News @ M-Media

မြောက်ကိုရီးယားရောက် အမေရိကန် ထောက်လှမ်းရေးအကြီးအကဲ လုံခြုံရေး ခြိမ်းခြောက်ခံခဲ့ရ

မတ် ၃၊ ၂၀၁၅
M-Media

Director of U.S. National Intelligence James Clapper speaks  at the Council on Foreign Relations in New York

– ထောင်ကျနေသော အမေရိကန် ၂ ဦးအား ပြန်လည်ခေါ်ဆောင်ရန်အတွက် မြောက်ကိုရီးသို့ သွားရောက်ခဲ့သည့် လျှို့ဝှက်ခရီးစဉ်တွင် မိမိမှာ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခံခဲ့ရသော်လည်း နောက်ပိုင်းတွင် မိမိလုံခြုံရေးကို အာမ မခံဟု ပြောကြားခြင်း ခံခဲ့ရကြောင်း အမေရိကန်သူလျှိုအကြီးအကဲ ဂျိမ်းစ် ကလက်ပါက ပြောကြားခဲ့သည်။

နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ယမန်နေ့ကပြုလုပ်သော ဖိုရမ်တွင် ကလက်ပါက သမ္မတအိုဘားမား၏ အမိန့်ဖြင့် ၎င်း၏ ခရီးစဉ်အသေးစိတ်ကို ပြောကြားရာတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ကလက်ပါနှင့်အဖွဲ့မှာ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်သို့ ရောက်ရှိသွားသည့်အချိန်တွက် ကလက်ပါအား မြောက်ကိုရီးယားစစ်တပ်မှ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်တစ်ဦးက လာရောက်ကြိုဆိုခဲ့ပြီး ဟင်း ၁၈ မျိုးပါသည့် ထမင်းပွဲဖြင့် ဧည့်ခံခဲ့သည်ဟု ဆိုသည်။

ထို့နောက် နောက်တစ်နေ့တွင် မြောက်ကိုရီးယား လုံခြုံရေးဌာနမှ ကိုယ်စားလှယ်တစ်ဦးက ၎င်းနေထိုင်ရာ နေရာသို့လာရောက်၍ မြောက်ကိုရီးယားအစိုးရနေဖြင့် ၎င်းတို့အဖွဲ့အား သမ္မတ၏ ကိုယ်စားလှယ်အဖွဲ့အဖြစ် မသတ်မှတ်ဘဲ ၎င်းနှင့် အဖွဲ့ဝင်များ၏ လုံခြုံရေးကို အာမမခံနိုင်ဟု ပြောဆိုခဲ့ကြောင်း ကလက်ပါက ထည့်သွင်းပြောကြားခဲ့သည်။

ကလက်ပါကမူ ထိုကဲ့သို့ ပြောကြားခြင်း ခံခဲ့ရပြီးနောက် ၎င်းနှင့် အဖွဲ့မှာ အထုတ်များ ထုပ်ကာ တရားသူကြီးများဦးဆောင်ပြီး မြောက်ကိုးရီးယား အာဏာပိုင်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဖမ်းဆီးခံ အမေရိကန်နိုင်ငံသားများရှိရာ ပြုံးယမ်ဟိုတယ်သို့ သွားရောက်ခဲ့ကြောင်း၊ အမေရိကန် အကျဉ်းသားများအား ရှုတ်ချသည့်စာတမ်းကို ဖတ်ပြီးနောက် မြောက်ကိုရီးယား အာဏာပိုင်များက ထွက်ခွာသွားခဲ့ကြောင်း၊ အကျဉ်းသား ၂ ဦးကို အ၀တ်လဲပေးခဲ့ပြီးနောက် မိမိတို့အဖွဲ့မှာ လေဆိပ်သို့ တိုက်ရိုက်သွားကာ အိမ်ပြန်လာခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသည့် အမေရိကန် ၂ ဦးမှ တစ်ဦးမှာ ကိုရီးယား-အမေရိကန် သာသနာပြုတစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဘေးဆိုသူဖြစ်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဖမ်းဆီးခြင်းခံခဲ့ရကာ နိုင်ငံတော်ရာဇ၀တ်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရသည်။ အခြားတစ်ဦးမှာ အသက် ၂၀ ကျော်အရွယ်ရှိ မီလာဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဧပြီလက ဖမ်းဆီးခြင်းခံခဲ့ရကာ သူလျှိုမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရသည်။

Ref: Reuters

Comments

Leave a Reply