News @ M-Media

Author: Ko Lay

  • ကနေဒါတွင် မွတ်စလင်တစ်ဦး သေနတ်ပစ်ခံရမှု မီဒီယာများ နှုတ်ဆိတ်နေ

    ကနေဒါတွင် မွတ်စလင်တစ်ဦး သေနတ်ပစ်ခံရမှု မီဒီယာများ နှုတ်ဆိတ်နေ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    canada

    – အစ္စလာမ်ကြောက်ရောဂါကြောင့် ဖြစ်ပွားလာသည်ဟု ယူဆရသည့် မွတ်စလင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ကနေဒါနိုင်ငံ အလ်ဘာတာပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့ပြီး ထိုသတ်ဖြတ်မှုအတွက် မီဒီယာများ၏ နှုတ်ဆိတ်နေမှုကို ဝေဖန်မှုများ ရှိနေသည်။

    သေဆုံးသွားသူမှာ မက်မာရေးမြို့တွင်နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် မွတ်စ်တာဖာ မက်တန်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က ၎င်းနေထိုင်ရာအိမ်သို့ တံခါးလာခေါက်သောကြောင့် ဖွင့်ပေးရန်သွားရောက်စဉ် တံခါးအပြင်ဘက်မှ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

    “ကျွန်တော့်ရဲ့ညီဟာ အိမ်တံခါးမဖွင့်ခင် တံခါးအပြင်ကနေ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။ တံခါးတောင်မဖွင့်ရသေးပါဘူးဗျာ။ ဒါ့ကြောင့် သေနတ်သမားဟာ ကျွန်တော်တို့ဒီမှာနေတာကလွဲလို့ ဘယ်သူ့ကို ပစ်သတ်လိုက်လဲဆိုတာ သိမှာတောင်မဟုတ်ပါဘူး” ဟု မွတ်စ်တာဖာ မက်တန်၏ ညီဖြစ်သူ အဟ်မဒ်မက်တန်က ပြောကြားခဲ့သည်။

    မွတ်စ်တာဖာမှာ လွန်ခဲ့သည် တစ်လခန့်ကမှ မက်မာရေးသို့ အိုတာဝါမြို့မှ ပြောင်းရွှေ့လာသူဖြစ်ပြီး အမုန်းတရားအခြေခံသည့် သတ်ဖြတ်မှုဟု ယူဆရသော ၎င်း အသတ်ခံရမှုအား မီဒီယာများ၏ လစ်လျူရှုမှုအတွက် ကနေဒါမွတ်စလင်အသိုင်းအ၀ိုင်းက ဝေဖန်မှုများ ရှိနေသည်။

    “မွတ်စ်တာဖာမက်တန် သေဆုံးမှုကို မီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေကပါ လစ်လျူရှုခဲ့ကြပါတယ်” ဟု Twitter အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “မွတ်စ်တာဖာဟာ (အမေရိကန်၊ မြောက်ကယ်ရိုလိုင်းနားက) ချက်ပဲလ်ဟေးလ် သေနတ်ပစ်မှုမတိုင်ခင် ၁ ရက်အလိုမှာ ဖြစ်ခဲ့တာပါ။ ဒီပစ်ခတ်မှုအတွက် မီဒီယာမှာ ဖော်ပြတာကို မတွေ့ရပါဘူး။ ဘာ့ကြောင့်ပါလဲ” ဟု ရေးသားဖော်ပြခဲ့သည်။

    သတို့သားလောင်း

    မွတ်စလင်တာဖာမှာ ဆေးသိပ္ပံဖြင့် ဘွဲ့ရထားသူတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ပြုရန်အတွက် ပိုက်ဆံစုရန် မက်မာရေးရှိ အလုပ်အသစ်တစ်ခုသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု မိသားစုများက ပြောကြားခဲ့သည်။

    “သူဟာ တွေ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံး၊ အအေးဆုံး၊ ရှက်ကြောက်တတ်ဆုံး၊ နှိမ့်ချမှုအရှိဆုံး လူတစ်ယောက်ပါ။ ပြီးတော့ မကြာသေးမီကမှ ကျွန်တော်တို့ဆီ ရောက်လာတာပါ” ဟု အစ်ကိုဖြစ်သူက ပြောကြားခဲ့သည်။

