်သစ်နှင့် ဥရောပသမဂ္ဂ တပ်များက တည်ငြိမ်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း လုံခြုံရေးကောင်စီမှ သွားရောက်ကြည့်ခဲ့ပြီး သိပ်မကြာခင်မှာပင် ဥရောပတပ်များ၏ နောက်ဆုံးအသုတ်ဖြစ်သော စစ်သည် ၇၅၀ မှာ တိုင်းပြည်မှ ထွက်ခွာတော့မည်ဟု သူမက ဆိုသည်။

    ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များမှာ တပ်သား ၁၀၀၀၀ ဖြင့် ထိန်းချုပ်ရန် ၎င်း၏ အစီအစဉ်မှ ၈၀ ရာခိုင်နှုန်းမှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး ကုလအထွေထွေအတွင်းရေးမှူးကလည်း ထပ်မံ၍ တပ်အင်အား ၁၀၀၀ ကျော်ကို စေလွှတ်ပေးရန် တောင်းဆိုထားသည်။ ပါဝါကမူ လုံခြုံရေးကောင်စီမှာ အဆိုပါ တောင်းဆိုမှုကို အလွန်အမင်း ထောက်ခံကာ နေရာချထားပေးမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် တပ်ပေါင်းစုများက ဆိုးရွားသော အခြေအနေမဖြစ်အောင် လမ်းလွှဲနိုင်မည် ဖြစ်သော်လည်း တိုင်းပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များမှာ ဆက်လက် လက်နက်တပ်ဆင်ထားကြကြောင်း၊ ၎င်းတို့၏ လက်နက်ဖျက်သိမ်းရေးမှာ ဦးစားပေးလုပ်ဆောင်ရမည့် အရာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: ciibroadcasting

  • အာတိတ်ပင်လယ် ရေခဲမှုပမာဏ စံချိန်တင် လျော့ကျ

    အာတိတ်ပင်လယ် ရေခဲမှုပမာဏ စံချိန်တင် လျော့ကျ

    မတ် ၂၀၊ ၂၀၁၅
    M-Media

    ice sea

    – အာတိတ်ပင်လယ်၏ ရေခဲမှုပမာဏမှာ ယခုနှစ်တွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဟု လေ့လာမှုများအရ သိရှိရပြီး ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲများအရေပျော်ကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားမည့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    အမေရိကန် နှင်းနှင့် ရေခဲအချက်အလက်စင်တာ NSIDC က ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် အာတိတ်ပင်လယ်၏ အမြင့်ဆုံးရေခဲပမာဏနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၅ ရက်နေ့ တိုင်းတာမှုများအရ ရေခဲပမာဏ စကွဲယားကီလိုမီတာ ၁၄၅ သန်းရှိသည်ကို တွေ့ရှိခဲ့ရသည်။

    “ဂြိုဟ်တုကနေ ရိုက်ယူတဲ့မှတ်တမ်းမှာ အမြင့်ဆုံးရေခဲပမာဏက ဒီနှစ်မှာ အနိမ့်ဆုံးဖြစ်ပြီး လာဘာပင်လယ်နဲ့ ဒါးဗစ် ရေလက်ကြားတို့ကလွဲလို့ အခြားနေရာတွေဟာ ရေခဲမှုအခြေအနေဟာ ပျမ်းမျှအောက် ရောက်ခဲ့ပါတယ်” ဟု NSIDC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ ပမာဏမှာ ၁၉၇၉ ခုနှစ် ဂြိုဟ်တုမှ စတင်လေ့လာမှုပြုပြီးကတည်းက အနိမ့်ဆုံးမှတ်တမ်းလည်းဖြစ်ပြီး ၁၉၈၁ -၂၀၁၀ ခုနှစ် ပျမ်းမျှပမာဏထက် စကွဲယားကီလိုမီတာ ၁.၁ သန်း လျော့နည်းသွားခဲ့သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်က အနိမ့်ဆုံး ပမာဏထက် ၁၃၀၀၁၇ စကွဲယား ကီလိုမီတာအောက် ရောက်ခဲ့သည်။

