News @ M-Media

Author: Ko Lay

  • အိုက်ဗရီကို့စ်နောက်ခံလူ ကိုလိုတိုးယေး နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူပြီ

    အိုက်ဗရီကို့စ်နောက်ခံလူ ကိုလိုတိုးယေး နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူပြီ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    toure

    – နိုင်ငံအသင်း အာဖရိကနိုင်ငံများဖလားရရှိစေရန် အစွမ်းကုန် ကူညီပေးခဲ့သည့် အိုက်ဗရီကို့စ်နောက်ခံလူ ကိုလိုတိုးယေးက မိမိအနေဖြင့် နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ် တနင်္ဂနွေနေ့က ပင်နယ်တီ ၉-၈ ဖြင့် အိုက်ဗရီကို့စ်က ဂါနာအား အနိုင်ရရှိခဲ့သည့် အာဖရိကနိုင်ငံများဖလား နောက်ဆုံးဗိုလ်လုပွဲတွင် လီဗာပူးလ်နောက်ခံလူ တိုးယေးမှာ အရေးပါသည့် ပင်နယ်တီကို ၀င်အောင် ကန်သွင်းပေးနိုင်ခဲ့သူဖြစ်သည်။

    ၎င်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက အာဖရိကနိုင်ငံများဖလားပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူမည်ဟု ကြေညာထားပြီး ယခုတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    “ဂွဒ်ဘိုင်လို့ ပြောဖို့ အချိန်ပဲလို့ ခင်ဗျားတို့ကို ၀မ်းနည်းဆို့နင့်စွာ အသိပေးပါတယ်။ ကျွန်တော့်ရဲရည်ရွယ်ချက်က အာဖရိက နိုင်ငံများဖလားကို ရရှိဖို့ပါ။ ဒါဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ ကျွန်တော့်ရဲ့တိုင်းပြည်ကို ချစ်သလို ဘောလုံးကိုလည်း ချစ်မြတ်နိုးပါတယ်။ ဒါပေမယ့် တစ်ချိန်ကျရင်တော့ အနားယူဖို့အချိန်ဟာ ရောက်လာတာပါပဲ” ဟု တိုးယေးက RTI တီဗီချန်သို့ ပြောကြားခဲ့သည်။

    ကိုလိုတိုးယေးမှာ အိုက်ဗရီကို့စ် အသင်းအတွက် ၂၀၀၀ ပြည့်နှစ်မှ စတင်ကစားပေးခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ် ကစားထားသူဖြစ်သည်။

    Ref:goal.com

  • အငတ်ဘေးဒဏ်ကြုံတွေ့နေသူများအတွက် အသိပညာပေးတဲ့ အီဗရာဟီမိုဗစ်

    အငတ်ဘေးဒဏ်ကြုံတွေ့နေသူများအတွက် အသိပညာပေးတဲ့ အီဗရာဟီမိုဗစ်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    ibhmv

    – စနေနေ့က ကစားခဲ့သည့်ပွဲတွင် ဂိုးသွင်းပြီးနောက် အင်္ကျီချွတ်ကာ ပြသခဲ့သည့် မိမိခန္ဓာကိုယ်မှ ဆေးမင်ကြောင်ထိုးထားသော အမည်များမှာ ကမ္ဘာပေါ်တွင် အငတ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရသူများဖြစ်သည်ဟု ပီအက်စ်ဂျီ တိုက်စစ်မှူး အီရောဟီမိုဗစ်က ပြောကြားလိုက်သည်။

    Cane အသင်းအား ၂ ဂိုးစီသရေကျခဲ့သည့် အဆိုပါပွဲတွင် မိုဗစ်မှာ ပွဲအစ ၂ မိနစ်တွင်ပင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် အောင်ပွဲခံရာတွင် ၎င်း၏ အင်္ကျီအားချွတ်ကာ ခန္ဓာကိုယ်မှ ဆေးမင်ကြောင်များကို ပြသခဲ့ဖြစ်သည်။