    ၎င်း၏ သူငယ်ချင်များကလည်း မွတ်စ်တာဖာနှင့်ပတ်သက်၍ ထိုကဲ့သို့ပင် ပြောကြားခဲ့သည်။

    “ဒီ(အိမ်ထောင်ပြုဖို့) ရည်ရွယ်ချက်တစ်ခုတည်းနဲ့ သူ အဲဒီကိုသွားခဲ့တာပါ။ သူဟာ နူးညံ့သူတစ်ယောက်ပါ။ (သေနတ်ပစ်သတ်ခံရလိမ့်မယ်လို့) ကျွန်တော်တို့ ထင်တောင်မထင်ခဲ့ပါဘူး။ ဒီအကြောင်း ဗလီမှာကြားတော့ လူတိုင်းက တုန်လှုပ်ခဲ့ကြပါတယ်” ဟု အိုတာဝါမှ မွတ်စ်တာဖာ၏ သူငယ်ချင်းဖြစ်သူ အဘ်ဒီ အိုမာရ်က ဆိုသည်။

    မွတ်စ်တာဖာ၏ ငယ်သူငယ်ချင်းတစ်ဦးကလည်း ၎င်း၏ မိသားစုအား ကူညီရန်အတွက် အလှူငွေ ကန်ဒေါ်လာ ၄၉၀၀ ကို ကောက်ခံပေးခဲ့သည်။ ညီမဖြစ်သူ ဆလ်မာ မက်တန်ကလည်း အကိုသေဆုံးသွားသည့်အတွက် ၀မ်းနည်းမိသည်ဟု ဆိုသည်။

    “ကျွန်မတို့ သာသနာက သင်ကြားသမျှကို အစ်ကိုက ဖ၀ါးခြေထပ်လိုက်နာပြီး အေးအေးဆေးဆေး နေတာပါ။ သစ္စာသိပ်ရှိပြီး
    အရမ်းလည်း ရိုးသားပါတယ်” ဟု ဆလ်မာက CTV သတင်းဌာနသို့ ပြောကြားခဲ့သည်။

    မက်တန်မှာ အိုတာဝါ တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး ၎င်းသေဆုံးမှုက ဝေခွဲ၍မရဖြစ်နေသည်။ ကနေဒါ ရဲတပ်ဖွဲ့ကမူ မက်တန်သေဆုံးမှုကို လူသတ်မှုအဖြစ် သတ်မှတ်ထားသည်။ ပြီးခဲ့သည့် လများက အိုတာဝါနှင့် စိန့်ဂျင်း ဆာရ် ရစ်ချက်လီတွင် တိုက်ခိုက်မှု၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တိုက်ခိုက်မှုများပြီးနောက် ကနေဒါတွင် အစ္စလာမ်ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ မြင့်တက်လာခဲ့ပြီး ဗလီဝတ်ကျောင်းတော် အများအပြားမှာ ဖျက်ဆီးခံခဲ့ရသည်။

    ကနေဒါ၏ ၃၂.၈ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၂.၈ ရာခိုင်နှုန်းရှိပြီး၊ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းများအရ ကနေဒါမွတ်စလင်များမှာ ကနေဒါနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူကြပြီး ပညာတတ်ရာခိုင်နှုန်းမှာလည်း အခြားသော လူ့အဖွဲ့အစည်းများထက် ပိုမိုများပြားသည်။

    Ref: onislam

  • ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာဆို

    ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာဆို

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    rodger

    – ယမန်နေ့က ကစားခဲ့သည့် FA ဖလားပွဲတွင် ခရစ္စတယ်ပဲလေ့စ်အား ၁ ဂိုးအရှုံးမှ နောက်ကလိုက်၍ အနိုင်ယူနိုင်ခဲ့သည့်
    မိမိအသင်းအား လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ချီးကျူးလိုက်ပြီး ယခင်အရှုံးများက အသင်းကောင်းတစ်သင်းဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

    ထိုပွဲ၌ ပွဲအစ ၁၅ မိနစ်မှာပင် ဖရေဇာကမ်းဘဲလ်က ခရစ္စတယ်ပဲလေ့စ်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်းတွင်
    ဒန်နီယဲလ်စတားရစ်ခ်ျနှင့် အဒမ်လာလနာတို့က ချေပဂိုးနှင့်အနိုင်ဂိုးများ သွင်းယူပေးခဲ့ကာ လီဗာပူးလ်အား ကွာတားဖိုင်နယ်သို့ တက်ရောက်စေခဲ့သည်။

    ရော်ဂျာကမူ ယခင်အရှုံးများက အနိုင်ရလိုစိတ်ဖြစ်စေရန် မိမိတို့အသင်းသားများအား တွန်းအားပေးလိုက်သကဲ့သို့
    ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ရာသီအစတုန်းက ကျွန်တော်တို့ သိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ အသင်းကောင်းတစ်သင်းကို ဖန်တီးနိုင်ခဲ့တာလည်း
    ဖြစ်ပါတယ်။ ဒါမျိုးဖြစ်လာဖို့ဟာ တော်တော့်ကို ခက်ခဲပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲအနိုင်ရခဲ့သည့် လီဗာပူးလ်မှာ နောက်ဆုံး ၂၂ ပွဲတွင် ၂ ပွဲသာရှုံးနိမ့်ထားသည်။ ရော်ဂျာကမူ ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မိမိတို့မှာ ဂိုးသွင်းခွင့်အများအပြားရခဲ့ကြောင်း ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် မိမိတို့မှာ ပိုကောင်းလာခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref:goal.com

  • ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု အန်ဆယ်လော့တီပြော

    ရော်နယ်ဒို ဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု အန်ဆယ်လော့တီပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    aclt

    – ယခုသီတင်းပတ်များအတွင်း ဂိုးမသွင်းနိုင်မှုကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည့် တိုက်စစ်မှူး ရော်နယ်ဒိုအား ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ကာကွယ်ခဲ့ပြီး ရော်နယ်ဒိုဂိုး မသွင်းနိုင်မှုအတွက် မစိုးရိမ်ဟု ပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၁၈ ရက်နေ့ ဂီတာဖေးအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲနောက်ပိုင်း ရော်နယ်ဒိုမှာ ဂိုးပေါက်ပျောက်နေခဲ့ပြီး ဝေဖန်မှုများကို ခံနေရကာ ပြီးခဲ့သည့်တစ်ပတ် အက်သလက်တီကိုအား ၄ ဂိုး ပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် မွေးနေ့ပွဲပြုလုပ်ခဲ့မှုကလည်း ပရိတ်သတ်များအား မကျေမနပ်ဖြစ်စေခဲ့သည်။

    သို့သော်လည်း အန်ဆယ်လော့တီကမူ ရော်နယ်ဒိုဂိုးမသွင်းနိုင်မှုအတွက် မစိုးရိမ်ဘဲ ယမန်နေ့က ကစားခဲ့သည့် ဒီပို့တီဗိုအား
    အနိုင်ရသည်ပွဲ ခြေစွမ်းအတွက် ချီးကျူးပြောဆိုခဲ့သည်။

    “ခရစ္စတီယာနိုက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲတစ်လျှောက်လုံး တစ်ဖက်အသင်းကို အန္တရာယ်ရှိအောင် လုပ်နိုင်ခဲ့ပါတယ်။ တစ်ဂိုး
    ဖန်တီးပေးခဲ့ပြီး ဖြတ်တင်ဘောတွေကလည်း မလွဲခဲ့ပါဘူး။ ဒီပွဲဟာ လွယ်ကူတဲ့ပွဲမဟုတ်ပါဘူး” ဟု ထိုပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မြို့ခံပြိုက်ဘက် အက်သလက်တီကိုအား ရှုံးနိမ့်ခဲ့ပြီးနောက် ရီးယဲလ်ပရိတ်သတ်များက အန်ဆယ်လော့တီနှင့် အသင်း၏ ကစားသမားများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး ဒီပို့တီဗိုနှင့်ပွဲတွင် အန်ဆယ်လော့တီနှင့် အသင်းခေါင်းဆောင်
    ကာဆီးလက်တို့၏ အမည်ကို ကြေညာရာ၌ ရီးယဲလ်ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။

    အန်ဆယ်လော့တီကမူ ပရိတ်သတ်များအနေဖြင့် အသင်းအားဝေဖန်နိုင်သည့် အခွင့်အရေးရှိပြီး မိမိတို့အနေနှင့် နားလည်ပါကြောင်း၊ အသင်းအား အားပေးမှုအတွက် ပရိတ်သတ်များကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: goal.com

  • ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    U.S. President Barack Obama delivers remarks before signing the Clay Hunt Suicide Prevention for American Veterans Act into law at the White House in Washington

    – ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးမြို့တွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှုမှာ ကြမ်းကြုတ်၍ လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် မည်သူတစ်ဦးတစ်ယောက်မှ ဘာသာရေးကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရမှု မရှိစေရဟု သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    သောကြာနေ့က တရားရေးဌာနမှ ထုတ်ပြန်သော သမ္မတ၏ ကြေညာချက်တွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရားရေးဌာနအနေဖြင့် ပြစ်မှုကျူးလွန်သူမှာ အမုန်းတရားကြောင့်ဖြစ်သော ရာဇ၀တ်မှုဆိုင်ရာ ဥပဒေအပါအ၀င် ပြည်ထောင်စု ဥပဒေများကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို FBI ၏ ကနဦး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။

    “အမေရိကန်ပြည်ထောင်စုမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ ဒါမှမဟုတ် ဘယ်ဘာသာလဲ ဆိုတာကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံရတာမျိုး လုံးဝ ရှိလို့မရပါဘူး” ဟု အိုဘားမားက အဆိုပါ ကြေညာချက်တွင် ဖော်ပြထားပြီး မိမိအနေဖြင့် သေဆုံးသွားသူများ၏ မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများကမူ ပြစ်မှုကျူးလွန်သူ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်၏ ထိုလုပ်ရပ်မှာ ဘာသာရေးတွန်းအားကြောင့် ဟုတ်၊ မဟုတ်ဆိုသည်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

    သေဆုံးသွားသူများမှာ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် သွားဘက်ဆိုင်ရာ အထူးပြုဖြင့် ကျောင်းတက်နေသူ အသက် ၂၃နှစ်အရွယ် ဒီယာ ရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီး အသက် ၂၁ နှစ်အရွယ် ယူဆိုးရ် မိုဟာမက် အဘူဆက်လ်ဟာနှင့် ယူဆိုးရ်၏ ညီမဖြစ်သူ အသက် ၁၉ နှစ်အရွယ် ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ ဖြစ်ကြသည်။ ၎င်းတို့ သုံးဦးမှာ လူမှုအကျိုးပြုလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ကိုင်နေကြသူများဟု ၎င်းတို့၏ အတန်းဖော်များနှင့် ပတ်ဝန်းကျင်မှ ပြောကြားခဲ့ကြသည်။

    ထိုအဖြစ်အပျက်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားအမေရိကန်ခေါင်းဆောင်များ လျင်မြန်စွာ ရှုတ်ချမှု မပြုလုပ်သည့်အတွက် တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်က ကြာသာပတေးနေ့တွင် ပြစ်တင်ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း သေဆုံးသွားသူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးပေးမှုများအတွက် သောကြောနေ့တွင် ချီးကျူးပြောဆိုခဲ့ပြီး ကမ္ဘာ့နိုင်ငံသားဆိုသည့် အကောင်းဆုံးတန်ဖိုးကို ၎င်းတို့က ကိုယ်စားပြုခဲ့ကြောင်း ၎င်းတို့အတွက် အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာက ၀မ်းနည်းကြေကွဲမှုကို ကြည့်၍ မိမိအနေဖြင့် ခံစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဒေသတွင်း ရဲတပ်ဖွဲ့ကမူ အဆိုပါပစ်ခတ်မှုမှာ ကားပါကင်ကိစ္စအတွက် ဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့ မြောက်ကယ်ရိုလိုင်းနားဆိုင်ရာ အမေရိကန် တရားရုံးချုပ်အဖွဲ့နှင့် FBI တို့ ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: alarabiya

  • ပါလက်စတိုင်းလွတ်မြောက်ရေး အနုပညာရှင်များက အစ္စရေးအား သပိတ်မှောက်မည်

    ပါလက်စတိုင်းလွတ်မြောက်ရေး အနုပညာရှင်များက အစ္စရေးအား သပိတ်မှောက်မည်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    Morocco Palestine

    – ပါလက်စတိုင်းတို့အား ကိုလိုနီဆန်စွာ ဖိနှိပ်ချုပ်ချယ်မှုများကို အဆုံးသတ်ရေး အစ္စရေးအစိုးရအား ဖိအားပေးရန်အတွက်
    ကမ္ဘာတစ်ဝှမ်းရှိ အနုပညာရှင်များက သပိတ်မှောက်မည်ဟု ကြေညာလိုက်သည်။

    “အခြားသော အနုပညာရှင် ၆၀၀ ကျော်နဲ့အတူ ကနေ့ကျွန်တော်တို့ ကြေညာချင်တာက ကျွန်တော်တို့ဟာ အစ္စရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတွေကို ဆောင်ရွက်တော့မှာ မဟုတ်ဘူး ဆိုတာပါပဲ။ အစ္စရေးရဲ့ ဖိတ်ခေါ်မှုတွေ၊ အစ္စရေးအစိုးရနဲ့ ဆက်သွယ်ထားတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးကမှ ထောက်ပံ့မှုတွေကို ကျွန်တော်တို့ လက်ခံတော့မှာ မဟုတ်ပါဘူး” ဟု သပိတ်မှောက်မည့် အနုပညာရှင်များအဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    သပိတ်မှောက်မည့် အဆိုပါဖွဲ့တွင် Brian Eno၊ Alexei Sayle၊ Richard Ashcroft၊ Riz Ahmed၊ Miriam Margolyes နှင့် Ken Loach ကဲ့သို့ အနုပညာနယ်ပယ်ပေါင်းစုံမှ အဖွဲ့များပါဝင်ပြီး ၎င်းတို့က ၂၀၁၄ ခုနှစ်တွင် လူပေါင်း ၂၁၀၀ ကျော် သေဆုံးခဲ့သည့် ဂါဇာကမ်းမြှောင်အား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုနှင့် ထိုစစ်ပွဲတွင် ပါလက်စတိုင်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦးများကို ဖျက်ဆီးမှုတို့ကြောင့် ယခုကဲ့သို့ သပိတ်မှောက်ရခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အစ္စရေးရဲ့ စစ်ပွဲဟာ ယဉ်ကျေးမှုဆိုင်ရာ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ သူတို့စစ်တပ်ဟာ ပါလက်စတိုင်း ယဉ်ကျေးမှုအဖွဲ့အစည်း အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုကိုလည်း ဟန့်တားခဲ့ပါတယ်။ အစ္စရေးရဲ့ ဇာတ်ရုံထောင်တဲ့ ကုမ္ပဏီတွေဟာ (ကျူးကျော်သိမ်းပိုက်ထားတဲ့) အနောက်ဘက်ကမ်းခြေက ဂျူအခြေချ နေထိုင်သူတွေကို ဖျော်ဖြေနေတယ်။ ပြီးတော့ ဒီကုမ္ပဏီတွေကပဲ ယဉ်ကျေးမှု ကိုယ်စားလှယ်တွေပုံစံနဲ့ ကမ္ဘာပတ်ပြီး အစ္စရေးကို လော်ဘီလုပ်ပေးနေပါတယ်” ဟု အဆိုပါ အနုပညာရှင်များက ပြောကြားခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းတို့အား အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုကို တောက်အာဖရိက လူဖြူ၊ လူမဲ ခွဲခြားမှုနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ပြီး ထိုစဉ်က ထိုစနစ်ကို ဆန့်ကျင်ရန် တောင်အာဖရိကရှိ အနုပညာရှင်များ သပိတ်မှောက်သကဲ့သို့ မိမိတို့လည်း ထိုသို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “တောင်အာဖရိက လူမျိုးရေးခွဲခြားမှုအချိန်အတွင်းက ဂီတပညာရှင်တွေက သူတို့အနေနဲ့ ဆန်းစီးတီးမြို့ (ဖျော်ဖြေရေးနှင့် အပန်းဖြေမြို့တော်) ကို သွားမှာမဟုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကျွန်တော်တို့လည်း တလ်အဗီး၊ နေတန်ညာ၊ အက်ရှ်ကီလွန် ဒါမှမဟုတ် အေရီယဲလ်မြို့တွေမှာ ဂီတဖျော်ဖြေပွဲတွေ ပြုလုပ်မှာမဟုတ်တော့ပါဘူး။ ပြီးတော့ သူတို့ဆီက ဆုတွေ၊ ပြပွဲနဲ့ အခမ်းအနား ဖိတ်ကြားမှုတွေ ဒါမှမဟုတ် ညီလာခံဖိတ်တာမျိုးတွေကိုလည်း လက်ခံမှာမဟုတ်တော့ပါဘူး။ ပြီးတော့ အစ္စရေးက နိုင်ငံတကာ ဥပဒေတွေကို မလေးစားမချင်း၊ ပါလက်စတိုင်းတွေကို ကိုလိုနီဆန်ဆန် ဖိနှိပ်ချုပ်ချယ်မှုကို အဆုံးမသတ်မချင်း ကျွန်တော်တို့က သင်ကြားရေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲကိုလည်း လုပ်တော့မှာ မဟုတ်ပါဘူး”

    Ref: alarabiya