ုကုလရှိ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့က ၁၉၇၉ ခုနှစ်မှစ၍ ဆယ်စုနှစ်တိုင်း ရေခဲမှုပမာဏ ၃.၈ ရာခိုင်နှုန်း လျော့ကျသည့် ရေခဲပမာဏ ရေရှည်ကျုံ့လာမှုကို ကမ္ဘာကြီး ပူနွေးလာမှုနှင့် ဆက်စပ်ဖော်ပြခဲ့ပြီး အာတိတ်ဒေသ၏ နွေရာသီ ရေခဲမှုပမာဏမှာ ရာစုနှစ်တစ်ဝက်အတွင်း ပျောက်ကွယ်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း NSIDC ကမူ ဆောင်းရာသီနှောင်းပိုင်းတွင် ရေခဲမှုပမာဏ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ဆောင်းရာသီ ပင်လယ်ရေခဲမှုပမာဏ ဆန်းစစ်လေ့လာမှု အသေးစိတ်အချက်အလက်များကို ဧပြီလ အစောပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။

    ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ကမူ ပင်လယ်ရေခဲမှုပမာဏ ဆုံးရှုံးခြင်းမှာ ပိုလာဝက်ဝံများမှ ရေနေသတ္တ၀ါများအထိ သက်ရှိအမြောက်အများအတွက် ပြဿနာဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မက်ဆီနှင့် ရော်နယ်ဒို တစ်ဦးဦး လာလီဂါတွင်မရှိပါက ၎င်းတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုလျော့သွားမည်

    မက်ဆီနှင့် ရော်နယ်ဒို တစ်ဦးဦး လာလီဂါတွင်မရှိပါက ၎င်းတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုလျော့သွားမည်

    မတ် ၂၀၊ ၂၀၁၅
    M-Media

    messi and rnd

    – မက်ဆီနှင့် ရော်နယ်ဒိုတို့ တစ်ဦးဦး စပိန်မှ ထွက်ခွာပါက ၎င်းတို့နှစ်ဦးအကြား ပြိုင်ဆိုင်မှုမှာ လျော့နည်းသွားမည်ဟု ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ကလွိုက်ဗတ်က ပြောကြားလိုက်သည်။

    မက်ဆီမှာ ၂၀၀၄ ခုနှစ်မှစ၍ ဘာစီလိုနာအသင်းတွင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၂၀၀၉ ခုနှစ်နှောင်းပိုင်း ရော်နယ်ဒို ရီးယဲလ်သို့ ရောက်ပြီးကတည်းက လာလီဂါ၏ ခါးသီးသော ပြိုင်ဘက်အသင်းနှစ်သင်းတွင် ပါဝင်ကစားခဲ့သည့် ၎င်းတို့နှစ်ဦး၏ ပြိုင်ဆိုင်မှုမှာ မြင့်တက်လာခဲ့သည်။

    ကမ္ဘာ့အကောင်းအဆုံး ဘောလုံးသမားဆု နောက်ဆုံး ၇ ကြိမ်ကိုလည်း ၎င်းတို့နှစ်ဦးသာ အပိုင်စီးထားနိုင်ပြီး မက်ဆီကလေးကြိမ်နှင့် ရော်နယ်ဒိုက ၃ ကြိမ် ရရှိထားသည်။ ထို့ပြင် ၎င်းတို့၏ ထူးခြားသော စွမ်းရည်များက မည်သူက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်သည်ဆိုသည့် ငြင်းခုံမှုများကို ဖြစ်စေခဲ့သည်။

    ဘာစီလိုနာအသင်းတွင် ၆ နှစ်ကြာ ကစားခဲ့သော တိုက်စစ်မှူးဟောင်း ကလွိုက်ဗတ်ကမူ ယခုလက်ရှိတွင် ၎င်းတို့ ၂ ဦး၏ အရည်အသွေးအား မီသည့် ကစားသမားမှာ ဘိုင်ယန်မြူးနစ်အသင်းမှ ရော်ဘင်တစ်ဦးတည်းသာရှိသေးပြီး၊ မက်ဆီနှင့် ရော်နယ်ဒို တစ်ဦးဦး ယခုနှစ်နွေရာသီတွင် အသင်းပြောင်းသွားပါက ၎င်းတို့နှစ်ဦးကြား ပြိုင်ဆိုင်မှုမှာ လျော့နည်းသွားမည်ဟု သံသယရှိနေသည်။