    ထိုကဲ့သို့ ပြသခြင်း၏ နောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုရှိနေပြီး ကမ္ဘာတစ်ဝှမ်း အငတ်ဘေးဒဏ်ကို ဆန့်ကျင်တိုက်ထုတ်နေသော ကုလသမဂ္ဂမှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် ပတ်သက်၍ အသိပညာပေးရန်ဖြစ်သည်ဟု မိုဗစ်က ပြောကြားခဲ့သည်။ ထို့ပြင် မိမိ၏ ခန္ဓာကိုယ်တွင် မင်ကြောင်ထိုထားသောအမည်များမှာ အငတ်ဘေးဒဏ်ကို ရင်ဆိုင်ခံစားနေရသော သူများ၏ အမည်များဖြစ်သည်ဟု ဆိုသည်။

    “စနေနေ့က Caen နဲ့ပွဲမှာ ကျွန်တော့်အင်္ကျီချွတ်လိုက်တဲ့အခါ လူတိုင်းက ဒီမင်ကြောင်တွေက ဘာတွေလဲလို့ မေးကြပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်မှာ လောလောဆယ် လူ ၅၀ ရဲ့အမည်ကို ရေးထိုးထားပါတယ်။ သူတို့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အငတ်ဘေးဒဏ်ကို တကယ့်ကို ခံစားနေရတဲ့သူတွေပါ။ ဆေးမင်ကြောင်တွေ ကုန်သွားပေမယ့် အငတ်ဘေးဒဏ်ခံစားရတဲ့လူတွေကတော့ ဆက်လက်ရှိနေပါလိမ့်မယ်။ ကမ္ဘာတစ်ဝှမ်းမှာ အငတ်ဘေးဒဏ် ခံစားနေရသူ ၈၀၅ သန်းလောက် ရှိပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကို ကူညီဖို့ ကျွန်တော်ကနေတစ်ဆင့် ခင်ဗျားတို့ကို သိစေချင်တာပါ” ဟု အီဗရာဟီမိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အလှူဒါနနှင့်ပတ်သက်၍ မိမိမှာ ပထမဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ မိတို့က ကမ္ဘာတစ်ဝှမ်း အငတ်ဘေးပြဿနာကို ဖြေရှင်းနိုင်မည်မှာ အသေအချာပင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ၉/၁၁ နောက်ပိုင်း မည်သည့်ပြစ်မှုမှမရှိဘဲ ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်မွတ်စလင်တစ်ဦး နစ်နာကြေးရ

    ၉/၁၁ နောက်ပိုင်း မည်သည့်ပြစ်မှုမှမရှိဘဲ ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်မွတ်စလင်တစ်ဦး နစ်နာကြေးရ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    al kid

    – ၉/၁၁ နောက်ပိုင်း မည်သည့်ရာဇ၀တ်မှုစွဲချက်မှမရှိဘဲ ဖမ်းဆီးကာ FBI ၏ ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည့် အမေရိကန်မွတ်စလင်တစ်ဦးမှာ ၎င်းခံစားခဲ့ရသည်များအတွက် အမေရိကန်အစိုးရထံမှ နစ်နာကြေး ကန်ဒေါ်လာ ၄၁၅၀၀၀ ရရှိခဲ့သည်ဟု သိရသည်။

    “၉/၁၁ နောက်ပိုင်းမှာ လူတွေက ကျွန်တော့်ကို မင်္သာသလိုကြည့်ကြပြီး အဲဒီအချိန်ဟာ ဖြတ်သန်းဖို့ သိပ်ခက်ခဲတဲ့အချိန်ပါပဲ။ ဒါ့ကြောင့် ကျွန်တော်ဟာ တစ်နေ့မှာ ကျွန်တော်ဂုဏ်သိက္ခာအတွက် ရှင်းရှင်းလင်းလင်း ဖြစ်ချင်ပါတယ်။ အမေရိကန်ဘောလုံးအားကစားနည်းမှာ ရှိတဲ့ ကျွန်တော့်ရဲ့ စိတ်ဓာတ်လိုပါပဲ။ ဘာတွေပဲဖြစ်နေပါစေ။ ကျွန်တော် အလျှော့မပေးပါဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်မရှိကြောင်း ထင်ရှားစေချင်ပါတယ်” ဟု ဆော်ဒီအာရေဗျတွင် အင်္ဂလိပ်ဘာသာစကားနှင့် အမေရိကန်ဘောလုံးအားကစားနည်းကို သင်ကြားပေးသူ အဘ်ဒူလ အလ်-ကစ်ဒ်က Los Ageles Times သတင်းစာသို့ ပြောကြားခဲ့သည်။

    အလ်-ကစ်ဒ်မှာ ၂၀၀၃ ခုနှစ်က ဆော်ဒီအာရေဗျသို့ ဘာသာသာရေးနှင့် ဘာသာစကား လေ့လာရန် သွားရောက်လုဆဲဆဲတွင် လေဆိပ်၌ FBI ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။ မည်သည့်ရာဇ၀တ်မှု စွဲချက်မှမရှိဘဲ ၁၆ ရက်တာ ဖမ်းဆီးခံခဲ့ရသည့် ကာလအတွင်း အလ်-ကစ်ဒ်မှာ လက်ထိပ်ခြေထိပ်များ ခတ်ခံခဲ့ရကာ ရာဇတ်ဝတ်မှုကြီများ ကျူးလွန်ခဲ့သူများထားသည့် အကျဉ်းခန်းထဲတွင် ကိုယ်လုံးတီး ပစ်ထားခြင်း ခံခဲ့ရသည်။

    ထိုအကျဉ်းခန်းမှ လွတ်မြောက်လာပြီးနေက် အလ်-ကစ်ဒ်၏ နိုင်ငံကူးလက်မှတ်အား ရုပ်သိမ်ခဲ့ကာ ပြည်တွင်းရှိ ပြည်နယ်လေးခုသို့ ခရီးသွားခွင့်ကိုလည်း ပိတ်ပင်ခဲ့သည်။ ထို့ပြင် ၎င်း၏ နေအိမ်ကိုလည်း ရဲတပ်ဖွဲ့က ပုံမှန်လာရောက်ကာ ရှာဖွေမှုများပြုလုပ်ပြီး နီဗာဒါနှင့် အီဒါဟိုရှိ သက်သေခံအရာရှိများထံသို့ တစ်လတစ်ခေါက် သွားရောက် လက်မှတ်ထိုးရသည်။

    ဖမ်းဆီးစဉ်က မည်သည့်အကြောင်းပြချက်မှ မရှိခဲ့သော်လည်း ဇန်န၀ါရီ ၁၅ ရက်နေ့က အစိုးရမှ ပေးပို့သည့်စာတွင် ၎င်းမှာ ရာဇ၀တ်မှုအတွက် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ ဗီဇာလိမ်လည်မှုနှင့် မှားယွင်းသော သက်သေခံချက်များအတွက် တရားစွဲဆိုခံထားရသည့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ဆာမိ အလ်-ဟူဆာယန်၏ အမှုတွင် ပါဝင်ပတ်သက်သူအဖြစ် သံသယရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ကစ်ဒ်မှာ အီဒါဟိုတွင် ဟူဆာယန်နှင့်တွဲ၍ အစ္စလာမ်ကူညီကယ်ဆယ်ရေးအဖွဲ့ကို ကူညီလုပ်ဆောင်ပေးနေသူဖြစ်ပြီး ဟူဆာယန်၏ အမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။

    “လူတွေက ကျွန်တော်ဟာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်ရမယ်လို့ ပြောကြပါတယ်။ ဒါမျိုးမဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ် သိပါတယ်ဗျာ” ဟု ကစ်ဒ်က ပြောကြားခဲ့သည်။

    ကန်ဆက်ပြည်နယ်တွင် မွေးဖွားခဲ့သည့် အလ်-ကစ်ဒ်မှာ ၁၉၉၀ ပြည့်နှစ်များတွင် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သူဖြစ်ပြီး ထိုနှစ်ပိုင်းတွင်ပင် အီဒါဟို တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

