News @ M-Media

Author: Ko Lay

  • မိမိတို့ပစ်မှတ်မှာ စီးရီးအေ ဒုတိယနေရာဖြစ်သည်ဟု ရိုးမားနည်းပြဆို

    မိမိတို့ပစ်မှတ်မှာ စီးရီးအေ ဒုတိယနေရာဖြစ်သည်ဟု ရိုးမားနည်းပြဆို

    မတ် ၃၊ ၂၀၁၅
    M-Media

    roma

    – စီးရီးအေချန်ပီယံဖြစ်ရေး မလွယ်တော့သည့်နောက် မိမိတို့အသင်း၏ အဓိကပစ်မှတ်မှာ ဒုတိယနေရာ ရရှိရေးဖြစ်သည်ဟု ရိုးမားနည်းပြ ရာအူးလ်ဂါစီယာက ပြောကြားလိုက်သည်။

    အိမ်ကွင်း အိုလံပီကိုတွင် ယမန်နေ့က ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲ၌ ရိုးမားက ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့သော်လည်း ဂျူဗင်တပ်စ်က ချေပဂိုး ပြန်လည်သွင်းယူခဲ့သောကြောင့် သရေဖြင့် အဆုံးသတ်ခဲ့သည်။

    ဂါစီယာကမူ အသင်း၏ ကစားပုံကို ချီးကျူးခဲ့ပြီး ရာသီကုန်အထိ တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုခဲ့သော်လည်း မိမိတို့၏ အဓိကပစ်မှတ်မှာ ဒုတိယနေရာအတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပွဲအများကြီးကျန်သေးတာတော့ မှန်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ ဒီညနေလုပ်နိုင်ခဲ့သလို ဒုတိယနေရာကို ကာကွယ်ဖို့သာ လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ နာပိုလီထက်သာနေတာကြောင့်ပါ” ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ရိုးမားမှာ လက်ရှိအချိန်တွင် စီးရီးအေအား ဦးဆောင်နေသည့် ဂျူဗင်တပ်စ်နှင့် ၉ မှတ်ကွာဟနေပြီး တတိယနေရာမှ နာပိုလီအား ၄ မှတ်၊ စတုတ္ထနေရာမှ လာဇီယိုအား ၆ မှတ်ဖြတ်ကာ ဒုတိယနေရာတွင်ရှိနေသည်။

    Ref: Goal.com

  • အမေရိကန်ရောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဂျူးများက ဆန္ဒပြ

    အမေရိကန်ရောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဂျူးများက ဆန္ဒပြ

    မတ် ၃၊ ၂၀၁၅
    M-Media

    ntyh a

    – အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု မိန့်ခွန်းပြောခဲ့သည့် အမေရိကန်-အစ္စရေး ပြည်သူ့ဆက်ဆံရေးကောင်စီ AIPAC အဆောက်အဦးရှေ့တွင် ဂျူးများအပါအ၀င် လူတစ်ချို့က ဆန္ဒပြခဲ့ကြည်ဟု သိရသည်။

    ယမန်နေ့က မိန့်ခွန်းပြောကြားမှုအပြီး တက်ရောက်သူများထွက်ခွာစဉ် ဆန္ဒပြသူများက အဆောက်အဦးရှေ့၌ ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြပြီး ဆန္ဒပြသူအချို့မှာ ပါလက်စတိုင်းနွယ်ဖွားများ ဖြစ်ကြကာ အချို့မှာ ဂျူးများဖြစ်ကြသည်။

    အဆိုပါ ဆန္ဒပြမှုကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ဂျူးဘုန်းတော်ကြီး ယစ္စရိုးလ် ဒိုဗစ် ၀စ်က နေတန်ယာဟုနှင့် ဒေးဗစ်ကြယ်အမှတ်အသားကို အသုံးပြုသော AIPAC အတွင်းရှိ အခြားသူများမှာ မည်သည့်နည်း၊ မည်သည့်ပုံစံနှင့်မျှ ဂျူးအယူဝါဒကို ကိုယ်စားမပြုဆိုသည်ကို ကမ္ဘာကြီးအား သိစေချင်သောကြောင့် ထိုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    AIPAC ၏ ညီလာခံတွင် ပြောကြားသော မိန့်ခွန်း၌ နေတန်ယာဟုက အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ဆောင်ရွက်နေည့် နျူအရေး သဘောတူညီချက်မှာ အစ္စရေး၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့ပြီး အီရန်မှာ ကမ္ဘာကြီးတွင် အကြမ်းဖက်ဝါဒကို ထိပ်ဆုံးမှ အားပေးနေသော နိုင်ငံဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။