    “နှစ်ယောက်စလုံးဟာ အံ့သြလောက်တဲ့ ကစားသမားတွေပါ။ အရေးအကြီးဆုံးတစ်ခုက သူတို့နှစ်ယောက်စလုံး စပိန်မှာ ကစားနေလို့ ဖြစ်ပါတယ်။ တစ်ကယ်လို့ တစ်ယောက်က စပိန်မှာရှိပြီး နောက်တစ်ယောက်က အင်္ဂလန်မှာရှိမယ်ဆိုရင် သူတို့ရဲ့ ပြိုင်ဆိုင်မှုက ခြားနားသွားမှာပါ” ဟု ကလွိုက်ဗတ်က ဖီဖာ၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် မက်ဆီနှင့် ရော်နယ်ဒို ၂ ဦးစလုံးမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများ ဖြစ်ကြပြီး ၎င်းတို့နောက်တွင် ရော်ဘင်နှင့် အခြားကစားသမားများက လိုက်နေကြောင်း၊ မက်ဆီမှာ ထူးခြားသည့် ကစားသမားဖြစ်ကာ ၎င်း၏ ဘယ်ခြေမှာ ရွှေကဲ့သို့အဖိုးတန်ပြီး ထိသမျှအရာတိုင်းမှာ တန်ဖိုးရှိလာကြောင်း ကလွိုက်ဗတ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • ပြင်သစ်ရှိ အိမ်တစ်အိမ်တွင် လသားအရွယ် ကလေးအလောင်းများ တွေ့ရှိ

    ပြင်သစ်ရှိ အိမ်တစ်အိမ်တွင် လသားအရွယ် ကလေးအလောင်းများ တွေ့ရှိ

    မတ် ၂၀၊ ၂၀၁၅
    M-Media

    c9c49c3999a347938f123bf346e0677f_18

    – ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း မြို့တစ်မြို့ရှိ အိမ်တစ်အိမ်တွင် ရဲတပ်ဖွဲ့ဝင်များက လသားကလေးငယ် ၅ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး နှစ်ပေါင်းများစွာအတွင်း နို့စို့ကလေးငယ်သတ်မှုတွင် အဆိုးရွားဆုံး အဖြစ်အပျက်လည်း ဖြစ်သည်။

    ဘော့ဒိုးမြို့အနီး လူချက်စ်မြို့တွင် ကြာသာပတေးနေ့ နံနက်ပိုင်းက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကိုင်ဆောင်လာသော ရေနွေးအိပ်အတွင်း မွေးကင်းစကလေးငယ်၏ အလောင်းကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေရာမှ နောက်ထပ် လသားကလေးငယ် ၄ ဦး၏ အလောင်းများကို ၎င်း၏နေအိမ်ရှိ ရေခဲသေတ္တာထဲတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    အဆိုပါ အမျိုးသား၏ အသက် ၃၅ နှစ်အရွယ် ဇနီးသည်မှာ အဆိုနေအိမ်တွင်ပင် မီးဖွားခဲ့သည်ဟု ယူဆရပြီး ထိုအမျိုးသားအား ထိန်းသိမ်းထားကာ အမျိုးသမီးကိုမူ ဆေးစစ်မှုများ ပြုလုပ်ရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကာထိုအမျိုးသမီးတွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ မရှိဟု ဆိုသည်။ ကလေးငယ်များမှာ အသက်ရှင်လျက်မွေးဖွားခဲ့ခြင်း ဟုတ်၊ မဟုတ်ကို ယနေ့တွင် စစ်ဆေးသွားမည်ဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံ ၂ ဦးတွင် အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ် သမီး ၂ ဦးလည်း ရှိနေသည်။

    ယခုဖြစ်စဉ်မှာ ပြင်သစ်ရှိ ကလေးငယ်များ သတ်ဖြတ်ခံရမှုသမိုင်းတွင် အဆိုးဆုံးဖြစ်ပြီး ၂၀၁၀ ခုနှစ်ကလည်း မိခင်တစ်ဦးက ၎င်းမှာ မွေးကင်းစ ကလေးငယ် ၈ ဦးကို အသက်ရှူကြပ်အောင်လုပ်၍ သတ်ဖြတ်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