    မိသားစု ပျက်သုဉ်း

    ထိုကဲ့သို့ မှားယွင်းစွာအကျဉ်းချထားမှုက အသက် ၄၁ နှစ်အရွယ် အလ်-ကစ်ဒ်၏ မိသားစုဘ၀အား ပျက်ဆီးစေခဲ့ပြီး ပညာတတ်တစ်ယောက်ဖြစ်သည့် ၎င်းမှာလည်း တက္ကစီဒရိုင်ဘာဘ၀အထိ ရောက်ခဲ့ရသည်။

    “ဒါက ကျွန်တော်တို့မိသားစုကြားထဲမှာ စိတ်ဖိစီးမှုတွေ၊ ချုပ်ချယ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မိသားစု ပြိုကွဲခဲ့ရတာပါပဲ။ ကျွန်တော့်အိမ်ကို တစ်လတစ်ကြိမ်လာပြီး ရှာဖွေကြတယ်။ သိပ်စိတ်ပျက်စရာကောင်းတဲ့ ၀န်းကျင်ပါပဲ” ဟု အလ်-ကစ်ဒ်က ၎င်း၏ မိသားစုဘ၀နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    ၉/၁၁ နောက်ပိုင်းတွင် အမေရိကန်မွတ်စလင်များမှာ မသင်္ကာမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်ကို ခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်မှုများကိုလည်း ခံခဲ့ရသည်။

    ထိုကဲ့သို့ မှားယွင်းစွပ်စွဲခံရမှုကြောင့် အလ်-ကစ်ဒ်မှာ နစ်နာကြေး ကန်ဒေါ်လာ ၄၁၅၀၀၀ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆော်ဒီနိုင်ငံ၌ မိသားစုတစ်ခုတည်ဆောက်ကာ နေထိုင်လျက်ရှိနေသည်။

    “ကျွန်တော့်ဘ၀ကို တစ်စချင်းစီ ပြန်လည်တည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: onislam

  • အီရန် ဒုတိယသမ္မတဟောင်း ချစားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချခံရ

    အီရန် ဒုတိယသမ္မတဟောင်း ချစားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချခံရ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    iran

    – ချစားမှုစွဲချက်အတွက် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဒုတိယသမ္မတဟောင်း မိုဟာမက် ရီဇာရာဟီမီကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်ဟု အီရန် နိုင်ငံပိုင်မီဒီယာမှ ကြေညာခဲ့သည်။

    ရာဟီမီမှာ ယခင်သမ္မတဟောင်း အဟ်မဒ်ဒီနီဂျဒ်၏ လက်ထက်တွင် ထိပ်တန်းအကြံပေးတစ်ယောက်ဖြစ်ပြီး အီရန် တရားရုံးချုပ်က ပြီးခဲ့သည့်လတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ယမန်နေ့တွင် မြို့တော်တီဟီရန်မြောက်ပိုင်း အီဗင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

    ရာဟီမီကို ဒေသတွင်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သော်လည်း တရားရုံးချုပ်ကမူ ပြစ်ဒဏ်အား ၅ နှစ်နှင့် ၃ လသို့ လျှော့ချခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရာဟီမီမှာ ဒဏ်ငွေ ကန်ဒေါ်လာ ၃ သိန်းနှင့် နစ်နာကြေး ကန်ဒေါ်လာ ၈ သိန်းကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။

    သမ္မတဟောင်း အဟ်မဒ်ဒီနီဂျဒ်က ၎င်းမှာ အီရန်သမိုင်းတွင် အသန့်ရှင်းဆုံး အစိုးရကို ဦးဆောင်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ၎င်း၏ အတိုက်အခံများကမူ ကြီးကြီးမားမား ချစားမှုများရှိခဲ့သည်ဟု ယခင်ကတည်းက စွပ်စွဲခဲ့သည်။

    ပြီးခဲ့သည့်နှစ် မေလကလည်း အီရန်မှာ ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် မာဟာဖာရစ် အမီရ် ခိုဆရာဗီအား နိုင်ငံတော်ဘဏ်မှ ကန်ဒေါ်လာ ၂.၆ ဘီလီယံ လိမ်လည်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

    Ref: aljazeera

  • အီဂျစ်ခရစ်ယာန်များအား သတ်ဖြတ်သည့် ဗီဒီယိုကို လစ်ဗျားမှ IS အဖွဲ့ ထုတ်ပြန်

    အီဂျစ်ခရစ်ယာန်များအား သတ်ဖြတ်သည့် ဗီဒီယိုကို လစ်ဗျားမှ IS အဖွဲ့ ထုတ်ပြန်

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    libya

    – ပြီးခဲ့သည့် လများက ပြန်ပေးဆွဲထားသည်။ အီဂျစ် ကော့ပတစ်ခရစ်ယာန်ဘာသာဝင် ၂၁ ဦးအား သတ်ဖြတ်သည်ဟု ယူဆရသော ဗီဒီယိုကို လစ်ဗျားရှိ IS အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    အဆိုပါဗီဒီယို၏ မှန်ကန်မှုကို အီဂျစ်အစိုးနှင့် ကော့ပတစ်အသင်းတော်တို့က အတည်ပြုခဲ့သည်။ အဆိုပါဗီဒီယိုတွင် အီဂျစ်ခရစ်ယာန်များမှာ လိမ္မော်ရာင်အကျဉ်းသားဝတ်စုံကို ၀င်ဆင်ထားပြီး လစ်ဗျားရှိ ထရီပိုလီပြည်နယ်တွင် တည်ရှိသော ကမ်းနံဘေးတွင် သတ်ဖြတ်ပုံကို ဖော်ပြထားသည်။

    ၎င်းတို့မှာ ဒီဇင်ဘာနှင့် ဇန်န၀ါရီ လများအတွင်း လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဆာရ်တီမြို့တွင်ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုတွင် IS အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    အဆိုပါဗီဒီယိုထွက်လာပြီးနောက် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီမှာ အီဂျစ်အမျိုးသားလုံခြုံရေး ထိပ်တန်းအရာရှိများကို ဆင့်ခေါ်ကာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး သေဆုံးသွားသည့် အီဂျစ် ခရစ်ယာန်များအတွက် နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့ကို ၇ ရက် သတ်မှတ်ခဲ့သည်။

    “ဒီလူသတ်သမားတွေကို သင့်လျော်နည်းလမ်းနဲ့ သင့်လျော်တဲ့အချိန်မှာ တုံ့ပြန်အပြစ်ပေးသွားဖို့ အီဂျစ်မှာ အခွင့်အရေးရှိပါတယ်” ဟု နိုင်ငံသားများ သေဆုံးမှုအတွက် ရုပ်မြင်သံကြားမှထုတ်လွှင်သော မိန့်ခွန်းတွင် အလ်- စီစီက ထည့်သွင်းပြောကြားခဲ့သည်။

    အီဂျစ်ရှိ ကော့ပတစ်အော်သိုဒေါ့ အသင်းတော်ကလည်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် လူသတ်သမားများအား တရားမျှတမှုရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

    ကိုင်ရိုရှိ နာမည်ကြီးအစ္စလာမ့်တက္ကသိုလ် အလ်အဇ်ဟာရ်ကလည်း IS အဖွဲ့၏ ထိုသတ်ဖြတ်မှုမှာ ရိုင်းစိုင်းသောလုပ်ရပ်ဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “ဒီလိုရိုင်းစိုင်းတဲ့လုပ်ရပ်မျိုးဟာ ဘယ်လိုဘာသာတရား၊ ဘယ်လိုလူ့တန်ဖိုးနဲ့မှ ပတ်သက်ဆက်နွယ်မှု မရှိပါဘူး” ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    လစ်ဗျားမှာ ပြီးခဲ့သည့် ၃ နှစ်အရင်က အာဏာရှင် ကာဒါဖီပြုတ်ကျခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေပြီး ထိုအဖြစ်အပျက်ကို အခွင့်ကောင်းယူကာ IS အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။ လစ်ဗျားတွင် အီဂျစ်နိုင်ငံသားများမှာ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြပြီး အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဖြစ်သည်။

    Ref: aljazeera