    ရီပက်ဘလစ်ကန်ပါတီ၏ ဖိတ်ကြားမှုကြောင့်အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် နေတန်ယာဟုမှာ ယနေ့တွင် ရီပက်ဘလစ်ကန်များ ထိန်းချုပ်ထားရာ ကွန်ဂရက်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ယနေ့တွင်လည်း ၎င်းအား ဆန့်ကျင် ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားနိုင်ဖွယ် ရှိနေသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားရောက် အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ လုံခြုံရေး ခြိမ်းခြောက်ခံခဲ့ရ

    မြောက်ကိုရီးယားရောက် အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ လုံခြုံရေး ခြိမ်းခြောက်ခံခဲ့ရ

    မတ် ၃၊ ၂၀၁၅
    M-Media

    Director of U.S. National Intelligence James Clapper speaks  at the Council on Foreign Relations in New York

    – ထောင်ကျနေသော အမေရိကန် ၂ ဦးအား ပြန်လည်ခေါ်ဆောင်ရန်အတွက် မြောက်ကိုရီးသို့ သွားရောက်ခဲ့သည့် လျှို့ဝှက်ခရီးစဉ်တွင် မိမိမှာ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခံခဲ့ရသော်လည်း နောက်ပိုင်းတွင် မိမိလုံခြုံရေးကို အာမ မခံဟု ပြောကြားခြင်း ခံခဲ့ရကြောင်း အမေရိကန်သူလျှိုအကြီးအကဲ ဂျိမ်းစ် ကလက်ပါက ပြောကြားခဲ့သည်။

    နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ယမန်နေ့ကပြုလုပ်သော ဖိုရမ်တွင် ကလက်ပါက သမ္မတအိုဘားမား၏ အမိန့်ဖြင့် ၎င်း၏ ခရီးစဉ်အသေးစိတ်ကို ပြောကြားရာတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ကလက်ပါနှင့်အဖွဲ့မှာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်သို့ ရောက်ရှိသွားသည့်အချိန်တွက် ကလက်ပါအား မြောက်ကိုရီးယားစစ်တပ်မှ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်တစ်ဦးက လာရောက်ကြိုဆိုခဲ့ပြီး ဟင်း ၁၈ မျိုးပါသည့် ထမင်းပွဲဖြင့် ဧည့်ခံခဲ့သည်ဟု ဆိုသည်။

    ထို့နောက် နောက်တစ်နေ့တွင် မြောက်ကိုရီးယား လုံခြုံရေးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ၎င်းနေထိုင်ရာ နေရာသို့လာရောက်၍ မြောက်ကိုရီးယားအစိုးရနေဖြင့် ၎င်းတို့အဖွဲ့အား သမ္မတ၏ ကိုယ်စားလှယ်အဖွဲ့အဖြစ် မသတ်မှတ်ဘဲ ၎င်းနှင့် အဖွဲ့ဝင်များ၏ လုံခြုံရေးကို အာမမခံနိုင်ဟု ပြောဆိုခဲ့ကြောင်း ကလက်ပါက ထည့်သွင်းပြောကြားခဲ့သည်။

    ကလက်ပါကမူ ထိုကဲ့သို့ ပြောကြားခြင်း ခံခဲ့ရပြီးနောက် ၎င်းနှင့် အဖွဲ့မှာ အထုတ်များ ထုပ်ကာ တရားသူကြီးများဦးဆောင်ပြီး မြောက်ကိုးရီးယား အာဏာပိုင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဖမ်းဆီးခံ အမေရိကန်နိုင်ငံသားများရှိရာ ပြုံးယမ်ဟိုတယ်သို့ သွားရောက်ခဲ့ကြောင်း၊ အမေရိကန် အကျဉ်းသားများအား ရှုတ်ချသည့်စာတမ်းကို ဖတ်ပြီးနောက် မြောက်ကိုရီးယား အာဏာပိုင်များက ထွက်ခွာသွားခဲ့ကြောင်း၊ အကျဉ်းသား ၂ ဦးကို အ၀တ်လဲပေးခဲ့ပြီးနောက် မိမိတို့အဖွဲ့မှာ လေဆိပ်သို့ တိုက်ရိုက်သွားကာ အိမ်ပြန်လာခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ဖမ်းဆီးခံထားရသည့် အမေရိကန် ၂ ဦးမှ တစ်ဦးမှာ ကိုရီးယား-အမေရိကန် သာသနာပြုတစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဘေးဆိုသူဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဖမ်းဆီးခြင်းခံခဲ့ရကာ နိုင်ငံတော်ရာဇ၀တ်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသည်။ အခြားတစ်ဦးမှာ အသက် ၂၀ ကျော်အရွယ်ရှိ မီလာဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဧပြီလက ဖမ်းဆီးခြင်းခံခဲ့ရကာ သူလျှိုမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသည်။