    ၂၀၀၉ ခုနှစ်က ပြင်သစ်မိခင်တစ်ဦးမှာ တောင်ကိုရီးယားရှိ နေရာတစ်ခုတွင် လျှို့ဝှက်စွာမွေးခဲ့သည့် မွေးကင်းစ ယောက်ျားလေး ၂ ဦးအား အသက်ရှူကြပ်အောင်လုပ်၍ သတ်ဖြတ်ခဲ့ပြီး ပြင်သစ်၌ မွေးသော တတိယကလေးကိုလည်း သတ်ဖြတ်ကာ ရေခဲသတ္တောထဲတွင်ထည့်ထားခဲ့သည်ဟု ရဲတပ်ဖွဲ့က စုံစမ်း သိရှိခဲ့သည်။

    Ref: Aljazeera

  • မန်ယူက မိမိနည်းပြဘ၀ နောက်ဆုံးဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    မန်ယူက မိမိနည်းပြဘ၀ နောက်ဆုံးဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    မတ် ၂၀၊ ၂၀၁၅
    M-Media

    van gal

    – မန်ယူမှာ မိမိ၏ နည်းပြဘ၀ နောက်ဆုံးနေရာဖြစ်မည်ဖြစ်ပြီး အသင်းအား မြင့်မားသော အဆင့်တွင် ထားသွားရန်
    အစီအစဉ်ရှိနေသည်ဟု မန်ယူနည်းပြ လူးဝစ် ဗန် ဂါလ်းက ပြောကြားလိုက်သည်။

    အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်သည့် ဗန်ဂါးလ်မှာ ၁၉၈၆ ခုနှစ်မှစတင်၍ နယ်သာလန်ကလပ် အေဇက် အလ်ခမာအသင်းနှင့်အတူ နည်းပြလောကထဲ ၀င်ရောက်လာသူဖြစ်ပြီး နယ်သာလန်၊ စပိန်နှင့် ဂျာမနီနိုင်ငံများမှ ဆုဖလားပေါင်းများစွာနှင့် ဥရောပ ဆုဖလားများကိုလည်း ဆွတ်ခူး ရရှိခဲ့သည်။

    ဗန်ဂါလ်းကမူ ၎င်း၏ အောင်မြင်မှုစာရင်းထဲတွင် အင်္ဂလန်မှ ဖလားများကို ထပ်ထည့်ရန် မျှော်လင့်နေပြီး မန်ယူနှင့်တစ်ခန်းရပ်ပါက နည်းပြဘ၀မှ အနားယူမည်ဟု ဆိုသည်။

    “ကျွန်တော် သိပ်အိုနေပါပြီ။ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအလုပ်ပါပဲ။ သေချာပါတယ်။ ကျွန်တော့်ရဲ့ သားသမီးတွေ၊ မြေးတွေနဲ့ ဇနီးကိုလည်း အချိန်ပေး ဂရုစိုက်ရပါမယ်။ သူတို့က ဒါနဲ့ ထိုက်တန်ပါတယ်။ အခုတော့ ကျွန်တော် ဂရုမစိုက်နိုင်သေးပါဘူး။ ဥပမာအားဖြင့် ကျွန်တော့် မြေးလေးရဲ့ မွေးနေ့မှာ ကျွန်တော် ရှိမနေခဲ့တာမျိုးပါ။ ကျွန်တော် ဒါကို မကြိုက်ပါဘူး” ဟု ဗန်ဂါးလ်က Daily Telegraph သို့ ပြောကြားခဲ့သည်။

    မန်ယူမှာ လက်ရှိအချိန်တွင် အဆင့် ၄ နေရာ ရောက်နေပြီး ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁ ပွဲပို ၈ မှတ် ကွာဟနေသည်။ ဗန်ဂါးလ်ကမူ ယခုရာသီ အဓိကရည်ရွယ်ချက်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါဝင်ခွင့်က ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ဖလားရနိုင်မည့် အလားအလာကို အထောက်အကူပေးနိုင်မည့် နာမည်ကြီး ကစားသမားများကို ဆွဲဆောင်နိုင်စေမည်ဟု ၀န်ခံပြောကြားခဲ့သည်။

    လာမည့်နှစ်တွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့ကို ခွတ်ခူးနိုင်မည်လားဟု မေးမြန်းရာ “ဟုတ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ။ ဒီယာသီမှာ ကျွန်တော်တို့ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာအပေါ်မှာ မူတည်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပြီး မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့်နှစ်တွင် စမ်းသပ်မှုပေါင်းများစွာ ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com