News @ M-Media

Author: Ko Lay

  • ဆော်ဒီတွင် တရားမ၀င်နေထိုင်သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် လာမည့်လတွင် စမည်

    ဆော်ဒီတွင် တရားမ၀င်နေထိုင်သူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် လာမည့်လတွင် စမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
    M-Media

    saudi

    – နိုင်ငံအတွင်းရှိ တရားမ၀င်နေထိုင်သူများနှင့် ပါမစ်မရှိသော အလုပ်သမားများအတွက် နေထိုင်ခွင့်များ ထုတ်ပေးကာ၊ ပါမစ်များပြင်ဆင်ပေးသွားမည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တစ်ခုကို လာမည့်လတွင် စတင်ပြုလုပ်သွားမည်ဟု ဆော်ဒီ ပြည်ထဲရေးဝန်ကြီး ဒုတိယ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် နာအစ်ဖ်က ကြေညာလိုက်သည်။

    “တိုင်းပြည်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့သူတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ နေထိုင်ခွင့်ပါမစ်မှာ ဖော်ပြထားတဲ့ အခြေအနေမျိုးမဟုတ်ဘဲ တစ်ခြားပုံစံမျိုးနဲ့ အလုပ်လုပ်နေတဲ့သူတွေကို ကျွန်တော်တို့ ပြင်ဆင်သတ်မှတ်ပေးသွားမှာပါ” ဟု အထွေထွေလုံခြုံရေးအကြီးအကဲ အွသ်မန် အလ်-မူဟ်ရစ်ဂ်ျက ဆိုသည်။

    ထို့ပြင် ထိုလုပ်ငန်းစဉ်အား အကျဉ်းထောင်များ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခင်က ပြုလုပ်ခဲ့သည့် အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကြောင့် ရာဇ၀တ်မှုများကို လျော့ကျစေခဲ့ပြီး ပြည်သူများ၏ဘ၀ ပိုမိုလုံခြုံလာခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ုထိုကဲ့သို့သော လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်ကို ၂၀၁၃ ခုနှစ်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး သန်းနှင့်ချီသော တရားမ၀င်နိုင်ငံခြားသားများအား စီစစ်ပေးခဲ့သည်။

    ထိုအစီအစဉ်အပြင် နိုင်ငံတစ်ဝှမ်း လုံခြုံရေး ပိုမိုအားကောင်းစေရန်အတွက် ရဲစခန်ပေါင်း ၆၀၀ ကျော် တိုးချဲ့ဖွင့်လှစ်ရန်လည်း ဆော်ဒီအစိုးရတွင် အစီအစဉ်ရှိနေသည်။

    “ဘုရင်အဘ်ဒူလာရဲ့ လုံခြုံရေးပြုပြင်ပြောင်းလဲမှုစီမံကိန်းကိုလည်း မကြာခင်အကောင်အထည်ဖော်သွားမှာပါ။ ၂ နှစ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရာရှိတွေအားလုံး နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟု အလ် မူဟ်ရစ်ဂ်ျက ပြောကြားခဲ့သည်။

    Ref:alarabiya

  • ဟေတီ ကာနေဗယ်လ်ပွဲတော်အတွင်း ဓာတ်ကြိုးပြတ်ကျ၍ လူ ၂၀ သေဆုံး

    ဟေတီ ကာနေဗယ်လ်ပွဲတော်အတွင်း ဓာတ်ကြိုးပြတ်ကျ၍ လူ ၂၀ သေဆုံး

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media

    ht

    – ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်သည့် ဟေတီနိုင်ငံတွင် ကာနေဗယ်လ်ပွဲတော် ကျင်းပနေစဉ် လျှင်စစ်ဓာတ်အားလိုင်းမှ ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးသူ အနည်းဆုံး ၂၀ ခန့်ရှိခဲ့သည်ဟု သိရသည်။

    မြို့တော် ပေါ့တ်အူပရင့်ရှိ မြို့လည်ကောင်တွင် ထောင်ပေါင်းများစွာသော ပရိတ်သတ်ပြည်သူများနှင့် အလှပြယာဉ်လှည့်လည်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်။

    ဖျော်ဖြေရေးဂီတအဖွဲ့ လိုက်ပါလာသည့် အဆိုပါအလှပြယာဉ်မှ လူတစ်ဦးမှာ ယာဉ် လွတ်ကင်းစွာ သွားလာနိုင်ရန် ဓာတ်ကြိုးအား တုတ်ဖြင့် မထားရာမှ ပြတ်ကြခဲ့ခြင်းဖြစ်ပြီး သီချင်းဆိုနေသည့် အဆိုတော်၏ ခေါင်းပေါ်သို့ တည့်တည့် ကြသွားခဲ့သည်။ အချို့သူများမှာ ချက်ချင်းပင် ဓာတ်လိုက်ခဲ့ကြပြီး အချို့မှာ ကားပေါ်မှ ခုန်ချ ထွက်ပြေးခဲ့ကြသည်။

    “၀ါယာကြိုး ပြတ်ကျပြီး မီးပွားတွေထွက်လာတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာ အသက်လုပြီး ထွက်ပြေးခဲ့ရတာပါပဲ” ဟု အခင်းဖြစ်ပွားချိန် အလှပြယာဉ်အနားတွင် ရှိနေသည့် အသက် ၂၂ နှစ်အရွယ် နာတာချာ စိန့် ဖလောရ်က ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း ထိခိုက်ခံစားရသူများအတွက် မိမိအနေဖြင့် ထပ်တူထပ်မျှ ၀မ်းနည်မိပါကြောင်း ဟေတီသမ္မတ မိုက်ကယ် မာတဲလီက Twitter စာမျက်နှာမှတစ်ဆင့် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး၊ သမ္မတ၏ ဇနီးဖြစ်သူကလည်း ဒဏ်ရာရရှိသူများအား ဆေးရုံတွင် သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။

    Ref: foxnews

  • တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ

    တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media

    txe

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုပြီးခဲ့သည့်တစ်ပတ်က မီးလောင်မှုအတွက် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဟူစတန် မီးသတ်အရာရှိများက ပြောကြားခဲ့သည်။

    ဖမ်းဆီးရမိခဲ့သူမှာ အသက် ၅၅ နှစ်အရွယ် ဒါရိုင်း ဖာဂူဆန်ဆိုသူ အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး သောကြောနေ့ နံနက်စောစောပိုင်းက ကူဗာ ဗလီဝတ်ကျောင်းတော် မီးလောင်မှုနှင့် ဆက်စပ်၍ ပထမအဆင့် မီးရှို့မှုစွဲချက်ဖြင့် တရားစွဲဆိုထားသည်။

    တာဝန်ရှိသူများက ပြောကြားရာတွင် ဖာဂူန်အား အဆိုပါ ဗလီဝတ်ကျောင်းတော်အနီးတွင် စက်ဘီးစီးနေစဉ် မသင်္ကာသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲစခန်း၌ မီးရှို့ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။ အဆိုပါအစ္စလာမ့်စင်တာမှ ရှေ့ဆောင်အီမာမ်၏ သားဖြစ်သူ အဟ်ဆန် ဇာဟစ်ဒ်ကမူ ထိုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းက မိမိတို့ပတ်ဝန်းကျင်အတွက် ပိုမိုလုံခြုံသွားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဖာဂူဆန်မှာ တက္ကဆက်ပြည်နယ်အတွင်း ရာဇ၀တ်မှုများဖြင့် အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါးပိုင်ဆိုင်မှု၊ ပိုင်နက်ကျူးလွန်မှု၊ လက်ရောက်မှုနှင့် ပြည့်တန်ဆာမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသူဖြစ်သည်။ မီးရှို့ခဲ့သည့် နောက်ခံအကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးသူများက ထုတ်ဖော်ပြာဆိုခြင်းမရှိခဲ့ပေ။

    “ကျွန်တော့်အဖေကတော့ အဲဒီသူကို ဗလီဝတ်ကျောင်းတော်နားမှာ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ခွင့်လွှတ်ပါတယ်။ ဒါကို ကျွန်တော်တို့မေ့လိုက်ပါပြီ။ သူ ကျွန်တော်တို့ဆီကိုလာတွေ့ပြီး ဒီလိုပြစ်မှုမျိုး ကျူးလွန်ရလောက်အောင် ကျွန်တော်တို့နဲ့ ပတ်သက်လို့ ဘာတွေအထင်မှားအမြင်မှားရှိနေသလဲဆိုတာ ကျွန်တော်တို့ကို ပြောပြစေချင်ပါတယ်” ဟု ဇာဟစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    မီးလောင်မှုကြောင့် ဗလီဝတ်ကျောင်းတော်၏ အစိတ်ပိုင်းအများအပြား ပျက်ဆီးသွားခဲ့သော်လည်း ၀တ်ပြုမှုများကိုမူ ဆက်လက်ပြုလုပ်လျက်ရှိနေသည်။

    Ref: abc13,m.chron

  • IS ၏ စက်ဆုပ်ဖွယ် ဗီဒီယိုများကို မွတ်စလင်များ ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အလ်-အဇ်ဟာရ်မှ ဓမ္မသတ်ထုတ်ပြန်

    IS ၏ စက်ဆုပ်ဖွယ် ဗီဒီယိုများကို မွတ်စလင်များ ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အလ်-အဇ်ဟာရ်မှ ဓမ္မသတ်ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media

    ???????????????????????????????

    – IS အဖွဲ့၏ မကောင်းဆိုးဝါးရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာခြင်းကို ရှောင်ရှားရန်၊ အစ္စလာမ့်တန်ဖိုးကို မထိခိုက်စေရန်နှင့် မွတ်စလင်တို့၏ ကိုယ်ကျင့်တရားများ မပျက်ပြားစေရန်အတွက် မွတ်စလင်များအနေဖြင့် IS အဖွဲ့မှ သတ်ဖြတ်သည့်ဗီဒီယိုများကို ကြည့်ရှုဖြန့်ဖြူးခြင်းမပြုကြရန် အစ္စလာမ့် ထိပ်တန်းဓမ္မသတ်ဌာန အလ်-အဇ်ဟာရ်မှ တားမြစ်လိုက်သည်ဟု သိရသည်။

    အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး လစ်ဗျား၌ အလုပ်သွားရောက်လုပ်ကိုင်နေသည့် အီဂျစ်ခရစ်ယာန် ၂၁ ဦးကို IS အဖွဲ့က သတ်ဖြတ်သည့် ဗီဒီယိုကို ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    အဆိုပါ ကြေညာချက်တွင် မွတ်စလင်များအကြား ကြောက်ရွံ့မှု၊ ကိုယ်ကျင့်တရားထိခိုက်မှုတို့ မဖြစ်စေရန်နှင့် အဆိုပါအဖွဲ့၏ အန္တရာယ်ရှိသော ၀ါဒဖြန့်မှုများအား ပြန့်ပွားခြင်းကို ရှောင်ရှားရန်အတွက် IS ကြမ်းဖက်သမားများ၏ ရာဇ၀တ်မှုကျူးလွန်သည့် ဗီဒီယိုများအား ဖော်ပြခြင်းမပြုရန်လည်း မီဒီယာများကို တိုက်တွန်းခဲ့သည်။

    ထို့ပြင် ထိုကြေညာချက်၌ အစ္စလာမ်ကြောက်ရောဂါကို ပိုမိုဖြစ်စေရန် ရည်ရွယ်သည့် ထိုဗီဒီယိုများကို ကြည့်ရှုခြင်းနှင့် တစ်ဆင့်ဖြန့်ဖြူးခြင်းကို မွတ်စလင်များအနေဖြင့် ပြုလုပ်ခြင်းမပြုရန်လည်း တားမြစ်ထားသည်။

    နိုင်ငံသားခရစ်ယာန်များအား သတ်ဖြတ်ပြီးနောက်ပိုင်း အီဂျစ်လေတပ်က လစ်ဗျားရှိ IS ၏ ခြေကုပ်စခန်းများကို တရစပ် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လက်တုံ့ပြန်ခဲ့သည်။

    အလ်-အဇ်ဟာရ်မှာ အစ္စလာမ့်အမည်နာမကိုသုံး၍ အကြမ်းဖက်မှုကျူးလွန်သော အဖွဲ့များအား တစ်စိုက်မတ်မတ် ဆန့်ကျင်လာခဲ့သည့် ထိပ်တန်း အစ္စလာမ့်ဘာသာရေးဌာနများထဲမှ တစ်ခုလည်းဖြစ်သည်။

    Ref: alarabiya

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    – မိမိတို့နိုင်ငံသား ခရစ်ယာန်များအား သတ်ဖြတ်သည်ကို လက်စားချေသည့်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် အီဂျစ်-လစ်ဗျား နယ်စပ်တစ်လျှောက်ရှိ IS ၏ စခန်းများ၊ လေ့ကျင့်ရေးနေရာများ၊ လက်နက်သိုလှောင်ရုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အီဂျစ်စစ်တပ်မှ ကြေညာခဲ့သည်။

    – တရုတ်ပါလီမန်၏ ထိပ်တန်း အကြံပေးအဖွဲ့မှ ဒုတိယ ဥက္ကဌဟောင်း ဆူရွန်အား လိမ်လည်မှု၊ လာဘ်ယူမှုနှင့် ရာထူးများရောင်းစားမှုတို့ဖြင့် တရားစွဲဆိုသွားမည်ဟု တရုတ်အစိုးရက ယနေ့တွင် ကြေညာလိုက်သည်။ ၎င်းမှာ တရုတ်နိုင်ငံရေးတွင် ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်ခန့်မှစတင်ကာ စုံစမ်းစစ်ဆေးမှု ခံနေရသူဖြစ်သည်။

    – အစ္စရေးအနေဖြင့် ဂါဇာကမ်းမြှောင်ဒေသအား ထပ်မံကျူးကျော်တိုက်ခိုက်ပါက ပြင်းထန်သော ခုခံမှုများနှင့် ရင်ဆိုင်သွားရမည်ဟု ပါလက်စတိုင်း ခုခံကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်သည်။ အစ္စရေးစစ်တပ်မှ ဗိုလ်ချုပ်ကြီး ယူဗန် ဂါလန့်က ၎င်းအနေဖြင့် မတ်လ ၁၇ ရက်နေ့ ရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာပါက ဂါဇာကမ်းမြှောင်အား ထပ်မံတိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု ပြောခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းဘက်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၂ လနီးပါး ကြာမြင့်ခဲ့သည့် အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ နီးပါး သေဆုံးခဲ့သည်။

    – ၂၀၁၂ ခုနှစ်က ထိုင်ဝမ်ရှိ လမ်မားကျွန်းအနီးတွင် အခြားခရီးသည်တင်သင်္ဘောတစ်စီးနှင့် တိုက်မိကာ နစ်မြုပ်ခဲ့သည့် Lamma IV သင်္ဘော၏ မာလိန်မှူးကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရ၍ ထိုင်ဝမ်တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။ အဆိုပါသင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၃၉ ဦးသေဆုံးခဲ့ပြီး တိုက်မိခဲ့သည့် အခြား သင်္ဘောမှ မာလိန်မှူးကိုလည်း လူများကို အန္တရာယ်ဖြစ်စေမှုဖြင့် ထောင်ဒဏ် ၉ လ ချမှတ်ခဲ့သည်။

    – တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန်တွင် အပစ်ရပ်ပြီး လက်နက်ကြီးများ ရှေ့တန်းစစ်မြေပြင်မှ ဆုတ်ခွာရန် ယူကရိန်းနှင့် ခွဲထွက်ရေးသမားတို့ သဘောတူခဲ့ကြသော်လည်း ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ယူကရိန်းကဘက်ကမူ အပစ်ရပ်ရေး သဘောတူညီချက်အား ခွဲထွက်ရေးသမားများက ချိုးဖောက်မှုကြောင့် လက်နက်ကြီးများကို ဆုတ်ခွာပေးမည်မဟုတ်ဟု ယနေ့တွင် ပြောကြားလိုက်သည်။ ခွဲထွက်ရေးသမားများကလည်း ယူကရိန်းစစ်တပ်က ဆုတ်ခွာမှ မိမိတို့လည်း ဆုတ်ခွာပေးမည်ဟု ပြည်လည် တုံ့ပြန်ခဲ့သည်။

    – စီးရီးအေကလပ် အေစီမီလန်အသင်း၏ ရှယ်ယာအများစုအား ကန်ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ၀ယ်ယူရန် မိမိအနေဖြင့် ကမ်းလှမ်းခဲ့သည်ဟု ထိုင်းသန်းကြွယ်သူဌေး ဘီးတချောင်ဘိုလ်က အတည်ပြုပြောကြားလိုက်သည်။

    Ref:news agencies