    Ref: Reuters

  • နိုင်ငံတကာ သတင်းတို (မတ် ၂၊ ၂၀၁၅)

    မတ် ၂၊ ၂၀၁၅
    M-Media

    – မြောက်ကိုရီးယားမှာ တာတိုပစ်ဒုံကျည်နှစ်စင်းကို ပင်လယ်ပြင်သို့ ယနေ့တွင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ကျွမ်းကျင်သူများကမူ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ မကြာမီစတင်မည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို မကျေနပ်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    – ပြီးခဲသည့်သီတင်းပတ်က ဆီးရီးယားရှိ ခရစ်ယာန်ရွာတစ်ရွာမှ ဖမ်းဆီးသွားခေါ်ဆောင်သွားခဲ့သည့် ခရစ်ယာန်ဘာသာဝင်များမှ ၁၉ ဦးကို IS အဖွဲ့က ယမန်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ၂၀၀ ခန့်မှာ ဆက်လက်ရှိနေသည်ဟု ဆီးရီးယားအရေးစောင့်ကြည့်အဖွဲ့မှ ပြောကြားလိုက်သည်။

    – နိုင်ငံတကာ အာကာသစခန်းတွင် အဖွဲ့ဝင်အသစ်နေထိုင်ရန် အခန်းသစ်အတွက် ၂၃၃ မီတာရှည်လျားသည့် အချက်အလက်လိုင်း တပ်ဆင်ခြင်းလုပ်ငန်းကို အာကာသယာဉ်မှူးများက ၃ ရက်အတွင်း အာကာသသို့ထွက်၍ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ အခန်းသစ်သပ်ဆင်နိုင်မည့် ဆိပ်ကမ်းကို ယခုနှစ်နှောင်းပိုင်းတွင် ပို့ဆောင်သွားမည်ဖြစ်ပြီး အခန်းသစ်ကိုမူ အာကာသယာဉ်မှူးနှင့်အတူ ၂၀၁၇ ခုနှစ်တွင် လွှတ်တင်မည်ဖြစ်သည်။

    Ref: news agencies

  • မွတ်စလင်ဆန့်ကျင်ရေး ဂျာမနီလက်ယာစွန်းရောက် PEGIDA အဖွဲ့ကို နယူးကာဆယ်ပြည်သူများ ဆန့်ကျင်

    မွတ်စလင်ဆန့်ကျင်ရေး ဂျာမနီလက်ယာစွန်းရောက် PEGIDA အဖွဲ့ကို နယူးကာဆယ်ပြည်သူများ ဆန့်ကျင်

    မတ် ၃၊ ၂၀၁၅
    M-Media

    new

    – ဂျာမနီလက်ယာစွန်းရောက် PEGIDA ၏ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုကို ဆန့်ကျင်သည့်အနေဖြင့် အင်္ဂလန်နိုင်ငံ နယူးကာဆယ်ရှိ ဖက်ဆစ်ဆန့်ကျင်သူများနှင့် ဘာသာရေးအဖွဲ့များအပါဝင် လူထောင်ပေါင်းများစွာတို့က ချီတက်လမ်းလျှောက်မှု တစ်ခုကို စနေနေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “သူတို့ဟာ ရှုပ်ထွေးနေတဲ့လူတစ်စုပါပဲ။ နယူးကာဆယ်ဟာ လွယ်လွယ်ကူကူ ပစ်မှတ်ထားလို့ရမယ်လို့ သူတို့က ထင်နေပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။ ဒီလိုမုန်းတီးမှုတွေကို ဆန့်ကျင်တဲ့နေရာမှာ အခြားသော လူ့အဖွဲ့အစည်းတွေကလည်း ပါဝင်ချင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ပြည်သူတွေက ပုခုံချင်းထိတဲ့အထိ ညီညွတ်နေတယ်ဆိုတာ ခင်ဗျားတို့ တွေ့ကြမှာပါ။ LGBT အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေ၊ မွတ်စလင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူတွေ၊
    ဆစ်ခ်တွေ အားလုံးပါပါတယ်” ဟု အဆိုပါ ချီတက်လမ်းလျှောက်ပွဲကို စီစဉ်ခဲ့သူများထဲမှ တစ်ဦးဖြစ်သူ ဒီပူ အဟဒ်က ပြောကြားခဲ့သည်။

    ဂျာမနီနိုင်ငံ ဒရက်စ်ဒန်မြို့အခြေစိုက် လက်ယာစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့ PEGIDA မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က နယူးကာဆယ်တွင် ၎င်းတို့၏ ပထမဆုံး မွတ်စလင်ဆန့်ကျင်ရေးပွဲကို ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော် ပါဝင်ခဲ့ကြသည်။

    ထိုကဲ့သို့ အမုန်းတရားများ ဖြန့်ဖြူးမှုကို ဆန့်ကျင်သည့်အနေဖြင့် နယူးကာဆယ်ပြည်သူများက ယခုကဲ့သို့ တန်ပြန် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ တိုနီ ဒေါင်လင်းကလည်း

    “ဒါဟာ ရိုးရှင်းတဲ့ သတင်းစကားပါ။ ခင်ဗျားတို့ကို ဒီက မကြိုဆိုပါဘူး။ ကျွန်တော်တို့ လမ်းပေါ်ကထွက်သွားပြီး အိမ်ပြန်ပါ” ဟု PEGIDA ထောက်ခံသူများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့ညကလည်း နယူးကာဆယ်ဘောလုံးအသင်း၏ ပရိတ်သတ်များမှာ PEGIDA ကို ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်မှု တစ်ခုကို ပြုလုပ်ခဲ့ကြပြီး မိမိတို့မြို့မှာ “သည်းခံမှု၊ ပေါင်းစည်းမှုနှင့် နွေးထွေးသော စိတ်ဓာတ်များဖြင့် ကြော်ကြားသည့်မြို့ဖြစ်သည်” ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    တရားဝင်အချက်အလက်များအရ ဗြိတိန်ပြည်သူများ၏ ၂.၈ သန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။

    တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Demo က ၂၀၁၁ ခုနှစ်တွင် စစ်တမ်းကောက်ယူရာ၌ ယူကေရှိ မွတ်စလင်များမှာ အခြားသော ပြည်သူများထက်ပို၍ နိုင်ငံချစ်စိတ်ရှိသည်ဟု တွေ့ရှိရကြောင်း ဖော်ပြထားသည်။

    ခိုင်မာသည့် ဆက်ဆံရေးကို ပြသသည့်အနေဖြင့် လန်ဒန်မြောက်ပိုင်း ဘရက်ဖို့ဒ်ရှိ ဂျူးဘုရားကျောင်းတစ်ခုတွင် မွတ်စလင်အဖွဲ့ဝင်တစ်ဦးကို ပြီးခဲ့သည့်လက ပထဆုံးခန့်အပ်ခဲ့သည်။

    ထောက်ခံမှု

    PEGIDA ဆန့်ကျင်ရေး အဆိုပါချီတက်လမ်းလျှောက်မှုကို ပါလီမန်အမတ်များ၊ နိုင်ငံရေးသမားများနှင့် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    “ဗြိတိန်က စဉ်းစားဥာဏ်ရှိသူတွေအားလုံးဟာ အင်္ဂလန် အရှေ့မြောက်ပိုင်းကိုလာပြီး ပြဿနာရှာဖို့ကြိုးစားတဲ့ ဒီဂျာမနီနာဇီအဖွဲ့ရဲ့ အယူအဆတွေကို ရှုတ်ချပါတယ်။ ဗြိတိန်ပြည်သူအများစုဟာ ဒီဆန့်ကျင်ဆန္ဒပြမှုကို အလေးထားပြီး ဒါဟာ လူသန်းချီကို ကိုယ်စားပြုပါတယ်” ဟု လွှတ်တော်အမတ် ဂဲလိုဝေးက ပြောကြားခဲ့သည်။

    အခြားအမတ်တစ်ဦးဖြစ်သူ အွန်ဝူရာကလည်း “ခင်ဗျားတို့ နှလုံးသားထဲမှာ အမုန်းတရားတွေနဲ့ ဒီကိုလာမယ်ဆိုရင်၊ ဒီမှာ ကြောက်ရွံ့မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ ဖြန့်ဖို့ လာမယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအကိုမောင်နှမတွေဟာ ဒီမြို့ရဲ့ အကျိုးပြုအစိတ်အပိုင်းတွေမဟုတ်ဘူးလို့ ပြောဖို့ လာမယ်ဆိုရင်တော ကျွန်တော့်မှာ ခင်ဗျားတို့အတွက် ပြောစရာစကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ “ကျုပ်တို့မြို့က ထွက်သွားပါ” ဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုပြီးနောက် ဥရောပရှိ မွတ်စလင်များမှာ ရန်စမှုများနှင့် ကြုံတွေ့နေရပြီး အစ္စလာမ်ကြောက်ရောဂါ ဆန့်ကျင်ရေး အမျိုးသားစောင့်ကြည့်အဖွဲ့ကမူ ထိုတိုက်ခိုက်မှုပြီးနောက်ပိုင်းတွင် မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam